သင့်စိတ်အာရုံထဲကနေ ရုန်းထွက်ရာလမ်းဟာ ပြင်ပလောကကြီးဆီမှာ ရှိပါတယ်
လူဒဝစ် ဗန် ဘီသိုဗင် (Ludwig van Beethoven) အသက် ၃၂ နှစ်အရွယ်မှာ သူ၏ နားမကြားခြင်းဝေဒနာဟာ အရှိန်အဟုန်နဲ့ ပိုဆိုးလာခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ညီအစ်ကိုတွေဆီကို စာတစ်စောင်ရေးခဲ့ပြီး... လူတွေက သူ့ကို "စိတ်ပုပ်သူ၊ ခေါင်းမာသူ ဒါမှမဟုတ် လူမုန်းတီးသူ" လို့ ဝိုင်းပြီး အပြစ်တင်နေကြတဲ့အပေါ် သူခံစားရတဲ့ စိတ်ပျက်အားငယ်မှုကို ဖွင့်ပြောခဲ့ပါတယ်။ တကယ်တမ်းမှာတော့ သူဟာ သူ့ရဲ့ နားမကြားတော့မယ့် အခြေအနေကြောင့် အတွင်းစိတ်ထဲမှာ အလွန်အမင်း ရုန်းကန်နေရရှာတာ။
ဂီတတွေ အများကြီး မဖန်တီးနိုင်တော့တဲ့အတွက် သူကိုယ်သူ မျှော်လင့်ချက်မရှိတော့သူ လို့တောင် ရေးသားခဲ့ပါသေးတယ်။ (ဒါဟာ ရှိတ်စပီးယားက Hamlet ပြဇာတ်ကို ရေးဖို့ အချိန်နည်းနည်း ကြာနေတာကြောင့် သူကိုယ်သူ အပျင်းထူတဲ့သူလို့ ခေါ်နေတာနဲ့ အတူတူပါပဲ။) ဘီသိုဗင်ဟာ သူတောရွာတွေဘက် ရောက်နေတုန်းက သိုးကျောင်းသားတစ်ယောက် သီချင်းဆိုနေတာ ဒါမှမဟုတ် တစ်ယောက်ယောက် ပုလွေမှုတ်နေတာကို သူတစ်စက်မှ မကြားခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရမိပါတယ်။ အဲ့ဒီလို အဖြစ်အပျက်တွေက သူ့ကို စိတ်ပျက်အားငယ်စေပြီး...
"ကျွန်တော့်ဘဝကို ကျွန်တော် ကိုယ်တိုင် အဆုံးသတ်ပစ်မိတော့မလိုပါပဲ။ ဒါပေမဲ့ အနုပညာ တစ်ခုတည်းကသာ ကျွန်တော့်ကို ဆွဲထားခဲ့တာပါ။ ကျွန်တော့်ရဲ့ အတွင်းသန္တာန်ကနေ ဖန်တီးပေးဖို့ တောင်းဆိုနေတဲ့ အနုပညာတွေ အားလုံးကို မဖန်တီးရသေးဘဲနဲ့ ဒီလောကကြီးကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်..."
'အနုပညာ' တစ်ခုတည်းကသာ သူ့ကို ဆွဲထားခဲ့တာပါ။
ဒါကြောင့် သူဟာ အသက်ရှင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဂီတပညာရှင်တစ်ယောက်အတွက် အဆိုးရွားဆုံး နှိပ်စက်မှုဖြစ်တဲ့ နားမကြားခြင်း ဝေဒနာ ပိုဆိုးလာချိန်မှာတောင် သူဟာ ဆက်လက်ဖန်တီးခဲ့ပါတယ်။ တကယ်တမ်းတော့ သူရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ "Moonlight Sonata" လိုမျိုး နက်ရှိုင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂီတတွေကို သူလုံးဝ နားမကြားတော့တဲ့ အချိန်မှာမှ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
• • •
ကမ္ဘာပေါ်မှာ လူသိအများဆုံး ဂီတတွေကို ဖန်တီးခဲ့တဲ့သူဟာ အဲ့ဒီဂီတတွေရဲ့ အသံကို ကိုယ်တိုင်မကြားခဲ့ရဘူးဆိုတာ တကယ့်ကို ဝမ်းနည်းစရာ အတွေးတစ်ခုပါ။ ဒါပေမဲ့ သူ့မှာ စိတ်အားထက်သန်မှု (Passion) ရှိခဲ့တယ်။ အနုပညာသမိုင်းတစ်လျှောက်မှာ Emily Dickinson ကနေ Georgia O’Keeffe အထိ နုနယ်တဲ့ စိတ်နှလုံးရှိသူတွေဟာ သူတို့ဖန်တီးတဲ့ အနုပညာတွေကနေတစ်ဆင့် စိတ်သက်သာရာရမှုနဲ့ ဘဝရည်မှန်းချက်တွေကို ရရှိခဲ့ကြတာချည်းပါပဲ။
ကျွန်တော်တို့ဟာ ဘီသိုဗင်လိုမျိုး ပီယာနိုတေးသွားတွေ ရေးစပ်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လိုအပ်တာကတော့ ကိုယ့်ရဲ့ ဝါသနာတစ်ခုခုထဲမှာ စိတ်နှစ်ထားဖို့ပါပဲ။ အဲ့ဒါဟာ ကိုယ့်ရဲ့ အတွင်းထဲက စိတ်ပူပန်မှုတွေ ရဲ့ အပြင်ဘက်မှာရှိတဲ့ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် စိတ်ပူပန်မှုတွေ (Anxiety) အရမ်းများနေတဲ့အချိန်မှာ Game of Thrones ဇာတ်လမ်းတွဲကို အသည်းအသန် စွဲစွဲမြဲမြဲ ကြည့်လိုက်ခြင်းအားဖြင့် အဲ့ဒီဝေဒနာထဲကနေ ရုန်းထွက်နိုင်ခဲ့တာ တကယ်ပါပဲ။
"စူးစမ်းလိုစိတ်" (Curiosity) နဲ့ "စိတ်အားထက်သန်မှု" (Passion) တို့ဟာ စိတ်ပူပန်မှု (Anxiety) ရဲ့ ရန်သူတွေပါပဲ။ ကျွန်တော် စိတ်ပူပန်မှုတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ကျဆင်းနေချိန်မှာတောင်... ကျွန်တော့်ရဲ့ အပြင်ဘက်က အရာတစ်ခုခု ဂီတ၊ အနုပညာ၊ ရုပ်ရှင်၊ သဘာဝတရား၊ စကားစမြည်ပြောခြင်း သို့မဟုတ် စာသားများအပေါ်မှာ အလုံအလောက် စူးစမ်းလိုစိတ် ရှိလာပြီဆိုရင် အဲ့ဒါက ကျွန်တော့်ကို ပြန်ဆွဲတင်ပေးနိုင်ပါတယ်။
သင့်ရဲ့ အကြောက်တရားလောက် ကြီးမားတဲ့ ဝါသနာတစ်ခုကို ရှာဖွေလိုက်ပါ။
သင့်စိတ်အာရုံထဲကနေ ရုန်းထွက်ရာလမ်းဟာ ပြင်ပလောကကြီးဆီမှာ ရှိပါတယ်။
TN // အဲ့ဒါကြောင့် တစ်ခုခု ကို သင်ယူ (stress မဖြစ်စေတဲ့ အသစ်တစ်ခုခုပေ့ါလေ) ၊ မဟုတ်လည်း ဘာတွေလုပ်ရတာ ကြိုက်လဲ ။ အဲ့ဒါတွေ လုပ်နေသရွေ့ ဟို မီးလောင်နေရင်တောင် ဒန်းစီးနေတဲ့ မီမီလိုပဲ... ကိုယ့်
ဘာသာကိုယ် ကိုယ့် ကမ္ဘာလေးထဲ သာယာနေစေတယ်။
Comments
Post a Comment