ဘာတစ်ခုမှ ပိတ်မသွားပါဘူး
ကျွန်တော်တို့ ပုံပြင်တွေကို နှစ်သက်ကြတဲ့ အကြောင်းရင်းတစ်ခုကတော့ သူတို့မှာရှိတဲ့ "တည်ဆောက်ပုံ" (Structure) ကို သဘောကျလို့ပါ။ အစ၊ အလယ်၊ အဆုံး ရှိတာကို ကျွန်တော်တို့ နှစ်သက်ကြတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့ ဇာတ်သိမ်းမျိုးကို ပိုကြိုက်ကြတာပေါ့။ စဉ်းစားကြည့်ပါ... ကျွန်တော်တို့ဟာ စာအုပ်တစ်အုပ် ဒါမှမဟုတ် ရုပ်ရှင်တစ်ကားအပေါ် ထားတဲ့ အမြင်တွေဟာ အဲ့ဒီဇာတ်သိမ်းပေါ်မှာပဲ ဘယ်လောက်တောင် မူတည်နေသလဲဆိုတာ။ ရုပ်ရှင်တစ်ကားရဲ့ ဇာတ်သိမ်းက ဆိုးနေမယ်ဆိုရင် တစ်ကားလုံးကို ဖျက်ဆီးပစ်လိုက်သလိုမျိုး ကျွန်တော်တို့ ခံစားရတတ်ပါတယ်။
ရုပ်ရှင်ဒါရိုက်တာ Jean-Luc Godard က ပြောခဲ့ဖူးတယ် ။
"ဇာတ်လမ်းတစ်ပုဒ်မှာ အစ၊ အလယ်၊ အဆုံး ရှိရမယ်၊ ဒါပေမဲ့ အဲ့ဒီအတိုင်း အစဉ်လိုက် ဖြစ်နေဖို့တော့ မလိုဘူး" တဲ့။ ကျွန်တော် အရင်က ဒီစကားကို သဘောကျခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေ ကြုံတွေ့ရတဲ့အခါမှာတော့... အစ၊ အလယ်၊ အဆုံး အစဉ်လိုက်ရှိတဲ့ ဂန္ထဝင်ပုံစံ ဇာတ်လမ်းမျိုးတွေပေးတဲ့ "စိတ်သက်သာရာရမှု" ကိုပဲ တောင့်တခဲ့မိတယ်။ အရာရာကို သေသေသပ်သပ်နဲ့ လှလှပပ အဆုံးသတ်ပေးလိုက်တဲ့ ဇာတ်သိမ်းမျိုးတွေကိုပေါ့။
ကျွန်တော်ဟာ "အပြီးသတ် အဖြေ" (Resolution) တစ်ခုကို တောင့်တခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘဝမှာ အပြီးသတ်အဖြေဆိုတာ မရှိပါဘူး။ သေခြင်းတရားကတောင်မှ အရာရာရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ကျွန်တော်တို့က သေပြီးနောက်ဘဝကို မယုံကြည်ဘူးဆိုရင်တောင်မှ... ကျွန်တော်တို့ မရှိတော့တဲ့နောက်မှာ ဒီလောကကြီးက ကျွန်တော်တို့ မသိနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက် လည်ပတ်နေဦးမှာဖြစ်သလို လူတွေက ကျွန်တော်တို့ကို ဘယ်လို သတိရကြမလဲ ၊ ဒါမှမဟုတ် မေ့သွားကြမလဲ ဆိုတာကလည်း မသိနိုင်တဲ့ အရာတွေပါပဲ။
ဘဝမှာ Open endings သာ ရှိပါတယ်။ ဒါဟာ ကျိန်စာတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ဗုဒ္ဓဘာသာ အတွေးအခေါ်ပညာရှင် Pema Chödrön ပြောခဲ့သလိုပါပဲ။
"ကျွန်တော်တို့ဟာ အရာရာကို အပြီးသတ် အဖြေထုတ်ချင်တဲ့စိတ် (Resolution) ကြောင့်ပဲ စိတ်ဆင်းရဲနေကြရတာ" တဲ့။ အဲ့ဒီအတွေးက ကျွန်တော့်ကို အင်မတန် လွတ်လပ်သွားစေပါတယ်။ အရာရာတိုင်းက ဟင်းလင်းပွင့်နေတဲ့ မပြီးဆုံးသေးတဲ့ ဒီစကြဝဠာကြီးထဲမှာ... "အပြီးသတ် ဇာတ်သိမ်း" (Closure) ဆိုတာ ရယူလို့မရနိုင်တဲ့အရာ ဖြစ်မှန်း ဝန်ခံလိုက်ခြင်းကပဲ စိတ်ချမ်းသာမှုကို ပေးစွမ်းပါတယ်။
Comments
Post a Comment