ပြန်လည်ချိတ်ဆက်ခြင်း
ကျွန်တော့်ရဲ့ စိုးရိမ်သောကတွေဟာ ခေတ်သစ်လူနေမှုဘဝရဲ့ လက္ခဏာတစ်ခုလို ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စိတ်ဓာတ်တွေ အောက်ဆုံးထိကျနေချိန်မှာ ကျွန်တော် တစ်ခုသတိထားမိတာက... ကျွန်တော်တို့ရဲ့ ဂူအောင်းဘိုးဘေးတွေနဲ့ လုံးဝစိမ်းသက်နေမယ့် အလုပ်တွေကို လုပ်နေရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ စိုးရိမ်စိတ်တွေက အထွတ်အထိပ်ကို ရောက်နေတတ်တာပါပဲ။
လူစည်ကားတဲ့ ဈေးဝယ်စင်တာကြီးထဲမှာ လမ်းလျှောက်နေတာ။ နားကွဲမတတ် ကျယ်လောင်တဲ့ တက်ကနို (Techno) သီချင်းတွေ နားထောင်နေတာ။ စူပါမားကတ်ရဲ့ အလင်းတုတွေအောက်မှာ လျှောက်သွားနေတာ။
တီဗွီ ဒါမှမဟုတ် ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ ထိုင်နေတာ။ မနက်တစ်နာရီကြီးမှာ အာလူးကြော်တစ်ထုပ်လုံး ကုန်အောင်စားနေတာ... စိတ်ဖိစီးစရာ အီးမေးလ်တွေ၊ မြို့ပြရဲ့ မွန်းကြပ်မှုတွေ၊ လူတွေပြည့်သိပ်နေတဲ့ ရထားတွေ၊ အွန်လိုင်းပေါ်က အငြင်းပွားမှုတွေ... ဒါတွေအားလုံးဟာ ခေတ်သစ်ကမ္ဘာရဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး (Mental overload) တွေပါပဲ။
ဒါကြောင့် ကျွန်တော် စိတ်ဓာတ်တွေ အရမ်းပင်ပန်းနွမ်းနယ်နေချိန်မှာ ကျွန်တော့်ကို ပြန်လည်တည်ငြိမ်အေးချမ်းစေတဲ့ အရာတွေဟာ ကျွန်တော့်ရဲ့ သဘာဝဖြစ်တည်မှု ဆီကို ပြန်လည်ချိတ်ဆက်ပေးတဲ့ အရာတွေဖြစ်နေတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဥပမာ မနက်တစ်နာရီအထိ တီဗွီဇာတ်လမ်းတွဲတွေ အဆက်မပြတ်ကြည့်မယ့်အစား မှောင်တာနဲ့ စောစောအိပ်ရာဝင်လိုက်တာမျိုး၊ ခွေးလေးနဲ့အတူ သဘာဝတောတောင်ထဲမှာ လမ်းလျှောက်တာမျိုး၊ သဘာဝကုန်ကြမ်းတွေနဲ့ စစ်စစ်မှန်မှန် ချက်ပြုတ်စားသောက်တာမျိုး၊ ချစ်ရတဲ့သူတွေနဲ့ အတူရှိနေတာမျိုး၊ ဆိုဖာပေါ်ကထပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုး၊ အပင်လေးတွေ စိုက်တာမျိုး၊ ပင်လယ်ထဲမှာ ရေကူးတာမျိုး၊ ကောင်းကင်ကြီးကို ငေးကြည့်တာမျိုး၊ စက်ပေါ်မှာ ပြေးမယ့်အစား လတ်ဆတ်တဲ့ လေထုထဲမှာ ပြေးတာမျိုးတွေပေါ့။
ဟုတ်ပါတယ်... ကျွန်တော်လည်း ခေတ်သစ်လူနေမှုဘဝရဲ့ ပျော်ရွှင်စရာ အာရုံလွှဲစရာတွေကို နှစ်သက်ပါတယ်။ Podcasts တွေ၊ ရုပ်ရှင်တွေ၊ ဗီဒီယိုကောလ်တွေ ရှိနေတဲ့ ကမ္ဘာကြီးကို သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အင်မတန် ထိခိုက်လွယ်နေတဲ့၊ အကာအကွယ်မဲ့နေတဲ့ အခြေအနေမျိုးကို ရောက်သွားတဲ့အခါ... ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ အနီးဆုံးလမ်း ကတော့ သဘာဝဆီကို ပြန်သွားတဲ့လမ်း ပဲဖြစ်ကြောင်း ကျွန်တော် တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သဘာဝကမ္ဘာနဲ့ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ သဘာဝဖြစ်တည်မှုဆီကို ပြန်လည်ချိတ်ဆက်လိုက်တဲ့ လမ်းပါပဲ။
TN // ဟုတ်တယ် မီ ပြိုလဲတုန်းကဆို လယ်ကွင်းတွေဆီ လမ်းလျှောက်တယ်။ နေဝင်ချိန်ကို ထိုင်ကြည့်တယ်။ ပြီးတော့ ရေစီးနေတဲ့ နားလေးမှာ အကြာကြီးထိုင်တယ်။ ပန်းလေးတွေကို လိုက်ကြည့်တယ်။ တွေ့သမျှ ကြောင်လေးတွေ ခွေးလေးတွေကို လိုက်ကိုင်တယ်။ အဲ့မှာမှ တဖြည်းဖြည်းနဲ့ ပြန်ပြီး စိတ်က ငြိမ်အေးလာတာ။ အာ...လောကကြီး ထင်သလောက်လည်း မဆိုးသေးပါဘူး။ အလှတရားတွေကို ငါ မကြည့်ရသေးဘဲ ထွက်သွားလို့ မဖြစ်သေးဘူးဆိုတာမျိုး တွေးမိလာတာ။ သဘာဝက တစ်ခါတလေ ကုစားမှု အမြင့်စားပေးနိုင်တယ်။
Comments
Post a Comment