ပျော်ရွှင်ခြင်းအပေါ် မှတ်စုတို
မက်ဒေါနား (Madonna) နယူးယောက်ကို ပထမဆုံးအကြိမ် ရောက်တုန်းက တက္ကစီဆရာကို "ကျွန်မကို အရာရာရဲ့ ဗဟိုချက်ဆီ ခေါ်သွားပေးပါ" လို့ ပြောခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေ မကြုံခင် နှစ်ပေါင်းများစွာအထိ ကျွန်တော့်ရဲ့ ဘဝချဉ်းကပ်ပုံကလည်း အဲ့ဒီလိုပါပဲ။ ကျွန်တော်ဟာ ဒီအတိုင်း တည်ရှိနေရုံ (Just being) ကို အခက်တွေ့ခဲ့တယ်။ အမြဲတမ်း တခြားတစ်နေရာရာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗဟိုချက်နဲ့ နီးတဲ့နေရာကိုပဲ သွားချင်ခဲ့မိတယ်။
ဒါကြောင့် ကျွန်တော်ဟာ အရက်တွေ၊ မူးယစ်ဆေးတွေ၊ ပါတီတွေထဲကို ထွက်ပြေးခဲ့တယ်။ အကျယ်လောင်ဆုံး ဆူညံသံ၊ အစပ်ဆုံး အစားအသောက်၊ အကြမ်းဆုံး ရုပ်ရှင်... အရာရာတိုင်းရဲ့ အစွန်းဆုံးကို ကျွန်တော် လိုချင်ခဲ့တယ်။ ဥရောပရဲ့ အကြီးဆုံး ကလပ်ကြီးမှာ အလုပ်လုပ်ရင်း လူတွေ၊ ဆူညံသံတွေနဲ့ လှုံ့ဆော်မှုတွေရဲ့ အလယ်ဗဟိုမှာ နွေရာသီ သုံးနှစ်စာကို ကျွန်တော် ကုန်ဆုံးခဲ့တယ်။ အဲ့ဒီကလပ်ရဲ့ နာမည်က "Manumission" တဲ့။ ကျွန်ဘဝမှ လွတ်မြောက်ခြင်း လို့ အဓိပ္ပာယ်ရတာက ကျွန်တော့်ကို ပိုပြီး သွေးကြွစေခဲ့တယ်။ ကျွန်တော့်အတွက်တော့ လွတ်လပ်တယ်ဆိုတာ ဘဝက ပေးနိုင်သမျှ ဆူညံသံတွေနဲ့ အာရုံလွှဲစရာတွေကြားထဲမှာ နစ်မြုပ်နေခြင်းလို့ ထင်ခဲ့တာပါ။
တကယ်တော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝမရှိတဲ့သူပါ။ ကိုယ့်တန်ဖိုးကို ကိုယ်မမြင်ခဲ့ဘူး။ လန်ဒန်ကို ပြန်ရောက်လို့ အလုပ်လျှောက်တဲ့အခါ အလုပ်ရရင်တောင်မှ လူတွေက ကျွန်တော့်ရဲ့ အဆံချောင်မှုကို မြင်သွားမှာ စိုးရိမ်တာနဲ့ အဲ့ဒီရုံးခန်းထဲကိုတောင် မဝင်ရဲခဲ့ဘူး။ ကျွန်တော်ဟာ လူသားပုံစံ ဖန်တီးထားတဲ့ "တံလျှပ်" (Mirage) တစ်ခုလိုပဲ၊ အတွင်းထဲမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားခဲ့ရတယ်။ အဲ့ဒီ ဟာလာဟင်းလင်းဖြစ်မှုကို ရင်မဆိုင်ချင်တာနဲ့ပဲ ကျွန်တော် ထွက်ပြေးဖို့ ကြိုးစားခဲ့မိတာပါ။
ဒါပေမဲ့ ပြဿနာက "ကိုယ့်ကိုယ်ကိုယ်ဆီကနေ ထွက်ပြေးလို့မရဘူး" ဆိုတာပါပဲ။ ဘယ်ကိုပဲသွားသွား သင်ဟာ သင့်ဆီမှာပဲ အမြဲရှိနေတာပါ။ မနက်ခြောက်နာရီထိ ကခုန်နေတဲ့ နေရာမှာတောင်မှပေါ့။
ကိုယ့်ကိုယ်ကိုယ်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားတာဟာ... ကိုယ့်ခါးမှာ ပျော့ပျောင်းတဲ့ ကြိုး (Bungee cord) တစ်ချောင်း ချည်ထားပြီး ဓာတ်တိုင်တစ်ခုဆီကနေ ပြေးထွက်ဖို့ ကြိုးစားနေတာနဲ့ တူပါတယ်။ အနှေးနဲ့အမြန် သင်ဟာ အရှိန်နဲ့ ပြန်ကန်ထွက်လာပြီး အကြီးအကျယ် ဒဏ်ရာရမှာပါပဲ။
ကျွန်တော့်ကိစ္စမှာတော့ အဲ့ဒါဟာ အလုံးစုံ ပြိုလဲပျက်စီးခြင်း (Total breakdown) ပါပဲ။ စိုးရိမ်ထိတ်လန့်မှု (Panic disorder)၊ စိတ်ဓာတ်ကျခြင်း၊ OCD၊ လူကြောက်ရောဂါ (Agoraphobia) တွေ အကုန်လုံး တစ်ပြိုင်နက် ရောက်လာခဲ့တယ်။ ဒီလောက် နာကျင်မှုတွေနဲ့ ငါ ဆက်မရှင်သန်နိုင်တော့ဘူးလို့ ယုံကြည်ခဲ့မိတယ်။ အဲ့ဒါကပဲ သရော်စရာပါပဲ။ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေကို အသည်းအသန် ရှောင်လွှဲချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒကပဲ... ကျွန်တော့်ဘဝရဲ့ အဆိုးဆုံး နာကျင်မှုတွေဆီကို ကျွန်တော့်ကို ခေါ်ဆောင်သွားခဲ့တာပါ။ အဲ့ဒီနာကျင်မှုထဲမှာ ကျွန်တော် နှစ်နဲ့ချီပြီး ပိတ်မိနေခဲ့ရတယ်။
အဲ့ဒီကနေ လွတ်မြောက်ဖို့အတွက် နောက်ဆုံးမှာတော့ ကျွန်တော်ဟာ လက်ခံခြင်း (Acceptance) ကို ရှာဖွေခဲ့ရပါတယ်။ ဒါဟာ "Comfort" (စိတ်သက်သာရာရမှု) လို့ နာမည်ပေးထားတဲ့ စာအုပ်တစ်အုပ်အတွက် ထူးဆန်းနေနိုင်ပေမဲ့... "နာကျင်မှုဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ"။ အရာရာတိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပေါ့။ ဒါကြောင့် နာကျင်မှုဟာ ကောင်းမွန်တဲ့ အရာတွေရဲ့ အစိတ်အပိုင်းလည်း ဖြစ်နေပြန်ပါတယ်။
ဆရာမ Chödrön ပြောသလို "စိတ်ကူးစိတ်သန်းတွေနဲ့ ဆင်းရဲဒုက္ခတွေဟာ တစ်ခုနဲ့တစ်ခု အားဖြည့်ပေးနေကြတာ" ပါပဲ။ ဒါပေမဲ့ ဆင်းရဲဒုက္ခမှာ ဘာကများ ကောင်းလို့လဲ။ ဘာကများ စိတ်သက်သာရာရစေမှာလဲ။ ဆင်းရဲဒုက္ခဆိုတာ စိတ်သက်သာရာရခြင်း (Comfort) ရဲ့ ဆန့်ကျင်ဘက် မဟုတ်ဘူးလား။
တစ်ချိန်ချိန်မှာတော့... သင်ဟာ သင့်ရဲ့ အရှိတရား (Reality) ကို လက်ခံရပါလိမ့်မယ်။ အဲ့ဒီအရှိတရားထဲမှာ စိတ်ဓာတ်ကျတာ၊ ကြောက်ရွံ့တာ၊ နာကျင်တာတွေ ပါဝင်နေရင်တောင်မှပေါ့။ သင် ဒါကို လက်ခံလိုက်တဲ့အခါ တခြားအရာတွေကိုလည်း သင် လက်ခံလာနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ ပိုပြီး စစ်မှန်တဲ့ ပျော်ရွှင်မှု တွေပါပဲ။ ကိုယ့်ကိုယ်ကိုယ်ဆီက ထွက်ပြေးနေတာထက် ကိုယ့်ကိုယ်ကိုယ်အဖြစ် ရှင်သန်နေရခြင်းရဲ့ ပျော်ရွှင်မှုပေါ့။ လူသားချင်း စာနာစိတ်နဲ့ ရှက်ရွံ့မှုမရှိဘဲ တစ်ဖက်လူရဲ့ မျက်လုံးကို တည့်တည့်ကြည့်နိုင်ခြင်းရဲ့ ပျော်ရွှင်မှုပေါ့။ အသက်တစ်ချက်ရှိုက်စာအတွင်းမှာတင် ပျော်ရွှင်မှုက နာကျင်မှုဆီ၊ နာကျင်မှုက ပျော်ရွှင်မှုဆီ ဆက်စပ်နေတယ်ဆိုတာကို လက်ခံနိုင်ခြင်းရဲ့ ပျော်ရွှင်မှုပေါ့။
ကျွန်တော်ဟာ ဘဝကို အပြင်မှာ လိုက်လံဆုပ်ကိုင်နေဖို့ မလိုခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကပဲ ဘဝ ဖြစ်နေခဲ့လို့ပါ။
Comments
Post a Comment