လည်နေတဲ့ ဒင်္ဂါးပြား
မရေရာမှု (Uncertainty) ဆိုတာ စိုးရိမ်သောကရဲ့ အကြောင်းရင်းဖြစ်သလို၊ တစ်ချိန်တည်းမှာပဲ အဲ့ဒါဟာ အဖြေတစ်ခုလည်း ဖြစ်ပါတယ်။ အရာရာတိုင်းက မရေရာနေတဲ့အချိန်မှာ အရာရာတိုင်းဟာ မျှော်လင့်ချက် ပဲ ဖြစ်ပါတယ်။ အရာရာဟာ အဓိပ္ပာယ်အမျိုးမျိုး ရှိနိုင်သလို၊ အရာရာဟာလည်း ဖြစ်နိုင်ချေရှိနေပါတယ်။
ကျွန်တော်တို့ဟာ လည်နေတဲ့ ဒင်္ဂါးပြားတစ်ခုပေါ်မှာ တည်ရှိနေကြတာပါ။ အဲ့ဒီဒင်္ဂါးပြားက ဘယ်ဘက်ကို ကျလာမလဲဆိုတာ ကျွန်တော်တို့ ကြိုမဟောကိန်းထုတ်နိုင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီဒင်္ဂါးပြား လည်ပတ်နေချိန်မှာ ထွက်ပေါ်လာတဲ့ တလက်လက်တောက်ပမှု ကိုတော့ ကျွန်တော်တို့ ခံစားကြည့်ရှုလို့ ရပါတယ်။
_______________________________________________________________
သင်ဟာ ရှင်သန်နေဆဲ
သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံ ပေါက်နေရင်းနဲ့လည်း စိုးရိမ်သောကတွေ ဖြစ်နေနိုင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ပုံစံ ပေါက်နေရင်းနဲ့လည်း စိတ်ထဲမှာ အဆိုးဆုံးခံစားနေရနိုင်ပါတယ်။ လူပုံအလယ်မှာ စကားတွေ ကောင်းကောင်းပြောနေရင်းနဲ့လည်း စိတ်ထဲမှာတော့ ပြိုလဲပျက်စီးနေနိုင်ပါတယ်။
သင်ဟာ အပြင်ပန်းမှာ အရာရာပြည့်စုံနေပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ဘာမှမရှိသလို ခံစားရနိုင်ပါတယ်။ အလေးတုံးကြီးတွေကို မနေနိုင်ပေမဲ့ စိတ်ဓာတ်ပိုင်းမှာ အားနည်းနေနိုင်ပါတယ်။ အရာအားလုံးကို ပိုင်ဆိုင်ထားပေမဲ့ ဘာကိုမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကမ်းခြေကို ငေးကြည့်နေပေမဲ့ တကယ်တမ်းမှာတော့ ပင်လယ်ပြင်ထဲမှာ မျောပါနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သင်ဟာ သင့်ရဲ့ အပေါ်ယံပုံရိပ်ထက် အများကြီး ပိုပြီး နက်ရှိုင်းတဲ့ အရာတစ်ခုပါ။ သင့်ရဲ့ လူမှုရေးသတ်မှတ်ချက် (Identity) တွေထက် အများကြီး ပိုပြီး နက်ရှိုင်းပါတယ်။ သင်ဟာ တခြားသူတွေရဲ့ အမြင်ဆိုတဲ့ စတော့ဈေးကွက် ပေါ်မှာ အတက်အကျဖြစ်နေတဲ့ တန်ဖိုးတစ်ခု မဟုတ်ပါဘူး။ သင်ဟာ ပိုပြီးကြီးမားတဲ့ အရာတစ်ခုရဲ့ အစိတ်အပိုင်းပါ။ သင်ဟာ ဘဝ ရဲ့ အစိတ်အပိုင်းပါ။ သက်ရှိအားလုံးရဲ့ အစိတ်အပိုင်းပေါ့။
လင်းပိုင်တစ်ကောင် ဒါမှမဟုတ် ခြင်္သေ့တစ်ကောင်ဟာ သက်ရှိဘဝရဲ့ ဖော်ပြချက်တစ်ခု ဖြစ်သလိုပဲ... သင်ဟာလည်း သက်ရှိဘဝရဲ့ ဖော်ပြချက်တစ်ခုပါပဲ။ သင်ဟာ တစ်သီးပုဂ္ဂလဖြစ်သလိုပဲ စကြဝဠာကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။ တကယ်လို့ သင့်ရဲ့ တစ်သီးပုဂ္ဂလဆန်မှုက အားလုံးနဲ့ ချိတ်ဆက်ထားတဲ့ အစိတ်အပိုင်းအဖြစ်ကနေ ဝေးကွာသွားစေလို့ သင်ဟာ လမ်းမှားခဲ့ရင်တောင်မှ... ပြန်လည်ချိတ်ဆက်ဖို့ အခွင့်အရေး အမြဲရှိနေသေးတယ်။ ဘာလို့လဲဆိုတော့ ရှင်သန်ခြင်းဆိုတာကိုယ်တိုင်က ရှင်သန်ခြင်းနဲ့ ပြန်လည်ချိတ်ဆက်ဖို့ လမ်းစဖြစ်လို့ပါပဲ။
ပြီးတော့... သင်ဟာ ရှင်သန်နေဆဲပါ။
Comments
Post a Comment