ချိတ်ဆက်ခြင်း
ကျွန်တော်တို့အားလုံးဟာ တစ်ဦးအပေါ်တစ်ဦး သက်ရောက်မှုတွေ ရှိကြတယ်။ မြင်သာတဲ့ နည်းလမ်းတွေရော၊ မမြင်ရတဲ့ နည်းလမ်းပေါင်းများစွာနဲ့ပါ ကျွန်တော်တို့အားလုံးဟာ ချိတ်ဆက်နေကြတာပါ။
ဒီအချက်က ဘာကြောင့် ပျော်ရွှင်မှုဆီကို သွားတဲ့ အရှင်းဆုံးနဲ့ အမြန်ဆုံး လမ်းကြောင်းတွေထဲက တစ်ခုဟာ "တခြားတစ်စုံတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးခြင်း" ဖြစ်နေရသလဲဆိုတာကို ရှင်းပြနေသလိုပါပဲ။
ကိုယ်ကျိုးစွန့်ရခြင်းရဲ့ အကြောင်းရင်းဟာ တကယ်တော့ ကိုယ်ကျိုးအတွက် ဖြစ်နေလို့ပါပဲ။
ကိုယ့်အကြောင်းကိုယ် မတွေးဘဲ နေလိုက်ခြင်းထက် ကျွန်တော်တို့ကို ပိုပြီး စိတ်ချမ်းသာစေတဲ့အရာ ဘာမှမရှိပါဘူး။
_____________________________________________________________________________
ကျွန်တော် မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတစ်ခု
ကျွန်တော် ငြိမ်သက်ခြင်းကို မြတ်နိုးလာတယ်။ နှေးကွေးခြင်းကိုလည်း နှစ်သက်လာတယ်။ ဘာမှမဖြစ်ပျက်နေတဲ့ အခိုက်အတန့်လေးတွေကိုပေါ့။ ကောင်းကင်ပြာကြီးရဲ့ အသွေးအရောင်၊ သန့်စင်တဲ့ လေထုကို ရှူရှိုက်ရခြင်း၊ ကားသံတွေကြားထဲက ငှက်ကလေးတွေရဲ့ တေးဆိုသံ၊ တစ်ယောက်တည်း လျှောက်လှမ်းနေတဲ့ ခြေသံလေးတွေ။ ပြီးတော့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ပွင့်လန်းလာကြတဲ့ နွေဦးပန်းလေးတွေ။ အရင်တုန်းကတော့ ဒီလို တိတ်ဆိတ်နေတဲ့ အပိုင်းအစလေးတွေကို သေလူလို ခြောက်ကပ်နေတယ်လို့ ထင်ခဲ့ဖူးတယ်။ အခုတော့ အဲ့ဒီအရာတွေက ပိုပြီး သက်ဝင်လှုပ်ရှားနေသလို ခံစားရတယ်။ ကမ္ဘာမြေကြီးရဲ့ နှလုံးခုန်သံကို ငုံ့ပြီး နားထောင်နေရသလိုမျိုးပေါ့။
____________________________________________________________________________
သစ်တော်သီး
ရှေ့ကို အရှိန်အဟုန်နဲ့ တိုးတက်နေရတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ "ဘေးတိုက် အရှိန်အဟုန်" (Sideways momentum) လည်း ရှိဖို့ လိုအပ်ပါတယ်။ ဥပမာ - အခုလေးတင် ကျွန်တော် ထိုင်ပြီး သစ်တော်သီးတစ်လုံး စားလိုက်တယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အခုလို ဆိုဖာပေါ်မှာ ထိုင်ပြီး သစ်တော်သီးတစ်လုံး စားခွင့်ရအောင် အသက်ရှင်နေရတဲ့အတွက်တော့ ကျွန်တော် အရမ်းကျေးဇူးတင်မိပါတယ်။
_______________________________________________________________________________
ပေါင်မုန့်မီးကင်
ဘဝရဲ့ အဓိပ္ပာယ်ကို အမြဲတမ်း လိုက်ရှာနေတာဟာ ပေါင်မုန့်မီးကင် တစ်ချပ်ရဲ့ အဓိပ္ပာယ်ကို လိုက်ရှာနေတာနဲ့ တူပါတယ်။ တစ်ခါတလေမှာတော့ အဲ့ဒီအဓိပ္ပာယ်ကို ထိုင်စဉ်းစားနေမယ့်အစား ပေါင်မုန့်မီးကင်ကိုပဲ အရသာရှိရှိ စားလိုက်တာက ပိုကောင်းတယ်မလား။
TN // စိတ်ညစ်ရင် အရသာရှိတာတွေကို အရသာရှိရှိသွားစားလိုက်တယ်။ အရသာရှိတာကိုပဲ တွေးပြီး
ပြန်စိတ်ချမ်းသာလာတယ်။ ဘဏ်ကဒ်ထဲက လျော့သွားတဲ့ ဂဏာန်းတွေကိုတော့ မမြင်ချင်ယောင် ထပ်ဆောင်ရတာပေ့ါ....🙈🙈
Comments
Post a Comment