ကောင်းကင်ယံ
ညကောင်းကင်ယံကို တစ်ခါမှ မမြင်ဖူးဘူးလို့ စိတ်ကူးကြည့်လိုက်ပါ။
ညကောင်းကင်ယံဆိုတာ လူတစ်ယောက်ရဲ့ သက်တမ်းမှာ တစ်ကြိမ်တည်းပဲ ပေါ်လာတတ်တဲ့အရာလို့ စိတ်ကူးကြည့်ပါ။ အဲ့ဒီကြယ်တွေကို တစ်သက်မှာ တစ်ခါပဲ မော့ကြည့်ခွင့်ရမယ်ဆိုရင်... အဲ့ဒါဟာ သင့်ဘဝရဲ့ အထူးခြားဆုံး အခိုက်အတန့် ဖြစ်နေမှာ သေချာပါတယ်။ အဲ့ဒီညကို "ကြယ်တာရာ အံ့ဖွယ်ည" ဒါမှမဟုတ် "တောက်ပတဲ့ စကြဝဠာကြီးကို မြင်တွေ့ရတဲ့ အံ့သြဖွယ် အခိုက်အတန့်" စသဖြင့် တစ်ခုခု အမည်ပေးထားကြမှာပေါ့။
ကျွန်တော်တို့အားလုံး ဆိုဖာပေါ်ကနေ ထကြမယ်။ ရုပ်ရှင်ကြည့်နေတာတွေကို ရပ်လိုက်ကြမယ်။ ပြီးတော့ အပြင်ကိုထွက်ပြီး ပါးစပ်အဟောင်းသားနဲ့ အပေါ်ကို မော့ကြည့်ကြလိမ့်မယ်။ အချိန်နဲ့ ဟင်းလင်းပြင်တွေကို ဖြတ်သန်းလာတဲ့ အလင်းစက်လေးပေါင်း ထောင်သောင်းချီကို အံ့သြတကြီး ငေးကြည့်ကြမှာပါ။ လမင်းကြီးကို ငေးကြည့်ရင်းနဲ့ ဘယ်ဟာက ကြယ်၊ ဘယ်ဟာက ဂြိုဟ်လဲဆိုတာ ခွဲခြားဖို့ ကြိုးစားကြမယ်။ ဘယ်ဟာက သောကြာဂြိုဟ် ဖြစ်မလဲလို့လည်း တွေးနေကြမှာပေါ့။
အဓိကအချက်ကတော့... အဲ့ဒီလို တစ်သက်မှာ တစ်ခါပဲ မြင်ရမယ့် ကောင်းကင်ယံရဲ့ အလှကို သာမန်အရာ တစ်ခုလို သဘောထားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော်တို့ဟာ ညကောင်းကင်ယံကို ဒီအတိုင်းပဲ ရှိနေရမှာပဲ လို့ သဘောထားနေကြတာပါ။ တိမ်ကင်းစင်တဲ့ ညတိုင်းမှာ အပြင်ထွက်ပြီး ကြယ်တာရာတွေကို စိတ်ကူးယဉ်ဆန်ဆန် ငေးကြည့်နေဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့... တကယ်လို့ အဲ့ဒီအရာတွေက ရှားပါးသွားမယ်ဆိုရင် ဘဝရဲ့ အစိတ်အပိုင်း တော်တော်များများဟာ ချက်ချင်းဆိုသလို ဘယ်လောက်တောင် အံ့သြစရာ ကောင်းသွားမလဲဆိုတာကို သိထားတာ ကောင်းတာပေ့ါ။
ကျွန်တော်တို့ဟာ ဒီကမ္ဘာမြေပေါ်မှာ ဒီစကြဝဠာကြီးထဲမှာ အံ့ဖွယ်တရားတွေ အလွန်အမင်း ပေါများလွန်းနေလို့ အဲ့ဒီအရာတွေအပေါ်မှာ ခံစားချက်တွေက ငြီးငွေ့သလိုဖြစ်နေကြတာပါ။ အခြေအနေတွေ အလွန်အမင်း ဆိုးရွားလာတဲ့ အခါမျိုးကျမှပဲ အဲ့ဒီအရာတွေကို ကျွန်တော်တို့ ပြန်ပြီး သတိထားမိတတ်ကြပါတယ်။ ဒဿနပညာရှင် Alan Watts ပြောခဲ့သလိုပါပဲ... ကျွန်တော်တို့ တစ်ယောက်ချင်းစီဟာ
"စကြဝဠာကြီးက သူ့ကိုယ်သူ ပြန်ကြည့်ဖို့နဲ့ သူ့ကိုယ်သူ ပြန်ပြီး စူးစမ်းလေ့လာဖို့အတွက် အသုံးပြုတဲ့ မှန်ဘီလူး လေးတွေ" သာ ဖြစ်ပါတယ်။
Comments
Post a Comment