စုပေါင်း ရလဒ်
ကျွန်တော်တို့ဟာ ကိုယ်ခံစားနေရတဲ့ နာကျင်မှုထက် အမြဲတမ်း ပိုပြီးကြီးမားပါတယ်။ အမြဲတမ်းပါ။ နာကျင်မှုဆိုတာ အရာအားလုံး မဟုတ်ပါဘူး။ မိတ်ဆွေက "ငါ နာကျင်နေတယ်" လို့ ပြောတဲ့အခါ အဲ့ဒီမှာ "နာကျင်မှု" ရှိသလို "ငါ" ဆိုတဲ့ ဖြစ်တည်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ "ငါ" ဆိုတဲ့ အရာဟာ နာကျင်မှုထက် အမြဲတမ်း ပိုကြီးမားပါတယ်။ ဘာကြောင့်လဲဆိုတော့ နာကျင်မှုမရှိတဲ့ အချိန်မှာတောင် "ငါ" ဆိုတာ ရှိနေလို့ပါပဲ။ နာကျင်မှုဆိုတာကတော့ အဲ့ဒီ "ငါ" ဆိုတဲ့ ဖြစ်တည်မှုကြောင့် ပေါ်ပေါက်လာရတဲ့ အကျိုးဆက်သက်သက်သာ ဖြစ်ပါတယ်။ အဲ့ဒီ "ငါ" ဟာ ဆက်လက်ရှင်သန်နေဦးမှာဖြစ်ပြီး တခြားသော ခံစားချက်အသစ်တွေကိုလည်း ထပ်မံခံစားရဦးမှာပါ။
ကျွန်တော် အရင်က ဒါကို နားလည်ဖို့ တော်တော်ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်က နာကျင်မှု ဖြစ်နေတယ်လို့ ထင်ခဲ့ဖူးတာ။ စိတ်ဓာတ်ကျတာကို အတွေ့အကြုံတစ်ခုလို့ မမြင်ဘဲ ကျွန်တော့်ရဲ့ ပင်ကိုယ်လက္ခဏာတစ်ခုလို့ပဲ ထင်ခဲ့မိတယ်။ စပိန်နိုင်ငံက ချောက်ကမ်းပါးစွန်းကနေ ကျွန်တော် လှည့်ပြန်လာခဲ့တဲ့ အချိန်မှာတောင် မိဘတွေအိမ်ကို ပြန်ရောက်လို့ ချစ်ခင်သူတွေကို "ကျွန်တော် အဆင်ပြေသွားမှာပါ" လို့ ပြောနေချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် "စိတ်ကျရောဂါသည်" လို့ပဲ သတ်မှတ်ခဲ့မိတယ်။ "ကျွန်တော့်မှာ စိတ်ကျဝေဒနာ ခံစားနေရတယ်" လို့ ကျွန်တော် ခဲခဲယဉ်းယဉ်းပဲ ပြောဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ စိတ်ဓာတ်ကျတာဟာ
ကျွန်တော့်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးရဲ့ ရလဒ်လို့ ထင်ခဲ့မိလို့ပါ။
အဲ့ဒီတုန်းက ကျွန်တော်ဟာ "ရုပ်ရှင်ပိတ်ကားပေါ်က ရုပ်ရှင်" နဲ့ ရုပ်ရှင်ရုံကြီး တစ်ခုလုံး ကို မှားယွင်းစွာ ရောထွေးနေခဲ့တာရယ်။ ဒီရုပ်ရှင်ရုံမှာ တစ်သက်လုံး ဒီရုပ်ရှင်တစ်ကားတည်းပဲ (Nightmare on Haig Street တဲ့ ဟီး၊ ဆောရီးနော်) ပတ်ချာလည် ပြသနေတော့မှာလို့ ထင်ခဲ့မိတယ်။ တစ်နေ့မှာ The Sound of Music တို့၊ It’s a Wonderful Life တို့လို ရုပ်ရှင်တွေ ပြသလာဦးမယ်ဆိုတာကို ကျွန်တော် သတိမထားမိခဲ့ဘူး။
ပြဿနာက ကျွန်တော်က အရာရာကို အဖြူအမဲပဲ ခွဲခြားမြင်တတ်လို့ပါ။ လူတစ်ယောက်ဟာ ကျန်းမာရင် ကျန်းမာ၊ မကျန်းမာရင် မကျန်းမာ၊ စိတ်မှန်ရင်မှန်၊ မမှန်ရင် မမှန်... ဒီလိုပဲ ရှိတယ်လို့ ထင်ခဲ့တာ။ စိတ်ဓာတ်ကျတယ်လို့ ရောဂါအမည်တပ်ခံရပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ နပိုလီယံလိုပဲ ကျွန်းတစ်ကျွန်းကို အပို့ခံလိုက်ရသလို ခံစားခဲ့ရပြီး အရင်က သိခဲ့တဲ့ လောကကြီးထဲကို ပြန်ဖို့ လမ်းစမရှိတော့ဘူးလို့ ထင်ခဲ့မိတယ်။
တစ်ဖက်က ကြည့်ရင်တော့ ကျွန်တော် ထင်တာမှန်ပါတယ်။ ကျွန်တော်ဟာ အရင်က ကမ္ဘာဟောင်းဆီကို ဘယ်တော့မှ ပြန်မရောက်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ရှေ့ကိုဆက်တိုးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ အသက်ရှင်နေရုံနဲ့တင် အချိန်နဲ့အမျှ ရှေ့ကို ရောက်သွားတာပါပဲ။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေက ပြောင်းလဲလာတယ်။
ဥပမာ - ကျွန်တော်ဟာ အလွန်အမင်း စိတ်ပျက်အားငယ်နေတဲ့ ကြားထဲမှာတောင် သေးငယ်တဲ့ ပျော်ရွှင်မှု အခိုက်အတန့်လေးတွေ ဒါမှမဟုတ် ဟာသလေးတွေကို ရှာတွေ့လာတယ်။ အရာရာဟာ တစ်ခုမဟုတ်ရင် တစ်ခု ၊ အဖြူ သို့မဟုတ် အမဲ ပဲ ဖြစ်နေတာမျိုး မဟုတ်ဘဲ တစ်ခါတလေမှာ ရောယှက်ပြီးနှစ်ခုစလုံး ဖြစ်နေနိုင်တယ်ဆိုတာကို ကျွန်တော် သိမြင်လာတယ်။
ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာ ဒီလောက်ကျယ်ပြောတဲ့ နေရာလပ်တွေ ရှိနေတယ်ဆိုတာကို သတိပြုမိလိုက်တာနဲ့ အမြင်သစ်တစ်ခု ရလာပါတယ်။ ဟုတ်ပါတယ်... နာကျင်မှုတွေအတွက် နေရာအများကြီး ရှိနေနိုင်သလို တခြားအရာတွေအတွက်လည်း နေရာလပ်တွေ ရှိနေပါသေးတယ်။ တကယ်တော့ နာကျင်မှုဆိုတာ စိတ်အနှောင့်အယှက်ပေးတဲ့ အကောင်ကြီး ဖြစ်နိုင်ပေမဲ့ သူကပဲ ကျွန်တော်တို့ရဲ့ အတွင်းစိတ်မှာ နေရာလပ်တွေ ဘယ်လောက်တောင် ရှိနေသလဲဆိုတာကို မရည်ရွယ်ဘဲ ပြသပေးတတ်ပါတယ်။ အဲ့ဒီနေရာလပ်တွေကိုတောင် ပိုပြီး ချဲ့ထွင်ပေးနိုင်ပါသေးတယ်။ ဒါမှသာ အနာဂတ်တစ်ချိန်ချိန်မှာ အဲ့ဒီလောက် အတိုင်းအဆရှိတဲ့ ပျော်ရွှင်မှု၊ မျှော်လင့်ချက်၊ အချစ်နဲ့ ရောင့်ရဲမှုတွေကို ခံစားနိုင်ဖို့ လမ်းစဖော်ပေးတာပေ့ါ။
တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ကျယ်ပြောမှု ကို အမြဲတမ်း သတိပြုမိဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အခန်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ဟာ ဖြစ်နိုင်ခြေတွေ အများကြီးကို ပြသနိုင်တဲ့ ရုပ်ရှင်ရုံကြီးတွေပါပဲ။
Comments
Post a Comment