Skip to main content

အသိပညာနှင့် တောအုပ်





အသိပညာနှင့် တောအုပ်

"ရန်သူကို သိအောင်လုပ်ပါ။" ရှေးဟောင်းတရုတ်စစ်သေနင်္ဂဗျူဟာကျမ်းဖြစ်တဲ့ The Art of War  ထဲမှာ ဆွန်ဇူး ပေးခဲ့တဲ့ ဒီအကြံဉာဏ်ဟာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ပဲ့တင်ထပ်နေဆဲပါ။

ဒီအကြံဉာဏ် အချိန်မရွေး အသုံးဝင်နေရတဲ့ အကြောင်းရင်းကတော့ ဒါဟာ စစ်ပွဲတွေမှာတင်မကဘဲ တခြားနေရာတွေမှာပါ အကျုံးဝင်လို့ပါပဲ။ ဥပမာ - ကျွန်တော်တို့က စိတ်ဓာတ်ကျဝေဒနာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါ၊ ရာသီဥတုပြောင်းလဲမှု သဘာဝ ဒါမှမဟုတ် မတရားမှုတွေအကြောင်းကို အပြည့်အဝ နားလည်ထားမယ်ဆိုရင် အဲ့ဒီအရာတွေကို ပြန်လည်တိုက်ဖျက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းကို မသိဘဲနဲ့ဆိုရင်တော့ ကျွန်တော်တို့ဟာ ဒုက္ခရောက်ပါလိမ့်မယ်။

ဥပမာအားဖြင့် - သာမန်လူတစ်ယောက်ကို အမေဇုန်မိုးသစ်တောကြီးရဲ့ အလယ်ဗဟိုထဲ ပစ်ချလိုက်မယ်ဆိုရင် သူ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို နားမလည်တဲ့အတွက် ရှင်သန်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ ဂျူလီယန် ကော့ပ်ကီး (Juliane Koepcke) ကတော့ သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ သူမဟာ အသိပညာရှိတဲ့သူတစ်ယောက်ပါ။

၁၉၇၁ ခုနှစ် ခရစ်စမတ်အကြိုညမှာ အသက် ၁၇ နှစ်အရွယ် ကော့ပ်ကီးဟာ ပီရူးနိုင်ငံအထက် ကောင်းကင်ယံတစ်နေရာမှာ လေယာဉ်ကို မိုးကြိုးပစ်ခံရပြီးနောက် သူမရဲ့ ထိုင်ခုံမှာပဲ ပတ်ထားတဲ့ ခါးပတ်နဲ့အတူ ကောင်းကင်ကနေ ပြုတ်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ သူမရဲ့ မိခင်အပါအဝင် တခြားလူ ၉၁ ဦးစလုံး သေဆုံးသွားခဲ့ပေမဲ့ သူမကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သစ်တောအုပ်ကြီးထဲကို ပြုတ်ကျသွားတဲ့ ထိုင်ခုံထဲကနေ အပြင်ကို ထွက်နိုင်ခဲ့ပါတယ်။

ကော့ပ်ကီးဟာ နာကျင်နေခဲ့တယ်။ ရှေ့ာခ် ရနေခဲ့တယ်။ ညှပ်ရိုးကျိုးပြီး ခြေထောက်တွေမှာလည်း နက်ရှိုင်းတဲ့ ဒဏ်ရာတွေ ရထားခဲ့တယ်။ သူမဟာ ကိုယ့်အသက်အတွက်လည်း အရမ်းကြောက်လန့်နေခဲ့တာပေ့ါ။ တခြားလူသေလောင်းတွေကို မြင်ရတဲ့အခါမှာတော့ သူမဟာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဘာမှမလုပ်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သူမဟာ လေယာဉ်ပျက်စီးပုံကြားက တွေ့တဲ့ ရိက္ခာအချို့ကို ယူပြီး လူနေရပ်ကွက်ဆီကို လမ်းရှာဖို့ ကြိုးစားခဲ့ပါတယ်။

ကော့ပ်ကီးဟာ မိုးသစ်တောအကြောင်း အများကြီး သိထားသူပါ။ သူမရဲ့ မိဘနှစ်ပါးစလုံးဟာ သတ္တဗေဒပညာရှင် တွေ ဖြစ်ကြတယ်။ လေယာဉ်မပျက်ကျခင်ကတည်းက သူမဟာ ပီရူးမိုးသစ်တောထဲက သုတေသနစခန်းတစ်ခုမှာ မိဘတွေနဲ့အတူ တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့ဖူးပါတယ်။ သူမရဲ့ ကိုယ်ပိုင်စကားအရ ပြောရရင်... အသိပညာသာရှိမယ်ဆိုရင် ဒီတောအုပ်ကြီးဟာ လူတွေထင်သလို "စိမ်းလန်းတဲ့ ငရဲဘုံ" ဖြစ်နေစရာ မလိုဘူးဆိုတာ သူမ သိထားတယ်လေ။

သူမရဲ့ When I Fell from the Sky ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြချက်အရ... သူမဟာ အလောင်းတွေကို စားသောက်နေကြတဲ့ လင်းတတွေရဲ့ ဘေးနားကနေ ဖြတ်သန်းခဲ့ရတယ်။ မြွေတွေ၊ ခြင်တွေနဲ့ အဆိပ်ပြင်းတဲ့ ပင့်ကူတွေဟာ သူမအတွက် အမြဲတမ်း ခြိမ်းခြောက်မှု ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ ဒဏ်ရာတစ်ခုထဲမှာဆိုရင် လောက်ကောင်တွေတောင် စွဲနေခဲ့ပါပြီ။ သူမဟာ ပြင်းထန်တဲ့ နေပူရှိန်ဒဏ်ကိုလည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ 
အဲ့ဒီအချိန်တစ်လျှောက်လုံးမှာ သူမကို ဝိုင်းဝန်းကူညီပေးခဲ့တာကတော့ "အသိပညာ" ပါပဲ။

သူမဟာ မြွေတွေ၊ ပင့်ကူတွေနဲ့ တောအုပ်ထဲက အဆိပ်ရှိတဲ့ အပင်တွေကို ရှောင်ရှားဖို့အတွက် စမ်းချောင်းရေထဲမှာပဲ တတ်နိုင်သမျှ လမ်းလျှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပီရန်ညာ (Piranha) ငါးတွေကို ရှောင်ဖို့အတွက် စမ်းချောင်းရဲ့ အလယ်တည့်တည့်မှာပဲ နေခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီငါးတွေဟာ ရေတိမ်ပိုင်းမှာပဲ အနေများတယ်ဆိုတာ သူမ သိထားလို့ပါ။ အဲ့ဒီလို ရေလယ်မှာနေခြင်းက မိကျောင်းတွေနဲ့ တိုးနိုင်တယ်ဆိုတာကိုလည်း သူမ သိပါတယ်၊ ဒါပေမဲ့ မိကျောင်းတွေဟာ မြွေတွေနဲ့မတူဘဲ လူကို တိုက်ခိုက်ခဲတယ်ဆိုတာကိုလည်း သူမ သိထားပြန်တယ်။

လောက်စွဲနေတဲ့ ဒဏ်ရာက ပိုပြီး နာကျင်လာပေမဲ့ သူမဟာ မနားတမ်း လမ်းလျှောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူမမှာ စားစရာလည်း မရှိတော့ပါဘူး။ သူမဟာ အရမ်းကို မောပန်းနွမ်းနယ်နေပြီး အိပ်မက်ယောင်နေသလို အခြေအနေမျိုး ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမမှာ ဖခင်ဖြစ်သူဆီက ဆင်းသက်လာတယ်လို့ သူမ ယုံကြည်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ရှိနေခဲ့တယ် ။

"ငါတို့ တစ်ခုခုကို အောင်မြင်အောင် လုပ်မယ်လို့ တကယ်ပဲ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင် ငါတို့ အောင်မြင်တာပဲ။ ငါတို့ဘက်က တကယ်ပဲ လိုချင်စိတ်ရှိဖို့ လိုတယ် ဂျူလီယန်" လို့ သူမအဖေက တစ်ခါက ပြောဖူးတယ်။

သူမဟာ တောလမ်းလေးတွေကို အမြဲစောင့်ကြည့်နေခဲ့ပြီး လမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့ဒီလမ်းကနေ လူသူမရှိတဲ့ တဲအိုလေးတစ်ခုဆီ ရောက်သွားပြီး တဲအပြင်ဘက်မှာ ဓာတ်ဆီတစ်လီတာကို တွေ့ခဲ့ပါတယ်။ အရေးပေါ်အခြေအနေမျိုးမှာ ဓာတ်ဆီဟာ အပြင်းအထန် ပိုးဝင်နေတဲ့ ဒဏ်ရာတွေအတွက် နာကျင်ပေမဲ့ ကုထုံးတစ်ခု ဖြစ်နိုင်တယ်ဆိုတာကိုလည်း သူမ သင်ယူခဲ့ဖူးတယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ဒဏ်ရာကို ဓာတ်ဆီနဲ့ ကိုယ်တိုင် ဆေးထည့်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ၁၁ ရက်မြောက်နေ့မှာ လူသံတွေကို ကြားခဲ့ရပြီး တောထဲမှာ နေထိုင်တဲ့ အမျိုးသားတွေက သူမကို ရှာတွေ့ကာ လှေနဲ့ လူနေရပ်ကွက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ ကယ်တင်ခံရပြီး နောက်တစ်နေ့မှာပဲ သူမဟာ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။

ကော့ပ်ကီးရဲ့ ဇာတ်လမ်းဟာ နောက်ပိုင်းမှာ Werner Herzog ရိုက်ကူးတဲ့ Wings of Hope ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ Herzog ကိုယ်တိုင်ဟာလည်း မတော်တဆဖြစ်ခဲ့တဲ့ အဲ့ဒီလေယာဉ်ပေါ်မှာ လိုက်ပါဖို့ မူလက စီစဉ်ထားခဲ့သူပါ။ ဂျူလီယန်ဟာ ဇီဝဗေဒပညာနဲ့ ဘွဲ့ရရှိခဲ့ပြီး မိသားစုရဲ့ သတ္တဗေဒ ရိုးရာကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး...အခုဆိုရင် သူမဟာ မြူးနစ်မြို့က Bavarian State Collection of Zoology မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ လေယာဉ်ပျက်ကျပြီး အမေဇုန်တောကြီးထဲမှာ ပိတ်မိနေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘဝဆိုတဲ့ ရှုပ်ထွေးလှတဲ့ တောအုပ်ကြီးထဲမှာ လမ်းပျောက်ပြီး ပိတ်မိနေတဲ့အခါမှာလည်း... ကျွန်တော်တို့ဟာ အဲ့ဒီနယ်မြေအကြောင်းကို လေ့လာလို့ ရနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ ဒဏ်ရာတွေကို ရင်ဆိုင်ကြည့်ဖို့၊ ကိုယ့်ဘဝရဲ့ ခြုံပုတ်ထဲမှာရှိတဲ့ မြွေဆိုးတွေကို သတိထားမိဖို့အတွက်... မသိနားမလည်မှု ဒါမှမဟုတ် ငြင်းပယ်မှုတွေနဲ့ ပိတ်မိမနေဘဲ မိမိကိုယ်ကိုယ် သိရှိနားလည်ခြင်း ဆိုတဲ့ အသိပညာနဲ့ လက်နက်တပ်ဆင်ထားနိုင်ပါတယ်။

TN // မြတ်စွာဘုရားကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားရင်း လောကဓမ္မ တစ်ခုလုံးကိုပါ နားလည်သွားပြီး အနှိုင်းမဲ့ ဉာဏ်တော် ကို ရရှိသွားတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နားလည်ခြင်းက အကောင်းဆုံး ကုထုံးတစ်မျိုးပဲလို့ စိတ်ကျန်းမာရေး လောကမှာလည်း ပြောကြတာပေ့ါ...

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...