တောအုပ်ထဲမှာ အမြဲတမ်း လမ်းကြောင်းတစ်ခု ရှိနေပါတယ်
ကျွန်တော်ဟာ ဘဝရဲ့ အချိန်အတော်များများကို မျှော်လင့်ချက်အကြောင်း တွေးတောရင်း ကုန်ဆုံးခဲ့ပါတယ်။
မကြာသေးခင် နှစ်တွေမှာတော့ အဲ့ဒီအကြောင်းကိုပဲ စာတွေအများကြီး ရေးဖြစ်ခဲ့တယ်။ အဲ့ဒီမတိုင်ခင်တုန်းကတော့ မျှော်လင့်ချက်ဆိုတာကို ကျွန်တော့်ရဲ့ အသက်ကယ် စောင်လေးတစ်ထည်လိုပဲ မြဲမြဲဆုပ်ကိုင်ထားခဲ့ရတာပါ။ ကျွန်တော့်အသက် ၂၀ ကျော်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတစ်ခု ဖြစ်ခဲ့တယ်။ အလွန်အမင်း စိတ်ဓာတ်ကျခြင်းနဲ့ ထိတ်လန့်တုန်လှုပ်ခြင်း (Panic disorder) တွေ ပေါင်းစပ်ပြီး ကျွန်တော့်ကို ဘယ်လောက်ထိ အောက်ခြေကို ဆွဲချခဲ့သလဲဆိုရင် ကျွန်တော့်ဘဝရဲ့ သုံးနှစ်လောက်ကို သေချင်စိတ်တွေ ပြင်းပြင်းထန်ထန်နဲ့ ကုန်ဆုံးခဲ့ရပါတယ်။ အဲ့ဒီလို စိတ်ပျက်အားငယ်မှုတွေကြားမှာ မျှော်လင့်ချက်ကို ပျိုးထောင်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ ကျွန်တော်ဟာ အသက်ဆက်ရှင်ဖို့နဲ့ ပိုကောင်းတဲ့ အနာဂတ်ကို မြင်တွေ့နိုင်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက်တွေကို စုဆောင်းနိုင်ခဲ့ပါတယ်။
ဒီနေ့ခေတ်မှာ မျှော်လင့်ချက်ဆိုတာ လူတိုင်းအတွက် ရှားပါးပစ္စည်းတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတွေ၊ ရက်စက်တဲ့ မတရားမှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ သိသာထင်ရှားတဲ့ မညီမျှမှုတွေဟာ သင့်ရဲ့ မျှော်လင့်ချက် အင်အားတွေကို ကုန်ခမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ရဲ့ ထူးခြားချက်ကတော့ သူဟာ ဇွဲကောင်းခြင်းပါပဲ။ အဆိုးဝါးဆုံး အခက်အခဲတွေကြားမှာတောင် သူဟာ တည်ရှိနေနိုင်စွမ်း ရှိပါတယ်။
မျှော်လင့်ချက်ဆိုတာ ပျော်ရွှင်ခြင်းနဲ့ တစ်ထပ်တည်း မကျပါဘူး။ မျှော်လင့်ချက်ရှိဖို့အတွက် သင် ပျော်နေစရာ မလိုပါဘူး။ အဲ့ဒီအစား... အနာဂတ်ဟာ ကြိုတင်မသိနိုင်ဘူးဆိုတာကို လက်ခံဖို့ပဲ လိုပါတယ်။ ပြီးတော့ အဲ့ဒီအနာဂတ်ထဲမှာ အခုလက်ရှိထက် ပိုကောင်းမွန်တဲ့ ပုံစံတွေ ရှိနေနိုင်တယ်ဆိုတာကိုလည်း လက်ခံဖို့ လိုပါတယ်။ မျှော်လင့်ချက်ရဲ့ အရိုးရှင်းဆုံး ပုံစံကတော့ ဖြစ်နိုင်ခြေကို လက်ခံခြင်းပါပဲ။
အကယ်၍ ကျွန်တော်တို့ဟာ ရုတ်တရက် တောအုပ်ကြီးထဲမှာ လမ်းပျောက်သွားခဲ့ရင်တောင်... အဲ့ဒီထဲကနေ ဖောက်ထွက်သွားနိုင်မယ့် လမ်းကြောင်းတစ်ခု အမြဲရှိနေမှာပါ ဆိုတဲ့ အချက်ကို လက်ခံထားတာမျိုးပေ့ါ။
ကျွန်တော်တို့ လိုအပ်တာကတော့ အစီအစဉ်တစ်ခုနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်လေး တစ်ခုပါပဲ။
Comments
Post a Comment