အချစ် နှင့် စိတ်ပျက်ခြင်း
Albert Camus က "ဘဝအပေါ် စိတ်ပျက်အားငယ်မှု မရှိဘဲနဲ့တော့ ဘဝကို ချစ်မြတ်နိုးစိတ်ဆိုတာ မရှိနိုင်ဘူး" လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ဒီစကားကို စတွေ့တုန်းကတော့ ဒါဟာ အနှစ်သာရမရှိတဲ့၊ ဟန်ဆောင်ကောင်းတဲ့၊ ပြီးတော့ အတော်လေးကို မှောင်မိုက်တဲ့ စကားတစ်ခွန်းလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော် အသက်ကြီးလာလေလေ ဒီစကားလုံးတွေဟာ ပိုပြီး မှန်ကန်လာလေလေပါပဲ။
ကျွန်တော့်ရဲ့ ဘဝအပေါ် ချစ်မြတ်နိုးစိတ်ဟာ "စိတ်ပျက်အားငယ်မှု" ကနေ တိုက်ရိုက်ဆင်းသက်လာတာပါ။ ဆိုးရွားလှတဲ့ အချိန်တွေကို သိခဲ့ရလို့သာ ပိုကောင်းတဲ့ အချိန်တွေအတွက် ကျေးဇူးတင်တတ်လာတာမျိုးပေါ့။ ဒါပေမဲ့ ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့
"ပျော်ရွှင်မှုနဲ့ စိတ်ပျက်အားငယ်မှုဟာ တစ်ခုတည်းသော အစုအဝေးကြီးထဲမှာ အတူတူ ကိန်းအောင်းနေတာ" ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ဟာ အရာရာတိုင်းရဲ့ ကြားက ဆက်နွှယ်မှုတွေကို မြင်လာတဲ့အခါ ဆန့်ကျင်ဘက် အရာတွေဟာ တစ်ခုထဲမှာ တစ်ခု ဘယ်လို ပါဝင်နေလဲဆိုတာကို သိလာတဲ့အခါ... ကျွန်တော်တို့ရဲ့ အနိမ့်ဆုံး အခိုက်အတန့်တွေမှာတောင်မှ ပိုပြီး ခွန်အားရှိလာနိုင်ပါတယ်။
TN // Albert Camus ဟာ ၂၀ ရာစုရဲ့ သြဇာအရှိဆုံး ပြင်သစ်စာရေးဆရာ၊ ဒဿနပညာရှင်နဲ့ ဂျာနယ်လစ်တစ်ဦး ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်လ်ဆု (Nobel Prize in Literature) ကို အသက် ၄၄ နှစ်နဲ့ ရရှိခဲ့သူဖြစ်ပြီး၊ ဒုတိယမြောက် အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်လည်း ဖြစ်ပါတယ်။
__________________________________________________________________
ဖြစ်နိုင်ခြေ
ဖြစ်တည်မှုဆိုင်ရာ ဒဿနပညာရှင် Rollo May က ကျွန်တော်တို့ဟာ ဆန့်ကျင်ဘက်အရာတွေကို မကြာခဏ မှားယွင်းသတ်မှတ်တတ်ကြတယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူက
"မုန်းတီးခြင်းဟာ အချစ်ရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ လျစ်လျူရှုခြင်း (Apathy) သာလျှင် အချစ်ရဲ့ ဆန့်ကျင်ဘက်ပါ" လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက "သတ္တိရှိခြင်းနဲ့ ကြောက်ရွံ့ခြင်းဟာလည်း ဆန့်ကျင်ဘက်တွေ မဟုတ်ဘူး" လို့ ထောက်ပြခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကြောက်ရွံ့မှုဆိုတာ သတ္တိရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။ တကယ့် သတ္တိရှိသူဆိုတာ ကြောက်ရွံ့မှုကို ခံစားရပါလျက်နဲ့ အဲ့ဒီကြောက်ရွံ့မှုကြားကနေပဲ ရှေ့ဆက်တိုးသွားသူတွေကို ဆိုလိုတာပါ။
ဒါပေမဲ့ သူ အပေးနိုင်ဆုံး သင်ခန်းစာကတော့ ပျော်ရွှင်မှု (Joy) နဲ့ စိတ်ပျက်အားငယ်မှု (Despair) တို့ရဲ့ အပြန်အလှန် ဒွန်တွဲနေမှုအပေါ် တင်ပြချက်ပါပဲ။
"ပျော်ရွှင်မှုဆိုတာ ဖြစ်နိုင်ခြေတွေကို ကြုံတွေ့ခံစားရခြင်းပဲ ဖြစ်တယ်" လို့ သူက ရေးခဲ့ပါတယ်။ "ဒါဟာ လူတစ်ယောက်က သူ့ရဲ့ ကံကြမ္မာကို ရင်ဆိုင်နေရချိန်မှာ ကိုယ့်မှာရှိတဲ့ လွတ်လပ်ခွင့်ကို သတိပြုမိလိုက်ခြင်းပါပဲ။ ဒီအဓိပ္ပာယ်အရဆိုရင် စိတ်ပျက်အားငယ်မှုဟာ ပျော်ရွှင်မှုဆီကို ဦးတည်သွားစေနိုင်ပါတယ်။ စိတ်ပျက်အားငယ်မှုတွေ အကုန်လုံး ကုန်ဆုံးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ ဖြစ်နိုင်ခြေ (Possibility) ပဲ ဖြစ်လို့ပါပဲ။"
Comments
Post a Comment