မြစ်
လူတွေဟာ စီးဆင်းမှု အကြောင်းကို အများကြီး ပြောလေ့ရှိကြတယ်။ အလုပ်ခွင်က စီးဆင်းမှု၊ ဂီတစီးဆင်းမှု၊ ယောဂစီးဆင်းမှု၊ ဘဝစီးဆင်းမှု စသဖြင့်ပေါ့။ ကျွန်တော်တို့ တစ်ခုခုကြောင့် စိတ်ဖိစီးနေရင် "အလိုက်သင့်လေး လိုက်သွားပါ" (Go with the flow) လို့ အကြံပေးခံရတတ်ပါတယ်။ အဲ့ဒါက တကယ်တော့ ဘာကို ဆိုလိုတာပါလဲ။
ဟားမန်း ဟက်ဆီ (Hermann Hesse) ရေးသားထားတဲ့ Siddhartha ဝတ္ထုထဲမှာ သူက "မြစ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်" လို့ ပါပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအစိတ်အပိုင်းဟာ မြစ်တစ်စင်းကို ဗဟိုပြုထားတာပါ။ အဓိကဇာတ်ကောင် သိဒ္ဓတ္ထ (Siddhartha) ဟာ သူ့ကို ဒုက္ခဆင်းရဲမှ လွတ်မြောက်ကြောင်းတရားဓမ္မကို ရှာဖွေဖို့ မြစ်ဘေးမှာပဲ နေထိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ မြစ်ဆီက ထွက်ပေါ်လာတဲ့ အသံတွေက သူ့ကို လက်ခံနိုင်ခြင်း နဲ့ လောကဓမ္မအကြောင်းတွေကို သင်ပေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နာကျင်စေတဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံပေမဲ့လည်း ဓမ္မကို ရှာမတွေ့နေချိန်မှာ မြစ်ရဲ့ ငြိမ်းချမ်းတဲ့ အသံကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး အရင်က မသိခဲ့ဖူးတဲ့ စိတ်ငြိမ်းချမ်း တည်ငြိမ်မှုကို ရှာတွေ့ကာ ဒုက္ခဆင်းရဲတွေကနေ လွတ်မြောက်သွားခဲ့တယ်။
နောက်ပိုင်းမှာတော့... အချိန်ဆိုတာ ထင်ယောင်ထင်မှား တစ်ခုသာ ဖြစ်ပြီး၊ သူ့ရဲ့ ပြဿနာတွေ၊ နာကျင်မှုတွေ အားလုံးဟာ သဘာဝတရားကြီးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်ဆိုတာကို မြစ်က သူ့ကို သင်ပေးခဲ့တယ်။ ဖြစ်ရပ်တစ်ခုချင်းစီဟာ သူတို့ချည်းပဲဆိုရင် ဘာအဓိပ္ပာယ်မှ မရှိပေမဲ့... ကြီးမားတဲ့ အစုအဝေးကြီးရဲ့ အစိတ်အပိုင်းအဖြစ် ကြည့်လိုက်ရင်တော့ အရာအားလုံးကို နားလည်သွားနိုင်တယ်။ ဒါဟာ မြစ်က သူ့ကို သင်ပေးခဲ့တဲ့ အရာပါပဲ။
ကျွန်တော့်အတွက်တော့ ဘဝရဲ့ စီးဆင်းမှုဆိုတာ အရာရာကို ပိုမိုကြီးမားတဲ့ အရာတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံလိုက်ခြင်းပါပဲ။ ရေမော်လီကျူးလေး တစ်ခုချင်းစီကို မြစ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံလိုက်သလိုမျိုးပေါ့။ ဒါဟာ ကျွန်တော် ပြင်းထန်စွာ နာကျင်ခံစားနေရတဲ့ အချိန်တွေမှာ နှစ်သိမ့်မှု ပေးပါတယ်။
နာကျင်မှုဆိုတာ အတ္တကြီးပါတယ်။ သူက ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုအားလုံးကို သူတစ်ယောက်တည်းဆီမှာပဲ ရှိနေစေချင်တာပါ။ ဒါပေမဲ့ အခိုက်အတန့်တိုင်းဟာ အစုအဝေးကြီးတစ်ခုရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ပါတယ်။ အခိုက်အတန့်တိုင်းဟာ ပန်းချီကားတစ်ချပ်ထဲက (ဥပမာ- မြစ်ပုံပန်းချီကား) စုတ်ချက်တစ်ခုချင်းစီလိုပါပဲ။ အဲ့ဒီပန်းချီကားကို အဝေးကနေ လှမ်းကြည့်လိုက်ရင်တော့ အင်မတန် လှပနေနိုင်ပါတယ်။ ကျွန်တော့်မှာ အရာရာကို အဆုံးသတ်လိုက်ချင်လောက်အောင် ပြင်းထန်တဲ့ နာကျင်မှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဝေးကနေ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီနာကျင်မှုတွေဟာ အလင်း ကို ပိုမိုထင်ရှားစေတဲ့ အရိပ် လေးတွေသာ ဖြစ်နေပါတော့တယ်။
________________________________________________________________________
ဆည်
သူတို့ကို စီးဆင်းပါစေတော့။ ထုတ်မပြောဖြစ်ခဲ့တဲ့ အတွေးစတွေ အားလုံး။ ဖိနှိပ်ထားတဲ့ ခံစားချက်တွေ အားလုံး။ အသိအမှတ်မပြုဘဲ ထားခဲ့တဲ့ အခက်အခဲတွေ အားလုံး။ အပြစ်ရှိသလို ခံစားနေရတဲ့ လျှို့ဝှက်ချက်တွေ အားလုံး။ နာကျင်စရာ မှတ်ဉာဏ်တွေ အားလုံး။ ဝှက်ထားတဲ့ စိတ်အောက်ခြေက ထောင့်လေးတွေ အားလုံး။ အနေရခက်တဲ့ အမှန်တရားတွေ အားလုံး။ ဆေးမထည့်ရသေးတဲ့ ဒဏ်ရာတွေ အားလုံး။ သက်သောင့်သက်သာ မရှိလှတဲ့ အကြံဉာဏ်တွေ အားလုံး။ ကွယ်ဝှက်ထားတဲ့ တမ်းတမှုတွေနဲ့ ငြင်းပယ်ထားတဲ့ ဆန္ဒတွေ အားလုံး။
ဆည်ကြီးရဲ့ နောက်ကွယ်မှာ စုပြုံတက်လာနေတဲ့ အဲ့ဒီရေတွေ အားလုံးကို... ဖိအားတွေ ပြည့်လျှံလာအောင် မစောင့်ပါနဲ့။ ဆည်ကြီး တစ်စစီ ပေါက်ကွဲထွက်သွားမယ့် အချိန်အထိ မစောင့်ပါနဲ့။
သူတို့ကို စီးဆင်းပါစေတော့။ စီးဆင်းပါစေတော့။ စီးဆင်းပါစေတော့။
"ဘယ်သူမှ မြစ်တစ်စင်းတည်းထဲကို နှစ်ကြိမ်တိုင်တိုင် ခြေမချနိုင်ပါဘူး။ ဘာလို့လဲဆိုတော့... အဲ့ဒီမြစ်ဟာ အရင်က မြစ်မဟုတ်တော့သလို၊ အဲ့ဒီလူဟာလည်း အရင်က လူမဟုတ်တော့လို့ပါပဲ။"
Heraclitus
Comments
Post a Comment