စကားလုံးများ
တက္ကသိုလ်မှာ အင်္ဂလိပ်စာပေနဲ့ မဟာဘွဲ့တက်နေတုန်းက ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း လူအ တစ်ယောက်လို ခံစားခဲ့ရတယ်။ အကြောင်းရင်းကတော့ ဝေဖန်ရေးသီအိုရီ (Critical Theory) ဆိုတဲ့ ဘာသာရပ်ကို ရွေးချယ်မိခဲ့လို့ပါပဲ။ အဲ့ဒီဘာသာရပ်မှာ ပြင်သစ်ခေတ်သစ်ဒဿနိကဗေဒ စာအုပ်အတော်များများကို ဖတ်ရတယ်။ အဲ့ဒီစာအုပ်တွေက အင်္ဂလိပ်လို ပြန်ထားရင်တောင် စာကြောင်းတစ်ကြောင်းကို နားလည်ဖို့ နာရီဝက်လောက် စိုက်ကြည့်နေရလောက်အောင်ကို တမင်တကာ ခက်ခဲနက်နဲအောင် ရေးထားကြတာမျိုးပါ။
အထူးသဖြင့် ကျွန်တော် လေ့လာမိသလောက်ကတော့ ညွှန်းဆိုသည့်အရာ(Signifier) နဲ့ ညွှန်းဆိုခံရသည့် အနှစ်သာရ (Signified) ကြားမှာ အမြဲတမ်း ဟာကွက်တစ်ခု ရှိနေတယ်ဆိုတာပါပဲ။ ဥပမာ - "ခွေး" ဆိုတဲ့ စကားလုံးဟာ တကယ့်ခွေး မဟုတ်ပါဘူး။ "ရေ" ဆိုတဲ့ စကားလုံးဟာ တကယ့်ရေ မဟုတ်ပါဘူး။ ပိုက်တံ တစ်ခုရဲ့ ပန်းချီကားဟာ တကယ့်ပိုက်တံ မဟုတ်သလို၊ တီဗီထဲက စစ်ပွဲသတင်းဟာလည်း တကယ့်စစ်ပွဲ မဟုတ်ပါဘူး။ ခြုံပြောရရင် ဒီသီအိုရီတွေဟာ "ကျွန်တော်တို့ဟာ ဘယ်တော့မှ အပြည့်အဝ ဆုပ်ကိုင်လို့မရနိုင်တဲ့ အဓိပ္ပာယ်တစ်ခုနောက်ကို အမြဲတမ်း လိုက်လံဖမ်းဆုပ်နေရတယ်" ဆိုတဲ့ စိတ်ပျက်စရာကောင်းတဲ့ အမှန်တရားကို ခက်ခဲရှုပ်ထွေးတဲ့ နည်းလမ်းတွေနဲ့ ရှင်းပြနေတာပါပဲ။
ဒါပေမဲ့ ကျွန်တော် စိတ်ကျရောဂါစဖြစ်လာတဲ့အခါမှာတော့ ဒီသီအိုရီတွေဟာ ပိုပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ်တွေ ရှိလာခဲ့တယ်။ ကျွန်တော်ဟာ ကျွန်တော် ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ လူတစ်ယောက်အဖြစ် ဟန်ဆောင်ညွှန်းဆိုနေရတဲ့ "လမ်းလျှောက်နေတဲ့ ညွှန်းဆိုချက်" (Walking signifier) တစ်ခုလို ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ အပြင်ပန်း သွင်ပြင်နဲ့ အတွင်းစိတ် ခံစားချက်ကြားမှာ ကြီးမားတဲ့ ဟာကွက်တစ်ခု ရှိနေခဲ့တယ်။ အဲ့ဒီဟာကွက်ကို ပေါင်းကူးပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော့်အတွင်းစိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ထုတ်ဖော်ပြောဆိုတာနဲ့ ချရေးတာပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်... ဒဿနိကဗေဒအရ ပြောမယ်ဆိုရင် စကားလုံးတွေဟာ သူတို့ဖော်ပြတဲ့ အရာဝတ္ထုတွေနဲ့
တထပ်တည်း မကျနိုင်ပါဘူး။ ဒါပေမဲ့ အဲ့ဒါကပဲ စကားလုံးတွေရဲ့ အသုံးဝင်ပုံပါပဲ။ စကားလုံးတွေဟာ အတွင်းစိတ်ထဲက အရာတွေကို အပြင်လောကကို ထုတ်ပြဖို့ ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့က အတွေးတစ်ခုကို စကားလုံးအဖြစ် ပြောင်းလဲလိုက်တဲ့ အခိုက်အတန့်မှာပဲ အဲ့ဒီအတွေးကို ဘာသာစကား လို့ခေါ်တဲ့ အများသုံးကမ္ဘာထဲကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မမြင်ရတဲ့ အတွေ့အကြုံတွေကို မြင်သာအောင် လုပ်လိုက်တဲ့အခါမှာ တခြားလူတွေကိုရော၊ ကိုယ့်ကိုယ်ကိုယ်ပါ ဘာတွေကြုံတွေ့နေရသလဲဆိုတာ နားလည်ဖို့ ကူညီပေးရာ ရောက်ပါတယ်။ ကျွန်တော်တို့ အသံထွက်ပြီး ပြောလိုက်တဲ့ စကားလုံးတွေဟာ အတွင်းစိတ်က ခံစားချက်ကို အပြည့်အဝ ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒါကပဲ အဓိကအချက်ပါပဲ။
စကားလုံးတွေဆိုတာ နာကျင်မှုတွေကို ဖမ်းချုပ်ထားဖို့ မဟုတ်ပါဘူး၊ နာကျင်မှုတွေကိုလွတ်မြောက်စေဖို့ ဖြစ်ပါတယ်။
TN // မြတ်စွာဘုရား ဟောကြားတဲ့ ထဲမှာပါတယ်လေ...ပညတ် သက်သက်ပဲ။ ပညတ်နာမ သတ်မှတ်ချက်တွေဆိုတာ လောကကြီးကို နားလည်ဖို့ ကူညီပေးတဲ့ ကြားခံ MEDIUM တွေပဲ။ အဲ့ ပညတ်တွေမှာ လိုက်ခံစားနေဖို့ မလိုဘူး။ ဥပမာ စာသင်ပေးတဲ့ လူကို ဆရာလို့ ခေါ်တယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ လူတွေကို ဘုရင်လို့ ခေါ် တယ်။ သူတို့လုပ်တဲ့ အလုပ်တွေ နဲ့ တွဲဆက်မိအောင် ပေးထားတဲ့ နာမပညတ်တွေပဲ ။ အဲ့ဒါကိုမှ ဘုရင် မို့လို့ မြင့် မြတ်တယ်။ သေရင် နတ်ပြည်တတ်ရမယ်။ တောင်းစုတ်ပလုံးစုတ်ကောက်လို့ ဆင်းရဲနိမ့်ကျတယ် ငရဲဆင်းရမယ် အဲ့လို မရှိဘူး။ ဘုရင်လည်းကောင်းတာလုပ်မှ လူကောင်းဖြစ်မှာ ဆိုသလို သူဆင်းရဲလည်း ကောင်းတဲ့ ကုသိုလ်အကြောင်းတွေကို ဖန်တီးနိုင်ရင် မွန်မြတ်သန့်စင်တဲ့ သူပဲ။ ပညတ်တွေက အနိမ့်အမြင့်ခွဲတယ်ဆိုတာ မမှန်ဘူး။ လုပ်ရပ်တွေကသာ လူကောင်း လူဆိုး ခွဲတာ ဖြစ်တဲ့ အတွက် သူများ တံတွေးထဲ လိုက် မမျော ဘဲ ဆင်ခြင်တုံ တရား နဲ့ ကောင်းမယ် ထင်တာလေးတွေ ကိုယ့်ဘာသာကိုယ် ဆက်လုပ်နေလို့ ရတယ်။
Comments
Post a Comment