စကြဝဠာဆိုသည်မှာ အပြောင်းအလဲတစ်ခုသာ
မားကပ်စ် အော်ရီလီယပ်စ် (Marcus Aurelius) ဟာ Meditations စာအုပ်ကို ရေးသားချိန်မှာ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးသူ ဖြစ်ပါတယ်။ မြို့ပြတွေ၊ စစ်တပ်တွေ၊ နန်းတော်တွေနဲ့ တစ်နိုင်ငံလုံးက သူ့လက်ခုပ်ထဲမှာပါ။ ခရစ်နှစ် ၁၆၁ ခုနှစ်ကနေ ၁၈၀ အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ရောမအင်ပါယာရဲ့ ရွှေခေတ် ကို အုပ်ချုပ်ခဲ့တဲ့ ဧကရာဇ်မင်းကြီး ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ သူ့ရဲ့ အဆင့်အတန်းနဲ့ အာဏာတွေထဲမှာ စိတ်ကျေနပ်မှုကို မရှာဘဲ ရိုးရှင်းမှု၊ ဆွေးနွေးတိုင်ပင်မှုနဲ့ စကြဝဠာဆိုင်ရာ ရှုထောင့် (Cosmic perspective) တို့ကိုပဲ တန်ဖိုးထားခဲ့ပါတယ်။ သူဟာ ကြယ်တာရာတွေကို ငေးကြည့်ခြင်းကို အင်မတန် အရေးကြီးတယ်လို့ ယုံကြည်ခဲ့ပြီး အဲ့ဒီလို တွေးခေါ်ဖို့အတွက် ဂရိဒဿနပညာရှင် ပိုက်သဂိုးရပ်စ် (Pythagoras) ရဲ့ လွှမ်းမိုးမှုကို ရရှိခဲ့တာပါ။
ပိုက်သဂိုးရပ်စ်ကို ယုံကြည်သူတွေ (Pythagoreans) ကတော့ ကောင်းကင်ကို ငေးကြည့်ခြင်းဟာ ပျော်စရာတစ်ခုတင် မကဘဲ မြင့်မြတ်တဲ့ အစီအစဉ်တစ်ခုကို မြင်တွေ့ရခြင်းလို့ ယူဆကြပါတယ်။ ဘာလို့လဲဆိုတော့ ကြယ်တွေဟာ တစ်ခုချင်းစီ သီးခြားစီ ရှိနေကြပေမဲ့ အားလုံးဟာ စနစ်တကျနဲ့ စုစည်းတည်ရှိနေကြလို့ပါပဲ။ စတိုးအစ် (Stoic) ပညာရှင်တွေအတွက်တော့ ကောင်းကင်ကို ကြည့်ခြင်းဟာ သဘာဝတရားရဲ့ အစိတ်အပိုင်းတွေကို မြင်တွေ့ရခြင်းပါပဲ။
ဒါကြောင့် ကောင်းကင် ဒါမှမဟုတ် ကြယ်တွေထက် ပိုအရေးကြီးတာက အဲ့ဒီအရာတွေကို ကြည့်နေချိန်မှာ ကျွန်တော်တို့ ဘာတွေးသလဲဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ အထက်မှာရော၊ ပတ်ဝန်းကျင်မှာပါ အမြဲတမ်း ပြောင်းလဲလှုပ်ရှားနေတဲ့ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ ဘယ်လို ဆက်စပ်နေသလဲဆိုတာပါပဲ။
"စကြဝဠာဆိုတာ အပြောင်းအလဲပဲ" လို့ မားကပ်စ် အော်ရီလီယပ်စ်က ရေးခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ ဘဝဆိုတာ ကျွန်တော်တို့ရဲ့ အတွေးတွေက ပုံဖော်လိုက်တဲ့ အရာပါပဲ။"
အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ လူတစ်ယောက်တောင်မှ ကြယ်တွေကို ကြည့်ပြီး ဒီကြီးမားလှတဲ့ စကြဝဠာကြီးထဲမှာ သူဟာ သေးငယ်နေရတာကိုပဲ ပျော်ပျော်ကြီး လက်ခံနိုင်ခဲ့ပါသေးတယ်။
ကောင်းကင်ဆိုတာ ကျွန်တော်တို့ရဲ့ အထက်မှာပဲ စတာ မဟုတ်ပါဘူး။ ကောင်းကင်အတွက် စမှတ်ရယ်လို့ မရှိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်က ကောင်းကင် ထဲမှာရှင်သန်နေကြတာပါ။
Comments
Post a Comment