သတိရပါ
"နောက်ထပ် နေ့ရက်သစ်တွေ ရောက်လာဦးမှာပါ။ နောက်ထပ် ခံစားချက်အသစ်တွေလည်း ရှိလာဦးမှာပါ။"
___________________________________________________________________
ဆန့်ကျင်ဘက်များ
တကယ်လို့ အသေး ဆိုတာသာ မရှိရင် အကြီး ဆိုတာကရော ဘာကို ဆိုလိုမှာလဲ။ ဆန့်ကျင်ဘက်အရာတွေဟာ တည်ရှိနေဖို့အတွက် တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုနေကြရတာပါ။ တာအို (Taoist) ဒဿနမှာတော့ ယင် (Yin) နဲ့ ယန် (Yang) ဆိုတဲ့ ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု မတူညီကြပေမဲ့ အပြန်အလှန် ဆက်နွှယ်နေကြပါတယ်။ နေ့ရှိဖို့ ညလိုအပ်သလို၊ ညရှိဖို့လည်း နေ့လိုအပ်ပါတယ်။ ပန်းချီဆရာ Tintoretto ရဲ့ ပန်းချီကားတွေထဲက အမှောင်ရိပ်တွေဟာ အလင်းကို ပိုပြီး ထင်ရှားပေါ်လွင်စေပါတယ်။ Maya Angelou ရဲ့ ကလေးဘဝက ဆွံ့အနားမကြားဖြစ်ခဲ့ရမှုကပဲ... သူမရဲ့ အသံကို အသုံးပြုဖို့ ပြင်းပြတဲ့ ဆုံးဖြတ်ချက်ဆီကို ခေါ်ဆောင်သွားခဲ့တာပါ။
ဒီလို အပြန်အလှန် မှီခိုနေတဲ့ ကမ္ဘာကြီးထဲမှာ ဆန့်ကျင်ဘက် ခံစားချက်တွေဟာလည်း ဆက်စပ်နေကြပါတယ်။ William Blake ပြောခဲ့သလိုပါပဲ
"ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာ အနုစိတ် ရက်လုပ်ထားတဲ့ အထည်တစ်စလိုပဲ" တဲ့။ ဒါကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘဝကို မြတ်နိုးရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက... ကျွန်တော် တစ်ချိန်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ခဲ့ဖူးလို့ပါပဲ။ နှစ်ပေါင်းများစွာ ငရဲလို ဆိုးရွားတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရလို့သာ အခု ကျွန်တော့်ဘဝရဲ့ ကျေနပ်စရာ အခိုက်အတန့်တွေကို ပိုပြီး အသိအမှတ်ပြု ခံစားတတ်လာတာပါ။
အခုတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် "တစ်ခုမဟုတ်ရင် တစ်ခု" ဆိုပြီး သတ်မှတ်တာမျိုးကို ရှောင်ကြဉ်ပါတယ်။ ကျွန်တော်ဟာ ပျော်ရွှင်တဲ့သူ ဒါမှမဟုတ် ဝမ်းနည်းတဲ့သူဆိုပြီး သီးခြားစီ မဟုတ်တော့ပါဘူး။ ကျွန်တော်ဟာ တည်ငြိမ်တဲ့သူ ဒါမှမဟုတ် ကြောက်တတ်တဲ့သူလည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ "ပျော် ၊ ဝမ်းနည်း၊ တည်ငြိမ်၊ ကြောက်ရွံ့" တတ်တဲ့သူ တစ်ယောက်ပါပဲ။ ကျွန်တော်ဟာ ခံစားချက်အားလုံးကို ခံစားခွင့်ပေးလိုက်ပါတယ်။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ခံစားချက်အသစ်တွေအတွက် ကျွန်တော့်စိတ်က အမြဲတမ်း ပွင့်လင်းနေတာပေါ့။
ဘာခံစားချက်မှ စိတ်ထဲမှာ ပိတ်ဆို့မနေတော့ပါဘူး။ သင်က ခံစားချက်အားလုံးကို ဖြစ်ခွင့်ပေးလိုက်မယ်ဆိုရင် ဘယ်ခံစားချက်တစ်ခုကမှ သင့်ကို တစ်သက်လုံး လွှမ်းမိုးထားမှာ မဟုတ်ပါဘူး။ အရာရာကို ဖြစ်ခွင့်ပေးနိုင်မယ့် နည်းလမ်းကတော့ အဲ့ဒီအရာအားလုံးမှာ တန်ဖိုးရှိတယ်ဆိုတာ မြင်အောင်ကြည့်ဖို့ပါပဲ။ အမှောင်ထုကနေ အလင်းဆီကို ဘယ်လို ခေါ်ဆောင်သွားနိုင်မလဲဆိုတာ မြင်ဖို့ပါပဲ။ ပြီးတော့... အခုခံစားနေရတဲ့ နာကျင်မှုကနေ နောင်တစ်ချိန်မှာ မျှော်လင့်ချက်အသစ်တွေဆီကို ဘယ်လို ဦးတည်သွားမလဲဆိုတာ မြင်တတ်ဖို့ပါပဲ။
Comments
Post a Comment