Nothing is stronger than a small hope that doesn’t give up.
"အရှုံးမပေးတဲ့ မျှော်လင့်ချက်လေးထက် ပိုပြီး အစွမ်းထက်တဲ့ အရာဆိုတာ လောကမှာ မရှိပါဘူး။"
တောထဲမှာ လမ်းပျောက်စဉ်က ဖေဖေပြောခဲ့တဲ့ စကားတစ်ခွန်း
တစ်ခါတုန်းက ပြင်သစ်နိုင်ငံက တောအုပ်တစ်ခုထဲမှာ ကျွန်တော်နဲ့ ဖေဖေ လမ်းပျောက်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ကျွန်တော့်အသက် ၁၂ နှစ် ၁၃ နှစ်လောက်ပဲ ရှိဦးမယ်။ လက်ကိုင်ဖုန်းတွေ မရှိသေးတဲ့ ခေတ်ပေါ့။ ကျွန်တော်တို့လူသူဝေးတဲ့ တောရွာလေးတစ်ခုမှာ မိသားစုလိုက် အားလပ်ရက် အပန်းဖြေခရီး ရောက်နေကြတာရယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့သားအဖနှစ်ယောက် တောထဲကို အပြေးလေ့ကျင့်လုပ်ဖို့ ထွက်ခဲ့ကြတယ်။ နာရီဝက်လောက် ကြာတဲ့အခါမှာတော့ ဖေဖေက "အို့... ငါတို့ လမ်းပျောက်သွားပြီ ထင်တယ်" လို့ အမှန်တရားကို ဝန်ခံလာခဲ့တယ်။
ကျွန်တော်တို့ လမ်းပြန်ရှာဖို့ ပတ်ချာလည် လျှောက်နေခဲ့ပေမဲ့ ကံမကောင်းခဲ့ဘူး။ ဖေဖေက တောလိုက်သမား နှစ်ယောက်ကို လမ်းမေးကြည့်ပေမဲ့ သူတို့က လမ်းမှားကို ညွှန်လိုက်ကြတယ်။ ဖေဖေဟာ ကျွန်တော့်ကို ဖုံးကွယ်ထားပေမဲ့ သူလည်း တကယ်ထိတ်လန့်နေမယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်တို့ တောထဲမှာ နာရီပေါင်းများစွာ ကြာနေပြီမို့ အိမ်မှာကျန်ခဲ့တဲ့ မေမေလည်း အရမ်းစိုးရိမ်နေတော့မှာကို ကျွန်တော်တို့ သိနေကြတယ်။ ကျောင်းမှာတုန်းက အစ္စရေးလူမျိုးတွေ ကန္တာရထဲမှာ သေဆုံးခဲ့ရတဲ့ ကျမ်းစာပုံပြင်ကို သင်ထားရတော့ ကျွန်တော်တို့လည်း ဒီလိုပဲ ဖြစ်တော့မလားလို့ တွေးကြောက်မိခဲ့တယ်။ အဲ့ဒီအချိန်မှာ ဖေဖေက "ငါတို့သာ လမ်းကြောင်းတစ်ခုတည်းအတိုင်း တည့်တည့် ဆက်လျှောက်သွားရင် ဒီထဲကနေ လွတ်မှာပါ" လို့ ပြောခဲ့တယ်။
ဖေဖေ ပြောတာ မှန်ပါတယ်။ နောက်ဆုံးမှာတော့ ကားသံတွေကို ကြားလိုက်ရပြီး လမ်းမကြီးပေါ်ကို ရောက်သွားခဲ့တယ်။ ကျွန်တော်တို့ စထွက်လာခဲ့တဲ့ ရွာနဲ့ ၁၁ မိုင်လောက် ဝေးသွားပေမဲ့ အနည်းဆုံးတော့ လမ်းညွှန်ဆိုင်းဘုတ်တွေကို တွေ့လိုက်ရပြီလေ။ တောအုပ်ထဲကနေ လွတ်မြောက်ခဲ့ပြီပေ့ါ...
တကယ်တော့ ကျွန်တော်ဟာ စာသားအရဖြစ်စေ တင်စားချက်အရဖြစ်စေ လမ်းပျောက်နေတဲ့ အခါတိုင်းမှာ အဲ့ဒီနည်းဗျူဟာကို အမြဲပြန်တွေးမိပါတယ်။ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကြုံရချိန် စိုးရိမ်စိတ်လွန်ကဲမှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေကြားမှာ ရှင်သန်နေရချိန်၊ ကြောက်စိတ်ကြောင့် နှလုံးခုန်မြန်နေပြီး ဘယ်သူဘယ်ဝါမှန်းတောင် မသိတော့ဘဲ ဘယ်လိုဆက်ရှင်သန်ရမလဲလို့ တွေးနေရချိန်တွေမှာ ဒီစကားကို ပြန်ကြားယောင်မိပါတယ်။
"လမ်းကြောင်းတစ်ခုတည်းအတိုင်း တည့်တည့် ဆက်လျှောက်သွားရင် ဒီထဲကနေ လွတ်မှာပါ"
လမ်းကြောင်းတစ်ခုတည်းအတိုင်း ခြေလှမ်းတစ်လှမ်းချင်းစီကို တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းခြင်းဟာ ပတ်ချာလည် ပြေးလွှားနေတာထက်စာရင် မိတ်ဆွေကို ပိုပြီး ခရီးရောက်စေမှာ အမှန်ပါပဲ။
အဓိကကတော့ ရှေ့ကို ဆက်လျှောက်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိဖို့ပဲ လိုတာပါ။
Comments
Post a Comment