အပိုင်း (၁၀)
ကိုကို ဖာဖာထေးထေး အပြောကောင်းလို့ မေမေက သူ့ကို ဘောလုံးပွဲမှာ လေ့ကျင့်ရင်း ရိုးရိုးလက်ကျိုး
တယ်လို့ပဲ သိထားပြီး ဆူတာမျိုးမလုပ်။
“သားငယ်…အဲ့ဘောလုံးအသင်းထဲက ထွက်လိုက်တော့ ။ အခု ဘောလုံး ကျင့်ရင်း တင်းနစ်ပါ မရိုက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ”
“ဘယ်လက်နဲ့ လေ့ကျင့်လို့ရပါတယ်”
မေမေ သက်ပြင်းတွေသာ တဖွဖွချတယ်။ ကိုကိုကတော့…
“ငါနဲ့ သူက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူလည်း အဲ့ဒါကို သိတယ်။ မင်း ပြဿနာမရှာနဲ့တော့ ညီညီ” လို့ ရာဇသံပေးပေမဲ့
“သူက ကိုကိုနဲ့ အမြဲ ရှိနေတာလေ”
“သူ င့ါကို ဘာမှမလုပ်ဘူး။ စိတ်ချ ။ နေသစ်တို့ အိမ်က သူ့ကို ကောင်းကောင်းသွန်သင်ထားတယ်။ မင်းနဲ့ ငါ့လိုတောင် မဟုတ်ဘူး။ ဒါကြောင့် စိတ်ချ ။ အချိန်တန်ရင် ငါလည်း မေမေ သဘောတူတဲ့ မိန်းမပဲ ယူရမှာ”
“ဒါပေမဲ့…”
“ညီညီ”
ကိုကို က ထုံးစံအတိုင်း လှဲနေတဲ့ သူ့ကို အပေါ်ကနေ ငုံ့မိုးကြည့်လာပြီး
“မင်း ကိစ္စတွေသာ မင်းလုပ်ပါ။ ငါ့ကို ထည့်မတွက်နဲ့တော့…ငါ့ကို မင်း ငယ်ငယ်ကလို လိုက်စောင့်ရှောက်ပေးစရာ ၊ ရန်ဖြစ်ပေးစရာမလိုတော့ဘူး။ မေမေ ပြောတဲ့ ပုံပြင်တွေကိုလည်း မေ့လိုက်။ မင်း ကိစ္စသာ မင်းဆက်လုပ်။ မင်း ဘဝအတွက် မင်း ဘာသာမင်း စဥ်းစားတော့…ငါ့ကို မပူနဲ့”
ထုံးစံအတိုင်း သူခေါင်းငုံ့နားထောင်နေမိတော့…
“ငါ ပြောတာ နားလည်လား ညီညီ” လို့ ထပ်မံအတည်ပြုတယ်။
“ဟုတ်”
“သက်သာအောင်နေ…အတန်းတွေ ပျက်လို့ စာတွေလွတ်ရင် ငါလည်း မင်းကို ပြန်မရှင်းပြနိုင်ဘူး။ အဲ့ကျရင် မင်း roll 1 ဆီ စာသွားမေးရမယ်။ မင်းမလုပ်ချင်ဘူးမလား”
သူခေါင်းခါပြလိုက်တယ်။ ဒီနှစ် သူ့ Roll က သုံးကို ခုန်ဆင်းသွားတာလေ။ သူ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်ပေမဲ့ ဘယ်သူမှ မရိပ်မိဘူး ထင်နေတာ။ ကိုကိုကတော့ ကိုကိုပါပဲ… သူ့စိတ်ကို သိနေခဲ့တယ်။
ကိုကို မိုးရိပ်နဲ့ ဖုန်းပြောဖို့ အခန်းထဲက ထွက်သွားပြီးမကြာဘူး။ ထွန်းကိုကိုက ဖုန်းခေါ်လာတယ်။
“သက်သာလား ခန့်ညီ။ မင်း မငိုစဖူးငိုတော့ ငါအရမ်းလန့်သွားတာပဲ”
“အင်း”
“ဘာအင်းလဲ ။ အခုရော ဘယ်လိုနေသေးလဲ”
“သက်သာတယ်။ တစ်ယောက်ယောက်က တစ်ယောက်ယောက်ဘေးမှာ မနေရဲတော့အောင် ရန်ဖြစ်တာအပြင်ဘာလုပ်လို့ရသေးလဲ”
“မင်း Google မခေါက်တော့ဘူးလား”
“အင်း။ မတွေ့ဘူး”
“မြန်မာကားတွေကြည့်။ အထူးသဖြင့် ညီမဖြစ်သူကို ယောက်ခလောင်းနဲ့ သဘောမတူလို့ အစ်ကိုတွေက ခြိမ်းခြောက်တဲ့ကားတွေ…”
“အင်း Google နဲ့ရော You Tube နဲ့ရော ရှာလိုက်မယ်”
“မင်း…”
ထွန်းကို ဘာဆက်ပြောမလဲ သူငြိမ်ပြီး နားထောင်ပေမဲ့ တော်တော်နဲ့ စကားမထွက်လာဘဲ
“မင်းနဲ့တော့ ငါဘာမှ မပြောနိုင်တော့ဘူး။ လုပ်ချင်ရာသာ လုပ်တော့။ ဒါပဲ”
“အင်း”
ထွန်းကို ဖုန်းချသွားတာနဲ့ သူ ကောင်းနေတဲ့ လက်တစ်ဖက်ကို အလုပ်ပေးမိတယ်။ မေမေတို့ ရုပ်ရှင်ဗီဒီယို ခေတ်ကစလို့ သူတို့ ခေတ်အထိ ရုပ်ရှင်ကားတွေကို ရှာကြည့်လိုက်တယ်။ အလုပ်ဖြစ်မှာပါ။
နောက် သူ ဖေ့ဘုတ်ခ်ပေါ် တက်ကြည့်လိုက်တယ်။ မြင်နေကျ အကောင့်ထဲ တော့ ဘာ updateမှမတွေ့။ မိုးရိပ်ဆီက [နေသစ်နဲ့ ရန်ဖြစ်ကြတယ်ဆို…သက်သာလား] ဆိုတဲ့ စာကိုလည်း ပြန်ချင်စိတ် မရှိပေမဲ့ [အင်း] လို့ပဲ ပြန်ပို့လိုက်တယ်။
ဆေးအရှိန်ကြောင့် အိပ်ချင်နေပေမဲ့ သူ စာဖတ်ရမယ်။ နေသစ်က သူသွားရိုက်လည်း ကြောက်မှာမဟုတ်ဘူး။ ရိုက်ခံထိလို့ ကြောက်မဲ့ထဲ နေသစ်မပါဘူး။
ဘာလို့ ကိုကိုလဲ ။ ကိုကိုက ဘိုကပြားလေး မဟုတ်ဘူးလေ။ ဖုန်းဖွင့်ပြီး ကင်မရာပေါ် က သူ့ရုပ်သူ အကြာကြီး စိုက်ကြည့်နေမိတယ်။ မေမေနဲ့ တူလို့ အသားအရေ ဖြူဖွေးပေမဲ့…သူ့ရုပ်က ဘယ်လိုမှ ဘိုကပြားနဲ့မတူဘူး။ သူ့မှာ မျက်လုံးပြာလဲ့လဲ့တွေလည်း မရှိဘူး။ သူ့မျက်လုံးတွေက ပုံမှန်ပဲ။ ဆံပင်ဝါဝါတွေလည်း မရှိဘူး။ မဲပြီး တိုကပ်နေတဲ့ ဆံပင်တွေပဲ ရှိတယ်။
ဘာလို့လဲ…ဘာလို့ အကြိုက်ပြောင်းသွားရတာလဲ။
အဲ့နေ့ညက သူ အဖျားတက်ပြီး အိပ်မက်တွေ ထပ်မက်တယ်။ မြင်နေကျ ယောကျာ်းတစ်ယောက်က ရထားပေါ် ပါသွားပြီးမှ ဘိုကပြားလေးဆီ ပြန်လာတယ်။ သူတို့ ပန်းခင်းတွေကြား အကြာကြီး ထိုင်နေကြတယ်။ နောက်ပြီး… ဘိုကပြားလေးနဲ့… အရမ်း ထူးဆန်းလို့တဲ့ အိပ်မက်တွေပဲ။
သူကိုယ်တိုင် ဖြစ်နေသလိုလို… ဒါမှမဟုတ် သူက ဘေးကနေ အဲ့သူနှစ်ယောက် စိတ်သွားတိုင်း ကိုယ်ပါနေတဲ့ ကိစ္စတွေကို ဘေးလူတစ်ယောက်အနေနဲ့ မြင်နေရသလိုလို…
သူ့ ပထမဆုံးအတွေ့အကြုံက အိပ်မက်ထဲမှာ မြင်နေကျ ယောကျာ်းနဲ့ဖြစ်နေတာကြီးက အရမ်းထိတ်လန့်ဖို့ ကောင်းလွန်းလို့ သူ Google မှာ ထပ်ရှာကြည့်ခဲ့ရဖူးတယ်။ အရွယ်ရောက်လာသူတိုင်း ကြုံရတဲ့ ပုံမှန် ဖြစ်စဥ်ပေမဲ့ အိပ်မက်ထဲမှာ သူတို့က အရမ်း ဝမ်းနည်းကြေကွဲနေခဲ့ကြတာလေ…
ဒါကရော ပုံမှန်မှ ဟုတ်ရဲ့လား မသိပေမဲ့ နောက်ပိုင်း သူ့အတွက်ကတော့ မထူးဆန်းတော့ပါဘူး။ ဒါ သူ ကြုံတွေ့ရမဲ့ ကံပဲ ။ ဒါတွေ မက်ဖို့ ကံပါလာတယ်။ မေမေ ပြောတဲ့ သူက ဟိုး အဝေးကြီးကနေ မေမေ့ဆီကို ကိုကိုနဲ့ အတူလိုက်လာတာလို့ ပြောတာတွေကလည်း စိတ်စွဲသွားတာ ဖြစ်နိုင်တာပဲ။
အိပ်မက်က နိုးလာလာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အဖျားတွေ တက်နေခဲ့တယ်။ မေမေက ဆေးခန်းပို့ပေးပြီး ဆိုင်ကို နေ့တဝက်မသွားဘဲ အိမ်မှာစောင့်ပေးခဲ့တယ်။ ငယ်ငယ်က ခဏခဏဖျားနာတတ်တဲ့ ကိုကို့ကြောင့် မေမေ အမြဲ ပင်ပန်းပြီး စိုးရိမ်နေတာတွေ့ခဲ့ရဖူးတော့ အခုလည်း
“နေလို့ကောင်းသွားပြီ မေမေ။ မေမေ ဆိုင်သွားချင်သွားလို့ရတယ်” လို့ပြောတော့…
မေမေက မသွားခဲ့ဘူး။ ရှားရှားပါးပါး မေမေ သူ့အနားမှာ ရှိတာဖြစ်လို့ တကယ်တော့ သူလည်း သဘောကျပါတယ်။ မေမေ့ကို သူသဘောမကျခဲ့တဲ့ အချိန် မရှိပါဘူး။ အမြဲ မေမေက စိတ်ဆိုးစရာတွေရှိလို့ ဆူနေတတ်ရင်တောင် မေမေ့ကို သူသဘောကျတယ်။
“နေလို့ မကောင်းတော့ ညက သေချာရော အိပ်ပျော်ရဲ့လား။ ကိုကိုက ပြောတယ်။ ခုတလော ခဏခဏ ယောင်တတ်တဲ့။ အိပ်မက်တွေ မက်လို့လား သား”
မေမေ စိတ်ပူနေတာပဲ။ သူတကယ် အိပ်မက်ယောင်နေတတ်တာလား။ ကိုကို ဘာတွေများ ကြားသွားမလဲ မသိပေမဲ့ လူတွေ အိပ်မက်ယောင်ရင်ကျ ပီပီပြင်ပြင် မယောင်တတ်ကြဘူးလေ။
“ဒီအတိုင်းပဲ…သိပ်တော့မမှတ်မိတော့ဘူး”
“အရမ်း ဉာဏ်ကောင်းတဲ့ ကလေးက အိပ်မက်တွေ မမှတ်မိဘူးတဲ့လား…လိမ်နေတာမလား”
မေမေ ခပ်တည်တည်ထပ်မေးတော့ သူ နှုတ်ဆိတ်နေလိုက်တယ်။ သူ့ကိုဆို ထုံပေပေ နဲ့မို့ သဘောမတွေ့တတ်တဲ့ မေမေက မျက်စောင်းထိုးလေတယ်။ မေမေ က မျက်စောင်းထိုးရင်တောင် လှလို့ သူ ငေးကြည့်နေမိတယ်။
“အိပ်ချင်လို့…”
“အင်း အင်း အိပ်အိပ်… မေမေ အိမ်ရှေ့မှာ ရှိတယ်။”
မေမေ အခန်းထဲက ထွက်သွားမှ မျက်နှာကို စောင်နဲ့ အုပ်ပြီး ငြိမ်နေဖြစ်တယ်။ သူ ရှက်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဖုန်းကို ယူကြည့်ပြီး ဖေ့ဘုတ်ခ်ဖွင့်တော့ တီးဝိုင်းအဖွဲ့က ပုံတွေ တင်ထားတယ်။ ဂီတာကြိုးတွေ ညှိနေတဲ့ လက်ချောင်းတွေကို ချဲ့ကြည့်ရင်း သူ့ ကျောပြင်တလျောက် ကြက်သီးတွေ ထသွားရတယ်။ ထူးဆန်းလိုက်တာ…
***
မင်းက နှာဘူးလေးများလား ဘေဘီ
ReplyDelete