အပိုင်း (၁၁)
လူတွေကို ခြိမ်းခြောက်တဲ့ နည်းလမ်းက စကားကြမ်းကြမ်းတွေ ပြောတာပဲ
ဘယ်က အတတ်ကောင်းတွေလဲဆိုပြီး ထွန်းကို က မေးပြီးမှ ပါးစပ်ပြန်ပိတ်သွားတယ်။ သူနေကောင်းပြီး နောက်တစ်ရက်မှာပဲ နေသစ်နဲ့ တွေ့ဖို့ ကြိုးစားကြည့်ရတယ်။ ဘောလုံးအသင်းက စီနီယာတွေက သူပြောရင်တော့ လက်ခံကြတာများတယ်။ သူ့ကို အနာဂတ်ကျောင်းလက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမား အဖြစ် အခိုင်အမာရှိနေဖို့ လိုလားကြလို့ပဲ။
“တိုက်စစ်မှူးနဲ့ ရှင်းချင်လို့…” ဆိုတဲ့ တောင်းဆိုမှုကို ဘာဘာညာညာ ထပ်မမေး။ ရန်မဖြစ်နဲ့။ မကျိုးမကန်းစေနဲ့လို့ သတိပေးပြီး နေသစ်ရှိရာ ဂီတခန်းထိ လိုက်လာပေးကြတယ်။
နောက်တော့ နေသစ်တကယ်ပါလာခဲ့တယ်။ ကိုအောင်လင်းသန့် အကူအညီနဲ့ပဲ နေသစ်ကို ကျောင်းအိမ်သာထဲ ထည့်လိုက်နိုင်တယ်။ နှစ်ယောက်တည်း ကျန်တော့မှ သူဘာမှ မစဥ်းစားနိုင်။ လေ့လာထားတဲ့ ရုပ်ရှင်ကားတွေ ထဲကအတိုင်း နေသစ်ကို အိမ်သာတံခါးဆီ ဆောင့်တွန်းပြီး ကောင်းနေတဲ့ လက်ဖျံနဲ့ ထောက်ထားလိုက်တယ်။ နေသစ်က တုန်လှုပ်ပုံမရ…စစချင်း နည်းနည်း အံ့သြသွားပေမဲ့ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ယိုင်နဲ့နေရင်းက သူ့ကို မော့ကြည်လာတယ်။
မျက်ဝန်းနက်နက်တွေ ၊ ဖြာကျနေတဲ့ မျက်တောင်တွေ ၊ အနီးကပ်မှ ရတတ်တဲ့ ကိုယ်သင်းနံ့ မွှေးမွှေးလေး က အိမ်သာလို နေရာမှာတောင် သတိထားမိစေတယ်။
“မင်းကို ငါ့အစ်ကိုနားက ဖယ်လို့ပြောထားတယ်မလား”
သူသိတဲ့ ဒိုင်ယာလော့ခ် ရဲ့ င့ါညီမ နေရာမှာ ငါ့အစ်ကို လို့ ထည့်ပြီးပြောလိုက်တယ်။ နေသစ်အပြုံးတွေက ပိုပြီပြင်လာတယ်။
“ငါကရော ဖယ်ပေးပါ့မယ်လို့ ကတိပေးလိုက်လို့လား”
နေသစ်ပြောပြီးပြီးချင်း သူ့ကို စိုက်ကြည့်လာတယ်။ သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို ကြည့်နေသလို ခံစားရလို့လားမသိ။ တစ်ကိုယ်လုံး ပူတက်လာပြီး ကျောရိုးတလျောက်လည်း ကြက်သီးတွေ ဖြန်းခနဲ ထသွားရတယ်။
“မင်းမရှက်ဘူးလား နေသစ်ထွန်း။ ဟမ် ငါ့အစ်ကိုမှာ ကောင်မလေးလည်း ရှိတယ်။ မိန်းမတစ်ယောက်လက်ထဲကနေတောင် လိုက်လုနေရလောက်အောင် မင်း အတွက် ရှားပါးနေလား”
သူသိတဲ့ ဒိုင်ယာလော့ခ်တွေထဲက အိမ်ထောင်ရှိယောကျ်ား ဘာညာတွေနေရာမှာ သင့်တော်သလို သူ့ စာသားတွေ ထည့်လိုက်တယ်။ ဒါကြီးက အရမ်းထူးဆန်းတယ်။ အပြင်မှာရော အဲ့လိုတွေ တကယ်ပြောလို့လား။ ရှက်တော့ ရှက်စရာကြီးပဲ။ဒါပေမဲ့ ဒါမပြောရင်လည်း ဘာပြောရမလဲ။
“ရှားလို့လုပ်နေတာမှမဟုတ်တာကွာ။ ကျွတ် ဖယ်စမ်းပါ။ မင်း လက်လည်း ဖယ်”
ဖယ်ပြီး ဘာပြောရမှာလဲ။ သူ့လက်ဖျံကို ဆုပ်ကိုင်လာတဲ့ နေသစ်လက်ဖဝါးနွေးနွေး။ နေသစ်ကို သူ့ကိုယ်နဲ့ ပိုတိုးကပ်ထားမိတယ်။ ဘာလို့လဲမသိ။ သူ့တစ်ကိုယ်လုံးက အပူရှိန်တွေ နေသစ်ခံစားမိပုံရပေမဲ့ နေသစ်ရဲ့ ချိုသာတဲ့ မျက်နှာက မပြောင်းသွားဘူး။ သူ့ကိုလည်း ဒေါသမထွက်နေဘူး။ ထူးဆန်းလိုက်တာ။ နေသစ်က ဘယ်သူ့ကိုမှ စိတ်မဆိုးတတ်ဘူးလား။
နေသစ်စကားတွေ အများကြီးလည်း ပြောနေတယ်။ ဘာတွေလဲမသိဘူး။ နေသစ်ကိုယ်ကိုသာ မလွှတ်တမ်း ဖိထားမိတယ်။ သူ့ထွက်သက်တွေ နေသစ်ပါးပေါ်ကို ရောက်နေတာကို သူသိတယ်။ ဒီအခြေအနေက စိမ်းသက်မနေဘူး။ နေသစ်တတွတ်တွတ်နဲ့ ပြောနေတဲ့ နှုတ်ခမ်းတွေကိုတစ်လှည့် ၊ မျက်တောင်တွေ ဖြာကျနေတဲ့ မျက်လုံးနက်နက်တွေကို တစ်လှည့် သူ ကြည့်နေမိတယ်။ နေသစ် အရမ်းစကားများတာပဲ။ မထင်ထားလောက်အောင်ကို များတာပဲ။ ကိုကိုနဲ့ကျ သိပ်မပြောပါဘူး။ အခုကျ…များလိုက်တာ။ သူ နားထောင်လို့တောင် လိုက်မမီဘူး။
“ရော့…ဒီရေခဲကပ်လိုက်။ မဟုတ်ရင် လက်ဆစ်တွေ ယောင်လာလိုက်မယ်”
နောက်ဆုံးတော့ သူ့ဟူဒီအိတ်ကပ်ထဲ အအေးဗူးတစ်ဗူးရောက်လာမှပဲ သူအသိပြန်ဝင်လာတော့တယ်။ အဲ့အချိန် နေသစ်က သူ့ကို တွန်းဖယ်ပြီး ထွက်သွားပြီ။
နေသစ် သူ့ကို ဘာတွေပြောသွားတာလဲ။
အစ်ကို အောင်လင်းသန့်တို့ ပြေးဝင်လာပြီး ဘာတွေလဲမသိ မေးပြန်တယ်။ မသိဘူး။ နေသစ် က သူ့ကို အအေးဗူးပေးသွားတာ။ နေသစ် အဲ့လိုဟာတွေ အရမ်းသောက်တတ်တာ သူတွေ့ဖူးတယ်။ ဘယ်လောက်တောင်လဲဆို ဂျယ်လီတုံးတွေကို နို့ဆီတွေနဲ့ ဖျော်တာကိုပါ နေသစ်သောက်တာ။ သူ သိချင်ပေမဲ့ဘယ်တုန်းကမှ ဝယ်မသောက်ခဲ့ဘူး။ အခုကတော့… နေသစ်ကိုယ်တိုင်ပေးသွားတာဆိုတော့
ချိုလိုက်တာ…
“ဒီလောက်ချိုတာကို ဘာလို့သောက်နိုင်ရတာလဲ”
သူမေးတာကို စီနီယာတွေ တစ်ယောက်မှ ပြန်မဖြေကြဘူး။
“မင်းကွာ…အိမ်သာထဲထိ သယ်လာတဲ့ အအေးဗူးကိုများ သောက်နေရတယ်လို့…မင်း မရွံဘူးဘူးလား”
ချိုတာက ရွံစရာမှ မဟုတ်တာ။ ဘာလို့ ရွံရမှာလဲ။ သူခေါင်းခါပြပြီး နောက်တစ်ငုံ
ထပ်သောက်ကြည့်လိုက်တယ်။
သူဘယ်တော့မှ ဝယ်သောက်မိမှာတော့ မဟုတ်ပေမဲ့…
နေသစ်က အချိုတွေအရမ်းကြိုက်တာပဲ…
***
လေချိုသွေးလို့
ဝေးမယ်ဆိုလည်း
ဒီအချိုတွေ
မင်းခံစားစေ
င့ါအတွက်
သွေးဆော်ပါလေ
မင်းဖန်တီးတဲ့
လေပြေတွေ…
***
ဘာကောင်လေးလဲ အူယားတာ သားသားရာ
ReplyDeleteနေသစ်ဖြစ်သမျှကိုသိချင်နေတဲ့ညီလေးက သူ့ကြောင့်အထုံပါလာတာသိသွားစေချင်လိုက်တာ မေမေကခန့်ညီကိုအရမ်းဆိုး”ဝါး”ဆက်ဆံတယ်ထင်ခဲ့တာ ခန့်ညီpov မလို့ဒီလိုကောင်းတာဖြစ်တာလား ဝေခွဲမရမြေပဲမဖြစ်နေပြီ
ReplyDelete