အပိုင်း (၁၃)
သူ့လက်က မကောင်းသေးပါဘူး။ ကိုကို ကတော့ ဒီနှစ်ထဲ သူတို့ တီးဝိုင်းနဲ့ တော်တော်လေး ပျော်နေပုံပါပဲ။ လိုင်းပေါ်မှာ ပုံတွေလည်း တက်တာမနည်းဘူး။ နေသစ် နဲ့ ကိုကို့ ပုံတွေ။ ယောကျာ်းလေးချင်းကို ဘာလို့ အရမ်းတွေ သဘောတူ ကြည်ဖြူနေကြတာလဲ။
[ယောကျာ်းချင်း ကြိုက်တာ မိန်းကလေးတွေနဲ့ ဘာဆိုင်လို့လဲ]
[ဟ]
ထွန်းကို အဲ့တစ်လုံးပဲ ပြန်ပို့လာတယ်။ မကြာဘူး ။ ဇာတ်ကားကြည့်လို့ရတဲ့ Link တွေ တစ်ခုပြီးတစ်ခု တတောင်တောင် နဲ့ တက်လာတယ်။
[ဘာတွေလဲ]
[BL]
[ဘာကြီး]
[မမေးနဲ့ ကိုယ့်ဘာသာကိုယ် ကြည့်လိုက်။ ယောကျာ်းချင်းကြိုက်တာက သူတို့နဲ့ ဘာဆိုင်လဲဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ အခုပေးတဲ့ ကားတွေကိုတော့ သူတို့ကြိုက်ကြတယ်။]
[အချိန်မရှိဘူး။ ဘဦး ပြန်လာပြီ အပိုင်းတွေတောင် မပြီးသေးဘူး]
အူတက်အောင် ရယ်နေတဲ့ စတစ်ကာတစ်ခု ထွန်းကို ပို့လာတယ်။ ဘာတွေလာရယ်နေတာလဲ။ သူပေးလို့ပဲ ကြည့်ထားရသေးတယ်။ ဘာလို့ရယ်တာလဲ။ ဆက်မပြောတော့ဘဲ NF တက်ကြည့်လိုက်တယ်။ ဆဲစရာတွေ တန်းစီတွေ့နေရလို့ ဘယ်က စဆဲရမှန်းတောင် မသိတော့ဘူး။
အကုန်လုံး တန်းစီခိုင်းလိုက်တော့မယ်။
[နင်တို့ အစ်ကိုတွေ အကုန်လုံးနဲ့ ပေးစားပြီး -င် အရှည်ကြီး ကုန်းခိုင်းလိုက်ကြ!!!]
ဘာလဲ ။ ဘာလို့ ရယ်နေကြတာလဲ။ ဘာရယ်စရာပါလို့လဲ။ ဘယ်နားက ရယ်စရာဖြစ်နေတာလဲ။ သူ့စာက စာလုံးပေါင်းလည်း မှန်တယ်။ သဒ္ဒါအထားအသိုလည်း မှန်တယ်လေ။ ဘာကိုရယ်နေတာလဲ။ အီမိုဂျီကြောင့်လား။ အီမိုဂျီလည်း မှန်တယ်။ ဒါ ဒေါသထွက်နေတဲ့ ပုံပဲလေ။
တက်လာတဲ့ react တွေထဲ နေသစ် အကောင့်ပါ နိုတီတက်လာတယ်။ ဘာလို့လဲ။ နေသစ်က ဘာလို့ရယ်တာလဲ။ အမြဲရယ်နေတတ်ပေမဲ့ သူ့ကိုဆို ဘာလို့ အမြဲရယ်နေတာလဲ။
[ထွန်းကို…နေသစ်က ဘာလို့ ငါ့ကို ဟားဟား ပေးတာလဲ]
ထွန်းကို က စောနက အူတက်အောင် ရယ်နေတဲ့ စတစ်ကာပဲ ထပ်ပို့လာတယ်။
[နေသစ်မှ မဟုတ်ဘူး ။ အကုန်လုံးက ရယ်နေကြတာပဲဟာ…မင်းက ရယ်စရာလေးလေ…Civil Prince နဲ့လည်း ရုပ်ချင်းခွဲမရအောင်တူ ၊ Civil ရဲ့ စာအတော်ဆုံး စာရင်းဝင် ၊ ကျောင်းလက်ရွေးစင် ဘောလုံးအသင်းရဲ့ နောက်တန်းကစားသမား ၊ အားကိုးရတယ်လေ။ ပြီးတော့ ကျောင်းပေါင်းစုံ table tennis မှာ ရွှေရအောင် ယူပေးထားတယ်လေ။]
[ဘာဆိုင်လို့လဲ။]
[မင်းကို လူတွေက ချစ်ကြတယ် ခန့်ညီ။ မင်းပဲ မသိတာ]
ထွန်းကို စာဆက်ပို့မယ်ထင်တာ။ ဆက်မပို့တော့ဘဲ ရပ်သွားတယ်။ ထွန်းကို လို့ ခေါ်အုံးမလို့ပဲ။ ဒါပေမဲ့ သူဘာပြောရမှန်းမသိဘူး။
နေသစ် က သင့်ကို ဟားဟား ပေးသွားသည် ဆိုတဲ့ နိုတီကိုသာ စိုက်ကြည့်နေမိတယ်။ ချက်ဘောက်စ် ထိ သွားဆဲ လိုက်ရကောင်းမလား ။ ဟားဟား ရစ်အက်စ် အခုဖြုတ်စမ်း လို့ သွားခြိမ်းခြောက်ကြည့်ရမလား။ ရမှာမဟုတ်တာတော့ သိတယ်။ သူ နေသစ် ပြန်ပွါးတဲ့ ဒဏ်မခံနိုင်ဘူး ။ ဘာလို့ ဒီလောက်စကားများလဲ သူလည်း မသိဘူး။
စာကြည့်ပြီးရင် ရန်ဖြစ်တာ များများပါတဲ့ နာမည်မှာ မနှစ်လုံးနဲ့ မင်းသားကားတွေ ပို့ပေးထားတာ ကြည့်ရအုံးမယ်။ ရန်ဖြစ်တာများ တစ်ခါတည်း ရိုက်နှက်လိုက်ရင် ပြီးပြီကို ဘာလို့ စကားတွေက ပြောနေရသေးတာလဲ။ နေသစ်က ရိုက်လည်း မကြောက်ဘူး။ ဘာကောင်လဲ။ ရိုက်နေရင်တောင် မကြောက်တော့တာ။ အရင်နှစ်တွေကလို သူ့ဘာသာသူ ငြိမ်နေရင် သူ့ကို ရှိတယ်လို့တောင် မှတ်မှာမဟုတ်ဘူး။
နေသစ်နဲ့ တွေ့ရင် စကားများများပြောရမယ်။ ကြိုးစားပြောရမယ်။ ပြောကြည့်ရမယ်။
***
ဒီနေ့မှ မိုးရိပ်ကလည်း ဖယ်ရီမမီတော့လို့ ဆိုပြီး သူ့ကို ဝင်ကြိုခိုင်းတယ်။ မိုးရိပ်လည်း ကိုကို မသိအောင် သူ့ဆီ ကိုကို့ အခြေအနေ စုံစမ်းရလွန်းလို့ မိုးရိပ် ရူးခါနီးဆဲဆဲ ဖြစ်နေတာ သူမှ လွဲပြီး ဘယ်သူမှ မသိ။ ကိုကို့ကို ရူးရူးမူးမူးကို ငိုလိုက်ရယ်လိုက် နဲ့ ချစ်တာသိပေမဲ့ ကိုကို့ရှေ့ကျ အရမ်းကို တည်ကြည်ပြီး အေးဆေးတဲ့ ကလေးမ ဖြစ်သွားပြန်ရော…
အဲ့ပညာတွေ ဘယ်က သင်လဲ။ ဘာစာအုပ်တွေဖတ်ပြီး ဘယ်ဇာတ်ကားတွေ ကြည့်တာလဲ။ ဘယ်သူတွေ သင်ပေးလိုက်တာလဲ ။ အလိုလို တက်တာလား။ အံ့သြလိုက်တာ….
ကားပေါ်က ဆင်းတာနဲ့ သူတို့ကို ငေးကြည့်နေတဲ့ နေသစ်ကို ပထမဆုံး သတိထားမိတာပဲ။ မိုးရိပ်ကတော့ ကိုကို့ လက်မောင်းကို ဝပ်ရှော့ထဲက ပြုတ်တူလိုကို ညှပ်ပြီး ဆေဗယ်ဝပ်ရှော့ကို ရအောင် ချောဆွဲသွားလေတယ်။ ကိုကိုကလည်း မိုးရိပ်သူ့ကို ချစ်ရှာတာ သိတော့ အလိုလိုက်ပါတယ်။ အိမ်က မေမေနဲ့ တူတဲ့ မိုးရိပ်ကို ကိုကို စိတ်မညစ်တာလည်း သူအံ့သြတယ်။ ကိုကို က အချစ်ခံရတာ ကြိုက်ပုံပါပဲ။ သူ ချစ်တဲ့ ပုံစံကိုပဲ မကြိုက်တာနေမှာ။
အဲ့ လွမ်းဆွေးဝမ်းနည်းနေတဲ့ အကြည့်က ဘာလဲ။ မုန်းစရာပဲ။ ဘိုမလေးနဲ့ ပြတ်တုန်းကလို မျက်နှာပေးမျိုးပဲ။
“လဒမှိုင် မှိုင်ပြမနေနဲ့ ၊ မင်းရမှာလည်း မဟုတ်ဘူး”
“မင်းသောက်ပူပါလား”
အိုခေလေ ။ ရန်ဖြစ်ချင်နေတာမလား။ ငါလည်း ညက ရုပ်ရှင်ကြည့်ထားတာနဲ့ အတော်ပဲ။
“မိုးရိပ် အဆင်မပြေတာ ကောက်ကွေးနေတာ ငါ့သောက်ပူမဟုတ်ပေမဲ့ သူ့ရည်းစားတော်ထားရတဲ့ ငါ့အစ်ကိုတော့ ကွိုင် အထွေးလိုက်လောင်နေတာနော်။ ဟေ့ကောင် ဒါကတော့ ငါ့သောက်ပူဖြစ်သွားပြီ”
ဒိုင်ယာလော့ခ်တွေ အရမ်းမပြောင်းရဘဲနဲ့တောင် အဆင်ပြေပြေရန်ဖြစ်လို့ ရတာပဲ။ ဘိုမလေးနဲ့ ပြတ်တုန်းကလို ဖြစ်နေတဲ့ မျက်နှာကိုပါ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်ရတာ။ သုံးနှစ်လောက် ခဲနေတဲ့ စိတ်ထဲက အခုအဖုတွေ အားလုံး ကျေသွားသလိုပဲ။
နေသစ်က ဘာမှ ပြန်မပြောပေးဘဲ တဖြည်းဖြည်းချင်း ပြုံးယောင်သန်းလာပြီး သူ့မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို မျက်လုံးမှေးစင်းပြီး ကြည့်နေပြန်ပြီ။ သူ့ကျောရိုးတောက်လျောက် တောင့်ခနဲဖြစ်သွားပြီး ကြက်သီးတွေ ထလာတာ။ အခါများစွာ ဒီလို အခြေအနေတွေက ထပ်တလဲလဲ ဖြစ်နေသလိုပဲပေမဲ့ သူခုထိကို နေသားမကျသေးဘူး။
အဲ့ဒါသိပ်မကြာ။ စကားများ နေသစ်ကတော့ နေသစ်ပဲ။ ဘာတွေလဲ မသိ။ အခွန်းနှစ်ဆယ်လောက်ကို တစ်မိနစ် ၊ နှစ်မိနစ်အတွင်း ဆက်တိုက်ပွါးတာ။ ခြိမ်းခြောက်တာတွေရော…ဘဝဒဿနလို ဟာတွေရော…မိုးနတ်မင်းတောင် ပါလိုက်သေးတယ်။ ဘယ်က မိုးနတ်မင်းကို ဆွဲခေါ်လာတာလဲ။ အဲ့ဒါ တရုတ်သိုင်းကားတွေက စကားတွေလား။ဘာလဲ ငါ က တရုတ်ကားတွေ ထိ လိုက်ကြည့်ရအုံးမှာလား။ အပိုင်းရာကျော်တွေလေ။ ငါမအားဘူး။ စာလုပ်ရမှာ။ ငါ အခု အပြင်သင်တန်းတွေပါ တက်ဖို့ အပ်လိုက်ပြီ။ နောက်နှစ်လောက် နိုင်ငံခြားကို Exchange program နဲ့ ခဏလောက် ကျောင်းသွားတက်ချင်လို့လေ။ မင်းလို အချိန်တွေ ပိုမနေဘူး။ ဘာတွေလဲ။ ငါ ဆက်မကြည့်နိုင်တော့ဘူး။ အခုတောင် တော်တော်များနေပြီ။
နေသစ် ပြောပြီးတာတောင် ရပ်နေမိတဲ့ သူ့ကို ထပ်ကြည့်လာပြန်တယ်။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ကြည့်ပြီးမှ ပြုံးပြီး ပြန်ထွက်သွားတယ်။ သူ့မျက်နှာတွေ ပူထူ နေတာပဲ။ နီပါနီနေပြီထင်ပါတယ်။ ကျောကလည်း အလိုလို မတ်ထားမိရာက နေသစ် တော်တော်ဝေးဝေးကို ရောက်မှ လျှော့ချမိတယ်။ ကြက်သီးတွေကလည်း တဖြည်းဖြည်း သက်သာသွားတော့တယ်။
“ပင်ပန်းလိုက်တာ”
***
“ခန့်ညီ နေခဲ့မှ…နှစ်ယောက်စာ roll call ရမယ်”
တကယ်တော့ ကိုကိုတို့ သွားမဲ့နေရာကို သူလိုက်ချင်တယ်။ သူသီချင်းနားထောင်ကြည့်ချင်တယ်။ ဒါပေမဲ့ ဆရာမက မလွှတ်ဘူး။ ကိုကို အတန်းတွေပျက်တာ တအားများပြီး Roll call မပြည့်တာလည်း လူတိုင်း ရိပ်မိနေတော့ ကိုကို့ နောက် မလိုက်ဖြစ်တော့ဘူး။ စာကြည့်နေရင်းမှ နားကြပ်တပ်ပြီး ဟိုနေ့တွေက အိမ်မှာ ကိုကို လေ့ကျင့်နေကျ သီချင်းတွေကို နားထောင်နေလိုက်တယ်။
“ကလူသလို လူကို မြှူဆွယ်ကျီစယ်…ဘုရားသခင် ရှေ့ ကျွန်ုပ်ရောက်ခဲ့…တိမ်လွှာဆိုင်လို ပေါ့ပေါ့ပါးပါးကွယ်…”
ဝိဉာဥ်ဖြစ်တာကိုတောင် လှလှပပလေးပါလားလို့ သူတွေးမိတယ်။ သူ သိမြင်ခဲ့ရသလောက်တော့ ဝိဉာဥ်ဖြစ်သွားရတာ မလွယ်ကူပါဘူး။ အဲ့ အိပ်မက်တွေ မက်တိုင်း သေမလို အသက်ရှူကျပ်ပြီး ကြောက်အားလန့်အား နိုးထလာရတာလေ။ တစ်ကိုယ်လုံးက စုတ်ပြဲ ကျိုးကြေနေသလို ခံစားရတာတွေ…
တစ်နေ့လုံး အတန်းတစ်တန်းမှ မလွတ်အောင် တက်ရင်း အဆောင်ထဲ လူတွေအားလုံး ပြန်သွားတဲ့အထိ သူ ကိုကို့ကို စောင့်နေခဲ့ရတယ်။ ကြားထဲ မိုးရိပ်က လာငိုပြီး စကားတွေ ပြောနေသေးလို့ ထိုင်နားထောင်ပေးရသေးတယ်။ သူတို့ မိန်းကလေးတွေကိုလည်း ခန့်ညီ နားမလည်နိုင်ဘူး။ ကိုကို့ အကြောင်းကို ကိုကို့သွားပြောလေ။ သူ့လာပြောတော့ သူက ဘာလုပ်ပေးနိုင်မှာလဲ။ နင် ကူညီပေးပါဆိုလို့လည်း နေသစ်ကို မျိုးစုံ ကြိုးစား ခြိမ်းခြောက်ပြီးပြီ။ သူက နေသစ်နဲ့ ရန်ဖြစ်ချင်တာမဟုတ်ဘူး။ နေသစ် ဒီအတိုင်း သူ့ဘာသာသူ အစ်မတွေနဲ့ အဆင်ပြေတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတယ်။ ဂီတာတီးတတ်ပြီး သီချင်းတွေ ကောင်းကောင်း ဆိုနိုင်နေတယ်။ သူနဲ့ အတူတူ ဘောလုံးကန်နိုင်နေတယ် ဆိုရင်ပဲ ရပြီလေ။ နေသစ် ဘဝလောက် အေးချမ်းတာ ရှိအုံးမလား။ အဲ့ဒါကို တကယ် သူမနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ မိုးရိပ်ကကျတော့လည်း ကိုကို့ ကို အရမ်းချစ်တာ သိတော့…
“ငါ တတ်နိုင်သလောက် နေသစ်ကို ပြောပေးကြည့်ပါ့မယ်။ နေသစ်ကိုတော့ မကောင်းမပြောပါနဲ့။”
“ဘာလဲ နင်ကပါ သူ့ဘက်ကလား။ နင်နဲ့သူက ဘောလုံးတစ်သင်းထဲ ဖြစ်သွားလို့ အခု သူ့ဘက်က ပါနေတာလား။ ကိုကို က မိန်းကလေးတွေပဲ ကြိုက်တာ။ သူကသာ ခြောက်နေပြီး ကိုကို့ ကို လိုက်ကြိုက်နေတာ။ ဘယ်လောက် ကြောက်စရာကောင်းလဲ”
“သူက…ကြောက်စရာမကောင်းပါဘူး”
မိုးရိပ်က မျက်ရည်တွေကြားကနေ သူ့ကို ခပ်စူးစူးမော်ကြည့်ပြီး
“တော်ပြီ ငါသွားတော့မယ်။” ဆိုပြီး ထွက်သွားမှပဲ သူ အသက်ရှုချောင်ရတယ်။
ကားပါကင်နေရာမှာ ပါချုပ်ကားနဲ့ သူတို့ကားကလွဲ ဘယ်သူ့ကားမှ မကျန်တော့ချိန်မှ တီးဝိုင်း အဖွဲ့က ပြန်လာကြတယ်။
“ကိုကို…ပင်ပန်းလာတာ ။ ထိုင်နေနော်”
ကိုကို ပုံက တကယ်နွမ်းနယ်နေတာ။ ပျော်ခဲ့မှာ အသေအချာပေမဲ့ ပစ္စည်းတွေပါ ထပ်သိမ်းရမယ်ဆို အဆင်မပြေလောက်ဘူး။ ပြန်ဖျားနေမှ မေမေလည်း အလုပ်ပျက် ၊ သူလည်း ကျောင်းပျက်ရမယ်။
သူပစ္စည်းတွေ တစ်ခုချင်းစီသေချာသယ်ပေး ၊ နေရာပြန်ချပေးတော့ တီးဝိုင်း ခေါင်းဆောင်က ကျေးဇူးတင်စကားပြောပေမဲ့ နေသစ်ကတော့ ထုံးစံအတိုင်း သူ့ကို ခြေဆုံးခေါင်းဆုံး အပြန်ပြန်အလှန်လှန်ကြည့် နေပြန်တယ်။။ ဘာလို့လဲ။ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ ကိုကို့ကို ကြည့်လည်း အတူတူပဲလေ။
ကိုကိုကတောင် သူ့ထက် ပိုသားနားနေတာကို…
ကိုကိုက ပြန်ခါနီး အဖွဲ့သားတွေကို နှုတ်ဆက်စကားပြောနေတုန်း သူ ကားသွားထုတ်လာလိုက်တယ်။ သူ ကားမောင်းနေတော့လည်း တကူးတကကြီး လှမ်းကြည့်နေပြန်တယ်။ လုပ်နေကျ အတိုင်း ရွှင်မြူးနေတဲ့ မျက်နှာနဲ့ ကိုကို့ ကိုနှုတ်ဆက်နေရင်းမှ သူ့ကိုလည်း တစ်ချက်လှမ်းကြည့်တယ်။
သူ မမြင်ချင်ယောင်ဆောင်ထားလိုက်တယ်။ ကိုကို နဲ့ ရှိနေချိန် သူ ကြိုက်တဲ့ ကိုကို့ ကို ကြည့်လေ။ ဘိုမလေး မရတော့လို့ မင်းသားလေးလို သိမ်မွေ့တဲ့ ကိုကို့ ကို သူကြိုက်တာနေမှာ။
အကြိုက်တွေ တထစ်တထစ်လျှော့ရင်း နောက်ဆုံး မင်းဆီမှာ ဘာကျန်တော့မှာလဲ။ ဒီ့ထက်ပို ကြီးပြင်းလာရင် ကြုံရာလူနဲ့ ကြိုက်တော့မှာလား။
တကယ်ပဲ မင်းကတော့…မာန ကို မရှိဘူး။
***
သူ့မကြိုက်လို့ ဘူနေတာ ဟားဟား
ReplyDeleteခန့်ညီအတွေးကလေ တစ်ကယ့်ကို ရိုးရှင်းပြီး ချစ်စရာကောင်းသလောက် ရယ်လည်း ရယ်ချင်စရာလေး🥰
ReplyDeleteချစ်စရာကောင်းလိုက်တာ သူ့ကိုမကြိုက်လို့စိတ်ကောက်နေတာ မိုးရိပ်ကိုသူကခင်တယိနော် ခန့်ညီက လူမှုရေးသိတတ်သားပဲအူယားလာပြီ
ReplyDelete