အပိုင်း (၂)
ဈာပန အခမ်းအနားက ထုံးစံတစ်ယောက်တည်းအတွက်တောင် ကြာတတ်ပြီး ယခု နှစ်ယောက်စာဆိုတော့ နေ့တစ်ပိုင်းလောက် ကုန်သွားပြီ။
ဘယ်မှာလဲ ခမ်းလျန်။ ငါတို့ကို သူတို့ ထာဝရမြှပ်နှံလိုက်ကြတော့မယ်တဲ့။
မြန်မြန်ပြန်လာပါအုံး ခမ်းလျန်ရယ်... ငါ မိုးမလင်းခင်တည်းက မင်းကို လိုက်ရှာနေတာ။ ငါ...ငါ အရမ်းပင်ပန်းနေပြီ ။ ငါနေကောင်းတာလည်းမဟုတ်တာကို။
မင်းနဲ့ပဲ နေချင်တဲ့ ငါ့ကို မင်းထားသွားပြန်ပြီ။ဆုတောင်းနေသံတွေ နားမထောင်ချင်တော့လို့
သူတစ်ယောက်တည်း ဘုရားကျောင်း အပြင်ဘက်ကို ထွက်လာလိုက်တယ်။ အရပ်တခွင်လုံးမိုးသားတွေ မှိုင်းညှို့ညှို့...
ဘယ်ဆီမှာလဲ ခမ်းလျန်ရေ...
ငါ့ကို ချန်ပြီးများ ကောင်းကင်ဘုံတက်သွားလေသလား။
ဒါမှမဟုတ်...
သူဆက်မတွေးရဲတော့ဘူး။ ဘေးပတ်ဝန်းကျင်မှာလည်း သူလို ဝိဉာဉ်တွေ နေရာအနှံ့။ စစ်ပွဲတွေ မပြတ်ဖြစ်ခဲ့တဲ့နေရာဆိုတော့ ဝိဉာဉ်တွေထိကြေမွပျက်စီးနေကြတာများ...
ငါကြောက်တယ် ခမ်းလျန်။ လူ့ဘဝတုန်းကတောင် ငါ ဒီနယ်မှာ ကျန်ခဲ့တာ ဘယ်လောက်
ခက်ခဲလဲ မင်းသိရက်သားနဲ့...
ငါတို့ အတူတူရှိမယ်ဆို...မိုးလင်းတည်းကနေညမိုးချုပ်တဲ့ထိ ငါမျက်စိအောက်မှာပဲ မင်းနေ
မယ်ဆို...ဒါဘာလဲ။
ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြန်ပါပြီ….
တစ်ယောက်တည်း ငိုကြွေးနေမိတယ်။ လူ့ဘဝတုန်း မျိုသပ်ခဲ့ရသမျှ ဘယ်သူမှ မမြင်နိုင်မှန်းသိမှ သူအားကုန်ငိုနေမိတော့တာ။
ငါကြောက်တယ် ခမ်းလျန်...လာခေါ်ပါ။ ငါဒီမှာတစ်ယောက်တည်း မနေချင်ဘူး။
ငါ့ကို ကျောင်းလာကြိုခဲ့သလို လာခေါ်ပေးပါ။
လူတွေ ဘယ်လောက်ပဲ များများ ၊ ကျောင်းဆင်းချိန် စက်ဘီးလေးနဲ့ စောင့်နေတတ်တဲ့ ခမ်းလျန်ကိုမြင်တာနဲ့ဘယ်လိုနေနေသူအိမ်တော့ပြန်ရောက်မှာပဲဆိုတဲ့စိတ်နဲ့လုံခြုံသွားခဲ့တာ။
အဲ့စိတ်လုံခြုံမှုလေးမျိုးကို သူ့အဖေအရင်းတောင်မပေးနိုင်ခဲ့ပေမဲ့ ခမ်းလျန်က ပေးနိုင်ခဲ့တာ။
ဒါလင်ရေ... ငါ ကြောက်တယ်။ မင်းဘယ်မှာလဲ။
နေလေးပွင့်လာတဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဘုရားကျောင်း တံခါးက ပွင့်လာခဲ့တယ်။ခေါင်းတလျားနှစ်လုံးကိုယောကျာ်းလေးယောက်စီထမ်းရင်းထွက်လာခဲ့ကြတယ်။
အနက်ရောင်ဂါဝန်လေး ဝတ်ထားတဲ့ ဂန္ဓမာငြိမ်းက သူ့ခေါင်းတလျားနောက်က ငိုကြွေးရင်း
ဖြည်းဖြည်းချင်းလိုက်လာတယ်။
လူတန်းကြီးက ဘုရားကျောင်းကနေသင်္ချိုင်းဆီစီတန်းလျှောက်သွားနေကြပြီ။ပန်းခင်းထဲက
အလုပ်သမားတွေ အကုန် လိုက်ပို့ကြပြီး သူနဲ့သိတဲ့ စိုက်ခင်းရှင် တချို့လည်း ပါကြတယ်။
မြို့လေးအတွက် နားမလည်နိုင်စရာ သူတို့ရဲ့ဆက်ဆံရေးကြောင့် တောင်ပေါ်မှာ သေဆုံး
သွားကြမှုအတွက် အားလုံးက တီးတိုးရေရွတ်ကာ စူးစမ်းကြတယ်။
"ဟို ဘိုကပြားလေး နေမကောင်းတာတော့ ဟုတ်ပါရဲ့ ။ ဟို လူဆိုးကောင်လေးက အကောင်းကြီးလေ။ ဘယ်လိုဖြစ်လို့လဲဟယ်"
"သူတို့နှစ်ယောက်က ငယ်ငယ်တည်းက တတွဲတွဲရယ်။"
"တတွဲတွဲ မဟုတ်ပါဘူးဟယ်။ သခင်နဲ့ကျွန်လိုဆက်ဆံရေးပါ။"
"အေး အဲ့ဒါကြောင့် ဟိုလူဆိုးကောင်လေးကလိုက်သေသွားတာလားပဲ။ စိတ်ညစ်စရာကြီး
ဟယ်"
သခင်နဲ့ ကျွန် မဟုတ်ပါဘူး။ သူက ကျွန်တော့ချစ်သူပါ။ တစ်ဦးတည်းသော သူငယ်ချင်းဆို
လည်း မမှားပါဘူး။
ပြီးတော့...ပြီးတော့ကျွန်တော်တို့ နှစ်ယောက်က တိတ်တိတ်လေးအိမ်ထောင်ပြုထားကြတဲ့ ခင်ပွန်းတွေပါ။ သူကကျွန်တော့် ကျွန် မဟုတ်ပါဘူး။ ကျွန်တော့် အမျိုးသား ကျွန်တော့် ဒါလင်ပါ။
မကြာခင် သူ့ဝိဉာဥ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားတော့မလို ခံစားနေရတယ်။ သူဟာ ဘယ်အရပ်ဒေသကိုမှ မသွားနိုင်ရင် သူဟာ ကျိုးပဲ့ စုတ်ပြတ်နေတဲ့ ဝိဉာဥ်တစ်ကောင်ဘဝနဲ့ အကြာကြီး နေသွားရတော့မှာလား။ ခမ်းလျန်လည်း မရှိဘဲနဲ့လေ…
ကြောက်လွန်းလို့ သွေးပျက်မတတ်ပါဘဲ။ သူတို့ အုတ်ဂူတွေလည်း အဆင်သင့်ဖြစ်နေပြီ။
ဂန္ဓမာငြိမ်းက ဂန္ဓမာပန်းတွေကို ခေါင်းတလျားပေါ် တင်အပြီးမှာ သူ့ခေါင်းတလျားကို ဆွဲဖက်ထားတယ်။
“ဧဒင်ရေ…မထားခဲ့ပါနဲ့။ သမီးတစ်ယောက်တည်း ကြောက်တယ် မထားခဲ့ပါနဲ့”
ဆိုပြီးအော်ငိုတော့တာပဲ။ ခမ်းလျန်ကိုတော့ မတခဲ့ဘူး။ ပန်းလည်း မပေးခဲ့ဘူး။ အရမ်းဉာဏ်ကောင်းတဲ့ ကလေးမက သူသေဆုံးရတာ ခမ်းလျန်နှိပ်စက်လို့ ၊ ခမ်းလျန် ကြောင့်လို့ပဲ ထင်နေပုံပါပဲ။
နောက်ဆုံး ခမ်းလျန် အုတ်ဂူကို ပိတ်ခါနီးမှ…
“ခမ်းလျန်ရေ…ဧဒင်ရေ” ဆိုပြီး တမ်းတမ်းတတရေရွတ်နေတယ်။ မြင်ကွင်းက အရမ်း ဝမ်းနည်းနာကျင်စရာ ကောင်းပြီး သူ့ ညီမလေးကို ထားခဲ့မိတဲ့အတွက် နောင်တတွေလည်း ရပေမဲ့ သူဘယ်က စမှားတာလဲလည်း အဖြေထုတ်မရဘူး။
သူ….ခမ်းလျန်ကို ချစ်မိတာ ဘယ်တုန်းကမှ မှားတယ်လို့ မထင်ခဲ့ဖူးဘူးလေ။
ကားတစ်စီး ၊ သူတို့နယ်မှာ မြင်ရခဲတဲ့ ကားအသစ်တစ်စီး ထိုးဆိုက်ရပ်သွားပြီး လှပကျော့ရှင်းတဲ့ အမျိုးသမီး တစ်ယောက်ဆင်းလာတယ်။
သူ…မေမေ လို့တောင် ခေါ်လုမတတ်ဘဲ။ ဘာကြောင့်မှန်းမသိ ။ ထိုအမျိုးသမီးနောက်ကို လိုက်သွားချင် နေမိတယ်။ တစ်ခုခုက သူနဲ့လိုက်လာခဲ့လို့ ခေါ်နေသလိုပေ့ါ။
အမျိုးသမီးက “ဧဒင်ငြိမ်းတဲ့လား။ နာမည်လေးက လှလိုက်တာ” ဆိုပြီး သူ့နာမည်ကို ရေရွတ်လိုက်တဲ့ အဲ့အခိုက်အတန့်မှာ သူသေချာသွားခဲ့ပြီ။ သူ ကားပေါ် တက်လိုက်ခဲ့တယ်။ ကားမောင်းနေတဲ့ ဦးလေး မျက်နှာက အမေ့ထက်စာရင် အေးချမ်းတယ်။ သူ့ အဖေပေ့ါ…
***
Comments
Post a Comment