Skip to main content

25





အခန်း (၂၅) ငိုတာလား ကျွန်တော်လည်း လုပ်တတ်တာပဲ


သူတို့နှစ်ဦးကြားတွင် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြန်ရာ လေတိုက်သံပင် ပျောက်ကွယ်သွားသယောင် ထင်မှတ်ရသည်။ ရှဲ့ယို့ကပင် အရင်ဆုံး စကားစလိုက်သည် ။

"ငါ... မင်းကို အပေါ်အထိ လိုက်ပို့ပေးရမလား"

ယွီနျန့်က ငြင်းပယ်ခြင်းမရှိဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့၊ ဒါဆိုရင်တော့ ဒုက္ခပေးမိပါဦးမယ်"

သူတို့နှစ်ဦး ဘေးချင်းယှဉ်ကာ လျှောက်လှမ်းလာခဲ့ကြသည်။ ရှဲ့ယို့သည် သူ့ထက် အမှန်တကယ်ပင် အရပ်များစွာ ပိုရှည်ကြောင်း ယွီနျန့် သတိပြုမိသွားသည်။ လမ်းဘေးမီးတိုင်များမှာ သိပ်မလင်းလှဘဲ သူက ချိုင်းထောက်ဖြင့် ဖြည်းဖြည်းချင်း လျှောက်နေရသော်လည်း ရှဲ့ယို့ထံမှ စိုးစဉ်းမျှ စိတ်မရှည်သည့် အရိပ်အယောင်မတွေ့ရဘဲ သူ၏ အရှိန်အတိုင်းသာ လိုက်ပါလျှောက်လှမ်းပေးနေသည်။

ယွီနျန့်က စကားပြောစရာ ခေါင်းစဉ်တစ်ခု ရှာဖွေလိုက်သည်။ ရှဲ့ယို့မှာ စကားအနည်းငယ်သာ ပြန်ပြောသော်လည်း တစ်ဖက်လူကို ဝတ်ကျေတမ်းကျေ ဆက်ဆံနေသည်ဟု မခံစားရစေပေ။ သူတို့နှစ်ဦး ရပ်ကွက်အတွင်းရှိ စိမ်းလန်းစိုပြည်သော သစ်ပင်ရိပ်များအောက်တွင် လျှောက်လှမ်းနေကြစဉ် လေထုမှာ လုံးဝ အနေမခက်ဘဲ အဆင်ပြေနေခဲ့သည်။

ရှဲ့ယို့က ယွီနျန့်ကို အိမ်တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။ ယွီနျန့်က သော့ကိုထုတ်ယူကာ ပြုံးလျက် ရှဲ့ယို့ကို ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။

"ရောက်ပါပြီ"

ရှဲ့ယို့က ယဉ်ကျေးစွာဖြင့် ခြေတစ်လှမ်းအကွာတွင် ရပ်နေရင်း

"ကောင်းပြီ၊ ငါ ပြန်တော့မယ်"

"ဟုတ်ကဲ့၊ လမ်းမှာလည်း ဂရုစိုက်ပြီး ပြန်ပါဦး"

ယွီနျန့်က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး

"ဒါနဲ့ ရှဲ့ယို့... ခဏလေး စောင့်ဦးနော်!"

တံခါးဖွင့်ပြီးနောက် ယွီနျန့်သည် အိမ်စီးဖိနပ်သို့ လဲစီးလိုက်သည်။ ရှုပ်ထွေးလှသော ချိုင်းထောက်ကို စိတ်ပျက်သွားသဖြင့် နံရံတွင်ပင် မှီထားခဲ့ကာ ခြေတစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွနှင့် အထဲသို့ ဝင်သွားတော့သည်။

သူသည် အံဆွဲထဲမှ စတုရန်းပုံစံ သံဗူးလေးတစ်ခုကို ထုတ်ယူကာ တံခါးဝသို့ ပြန်လာပြီး ရှဲ့ယို့ကို ကမ်းပေးလိုက်သည်။

"ရော့... ဒါလေးယူထားပါ"

ခေတ္တစဉ်းစားပြီးနောက် ယွီနျန့်က ထပ်ပြောလိုက်သည်။

"ဒါက အခုလို အိမ်အထိ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်ပါ။ တကယ်လို့ လူကြီးမင်းသာ ကူညီမပေးခဲ့ရင် ကျွန်တော် ထပ်လဲပြီး ဒုက္ခရောက်ဦးမှာ သေချာတယ်"

ရှဲ့ယို့က လက်ဆောင်ကို လှမ်းယူလိုက်သည်။ အိမ်အဝင်ဝမှ မီးရောင်မှာ ဝါကျင်ကျင် နွေးထွေးနေပြီး သူ၏ ခေါင်းပေါ်မှ ဖြာကျနေသဖြင့် သူ၏ ဖြောင့်စင်းသော နှာတံပေါ်တွင် အရိပ်အချို့ ထင်ကျနေစေသည်။ သူ၏ နက်ရှိုင်းသော အသံမှာ အာရဇ်နံ့ သင်းပျံ့ပျံ့လေးနှင့်အတူ ထွက်ပေါ်လာသည်။

"ဒါက ဘာလဲ"

ယွီနျန့်၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးလို ဖြစ်သွားသည်။

"ကျွန်တော် ကိုယ်တိုင်လုပ်ထားတဲ့ သကြားလုံးပါ။ အရင်တစ်ခေါက်ကနဲ့ ပုံစံမတူဘူး။ လုပ်ပြီးကတည်းက လူကြီးမင်းကို ပေးချင်နေတာ။ ဒီနေ့မှပဲ အခွင့်အရေး ကြုံတော့တယ်"

သံဗူးလေး၏ အေးစက်မှုမှာ လက်ချောင်းထိပ်များ၏ အပူချိန်ဖြင့် အစားထိုးဝင်ရောက်သွားသည်။ ရှဲ့ယို့၏ နက်မှောင်သော မျက်ဝန်းများက တံခါးဝတွင် ရပ်နေသည့် ယွီနျန့်ကို စိုက်ကြည့်နေမိပြီး မသိစိတ်မှ အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ အရမ်းလည်းသဘောကျတယ်"

နောက်တစ်နေ့မနက် နိုးလာသောအခါ ယွီနျန့်သည် ချိုင်းထောက်ကို ဘေးသို့ ပစ်ထားလိုက်တော့သည်။ ခြေတစ်ဖက်တည်းဖြင့် ခုန်သွားရခြင်းမှာလည်း တော်တော်လေး အဆင်ပြေကြောင်း သူ ရုတ်တရက် တွေ့ရှိသွားသောကြောင့်ပင်။

မနက်စာအတွက် ကြက်ဥအနှစ်မပျက်ကြော်ဖို့ ပြင်နေတုန်းမှာပဲ သူ့ဖုန်းမြည်လာသည်။ ယွီနျန့်က ခေါင်းလေးစောင်းပြီး ပုခုံးနဲ့နားကြားမှာ ဖုန်းကိုညှပ်ကာ ကိုင်ထားရင်း

"မင်္ဂလာမနက်ခင်းပါ အစ်ကိုမုန့်!"

တစ်ဖက်မှာလည်း ကြက်ဥကို ဒယ်အိုးထဲ ခွဲထည့်လိုက်သည်။

ဖုန်းထဲကနေ မုန့်ယွမ်က သတိပေးလာသည်။

"ဒီနေ့ ဆေးရုံမှာ ပြန်လည်စစ်ဆေးရမယ့်ရက်နော်။ မင်းမေ့နေပြီ ထင်တယ်"

"အာ... ဟုတ်သားပဲ!"

ယွီနျန့်ရဲ့ ယောင်ယမ်းကိုင်ထားတဲ့လက်က နှစ်စက္ကန့်လောက် တန့်သွားပြီးမှ ပြန်ဖြေလိုက်သည်။

"အစ်ကိုမုန့်သာ သတိမပေးရင် ကျွန်တော် အလုပ်ရှုပ်နေတာနဲ့ တကယ်မေ့သွားတော့မှာ"

သူ့ကိုလာကြိုမည့် မုန့်ယွမ်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီးနောက် ယွီနျန့်ဟာ အနက်ရောင်ဦးထုပ်နဲ့ Mask ကို တပ်ဆင်ကာ ဖြည်းဖြည်းချင်း အပြင်ထွက်လာခဲ့လိုက်သည်။ လမ်းဘေးကနေ တက္ကစီတစ်စီးတားပြီး ပုဂ္ဂလိကဆေးရုံဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။

ဒီဆေးရုံက ကုန်ကျစရိတ်ကြီးပေမဲ့ လူနာထက် ဆေးဝန်ထမ်းက ပိုများပြီး လူနာရဲ့ လုံခြုံမှုကိုလည်း အထူးဦးစားပေးထား၏။ စစ်ဆေးမှုတွေပြီးတော့ ယွီနျန့်တစ်ယောက်တည်း လူနာဆောင်စင်္ကြံမှာ နေရာတစ်ခုရှာထိုင်ရင်း ဖုန်းကိုထုတ်ကာ ယွီချင်းပို့ထားသော ဇာတ်ညွှန်းကို စိတ်ကူးသစ်ရဖို့အတွက် ဆက်ဖတ်နေလိုက်သည်။

သူဖတ်နေတုန်းမှာပဲ မလှမ်းမကမ်းကနေ သူနာပြုနှစ်ယောက် တိုးတိုးတိတ်တိတ် အတင်းပြောနေသံက သူ့နားထဲ ရောက်လာသည်။

"ဟေ့... နင်သေချာလို့လား။ အခန်း ၁၁၀၃ က လူနာက တကယ်ပဲ ရွှီရွှမ်ရဲ့ ညီမလား။ ရွှီရွှမ်က အခု အရမ်းနာမည်ကြီးနေတာလေ"

"သေချာတာပေါ့။ အခု သူ တာဝန်ကျဆရာဝန်ရုံးခန်းထဲမှာ ရှိနေတယ်။ မယုံရင် သူပြန်ထွက်လာတဲ့အထိ စောင့်ကြည့်လိုက်လေ။ ဒါပေမဲ့ အဲဒီညီအစ်မနှစ်ယောက်က တကယ်ထူးဆန်းတယ်။ ရွှီဖူက ရွှီရွှမ်နဲ့ စကားပိုပြောချင်နေတာတောင် ရွှီရွှမ်က အေးစက်စက်နိုင်ပြီး တစ်ချက်တောင် လှည့်မကြည့်ဘူး"

"ဆက်ဆံရေးမကောင်းလို့လား ဒါပေမဲ့ နင်ပဲ ခုနကပြောတော့ ရွှီရွှမ်က ရွှီဖူရဲ့ ဆေးကုသစရိတ်တွေကို အမြဲပေးနေတာဆို ငါကတော့ သူ့ညီမအပေါ် တကယ်ကောင်းတယ် ထင်နေတာ"

"ဘယ်သူသိမှာလဲ။ ရွှီရွှမ်က နောက်ထပ် ခြောက်လစာ ကုန်ကျစရိတ်တွေကို တစ်ခါတည်း အကုန်ရှင်းသွားတာလေ။ အနုပညာရှင်တွေက တကယ်ပိုက်ဆံရတာပဲ! ဒါပေမဲ့ ရွှီဖူရဲ့ရောဂါကလေ... ခွဲစိတ်ဖို့ လိုအပ်နေတာ သိသာနေတာပဲ။ ပိုက်ဆံမရှိလို့လည်း မဟုတ်ဘဲ ဘာလို့ ဒီလောက်အထိ အချိန်ဆွဲနေမှန်း မသိဘူး။ ဆရာဝန်က အကြိမ်ကြိမ် ဖျောင်းဖျပြီးပြီ။ ဒီနေ့ ရွှီရွှမ်ကို ခေါ်တွေ့တာလည်း ၈၀ ရာခိုင်နှုန်းက ဒီကိစ္စကြောင့်ပဲ ဖြစ်မှာ..."

ဒီအချိန်မှာပဲ စစ်ဆေးမှုရလဒ်တွေ ထွက်လာသဖြင့် ယွီနျန့်က အသံလာရာဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ဆရာဝန်ရုံးခန်းထဲသို့ ဝင်လာလိုက်သည်။

ဆေးစစ်ချက်တွေကို ကြည့်ပြီးနောက် တာဝန်ကျဆရာဝန်က ခေါင်းညိတ်ကာ

"ပြန်လည်သက်သာလာတာ အရမ်းကောင်းပါတယ်။ လူငယ်ဆိုတော့လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားသာချက်ပေါ့"

"အခြေအနေကောင်းတယ်ဆိုရင် နောက်ရက်နည်းနည်းလောက်ကြာရင် ကျွန်တော် ပြန်ကလို့ရမလားဟင် ငါးမိနစ်စာလောက်ပဲ ဆိုရင်ရော"

ဆရာဝန်က မျက်မှန်ကို ပင့်တင်ရင်း စဉ်းစားဟန်နဲ့

"မင်းရဲ့ ပြန်လည်သက်သာလာတဲ့ အခြေအနေက တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကိုတော့ လျှော့စေချင်သေးတယ်။ တကယ်လို့ ကကိုကရမယ်ဆိုရင်တော့ အဆစ်တွေ မလွဲသွားအောင် ပတ်တီးနဲ့ တင်းတင်းကြပ်ကြပ် စည်းထားပါ။ ကပြီးတာနဲ့ အနားယူဖို့နဲ့ ဆေးပြန်စစ်ဖို့ မမေ့ပါနဲ့။ ဒါပေမဲ့ စိတ်အချရဆုံး ဖြစ်ချင်ရင်တော့ မကတာ အကောင်းဆုံးပါပဲ"

ယွီနျန့်က ခေါင်းညိတ်ပြီး ဆောင်ရန်ရှောင်ရန်အချို့ကို မေးမြန်းကာ ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ ဒါပေမဲ့ ရုံးခန်းထဲက ထွက်လာပြီးနောက် သူ ချက်ချင်း မပြန်ဖြစ်။

ရွှီရွှမ်သည် ရွှီဖူ၏ တာဝန်ကျဆရာဝန်နှင့် စကားပြောပြီးနောက် အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ဖုန်း မြည်လာသည်။ သူမသည် စခရင်ပေါ်တွင် ပေါ်လာသော အမည်ကို စိတ်မရှည်သလို ကြည့်လိုက်ပြီး ဘယ်ညာ ဝဲယာကို အကဲခတ်ကာ လှေကားခွင်ရှိရာသို့ လျှောက်သွားပြီးမှ ဖုန်းကို ဖြေကြားလိုက်သည်။

ဖုန်း၏ အခြားတစ်ဖက်မှ တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။

"အာယီလား အင်း... ကျွန်မ ဆေးရုံမှာ... ဟုတ်တယ်။ ရှောင်ဖူက တစ်ခါ ထပ်ပြီး ဂျီကျနေလို့၊ ဆေးလည်း မသောက်ဘူးဆိုပြီး ကျွန်မကို ချော့ဖို့ အတင်းခေါ်နေလို့ လာခဲ့ရတာ..."

ရွှီရွှမ်၏ လေသံမှာ အနည်းငယ် စိုးရိမ်ပူပန်နေဟန် ရှိသည်။ ဖုန်းတစ်ဖက်မှ တစ်စုံတစ်ယောက်က သူမကို နှစ်သိမ့်ပေးနေပုံရသည်။ သူမက "အင်း" ဟု နှစ်ခါပြန်ထူးပြီး နူးညံ့စွာ ပြောလိုက်သည်။

"ကျွန်မ သူမကို စိတ်မဆိုးမိတာ တော်သေးတာပေါ့။ ကျွန်မ မရက်စက်နိုင်ဘူးလေ။ မိဘတွေလည်း မရှိကြတော့ဘူး။ ကျွန်မမှာ ဒီဆွေမျိုးတစ်ယောက်ပဲ ကျန်တော့တာကို..."

"ပိုက်ဆံက လောက်ပါတယ်။ တကယ်ပဲ ထပ်ပေးဖို့ မလိုတော့ဘူးနော်။ နောက်ထပ် ခြောက်လစာအတွက် ပေးပြီးပြီ။ အများကြီးလည်း ကျန်သေးတယ်... အာယီ တကယ် ကျေးဇူးတင်ပါတယ်။ ရှင်သာ မရှိရင် ကျွန်မ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး"

စကားအနည်းငယ် ထပ်ပြောပြီးနောက် သူမ ဖုန်းချလိုက်သည်။ ရွှီရွှမ် နှစ်လှမ်းခန့် လှမ်းပြီးချိန်တွင် ဖုန်းပြန်မြည်လာပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ၏ လေသံမှာ များစွာ အေးစက်သွားခဲ့သည်။

"ဆေးရုံသွားမယ်လို့ ပြောထားတယ် မဟုတ်လား ဘာတွေ စိတ်ပူနေတာလဲ ... ယွီနျန့်ကိစ္စကို ဖြေရှင်းပြီးပြီလို့ ပြောပြီးပြီပဲ။ သူကိုယ်တိုင်လည်း ဒီကိစ္စကို ဆက်မလိုက်တော့ဘူးလို့ ပြောတယ်... အိုး၊ ယွီနျန့်က မိသားစုကောင်းကနေ ဆင်းသက်လာတဲ့ ပုံစံခွက်ဝင် လူကောင်းတစ်ယောက်ပဲလေ။ ကျွန်မမှာ ဆေးရုံပေါ်မှာ အသက်ဆက်ဖို့ ကျွန်မကိုပဲ အားကိုးနေရတဲ့ ညီမလေးတစ်ယောက် ရှိနေတာ သိရက်နဲ့တော့ သူက ကျွန်မကို ရက်ရက်စက်စက် အပြစ်ပေးမှာ မဟုတ်ဘူး"

".သူ့နားကို ချဉ်းကပ်ဖို့လား။ အဲဒါက ပြောသလောက် မလွယ်ဘူး! အရင်က ရွှီဖူက သူ့ကို သဘောကျလို့ လက်မှတ်လိုချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချဉ်းကပ်ဖူးတယ်လေ။ သူ လက်မှတ်ထိုးပေးပေမဲ့ အဲဒီနောက်ပိုင်း သူက ရှမင်းရှီးနဲ့ပဲ ဆော့နေတာ။ ကျွန်မ ဘာလုပ်နိုင်မှာလဲ ... ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အခွင့်အရေးပဲ။ ကျွန်မ ဒါကို ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်..."

ဆေးရုံမှ အိမ်သို့ ပြန်ရောက်သောအခါ ယွီနျန့်သည် ဂေါ်ပြားလေးဖြင့် ဝရန်တာရှိ ပန်းအိုးထဲမှ မြေဆီလွှာများကို ဆွပေးရင်း ယွီချင်းထံ စာတစ်စောင် ပို့လိုက်သည်။ ခဏအကြာတွင် ယွီချင်းက ဖုန်းခေါ်လာသည်။

"ဘာဖြစ်လို့လဲ"

ယွီနျန့်က ဂေါ်ပြားကို ချလိုက်ပြီး မတ်မတ်ရပ်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။

"တစ်ခုခု ဖြစ်နေတယ်ဆိုတာ အစ်မ ဘယ်လိုများ သေချာနေတာလဲ"

ယွီချင်းသည် ဆူညံသံနည်းသော တိတ်ဆိတ်သည့် နေရာတစ်ခုကို ရှာတွေ့သွားပုံရသည်။

"မင်းရဲ့ သဘာဝလေ။ တစ်ခုခု ဖြစ်မှသာ မင်းက ငါ့ကို လာရှာတာ။ ကဲ ပြောပါဦး၊ ဘာကိစ္စလဲ"

ယွီနျန့်က အဖြစ်အပျက် အစအဆုံးကို ရှင်းပြပြီးနောက် ယွီချင်းက စိတ်မဆိုးသော်လည်း သူမ၏ လေသံမှာ အလွန်အေးစက်နေသည်။

"အစ်မ သေချာအောင် မေးပေးမယ်။ ခဏစောင့်"

"ဟုတ်ကဲ့"

ယွီချင်းတွင် ကိုယ်ပိုင် အဆက်အသွယ်များနှင့် အသိုင်းအဝိုင်း ရှိသဖြင့် ဤလောကထဲရှိ မည်သူမဆို၏ အချက်အလက်ကို ရှာဖွေနိုင်သည်။ တစ်နာရီအတွင်းမှာပင် ယွီချင်း၏ ဖုန်းပြန်လာသည်။

"အရင်ဆုံး မင်းရဲ့ ခန့်မှန်းချက်ကို ပြောကြည့်ဦး"

ယွီနျန့်သည် မျက်တောင်များကို နှိမ့်ချလိုက်သည်။ သူ၏လက်ထဲမှ ခဲတံက စာရွက်ဖြူပေါ်တွင် မျဉ်းကြောင်းများ ဆွဲနေရင်း

"ရွှီဖူ ဖျားနာပြီး ဆေးရုံတက်နေရတာက အမှန်ပဲ။ ဒါပေမဲ့ ရွှီဖူ ကျန်းမာလာဖို့ထက် ရွှီဖူက အမြဲတမ်း ဖျားနာနေဖို့ကို ရွှီရွှမ်က ပိုမျှော်လင့်နေတာ မဟုတ်လား"

"မင်းရဲ့ ခန့်မှန်းချက်က မှန်ဖို့ များတယ်။"

ယွီချင်းသည် ထူးထူးခြားခြား တည်ငြိမ်နေပြီး အေးအေးဆေးဆေးပင် ဆိုလာသည်။

"သူမနဲ့ ကျောင်းတူတူတက်ခဲ့တဲ့ သူတွေပြောတာတော့ ရွှီရွှမ် ကောလိပ်တက်တုန်းက သူမမှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ညီမလေးတစ်ယောက် ရှိတယ်ဆိုတာ ပတ်ဝန်းကျင်က လူတိုင်း သိကြတယ်တဲ့။ သူမကို သနားကြလို့ ပညာသင်ဆုတွေ၊ ထောက်ပံ့ကြေးတွေအတွက် သူမနဲ့ ဘယ်သူမှ အပြိုင်မလုခဲ့ကြဘူး။"

"ကျောင်းပြီးလို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့အခါ မိန်းကလေး အများအပြားက ပွဲဦးထွက်ဖို့ အခွင့်အရေးအတွက် လုနေကြချိန်မှာလည်း သူမက ညီမလေး နေမကောင်းလို့ ပိုက်ဆံတွေ အများကြီး လိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်စုံတစ်ယောက်ဆီမှာ အကူအညီ သွားတောင်းခဲ့တယ်လေ။"

"သူမ ပွဲဦးထွက်တဲ့အခါမှာလည်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်နဲ့ ဆုံခဲ့တာက တိုက်ဆိုင်မှု မဟုတ်ဘူး။ တစ်ဖက်လူက သူမကို ငယ်ငယ်ရွယ်ရွယ်နဲ့ ညီမလေးရဲ့ ရောဂါအတွက် ပိုက်ဆံရှာနေရတာကို သနားပြီး ပိုက်ဆံတွေနဲ့ အခွင့်အရေးတွေ အများကြီး ပေးခဲ့တာ။ ဒါပေမဲ့ သူမက အမြင့်မှန်းတယ်လေ။ အဲဒီလူနဲ့ တကယ်တွဲဖို့ အစီအစဉ်မရှိဘဲ မျှော်လင့်ချက်ပေးပြီး ဆွဲထားရုံပဲ။"

"အဲဒါကြောင့် သေချာတာပေါ့။ ညီမရဲ့ ရောဂါကို ပျောက်ကင်းအောင် မလုပ်ချင်ဘူး။ တကယ်လို့ နေကောင်းသွားရင် ဒီလိုမျိုး ကောင်းမွန်တဲ့ အကြောင်းပြချက်ကို ဘယ်မှာ သွားရှာတော့မလဲ"

ယွီချင်းက စကားကို အဆုံးသတ်လိုက်သည်။

"မင်း ဘာတွေးထားလဲ ပြောပါဦး"

ယွီနျန့်သည် ရွှီရွှမ်နှင့် တွေ့ဆုံခဲ့သည့် မြင်ကွင်းကို သေသေချာချာ ပြန်စဉ်းစားကြည့်ပြီး

"ကျွန်တော် တကယ်ပဲ လူအကဲမခတ်တတ်ခဲ့ဘူးပဲ"

"လူအကဲမခတ်တတ်တာ မဟုတ်ပါဘူး။ ဒီလောကထဲက သရဲသဘက်တွေက မျက်နှာဖုံးတွေ အထပ်ထပ် စွပ်ထားကြတာလေ။ တစ်လွှာ ခွာလိုက်ရင် နောက်တစ်လွှာ ရှိနေဦးမှာပဲ။ မင်းရဲ့အစ်မ ငါတောင်မှ အနုပညာလောကထဲ စဝင်တုန်းက သနားစိတ်တွေ ပိုပြီး အဲဒီလို ကျင်းထဲကို ကိုယ်တိုင် ခုန်ဆင်းမိခဲ့တာ အကြိမ်ကြိမ်ပဲ"

ယွီချင်းက သက်ပြင်းချလိုက်သည်။

"မင်းရဲ့ အဘိုးနဲ့ အဘွားက မင်းကို ငယ်ငယ်ကတည်းက သွန်သင်လာခဲ့တာ။ အဘိုးက သက်ပြင်းချရင်း မင်းက စိတ်သဘောထား ကြီးရုံတင်မကဘဲ ဉာဏ်လည်း အရမ်းကောင်းတယ်လို့ ပြောတာကို အစ်မ ကြားဖူးတယ်။ အစ်မအမြင်အရတော့ မင်း ဒီတစ်ခေါက် ကိုင်တွယ်ပုံက တကယ်ကို ကောင်းပါတယ်"

ယွီနျန့်ဘက်မှ တုံ့ပြန်မှု မရှိသောကြောင့် ယွီချင်းက နှာတစ်ချက်မှုတ်လိုက်သည်။

"ငါက မင်းအကြောင်းကို မသိဘဲ နေမလား။ ရွှီရွှမ်က မင်းရဲ့ နောက်ကွယ်မှာ ပရိယာယ်တွေ သုံးနေတာလေ။ တကယ်လို့ မင်းကသာ တိုက်ရိုက် ပြန်တိုက်ခိုက်လိုက်ရင် သူမက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လူတွေရှေ့မှာ သနားစရာကောင်းအောင် ငိုပြလိမ့်မယ်။ သူမ ညီမလေးရဲ့ ရောဂါအတွက် ပိုက်ဆံရှာရတာ မလွယ်ကူတဲ့အကြောင်း၊ မင်းကို ခြေထောက်ခေါက်အောင် လုပ်ခဲ့မိတာက ခေတ္တ ခဏမှားယွင်းတဲ့ စိတ်ကူးကြောင့်သာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မင်းကတော့ နေမကောင်းဖြစ်နေတဲ့ သူမညီမလေးကို ငဲ့ညှာမှုမရှိဘဲ အငြိုးအတေးကြီးတဲ့အကြောင်းတွေ ပြောပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်လိမ့်မယ်။ မင်း ဒီကိစ္စကို ဆက်မလိုက်ဖို့ ဆုံးဖြတ်တုန်းက ဒီလိုစိုးရိမ်ချက်မျိုး ရှိနေခဲ့တယ်ဆိုတာ ငါမယုံဘူး"

ယွီနျန့်က ဝန်ခံလိုက်သည် ။

"အစ်မပြောတာ ဟုတ်ပါတယ်။ အဲဒီတုန်းက ကျွန်တော် ဒီလိုမျိုး စိုးရိမ်ခဲ့ပါတယ်။ ပြီးတော့ လူတွေက အမြဲတမ်း အားနည်းတဲ့သူဘက်က ပိုပြီး စာနာတတ်ကြတာကိုး"

ယွီချင်းက "ဟွင်း" ဟု ဆိုကာ "ဒါဆို မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

"အဘိုးက ကျွန်တော့်ကို လူကြီးလူကောင်းတစ်ယောက် ဖြစ်အောင် သင်ပေးခဲ့တာမှန်ပေမဲ့၊ အသာတကြည် အနစ်နာခံနေမယ့်သူတော့ မဟုတ်ဘူး"

ယွီနျန့်က အပြုံးလေးဖြင့် ဆိုလိုက်သည်။

"တကယ်လို့ သူမက လူတိုင်းရှေ့မှာ သနားစရာကောင်းအောင် ငိုပြနိုင်တယ်ဆိုရင်၊ ကျွန်တော်လည်း လုပ်နိုင်တာပေါ့"





ပြီးခဲ့တဲ့တစ်ခေါက်ကအတိုင်း ကော်ဖီဆိုင်ရဲ့ သီးသန့်ခန်းလေးထဲမှာပါပဲ။

ဒီတစ်ကြိမ်မှာတော့ ယွီနျန့်က အရင်ရောက်နေခဲ့သည်။ အခန်းတံခါး ပွင့်လာပြီးနောက် စကတ်တိုအနက်ရောင် ဝတ်ဆင်ထားသည့် ရွှီရွှမ်က ပြုံးရွှင်စွာနဲ့ လျှောက်ဝင်လာပြီး အရင်နှုတ်ဆက်သည်။

"တောင်းပန်ပါတယ်၊ စောင့်နေရတာ ကြာသွားပြီလား"

"သိပ်မကြာသေးပါဘူး"

ယွီနျန့်က တစ်ဖက်လူ ထိုင်တာကို စောင့်ပေးရင်း လေသံအေးအေးလေးနဲ့ မေးလိုက်သည်။

"မင်းညီမလေးရော နေကောင်းရဲ့လား"

ရွှီရွှမ်က ခေါင်းလေးအနည်းငယ် ငုံ့သွားပြီး မျက်နှာက ညှိုးငယ်သွားပြီး မနည်းပြုံးယူရင်း

"အရင်အတိုင်းပါပဲ။ ဆရာဝန်က နိုင်ငံခြားဖြစ် ဆေးအသစ်တွေ ထပ်တိုးပေးလိုက်တယ်။ အာနိသင် ပိုကောင်းနိုင်တယ်လို့ ပြောပေမဲ့ ကုန်ကျစရိတ်က အရမ်းများတယ်။ ရှောင်ဖူက အရမ်းအလိုက်သိပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့ဆေးတွေ မသောက်ချင်ဘူးလို့ ပြောရှာတယ်"

သူမက ဝမ်းနည်းတဲ့လေသံနဲ့ ခေါင်းခါပြလိုက်သေးသည်။

"ညီမလေးကတော့ အလိုက်သိရှာပေမဲ့ ကျွန်မကမှ မရက်စက်နိုင်တာ"

"ပိုက်ဆံရော လောက်ရဲ့လား"

"လုံးဝမလောက်ပါဘူး။ အေးဂျင့်ကို ကြော်ငြာတွေ ပိုလက်ခံလို့ရမလားလို့ မေးကြည့်ရဦးမယ်။ မဟုတ်ရင် ဆေးဖိုး ထားပါဦး။ ဆေးရုံတက်ခတောင် ပေးနိုင်တော့မှာ မဟုတ်ဘူး"

သူမက အမျိုးသမီးသုံး စီးကရက်တစ်လိပ်ကို ထုတ်လိုက်၊ ပြန်ထည့်လိုက်လုပ်ရင်းနဲ့ စိုးရိမ်တကြီး မေးလာသည်။

"ယွီနျန့်... ရှင် တကယ်ပဲ ကျွန်မကို အပြစ်မတင်ဘူးမလားဟင်"

ယွီနျန့်က ဖန်ခွက်ထဲက နွားနို့ပူပူလေးကို လှုပ်ခါရင်း မေးလိုက်သည်။

"မင်း စင်ပေါ်မှာ ရေဖြန်းခဲ့လို့ ငါပြုတ်ကျပြီး ဒဏ်ရာရခဲ့တဲ့ ကိစ္စကို ပြောတာလား"

ယွီနျန့်က အဲဒီလို တည့်တည့်ပြောလိုက်တာကို ကြားတော့ ရွှီရွှမ်က အသက်ကို ဝဝရှူပြီး ခါးသက်သက် ပြုံးသည်။

"အဲဒီတုန်းက ကျွန်မ စိတ်တွေယောင်ယက်ခတ်သွားတာပါ။ ရှင် စိတ်ဆိုးသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ပထမဆုကြေးငွေကို အရမ်းလိုချင်မိသွားလို့ပါ"

သူမက လက်အိတ်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး အရင်ကထက် ပိုပြီး နူးညံ့တဲ့လေသံနဲ့

"ဒါပေမဲ့…ရှင်က ဒီကိစ္စကို အရေးမယူဘဲ ကျွန်မကိုတောင် အားပေးစကားပြောပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်"

ယွီနျန့်ရဲ့ နှုတ်ခမ်းထောင့်တွေက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

ရွှီရွှမ်က ယွီနျန့်ရဲ့ အမူအရာကို အကဲခတ်ပြီး စမ်းတဝါးဝါးနဲ့ ပြုံးကာ

"'သဘာဝတရားရဲ့ အသံ' ရိုက်ကူးရေးကလည်း ပြီးတော့မယ်နော်။ နောက်ပိုင်း ရှင် အယ်လ်ဘမ်ထုတ်တဲ့အခါကျရင် လက်မှတ်ထိုးပေးဖို့ ထပ်တောင်းလို့ ရမလား။ ညီမလေးကတော့ အဲဒါကို ရရင် သေချာပေါက် အရမ်းပျော်နေမှာပဲ"

ယွီနျန့်က 'ရတယ်' လို့လည်း မပြော၊ 'မရဘူး' လို့လည်း မဆိုပါဘူး။ သူက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး

"ကျွန်တော် ပြန်ရတော့မယ်" ဟုပဲ စကားဝိုင်းကို လက်စသတ်လိုက်သည်။

ရွှီရွှမ်က မတ်တတ်ရပ်ပြီး စိုးရိမ်တကြီး နှင့်

"ကျွန်မ လိုက်ပို့ပေးရမလား"

ယွီနျန့်က ယဉ်ကျေးစွာပဲ ငြင်းလိုက်သည်။

"မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်"

အိမ်ပြန်ရောက်တော့ မုန့်ယွမ်နဲ့ ရှီးရိုတို့က ဧည့်ခန်းထဲမှာ စောင့်နေကြသည်။ မုန့်ယွမ်က ယွီနျန့် ပြန်လာတာကို မြင်တော့ သူ့မျက်နှာအမူအရာက ထူးထူးခြားခြားမရှိတာကို ကြည့်ပြီး စိုးရိမ်တကြီးနဲ့ ဆီးကြိုမေး၏။

"ဘယ်လိုလဲ"

ယွီနျန့်က ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ အသံဖမ်းထားတဲ့ဖိုင်ကို ဖွင့်ပြလိုက်သည်။ အသံဖိုင်ကို နားထောင်ပြီးနောက် မုန့်ယွမ်က နှာခေါင်းရှုံ့ပြီး လှောင်ပြုံးပြုံးရင်း

"ညီမလေးရဲ့ရောဂါအတွက် ပိုက်ဆံရှာဖို့ အပင်ပန်းခံ ကြိုးစားနေရတဲ့ အစ်မကြီးနေရာကနေ သရုပ်ဆောင်ဖို့ တကယ်ကို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တာပဲ"

စကားဆုံးတော့ ယွီနျန့်ကို ကြည့်ပြီး

"နျန့်နျန့်... ဒါကို အရမ်းကြီး စိတ်ထဲမထားပါနဲ့။ ဒီလောကထဲမှာရော၊ ဒီကမ္ဘာပေါ်မှာပါ လူယုတ်မာတွေနဲ့ ဟန်ဆောင်ကောင်းတဲ့သူတွေ အများကြီးရှိတယ်။ မင်းက အသက် ၂၁ နှစ်ပဲ ရှိသေးတော့ ငယ်ပါသေးတယ်။ ဒီတစ်ခါကိုတော့ သင်ခန်းစာတစ်ခုရလိုက်တယ်။ အတွေ့အကြုံပိုရသွားတယ်လို့ပဲ သဘောထားလိုက်ပါ"

ရှီးရိုကလည်း ယွီနျန့်ဘက်က ကူပြောပေးသည်။

"ဒါ ယွီနျန့်အပြစ် မဟုတ်ပါဘူး။ ဒီရွှီရွှမ်က သရုပ်ဆောင် အရမ်းကောင်းလွန်းလို့ပါ"

မုန့်ယွမ်က မျက်လုံးပြူးကြည့်ပြီး

"အေးပါ... မင်းတို့အားလုံးက လူကောင်းတွေ၊ ငါတစ်ယောက်တည်းကပဲ လူဆိုးပေါ့"

ယွီနျန့်က ရယ်မောရင်း

"အခုတော့ ကျွန်တော်လည်း အဲဒီလူဆိုးစာရင်းထဲမှာ ပါဝင်ရတော့မယ် ထင်တယ်"

သူတို့တွေ ဒီကိစ္စကို နောက်တစ်နေ့အထိ အချိန်မဆွဲခဲ့ကြပါဘူး။ အဲဒီည ၇:၃၀ နာရီမှာပဲ နာမည်ကြီး ပါပါရာဇီ တစ်ယောက်က နောက်ထပ် နာရီဝက်နေရင် သတင်းကြီးတစ်ခု လာတော့မယ်ဆိုပြီးတင်လာသည်။ Weibo ပေါ်မှာ သတင်းစောင့်နေကြသည့် ပရိသတ်တွေကလည်း ဘာတွေဖြစ်မလဲဆိုတာ အမျိုးမျိုး ခန့်မှန်းနေကြတော့တာပေါ့။

ရှစ်နာရီ တိတိမှာတော့ အဲဒီပါပါရာဇီက ပြောတဲ့အတိုင်း အသံဖိုင်တစ်ခုကို တိုက်ရိုက်တင်လိုက်ပြီး စာသား ခြောက်လုံးတည်း ရေးထားသည်။

"အားလုံးပဲ သေသေချာချာ မြည်းစမ်းကြည့်ကြပါ"

[တောက်... ဒီအသံဖိုင်က ဘာလို့ ဒီလောက်ရှည်နေတာလဲ အစပိုင်းမှာတော့ အမျိုးသမီးတစ်ယောက် ဖုန်းပြောနေသံပဲ။ အနှစ်ချုပ်ပေးမယ့်သူ ရှိလား!]

[အနှစ်ချုပ်ပေးမယ့်သူ ရောက်ပါပြီ! ပထမပိုင်းမှာတော့ ဇာတ်လိုက်က အာယီ ဆိုတဲ့သူနဲ့ ဖုန်းပြောနေတာပါ။ အဓိကအချက်တွေကတော့ သူမညီမ ရှောင်ဖူ က ဂျီကျပြီး ဆေးမသောက်ဘူး၊ သူမကတော့ ဝမ်းနည်းပေမဲ့ မိဘတွေမရှိတော့လို့ သည်းခံရမယ်တဲ့။ အာယီ ပေးထားတဲ့ ပိုက်ဆံက လောက်ငရုံတင်မက နောက်ထပ် ခြောက်လစာတောင် ပိုနေသေးတယ်တဲ့။

[စိတ်ဝင်စားဖို့ကောင်းတာက ဒုတိယပိုင်းပါ။ ဇာတ်လိုက်က သူမမှာ ဆေးရုံတက်နေရတဲ့ ညီမလေးရှိနေလို့ ယွီနျန့်က ဒီကိစ္စကို ဆက်မလိုက်တော့ဘူးလို့ ပြောပါတယ်။ ဇာတ်လိုက်က ယွီနျန့်နားကပ်ဖို့ အကြောင်းပြချက်တစ်ခု ဖန်တီးခဲ့ဖူးပေမဲ့ ယွီနျန့်က ရှမင်းရှီးနဲ့ပဲ ဆော့နေတာတဲ့။ သူမက ဒါကို မကျေနပ်ဘဲ အခုအခွင့်အရေးကိုသုံးပြီး ထပ်ကြိုးစားဦးမယ်လို့ ပြောသွားတာပါပဲ။]

[အနှစ်ချုပ်ပေးတဲ့သူကို ဒူးထောက်ကျေးဇူးတင်ပါတယ်! အား... ဒါ သတင်းကြီးပဲလို့ ငါ အကြားအမြင်ရနေပြီ! ယွီနျန့်နဲ့ ရှမင်းရှီးလား သူတို့တွေ ထပ်ပြီး Hot Search တက်ဦးမလား ကဲ... အအေးဘူးလေးတွေပြင်ပြီး သတင်းကို စောင့်စားကြရအောင်!]

[ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာပဲ ငါသိချင်တာ! ယွီနျန့်ကတောင် အရေးမယူတော့ဘူးဆိုတဲ့အထိ သူမ ဘာတွေလုပ်ခဲ့တာလဲ]

[ငါ့မှာ သိပ်မကောင်းတဲ့ ခန့်မှန်းချက်တစ်ခုရှိတယ်... ယွီနျန့် ပြုတ်ကျပြီး ဒဏ်ရာရတဲ့ခြေထောက်နဲ့ ကခဲ့တာလေ။ အဲဒီကိစ္စလည်း Trending ဖြစ်ခဲ့တာပဲ မဟုတ်လား။ သူ ဘာလို့ ပြုတ်ကျခဲ့တာလဲ]

သတင်းက အရှိန်တက်လာတာကို မြင်တော့ ပါပါရာဇီက ဒုတိယ Weibo Post ကို ထပ်တင်လိုက်သည်။

"ခုနက အသံဖိုင်ကို သူနာပြုတစ်ယောက်ဆီကနေ အဖိုးတန်တဲ့ဈေးနဲ့ ဝယ်ထားတာပါ။ ဖုန်းပြောနေတဲ့သူကတော့ ရွှီရွှမ် ပါပဲ"

ဒီကိစ္စမှာ နာမည်ကြီးနေတဲ့ ယွီနျန့်၊ ရှမင်းရှီးနဲ့ ရွှီရွှမ်တို့ ပါဝင်နေသလို ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသား ကျောက်ယီ ရဲ့ နာမည်ကလည်း ချက်ချင်း ထွက်ပေါ်လာပါလေရော။ အာရုံစိုက်မှုတွေကလည်း တစ်ဟုန်ထိုး မြင့်တက်လာလျက်။ မှတ်ချက်ပေးသည့် နေရာမှာတော့ လူတွေက ဇာတ်လမ်းတွေကို အမျိုးမျိုး စိတ်ကူးယဉ်ပြီး ရေးနေကြပြီ။

ဒါပေမဲ့ ဒီပါပရာဇီကတော့ လုံးဝ မလောဘဲ ပရိသတ်တွေကို အငတ်ထားပြီးမှ နာရီဝက်ကျော်ကြာတော့ တတိယ Weibo Post ကို တင်လိုက်သည်။

"အားလုံးပဲ၊ ကျေးဇူးပြုပြီး ဒါကို ထပ်ပြီး မြည်းစမ်းကြည့်ကြပါဦး [အသံဖိုင် ၁] [အသံဖိုင် ၂]"

[အနှစ်ချုပ်ပေးမယ့်သူ ပြန်လာပါပြီ! အဓိကအချက်တွေကတော့ ရွှီရွှမ်က သူမညီမ ပြင်းပြင်းထန်ထန် ဖျားနာနေပြီး ဆေးရုံစရိတ်တွေ အများကြီးလိုတယ်ဆိုပြီး သနားအောင် ပြောခဲ့ပါတယ်။ သူမက ပိုက်ဆံရှာဖို့ ကြိုးစားနေပေမဲ့ အဆုံးမရှိတဲ့ ကျင်းကြီးလိုပဲတဲ့။ ယွီနျန့် စင်ပေါ်မှာ ပြုတ်ကျခဲ့တာက ရွှီရွှမ်က ဝန်ထမ်းတစ်ယောက်ကို ပိုက်ဆံပေးပြီး ရေဖြန်းခိုင်းခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ သူမညီမကို ကုဖို့ ပထမဆုကြေးငွေ ယွမ် ၅ သိန်းကို လိုချင်လို့ပါတဲ့။ ယွီနျန့်က ဒါကို သိသွားတဲ့အခါ ရွှီရွှမ်က ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့တယ်။ ယွီနျန့်ကလည်း အရေးမယူတော့ဘူးလို့ ပြောခဲ့ပြီး ရွှီရွှမ်ကတော့ သူမညီမအတွက် လက်မှတ်ထိုးပေးဖို့ပါ ချိန်းဆိုခဲ့တာပါ။ ဒါပါပဲ!]

[ငါတော့ ဆဲမိတော့မယ်! ရွှီရွှမ်က ပထမဆုလိုချင်လို့ ယွီနျန့်က သူ့လမ်းကို ပိတ်နေတယ်ဆိုပြီး စင်ပေါ်မှာ ရေဖြန်းခဲ့တာပေါ့။ ပြီးတော့ သူ့ညီမလေးရဲ့ ဒုက္ခတွေကို ရောင်းစားပြီး ယွီနျန့်ကို အမှုမဖွင့်အောင် ဖိအားပေးခဲ့သေးတယ်။ အခုကျတော့ ဒီကိစ္စကို အခွင့်ကောင်းယူပြီး ယွီနျန့်နား ကပ်ဖို့ ကြိုးစားနေတာလား]

[ရွှီရွှမ်က Variety Show တစ်ခုမှာ သူ့ညီမလေး အသည်းအသန် ဖျားနာနေတဲ့အကြောင်းနဲ့ သူတို့ညီအစ်မ ဆက်ဆံရေး အရမ်းကောင်းတဲ့အကြောင်း ပြောဖူးတယ်...]

[ဒီသတင်းကြီးကတော့ တကယ်ကို အံ့ဩစရာပဲ! ဒါပေမဲ့ ဒီအသံဖိုင် သုံးခုထဲက စကားတွေက တစ်ခုနဲ့တစ်ခု မကိုက်ညီဘူးဖြစ်နေတယ်။ သူမက ဆေးရုံစရိတ် ပေးနိုင်တာလား၊ မပေးနိုင်တာလား]

[ယွီနျန့်ကတော့ တကယ်ကို သနားဖို့ကောင်းတာပဲ။ ခြေထောက်လည်း ဒဏ်ရာရတယ်။ ပြီးတော့ ပရိယာယ်များတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်ကိုင်မှုကိုလည်း ခံလိုက်ရသေးတယ်။ တစ်ဖက်လူကတော့ အခုထိ သူ့နားကပ်ဖို့ ကြိုးစားနေတုန်းပဲ။ ယွီနျန့်ရဲ့ စိတ်အခြေအနေ ဘယ်လိုရှိနေမလဲဆိုတာ ငါတကယ် သိချင်မိတယ်!]

အခြားတစ်ဖက်တွင်တော့ ယွီချင်းက ဖုန်းဆက်လာပြီး ရယ်မောကာ ပြောလိုက်သည်။

"နျန့်နျန့်... မင်း အဲဒီမိန်းကလေးနဲ့ ပထမဆုံးအကြိမ် တွေ့တုန်းက စကားတွေကို အသံဖမ်းထားတယ်လို့ ဘာလို့ ငါ့ကို မပြောတာလဲ"

ယွီနျန့်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်

"အဲဒီတုန်းက... ကြိုတင်ကာကွယ်ထားတာ ကောင်းမယ်ထင်လို့ပါ"

ယွီချင်းက စိတ်ကြည်လင်နေပုံရသည်။

"တို့တွေ အားလုံး လူကြီးတွေဖြစ်ကုန်ကြပြီပဲ နျန့်နျန့်ရေ။ သက်သေခိုင်လုံအောင် အသံဖမ်းထားရမယ်ဆိုတာ သိလာပြီပေါ့။ ဒီတစ်ခါ လုပ်လိုက်တာ တကယ်ကို လှပတယ်!"

ယွီနျန့်က ရှင်းပြသည်။

"အဲဒီတုန်းက ကျွန်တော် တုံ့ဆိုင်းနေခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ အသံစဖမ်းခဲ့တာပါ"

"ဒီအသံဖိုင် သုံးခုလုံး ထွက်လာတော့ ဇာတ်လမ်းက အပြည့်အစုံ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ရွှီရွှမ်ဘက်က အဲဒီ ကျောက်ယီဆိုတဲ့သူကို ငါ အရင်က ဆက်သွယ်ပြီး စကားအနည်းငယ် ပြောပေးဖို့ တောင်းဆိုခဲ့သေးတယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ဖြေတာက တစ်စုံတစ်ယောက်က သူ့ဆီ ဖုန်းဆက်ပြီးပြီတဲ့ ဆေးမှတ်တမ်းတွေ အကုန်ပို့ပေးဖို့ အလေးအနက် ပြောထားတယ်လို့ ဆိုတယ်"

ယွီနျန့် အသက်ကို ဝဝရှူလိုက်သည်။

"ကဲပါ...ငါ ဖုန်းချလိုက်တော့မယ်။ သတင်းတွေကို ဆက်ပြီး စောင့်ကြည့်နေဦးမယ်။ အခုတလော ရိုက်ကူးရေးအဖွဲ့ထဲမှာ ပျင်းစရာကောင်းနေတာကို ဒီသတင်းတွေနဲ့ပဲ ဖြေဖျောက်နေရတာ!"

ဖုန်းချပြီးနောက် ရွှီရွှမ်ထံမှ စာတစ်စောင် ဝင်လာသည်ကို တွေ့လိုက်ရသည်။

[ယွီနျန့်... မင်းက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါ မင်းကို အထင်ကြီးမိသွားတာပဲ]

ယွီနျန့်က လက်တစ်ဖက်တည်းဖြင့် စာပြန်ရိုက်လိုက်သည် ။

"ကျွန်တော်က ဒီလိုလူမျိုးပါ။ တောင်းပန်ပါတယ်"

သိပ်မကြာမီမှာပင် သူဌေးသား ကျောက်ယီက လူကိုယ်တိုင် ပါဝင်လာပြီး စာတစ်ကြောင်း တင်လိုက်သည်။

[တောက်... ငါကတော့ တကယ်ကို မျက်စိကန်းခဲ့တာပဲ! ဒီပိုက်ဆံတွေကို လှူလိုက်တာကမှ ပိုကောင်းဦးမယ်!]

ဟုဆိုကာ ပုံ ကိုးပုံကိုလည်း တွဲတင်ထားသည်။ ထိုအထဲတွင် ရွှီရွှမ်ထံ ယွမ် ၂ သန်းကျော် လွှဲထားသည့် မှတ်တမ်းများ၊ ရွှီရွှမ်က ပို့ပေးထားသည့် ဆေးမှတ်တမ်းများနှင့် သူတို့နှစ်ဦး၏ စကားပြောမှတ်တမ်းများ ပါဝင်သည်။

သတင်းစောင့်ကြည့်နေသူများက ယွမ် ၂ သန်းကျော် လှူလိုက်ခြင်းမှာ အမှန်တကယ်ပင် ရက်ရောလွန်းသည်ဟု လှောင်ပြောင်ကြသည်။

ယွီနျန့်၏ နာမည်ကျော်ကြားမှု မြင့်တက်လာသည်နှင့်အမျှ ပရိသတ်များနှင့် လမ်းကြုံဝင်ကြည့်သူများမှာ ရွှီရွှမ်၏ Weibo တွင် ဝိုင်းဝန်းမှတ်ချက်ပေးကြသည်။ ရွှီရွှမ်က အတန်ကြာမှ Weibo Post တစ်ခု တင်လာသည်။

[ညီမလေးက ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးပါ၊ ကျွန်မ သူမကို အဆုံးရှုံးမခံနိုင်ဘူး။ သူမ အရမ်းနေမကောင်းဖြစ်နေတာမို့လို့ ကျေးဇူးပြုပြီး လာပြီး မနှောင့်ယှက်ကြပါနဲ့]

ဒီ Post တက်လာပြီးနောက် အချို့က ရွှီရွှမ်က သနားစရာကောင်းအောင် ထပ်ပြီး ဟန်ဆောင်နေပြန်ပြီဟု ဆိုကြသော်လည်း အချို့ကမူ သူမ၏ နည်းလမ်းများ မသန့်ရှင်းသော်လည်း ညီမဖြစ်သူကို ကုသရန်အတွက် အခြားနည်းလမ်းမရှိသဖြင့် ခွင့်လွှတ်ပေးသင့်ကြောင်း၊ ဘာလို့ ဒီလောက်အထိ အတင်းအကျပ် လုပ်နေကြတာလဲဟု ဆိုလာကြသည်။

ထိုသို့သော ဝေဖန်မှုများက အားသာလာချိန်တွင် ဆေးဘက်ဆိုင်ရာ ဖိုရမ်တစ်ခုမှ နာမည်ကြီး ပညာရှင်တစ်ဦးက ရုတ်တရက် ထောက်ပြလိုက်သည်။

"ကျောက်ယီဆီ ပို့ထားတဲ့ ဆေးမှတ်တမ်း ဓာတ်ပုံတွေအရဆိုရင် သူမညီမက လေးငါးနှစ်လောက် ကုသမှု ခံယူနေရတာပါ။ ဒါပေမဲ့ ဒီရောဂါအကြောင်း နားလည်တဲ့သူတိုင်း သိတာက စောစောခွဲစိတ်လေ ပိုကောင်းလေပါပဲ။ အချိန်ဆွဲလေ အခြေအနေ ပိုဆိုးလေပဲ။ မှတ်တမ်းတွေကို သေချာစစ်ဆေးကြည့်တော့ ရောဂါက အခု ပိုပြင်းထန်လာပေမဲ့ ခွဲစိတ်ဖို့အတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတုန်းပါပဲ။ ဒါဆို ဘာလို့ ခွဲစိတ်မှုကို ဒီလောက်အထိ အချိန်ဆွဲထားရတာလဲ @ရွှီရွှမ်"

ဒီကောက်ချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သတင်းစောင့်ကြည့်နေသူများ အားလုံး ထိတ်လန့်သွားကြတော့သည်။

[ခွဲစိတ်မှုမလုပ်ဘဲ ရောဂါမပျောက်ကင်းအောင် ထားရတဲ့ အကြောင်းရင်းက... ဒီအကြောင်းပြချက်က အသုံးဝင်လွန်းနေလို့လား]

[ဟားဟား... တကယ်လို့ သူမညီမသာ ရောဂါပျောက်သွားရင် ရွှီရွှမ်က ဘယ်ကနေ သနားစရာကောင်းတဲ့၊ ကြင်နာတတ်တဲ့၊ ကိုယ်ချင်းစာစရာကောင်းတဲ့ အကြောင်းပြချက်မျိုး ရတော့မှာလဲ သူမ စိတ်လွတ်ကိုယ်လွတ် အမှားတွေလုပ်ခဲ့မိတယ်လို့ ဘယ်လိုပြောတော့မှာလဲ ဘယ်လိုလုပ်ပြီး သူဌေးသားတွေဆီက ပိုက်ဆံတောင်းပြီး လူတွေကို ဒုက္ခပေးဖို့ အကြောင်းပြချက် ရှာနိုင်တော့မှာလဲ]

[အား... အိပ်လို့မရတော့ဘူး၊ အိပ်လို့မရတော့ဘူး။ ဒီသတင်းကို အစအဆုံး ဖတ်နေရတာ။ ယွီနျန့်ရဲ့ ခြေထောက်ကရော နောက်ဆက်တွဲ ဝေဒနာတွေ ကျန်ခဲ့ဦးမှာလား အဲဒီ ကံဆိုးရှာတဲ့ ညီမလေးရော အခု အဆင်ပြေရဲ့လား]

[ကျွန်တော်တို့ နျန့်နျန့်က သနားစိတ်နဲ့ သူမရဲ့ အတွေ့အကြုံကြောင့် အရေးမယူဘဲ ထားခဲ့တာကို၊ အခုလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး! တကယ်ကို စိတ်တိုပြီး စိတ်ဓာတ်ကျရတယ်! လူတွေက ဘာလို့ ဒီလောက်အထိ ယုတ်မာနိုင်ရတာလဲ နျန့်နျန့်အတွက်လည်း စိတ်မကောင်းဘူး! သူမညီမလေးအတွက်လည်း တကယ်ကို ရင်နာရတယ်!]

မနက်အရုဏ် တစ်နာရီထိုးသည်အထိ Weibo ပေါ်က အရှိန်အဟုန်က ကျမသွားခဲ့ပါဘူး။ မုန့်ယွမ်နဲ့ ရှီးရိုတို့ကတော့ ပြန်သွားကြပါပြီ။ ယွီနျန့်ကတော့ မှင်အိုးထဲ ရေအနည်းငယ်ထည့်ပြီး တည်ငြိမ်စွာနဲ့ စာအုပ်တစ်မျက်နှာစာ ရေးသားနေခဲ့သည်။

ဒီအချိန်မှာပဲ ဖုန်းမြည်လာသည်။ ယွီနျန့် ဖွင့်ကြည့်လိုက်တော့ ရှဲ့ယို့ဆီက စာဖြစ်နေ၏။

[တံခါးဖွင့်ပေးပါ]

စက္ကန့်အနည်းငယ်တောင် မကြာခင်မှာပဲ ဒုတိယစာတစ်စောင် ထပ်ရောက်လာသည်။

[မလောနဲ့နော်၊ ဖြည်းဖြည်းချင်းပဲ လာခဲ့]

ယွီနျန့် မှင်သက်သွားသည်။ သူ လက်ထဲက စုတ်တံကိုချပြီး တံခါးဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တော့…

အနက်ရောင် ဝတ်စုံအပြည့်နဲ့ အမျိုးသားတစ်ယောက်က တံခါးအပြင်မှာ ရပ်နေပြီး ယွီနျန့်ကို သေတ္တာလေးတစ်လုံး ကမ်းပေးလာသည်။ ယွီနျန့် လှမ်းယူလိုက်ပြီးတဲ့နောက် သူက ဘာစကားမှ မပြောဘဲ လှည့်ထွက်သွားရော။

တံခါးကို ပြန်ပိတ်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ ယွီနျန့်ဟာ ပုံစံလေး နည်းနည်းပျက်နေသည့် ကိတ်မုန့်သေးသေးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ဘေးနားမှာတော့ လက်ရေးနဲ့ ရေးထားသည့် ကတ်ပြားလေး တစ်ခုရှိနေပြီး အဲဒီပေါ်မှာ

“စိတ်မကောင်းမဖြစ်ပါနဲ့”

ယွီနျန့်ဟာ နေရာမှာတင် ရပ်နေရင်း ကိတ်မုန့်ပေါ်က ခရင်မ်လေးကို လက်နဲ့တို့ပြီး မြည်းစမ်းကြည့်လိုက်သည်။

တကယ်ကို... အရမ်းချိုမြိန်တာပဲ။

Comments

  1. ဟာ ယိုယိုလေး စားပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...