အခန်း (၂၉) ဘာတွေ ကြည့်နေတာလဲ
ရိုက်ကူးရေး ပြီးသွားချိန်မှာတော့ ဟဲချိုးပိုင်ကလည်း အောင်ပွဲခံဖို့အတွက် အတူတူ ညစာစားကြဖို့ အဆိုပြုလာသည်။ ယွီနျန့်နဲ့ တခြားသူတွေကတော့ ကိုယ်ပိုင်ကားတွေနဲ့ မသွားတော့ဘဲ အဖွဲ့လိုက် ကားတန်းကြီးနဲ့ပဲ သတ်မှတ်ထားတဲ့နေရာကို အတူတူ ထွက်လာခဲ့ကြသည်။
ရှမင်းရှီးက ယွီနျန့်ရဲ့ကားပေါ်ကို ခုန်တက်လာပြီး နောက်ခန်းမှာ ထိုင်ရင်း ဖုန်းပြောနေသည်။
"မေမေ... သိပါပြီ၊ သိပါပြီဆို။ ကျွန်တော် အများကြီး မသောက်ပါဘူး၊ ကယ်လိုရီများတာတွေ၊ အဆီများတာတွေလည်း မစားပါဘူး... ပြီးတော့ ကျွန်တော့်ကိုပေါင်းပေါင်း လို့ ခေါ်တာ ရပ်လို့မရဘူးလား။ ကျွန်တော် အသက် ၂၀ ကျော်နေပြီလေ..."
ဖုန်းချလိုက်ပြီးသည့်နောက် ရှမင်းရှီးက စိုးရိမ်တကြီးနဲ့ သူ့ဆံပင်တွေကို ထိုးဖွနေမိသည်။
"အား... ငါ့အဖေက ပြောတယ်။ ဒီအပိုင်းသာ ထုတ်လွှင့်ရင် ငါဆုရတာကို ဂုဏ်ပြုဖို့ Weibo မှာ Post တင်မယ်တဲ့! ငါက တတိယပဲ ရတာလေ။ ဘာတွေ ဂုဏ်ပြုစရာ ရှိလို့လဲ အဲဒါကိုမှ သူက Weibo တင်ဦးမယ်တဲ့! ငါ့အမေကပါ ထပ်ပြီး Forward လုပ်လိုက်ရင်တော့ အဲဒီ ဦးလေးတွေ၊ အဒေါ်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကလည်း…"
သူက ထိုင်ခုံကို မှီချလိုက်ရင်း ကြောင်အမ်းအမ်းနဲ့ ပြောရှာသည်။
"နျန့်နျန့်ရေ... သွားပါပြီ။ ငါတော့ ဒီကိစ္စနဲ့တင် တကယ်ပဲ Hot Search တက်တော့မယ် ထင်တယ်"
ယွီနျန့်က ရေခွက်ကို ကိုင်ထားရင်း ပြုံးလိုက်သည်။
"ကောင်းပါတယ်၊ သူတို့က မင်းကို အရမ်းချစ်ကြတာပဲလေ"
သူ့အဘိုးနဲ့ အဘွားသာ ရှိနေသေးရင် ရှမင်းရှီးရဲ့ မိဘတွေလိုပဲ ဖြစ်မှာပဲလို့ သူ တွေးနေမိသည်။ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် သူတို့ရဲ့ သူငယ်ချင်းဟောင်းတွေကို သူ့အကြောင်းတွေ ကြွားလုံးထုတ်နေကြမှာ သေချာတာပေါ့။
ရှမင်းရှီးက သူ့ပါးသူ ပုတ်လိုက်ပြီး
"ထားလိုက်ပါတော့! အရှက်ကွဲတာလည်း ကွဲပါစေတော့! ငါငယ်ငယ်တုန်းက ဖင်ဗလာနဲ့ ပုံတွေကိုတောင် သူတို့က Weibo ပေါ် တင်ထားဖူးတာပဲ။ ငါ့ရဲ့ အမာခံပရိသတ်တွေဆီမှာ တစ်ပုံစီ ရှိနေကြတာ။ ဒီတစ်ခါ ဂုဏ်ပြုတာကတော့ ဘာမှ မဟုတ်တော့ပါဘူး"
ပြောရင်းဆိုရင်းနဲ့ သူက သူ့မိဘတွေရဲ့ Weibo မှာ ဘာတွေ ထူးခြားနေလဲဆိုတာ ကြည့်ဖို့ ဖုန်းထုတ်လိုက်သည်။ ဒါပေမဲ့ ပထမဆုံး မြင်လိုက်ရတာကတော့
"နျန့်နျန့်... မင်းကို အမြဲတမ်း တိုက်ခိုက်နေတဲ့ အဲဒီ ရှဲ့ယို့က ကံစမ်းမဲတစ်ခု တင်ထားတယ်ဟ!"
"ရှဲ့ယို့"
"ဟုတ်တယ်၊ သူပဲ။" ရှမင်းရှီးက သေသေချာချာ ထပ်ကြည့်လိုက်ပြီး
"ည ၁၀ နာရီကျော်မှာ တင်ထားတာပဲ။ အဲဒီအချိန်က တို့တွေ ရိုက်ကူးရေးလည်း မပြီးသေးဘူး၊ ဆုတွေပေးနေတဲ့ အချိန်ကြီးလေ... ဝါး၊ အများကြီးပဲ! ဒါက ပိုက်ဆံတွေကို ဒီတိုင်း ကျဲချလိုက်တာ မဟုတ်လား။ ဒါပေမဲ့ ပို့စ်ရဲ့ စာသားကတော့ တကယ်ကို တိုလွန်းတယ်။ 'ဂုဏ်ယူပါတယ်' ဆိုတဲ့ စကားလုံး တစ်လုံးတည်းပဲ။ ဘာအတွက် ဂုဏ်ယူတာလဲ။ ဘယ်သူ့ကို ဂုဏ်ယူတာလဲဆိုတာ သူ မပြောထားတော့ သူ့ Weibo မှာ လူတိုင်းက ဝိုင်းပြီး ခန့်မှန်းနေကြတာပဲ..."
ယွီနျန့် အနည်းငယ် မှင်သက်သွားရသည်။
သူ့ခေါင်းထဲမှာ ဒီစကားလုံးလေးနဲ့ ပတ်သက်သော အမှတ်တရတွေ ပြန်ပေါ်လာလျက်…
ကလပ် စင်္ကြံလမ်းမှာ မတော်တဆ ဆုံတုန်းက ရှဲ့ယို့ ပြောခဲ့တာက "ပထမရတဲ့အတွက် ဂုဏ်ယူပါတယ်" တဲ့။ သီးသန့်စားသောက်ဆိုင်မှာ ဆုံတုန်းကလည်း ရှဲ့ယို့က "ဂုဏ်ယူပါတယ်" လို့ ပြောခဲ့ဖူးသည်။ ချိုင်းထောက်နဲ့ ချော်လဲလုနီးပါး ဖြစ်ချိန်မှာ ရှဲ့ယို့က သူ့ကို ဖေးမပေးရင်း ပြိုင်ပွဲရလဒ်တွေအကြောင်း ပြောတော့လည်း ဒီစကားကိုပဲ သုံးခဲ့တာ
"ဂုဏ်ယူပါတယ်"။
ယွီနျန့်၊ ပထမဆုရတဲ့အတွက် ဂုဏ်ယူပါတယ်။
ယွီနျန့် ရုတ်တရက် ပြတင်းပေါက်ဘက်ကို မျက်နှာလွှဲလိုက်ပြီး မျက်တောင်လေးတွေ မှေးစင်းကာ ပြုံးလိုက်မိသည်။
***
နောက်တစ်နေ့ မွန်းတည့်ခါနီးမှာတော့ ယွီနျန့်ဟာ ဆေးရုံကို ပြန်လည်စစ်ဆေးဖို့ သွားရသည်။ မုန့်ယွမ်ကတော့ စိတ်မချနိုင်တာကြောင့် ခြေလှမ်းတိုင်းကို ထပ်ကြပ်မကွာ လိုက်ပါစောင့်ကြည့်နေပြီး ဆရာဝန်က ဘာမှမဖြစ်တော့ဘူးလို့ အတည်ပြုပေးလိုက်မှပဲ စိတ်အေးသွားရပါတော့၏။
ဆေးရုံက ထွက်လာတော့ မုန့်ယွမ်က ကားမောင်းရင်း ယွီနျန့်ကို စကားပြောလာသည်။
"မနေ့ညက လောင်ဟဲက မူးနေပြီး ငါ့ကို ဘေးဆွဲခေါ်ပြီး မင်းကို ချီးမွမ်းနေသေးတယ်။ မင်းက တိုးတက်မှု အရမ်းမြန်တယ်။ တစ်ယောက်တည်း ရပ်တည်နိုင်နေပြီတဲ့။ မင်းကိုကြည့်ရတာ Hot Search တက်နေတဲ့ လူတစ်ယောက်ကို မြင်နေရသလိုပဲ။ မင်းရဲ့ အနာဂတ်က တကယ့်ကို တောက်ပနေမှာပါတဲ့လေ"
သူက လေသံကို ပြောင်းလိုက်ပြီး
"မင်းက ဒီတစ်ခေါက် သေချာပေါက် ကရမယ်လို့ ငါတို့ကို ပြောခဲ့တာလေ။ ကံကောင်းလို့ ဘာမှမဖြစ်တာ၊ တကယ်လို့ တစ်ခုခုသာ ဖြစ်သွားရင် မင်း တကယ်နောင်တရနေမှာ!"
ယွီနျန့်က ခေါင်းညိတ်လက်ခံတာကို မြင်တော့ မုန့်ယွမ်က စိတ်ထဲကနေတွေးမိသည်။ နောင်မှာလည်း ဒီလိုကိစ္စမျိုးတွေနဲ့ ထပ်ကြုံရင် ယွီနျန့်ကတော့ အရင်အတိုင်းပဲ ခေါင်းမာနေဦးမှာ။ ဒါမှမဟုတ် အရင်ကထက်တောင် ပိုဆိုးသွားနိုင်တယ်ဆိုတာပါပဲ။
"ထားပါတော့၊ ထားပါတော့။ ငါလည်း တော်တော်လေး ပွစိပွစိ လုပ်မိနေပြီ ထင်တယ်..."
ယွီနျန့်က ပြုံးပြီး "အဲ့လိုလည်း မဟုတ်ပါဘူး အစ်ကိုရ!" ဟူ၍ ပြောပေမဲ့
"ငါက မင်းကို ယုံမယ်များ မှတ်နေလား!"
မုန့်ယွမ်က အဲဒီလိုပြောပေမဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။
"ဒါနဲ့ ဒါရိုက်တာရွှီ ငါ့ကို ဆက်သွယ်လာတယ်။ ရုပ်ရှင်ပရိုမိုးရှင်းသီချင်းအတွက် လူရွေးပွဲကို အောက်တိုဘာ ၁၁ ရက်နေ့မှာ သတ်မှတ်ထားတယ်။ အဲဒီမတိုင်ခင်အထိ အိမ်မှာပဲ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ပါ။ ဟိုပြေးဒီလွှား မလုပ်နဲ့ဦး။ ခြေထောက်ကို အကောင်းဆုံးဖြစ်အောင် ထားဖို့က အရေးအကြီးဆုံးပဲ! နားလည်လား"
ယွီနျန့်ကလည်း အခြေအနေရဲ့ အရေးကြီးပုံကို သိတာကြောင့် အလေးအနက် ခေါင်းညိတ်ပြသည်။
"နားလည်ပါပြီ"
"အေး... အဲဒါမှပေါ့! 'Sound of Nature' က ရတဲ့ ဆုကြေးငွေ ယွမ် ၅ သိန်းကတော့ မင်းအကောင့်ထဲကို ရောက်သွားပြီ။ ဥက္ကဋ္ဌချွိက ကိုယ်တိုင်ပြောတယ်။ ဆုကြေးငွေထဲကနေ ကုမ္ပဏီက ဘာမှဖြတ်မှာ မဟုတ်ဘူးတဲ့။ နောက်ပြီး Xinghai Live က ရတဲ့ ပိုက်ဆံတွေကိုလည်း နောက်နှစ်ရက်နေရင် ရှင်းပေးလိမ့်မယ်။ မင်းရဲ့ အကောင့်လက်ကျန်ကို သတိထားကြည့်ထားဦး"
ယွီနျန့်က ပျော်ရွှင်နေသည့် စိတ်အခြေအနေကို လုံးဝမဖုံးကွယ်ဘဲ ပြုံးနေတာကို မြင်တော့ မုန့်ယွမ်က ကားစတီယာရင်ကို ပုတ်ရင်း
"အရမ်းပျော်နေတယ် မဟုတ်လား"
"တကယ်ကို စိတ်ကြည်လင်နေတာပဲ!"
မုန့်ယွမ်ကလည်း လိုက်ရယ်ပြီး
"ကောင်းပြီ၊ ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် တို့တွေကတော့ တစ်လှမ်းချင်းစီ မှန်မှန်ကန်ကန် တက်လှမ်းနေတာပဲ။ ငါးနှစ်အတွင်းမှာ ယွမ်သန်း ၂၀၀ ရှာမယ်ဆိုတဲ့ မင်းရဲ့ အိပ်မက်က တကယ်ဖြစ်လာနိုင်တာပဲ!"
အိမ်ပြန်ရောက်တော့ ယွီနျန့်က မီးဖိုလေးကို အပူပေးပြီး စွပ်ပြုတ်တည်ထားလိုက်သည်။ စိတ်အေးလက်အေး ဖြစ်သွားတဲ့အခါမှာတော့ ရက်အတော်ကြာ စဉ်းစားထားခဲ့သည့် သီချင်းစာသားတွေကို တစ်ထိုင်တည်း အပြီးရေးလိုက်ပြီး ပြင်ဆင်ချက် တစ်ခုမှမလုပ်ဘဲ ယွီချင်းဆီကို တိုက်ရိုက် ပို့ပေးလိုက်၏။
ယွီချင်းက ချင်ချင်းဖုန်းခေါ်လာသည်။ သူမရဲ့ အသံက တည်ငြိမ်မနေဘဲ စိတ်လှုပ်ရှားစွာနဲ့
"နျန့်နျန့်... ဒီလိုစာသားမျိုးတွေ ရေးနိုင်အောင် မင်း ဘာဆေးတွေ စားထားတာလဲ။ အခုချက်ချင်းတောင် အသံသွင်းစတူဒီယိုထဲကို ပြေးဝင်သွားချင်စိတ် ပေါက်နေပြီ!"
"ဟား ဟား အစ်မကလည်း ချဲ့ကားပြောနေပြန်ပြီ"
"တကယ်ကို ကောင်းတာပါဆို… အရင်က မင်းရေးခဲ့တာတွေနဲ့ ယှဉ်ရင် အများကြီး ပိုတိုးတက်လာတယ်။ အခုစီစဉ်ထားတဲ့ ရိုက်ကွင်းနှစ်ခုပြီးတာနဲ့ ထုတ်လုပ်သူတွေကို ပြလိုက်မယ်။ ငါ့အထင်တော့ သူတို့ ချက်ချင်း သဘောတူကြမှာပဲ"
"အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့"
"မင်းလေသံကို နားထောင်ရတာ... နျန့်နျန့်၊ မင်း ပိုက်ဆံပြန်ပြတ်နေပြီ မဟုတ်လား"
ယွီနျန့် အမှန်အတိုင်းပဲ ဝန်ခံလိုက်သည်။
"အခုလောလောဆယ်တော့ မပြတ်သေးပါဘူး။ 'Sound of Nature' က ရတဲ့ ဆုကြေးငွေနဲ့ Live လွှင့်လို့ရတဲ့ ပိုက်ဆံတွေက ဒီနှစ်ရက်အတွင်း ဝင်လာမှာပါ။ ဒါပေမဲ့ အဲဒါတွေကလည်း ကုန်တော့မှာပဲ"
"မင်း တစ်ခုခု ထပ်ဝယ်တော့မလို့လား ဒါနဲ့... ငါ ရုတ်တရက် သတိရလိုက်တယ်။ နိုင်ငံခြားက လေလံပွဲတစ်ခုမှာ 'ငှက်ပုံပါတဲ့ ကျောက်စိမ်း ဝိုင်အိုး' တစ်လုံး ပေါ်လာတယ်ဆိုတဲ့ သတင်းကြားလိုက်မိလို့။ အဲဒါကို လျှို့ဝှက်ဝယ်ယူသူတစ်ယောက်က ဝယ်သွားတယ်ဆိုတာ... မင်းလား"
"ယူညောင်မင် ကျောက်စိမ်း ဝိုင်အိုး လေ"
ယွီနျန့်က အမည်ကို တိတိကျကျ ပြန်ပြောပြလိုက်ပြီး
"ဟုတ်တယ်၊ အဲဒါ ကျွန်တော် ဝယ်လိုက်တာ။ ဦးလေးရုံက သတင်းပေးလို့ သူကိုယ်တိုင် သွားပြီး လေလံဆွဲပေးခဲ့တာ"
ယွီချင်း ခဏလောက် တိတ်ဆိတ်သွားပြီးမှ
"ဒါဆို... Xingyao နဲ့ စာချုပ်ချုပ်တုန်းကရတဲ့ ပိုက်ဆံ၊ 'Sound of Nature' ကရတဲ့ အနုပညာကြေးနဲ့ မင်းစုထားတဲ့ သီချင်းရေးခတွေ အကုန်လုံးက အဲဒီထဲ ပါသွားပြီပေါ့"
ယွီနျန့်က ပေါ့ပေါ့ပါးပါး လေသံနဲ့ပဲ
"ဟုတ်တယ်၊ လေလံပြိုင်ဆိုင်မှုတော့ ရှိခဲ့ပေမဲ့ ကံကောင်းလို့ ပိုက်ဆံက အံကိုက်ဖြစ်သွားတာ။ မဟုတ်ရင်တော့ အဆင်ပြေပြေ ပြန်ဝယ်နိုင်မှာ မဟုတ်ဘူး"
"အဲဒီပစ္စည်းက အခု ဘယ်မှာလဲ"
"အားလုံးကို ဘဏ္ဍာတိုက် ထဲမှာ ထည့်ထားတယ်"
"ဒီစကားတွေကို ထပ်ခါတလဲလဲ ပြောရတာ ငါလည်း ပျင်းလှပြီ! မင်းလည်း ကိုယ့်ဘာသာကိုယ် သိတာပဲ။ နောက်မှ ထုတ်လုပ်သူနဲ့ စကားပြောတဲ့အခါ ဈေးကို မြှင့်တောင်းကြည့်ပေးမယ်။ မင်းကတော့ ပါးစပ်ဟပြီး တောင်းမယ့်သူ မဟုတ်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ ပိုက်ဆံ တကယ်ပြတ်သွားရင် ငါ့ကို ပြောဖို့ မမေ့နဲ့ဦး"
"ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာ မလိုပါဘူး။ ပရိုမိုးရှင်းသီချင်းအတွက်တော့ မင်း အစွမ်းကုန် ကြိုးစားပါ။ တကယ်လို့ ရွေးချယ်ခံရရင်တော့ ဈေးနှုန်းပိုင်းကို ငါ ဝင်မစွက်ဖက်တော့ဘူး။ မင်းရဲ့ အေးဂျင့်နဲ့အတူ သေသေချာချာ ညှိနှိုင်းရမှာနော်"
"နားလည်ပါပြီ"
အောက်တိုဘာ ၅ ရက် ည ၈ နာရီမှာတော့ "Sound of Nature" ဒုတိယရာသီရဲ့ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်တော့မှာပါ။ မူလကတည်းက ဒီအစီအစဉ်ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အပတ်စဉ် ထုတ်လွှင့်တိုင်း Hot Search ဇယား၏ ထိပ်ဆုံးမှာ နေရာယူထားဆဲ။ အစီအစဉ်အဖွဲ့ကလည်း ပိုက်ဆံအပုံလိုက်သုံးပြီး Trending စာရင်းမှာ တစ်ရက်နှစ်ရက်လောက် ကြိုတင်နေရာယူထားသလို၊ ဆက်ပြီးတော့လည်း ရှိနေဦးမှာပါ။ တရားဝင်ဘလော့ဂ်ကနေ ယွီနျန့်အပါအဝင် အဖွဲ့ဝင်လေးယောက်စလုံးပါသည့် စက္ကန့် ၂၀ စာ ဗီဒီယိုအတိုလေးကို ဖြန့်ချိလိုက်တာက ပရိသတ်တွေကို တကယ့်ကို ရင်ခုန်သွားစေသည်။
ဟဲချိုးပိုင်က ရုံးခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မုန့်ယွမ်ကို မေးလိုက်သည်။
"လောင်မုန့်... မင်း မရင်ခုန်ဘူးလား"
မုန့်ယွမ်ကတော့ ဘီယာသောက်ရင်း အသားကင်စားနေပြီး ထူးဆန်းသလို ပြန်ကြည့်ကာ
"ငါ့အနုပညာရှင်က ရှစ်ပွဲလုံးမှာ ပထမရထားတာလေ၊ အခုမှ ဘာကို ရင်ခုန်နေရဦးမှာလဲ"
"......" ဟဲချိုးပိုင် ခဏမှင်သက်သွားသည်။
"အဲဒါလည်း ဟုတ်တာပဲ!"
သူက ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး ဘီယာတစ်ဘူးကို ဖွင့်ဖောက်လိုက်ပြီး
"ဒီအပိုင်းရဲ့ ကြည့်ရှုနှုန်း ကတော့ တက်မှာသေချာတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ရောက်မလဲဆိုတာပဲ မသိတာ!"
မုန့်ယွမ်က သူ့ကို အာလူးဖုတ် နှစ်တုတ် ကမ်းပေးရင်း မျက်ခုံးပင့်ပြလိုက်သည်။
"တကယ်လို့ Rating ၃ ကျော်အောင် မတက်နိုင်ရင်၊ ငါ့ကို မင်းအဖေလို့ သုံးရက်တိတိ ခေါ်ခွင့်ပေးမယ်!"
ဟဲချိုးပိုင်က သူ့ပေါင်သူပုတ်ပြီး အကျယ်ကြီး ရယ်မောလိုက်တော့သည်။
"ကောင်းပြီလေ! မင်းက အဲဒီလိုပြောမှတော့ ၃ မကျော်ရင်တောင် ငါကတော့ ပျော်နေမှာပဲ! ငါတို့ စားပွဲ ၁၀ လုံးစာနဲ့ ဂုဏ်ပြုပွဲ လုပ်ကြမယ်။ ပြီးရင် မင်း ငါ့ကို 'အဖေ' လို့ ခေါ်တာကို ငါ နားထောင်ရမှာပေါ့!"
မုန့်ယွမ်: "......"
အစီအစဉ်ရဲ့ ပထမဆုံး မိနစ်အနည်းငယ်ကတော့ ပရိသတ်တွေ ကြည့်ရတာ သဘောကျသည့် ရိုက်ကွင်းနောက်ကွယ်က အပိုင်းအစလေးတွေကို ပြသနေတာပါ။ ကြည့်ရှုနှုန်း Ratings ကတော့ ဆိုးဆိုးရွားရွား မဟုတ်ပေမဲ့ သိသိသာသာ ပြောင်းလဲမှုတော့ မရှိသေးပါဘူး။
မဲနှိုက်တာတွေ ပြီးသွားတဲ့အခါ အစီအစဉ်တင်ဆက်သူ စင်ပေါ်တက်လာသည်။ ဟဲချိုးပိုင်က ဘီယာတစ်ဝက်လောက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး
"တကယ်လို့ Rating သာ ၃ ကျော်သွားရင်တော့ မင်းရဲ့ အသားကင်ဖိုးကို နောက်ထပ် ခြောက်လစာ ငါ အကုန်ခံမယ်! ကြည့်စမ်း…"
"ဒါရိုက်တာဟဲ၊ တက်လာပြီဗျို့!"
ဘေးကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနှုန်းကို စောင့်ကြည့်နေသည့် လက်ထောက်က စားပွဲကိုပုတ်ပြီး အော်ပြောလာတော့၏။
"နံပါတ် (၁)! အခု ကျွန်တော်တို့ နံပါတ် (၁) ရတော့မယ်!"
ဟဲချိုးပိုင် မျက်နှာမှာ ပျော်ရွှင်မှုတွေ အပြည့်ပါပဲ။ သူက ဘီယာဘူးအသစ်တစ်ဘူးကို ထပ်ဖွင့်လိုက်ရင်း ရင်ခုန်သံတွေ မြန်လာသည်။
"၃ ကျော်ဖို့ မျှော်လင့်ချက် ရှိနေပြီ!"
မုန့်ယွမ်က နံရိုးကင်တစ်တုတ်ကို စားလို့အပြီးမှာ အခွင့်အရေးယူပြီး မေးလိုက်သည်။
"တကယ်လို့ ၃ ကျော်သွားရင်တော့ ယွီနျန့်ကို ဟုန်ပေါင်း အကြီးကြီး ပေးရမှာနော်"
ဟဲချိုးပိုင်က လက်ဝှေ့ယမ်းပြလိုက်သည်။
"အေး... အကြီးကြီးပဲ ပေးမယ်!"
နောက်ထပ် ကွန်ပျူတာစခရင်ပေါ်မှာတော့ ယွီနျန့်ဟာ အဖွင့် အမြင့်သံတွေကို စတင်သီဆိုနေပြီ။ ရုပ်သံတည်းဖြတ်မှုကလည်း သေသပ်တာကြောင့် ပုံရိပ်တွေကလည်း မျက်စိပဏာသဖြစ်လွန်းနေလျက် မီးရှူးမီးပန်းတွေ တက်လာတာနဲ့အမျှ စီးချက်အတိုင်း ပရိသတ်တွေလည်း တစ်ခါတည်း ဟုန်းဟုန်းတောက် ကြွတက်လာပြီး မှတ်ချက်တွေကလည်း စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲထွက်ကုန်ပါတော့သည်။
[အား... နျန့်နျန့်လို့ပဲ အော်ပါရစေတော့! ငါတော့ ရူးတော့မှာပဲ! သူ့ကို တကယ်ချစ်တာ!]
[ရှောင်နျန့်ကောင်းလေး ရောက်ပါပြီ! အဖွင့်ပိုင်းကို လွတ်တော့မလို့။ ဒီ ဥရောပနန်းတွင်းစတိုင် ဝတ်စုံက အရမ်းလှတာပဲ! အား... အော်ပဲ အော်နေချင်တော့တယ်!]
[ငါတော့ မျက်စိကျိန်းကုန်ပြီ! နျန့်နျန့်ရေ... မင်းက ကြီးလာတော့မှ ကြယ်သီးတွေ ဖြုတ်ပြနေတာလား! အခုချက်ချင်း ပြန်တပ်လိုက်ဖို့ အမေက အမိန့်ပေးတယ်နော်!]
[ဟားဟား... အရင်တစ်ခေါက်က အင်္ကျီကို ဆွဲမဖြဲနိုင်လို့ ရှက်ခဲ့ရတာကို အခုမှ အကြွေးပြန်ဆပ်တာလား ဟားဟား!]
[သူက တကယ်ကို တောက်ပနေတာပဲ! ဒီခါးနဲ့ ခြေတံတွေကတော့... Screenshot ရိုက်တာကို ရပ်လို့မရတော့ဘူး! သူက တကယ်ကို ကြည့်ကောင်းလွန်းလို့ မျက်စိတောင် ကျိန်းတယ်!]
ဘေးက လက်ထောက်ကလည်း စိတ်လှုပ်ရှားစွာနဲ့
"ဒါရိုက်တာဟဲ၊ ၃ ရောက်သွားပြီ၊ ၃ ရောက်သွားပြီ!" ဟု ထအော်သည်။
မုန့်ယွမ်က အကျယ်ကြီး ရယ်မောလိုက်ပြီး
"လောင်ဟဲ... အဖေမုန့်ရဲ့ နောက်ခြောက်လစာ အသားကင်ဖိုးကိုတော့ မင်းအိတ်ကပ်ထဲကပဲ စိုက်ထုတ်ရတော့မယ်နော်!"
တစ်ချိန်တည်းမှာပဲ #ယွီနျန့်ရဲ့အရှက်ကွဲမှုကိုဖြေဖျောက်ခြင်း# ခေါင်းစဉ်ကလည်း Hot Search ဇယား၏ အဆင့် ၅ နေရာကို အရှိန်အဟုန်နဲ့ တက်လှမ်းလာ၏။ အစီအစဉ်အဖွဲ့က ပိုက်ဆံပေးပြီး ဝယ်ထားသည့် Trending နေရာနှစ်ခု၏ အောက်နားလေးတင် ရောက်နေတာဖြစ်ပြီး လူကြိုက်များမှုကလည်း ဆက်တိုက် တက်နေတုန်းပါပဲ။
မုန့်ယွမ်က အသားကင်ကို ချလိုက်ပြီး သူ့ဖုန်းကို နှစ်ချက်လောက် နှိပ်ကြည့်ရင်း
"သူ့ခြေထောက်က ဒဏ်ရာရနေတုန်းဆိုတာ ဘယ်သူကများ ရိပ်မိမှာလဲ။ ငါတစ်ခါတလေကျရင် ယွီနျန့်က ကိုယ့်ကိုယ်ကိုယ်အပေါ် တကယ်ကို ရက်စက်လွန်းတယ်လို့ ခံစားရတယ်"
ဟဲချိုးပိုင်ကတော့ ကြက်ပေါင်းကို မြိန်ရေယှက်ရေ စားနေရင်း အသားကင်တုတ်လေးနဲ့ စားပွဲကို ထောက်ပြလိုက်သည်။
"ဒါမျိုးမှပေါ့ကွ! သူကတော့ နောင်ကျရင် သေချာပေါက် အရမ်းနာမည်ကြီးလာမှာ။ စောင့်ကြည့်နေလိုက်။ လူကဲခတ်တဲ့နေရာမှာ ငါ့အမြင်က တကယ်ကို တိကျတယ်!"
အစီအစဉ်ကတော့ ထုတ်လွှင့်နေဆဲပါပဲ။ ဒါပေမဲ့ ယွီနျန့် စင်ပေါ်က ဆင်းသွားတာနဲ့ လက်ထောက်ဖြစ်သူက အခြေအနေကို လာသတင်းပို့သည်။
"ဒါရိုက်တာဟဲ၊ Rating တွေက ဖြည်းဖြည်းချင်း ပြန်ကျနေတယ်ဗျ"
မုန့်ယွမ်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ နှာခေါင်းရှုံ့လိုက်သည်။
"ဒါကြောင့် ငါပြောတာပေါ့။ ခဏနေရင် နျန့်နျန့် စင်ပေါ်ပြန်တက်လာရင် Rating က သေချာပေါက် ပြန်တက်လာမှာ။ တကယ်လို့ မင်းပေးမယ့် ဟုန်ပေါင်း သာ မကြီးရင်တော့ အဖေမုန့်က မင်းကို Weibo မှာ ဝိုင်းတိုက်ခိုက်ဖို့ ပစ်မှတ်ထားတော့မှာပဲ!"
မုန့်ယွမ်ပြောသလိုပါပဲ။ နောက်ဆုံးအပိုင်းရဲ့ ဒုတိယမြောက် ဖျော်ဖြေမှုအတွက် ယွီနျန့် ပြန်ထွက်လာတဲ့အခါ ကျဆင်းသွားသည့် Rating တွေက ချက်ချင်းပြန်တက်လာပြီး မှတ်ချက်တွေလည်း အဆမတန် များပြားလာပြန်သည်။
[အဖြူရောင်က ငါတို့နျန့်နျန့်နဲ့ အရမ်းလိုက်တာပဲ! ဒီပုံရိပ်က တကယ်ကို ရင်သပ်ရှုမောစရာပဲ!]
[သူက ဒီတိုင်းရပ်ပြီး ငြိမ်ငြိမ်လေး သီချင်းဆိုနေတာတောင် ငါ Screenshot ရိုက်တာကို ရပ်လို့မရဘူး! သီချင်းကလည်း အရမ်းလှ၊ လူကလည်း အရမ်းလှ!]
[သူ့ကိုကြည့်ရတာ သန့်သန့်စင်စင်လေးနဲ့ ဆွဲဆောင်မှုရှိနေတယ်လို့ ငါတစ်ယောက်တည်း ခံစားရတာလား! နျန့်နျန့်က ဘယ်လိုမျိုး နတ်ဘုရားမျိုးလဲ]
[သူသီချင်းဆိုတာကို နားထောင်ရတာ အရမ်းကြိုက်တယ်! အသံက တကယ်ကောင်းတာပဲ! နားထောင်ရင်းတောင် ငိုချင်လာတယ် အား!! ဘယ်လိုလုပ်ပြီး ဒီလိုအသံမျိုး ရှိနိုင်ရတာလဲ အား!]
ဟဲချိုးပိုင်က မှတ်ချက်တွေကို ခဏလောက် ကြည့်နေပြီးမှ သူ့ဖုန်းကိုထုတ်ကာ Weibo စစ်ကြည့်လိုက်ပြီး ချက်ချင်းပဲ သဘောကျသွားသည်။
"လောင်မုန့်ရေ... ဥက္ကဋ္ဌရှဲ့က မင်းတို့ဥက္ကဋ္ဌချွိရဲ့ ညီအစ်ကိုအရင်းအချာ မဟုတ်လား။ ဒါပေမဲ့ သူက ဘာလို့ ယွီနျန့်ကိုပဲ တစ်ဖက်သတ် အမြဲလိုက်နှောင့်ယှက်ပြီး တိုက်ခိုက်နေတာလဲ။ သူ့ Weibo မှာလည်း ယွီနျန့်ကို လာဆဲဖို့ စောင့်နေကြတဲ့ Antifans တွေ တစ်ပုံကြီးပဲ!"
"သူ ဘာတွေ ထပ်ပြောပြန်ပြီလဲ ထားလိုက်ပါတော့… ငါ့ဘာသာပဲ ကြည့်လိုက်မယ်"
မုန့်ယွမ်က ရှဲ့ယို့ရဲ့ Profile ထဲကို ဝင်ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ အပ်ဒိတ်လုပ်ထားသည့် ပို့စ်တစ်ခုကို တွေ့လိုက်ရသည်။
"#ယွီနျန့်ရဲ့အရှက်ကွဲမှုကိုဖြေဖျောက်ခြင်း# ဟွင်း... ဒါက ဘာကြည့်စရာ ရှိလို့လဲ"
အောက်က မှတ်ချက်တွေမှာတော့ Antifans တွေနဲ့ လမ်းကြုံဝင်ကြည့်သူတွေ ရောနှောပြီး ဆူညံပွက်လောရိုက်နေကြသည်။
[ငါလည်း သဘောတူတယ်။ လူတွေအာရုံစိုက်အောင် အင်္ကျီကြယ်သီးဖြုတ်ပြနေတာထက်စာရင် လုံးဝမဝတ်ဘဲနေလိုက်တာက ပိုကောင်းဦးမယ်! သီချင်းကိုပဲ ကောင်းကောင်းမဆိုနိုင်ဘူးလား]
[ကမ္ဘာကြီးကို မမြင်ဖူးတဲ့ ဦးနှောက်မရှိတဲ့ ပရိသတ်တွေကပဲ ဝိုင်းပြီး အော်ဟစ်အားပေးနေကြတာပါ။ သူက သီချင်းလည်း မဆိုတတ်၊ ကလည်း မကတတ်ဘဲ နာမည်ကြီးအောင် ဒီလိုလှည့်ကွက်တွေပဲ သုံးနေတာ!]
[တောက်... ဥက္ကဋ္ဌရှဲ့၊ ခင်ဗျား မနာလိုဖြစ်နေတာလား ဟားဟား! ကျွန်မတို့က သူ့ကိုမကြည့်ပါဘူး၊ ခင်ဗျားကိုပဲ ကြည့်တာ! ခင်ဗျားက ပိုကြည့်ကောင်းတယ်! ဒါနဲ့ ဥက္ကဋ္ဌရှဲ့၊ နောက်ထပ် Giveaway ဘယ်တော့ ထပ်လုပ်မှာလဲ ဒူးထောက်တောင်းပန်ပြီး မေးပါရစေ!]
[လမ်းကြုံဝင်လာတဲ့သူက မေးပါရစေ၊ ဒါဘယ်သူလဲ သူ့အကက အရမ်းလှတာပဲ! အသံကလည်း အရမ်းကောင်းတယ်! သူဘယ်သူလဲဆိုတာ အမြန်ဆုံး သိချင်မိတယ်!]
[အပေါ်က ညီမလေးရေ... သူက ယွီနျန့်လေ။ ငါတို့ဥက္ကဋ္ဌရှဲ့နဲ့က ချစ် / မုန်း ဆက်ဆံရေးရှိတာ။ ရှာကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ သူတို့က Hot Search ဇယားမှာ အကြာကြီး နေရာယူခဲ့ဖူးတာ!]
ရုံးခန်းထဲမှာတော့...
ရှဲ့ယို့ဟာ Weibo တင်ပြီးတဲ့နောက်မှာ ယွီနျန့်ကို အစားအစာတွေ ထပ်ပို့ပေးဖို့ အကြောင်းပြချက်တစ်ခု စဉ်းစားနေရသည်။ ဘာတွေပို့ပေးရမလဲဆိုပြီး စာရင်းလုပ်ကြည့်ပေမဲ့ နောက်ဆုံးမှာတော့ ဘယ်ဟာကို ရွေးရမှန်းမသိတာနဲ့ အကုန်လုံးကိုပဲ ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။
သူ Weibo က မှတ်ချက်တွေကို ပြန်စစ်ကြည့်တဲ့အခါ မကောင်းပြောထားသည့် အကောင့်တွေကို ကော့မန့် ပေးလို့မရအောင် Block လိုက်သလို၊ ဆဲဆိုကြမ်းတမ်းသည့်သူတွေကိုတွေ့ရင်လည်း ရီပို့စ် တွေ လိုက်တင်နေလိုက်သည်။
ရှဲ့ယို့တစ်ယောက် ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ လုပ်နေတုန်းမှာပဲ ဖုန်းထဲကနေ မက်ဆေ့ချ်ဝင်လာတဲ့ အသံလေး မြည်လာသည်။
မက်ဆေ့ချ်ကို ပေါ့ပေါ့ပါးပါးပဲ ဖွင့်ကြည့်လိုက်တဲ့ ရှဲ့ယို့ဟာ မျက်လုံးတွေ ပြူးသွားပြီး ဖုန်းကိုတောင် လက်ကနေ လွတ်ကျမတတ် ဖြစ်သွားရသည်။ သူ့နားရွက်တွေက အနီရောင်အဖြစ် ပြောင်းလဲသွားရုံတင်မကဘဲ အသက်ရှူဖို့တောင် ခဏတာ မေ့လျော့သွားတော့မတတ်။
အဲဒီမက်ဆေ့ချ်ထဲမှာတော့ ယွီနျန့် ရိုက်ပြီး ပို့လိုက်တဲ့ ဓာတ်ပုံတစ်ပုံ ရှိနေလို့ပါပဲ။
ဓာတ်ပုံထဲမှာတော့ ယွီနျန့်ဟာ လင်းထိန်နေသည့် သူ့အိမ်ရဲ့ မှန်တင်ခုံရှေ့မှာ ရပ်နေတာပါ။ သူက ခေါင်းလေးကို အနည်းငယ်ငုံ့ထားပြီး မျက်ဝန်းထောင့်နဲ့ နှုတ်ခမ်းအစုံမှာ အပြုံးရိပ်လေးတွေ ယှက်သန်းနေပြီး။ သူ ဝတ်ထားတာကတော့ ဆေးသားဖျော့ဖျော့ ဂျင်းဘောင်းဘီဖြစ်ပြီး၊ သေးကျင်ကျင်ခါးမှာ အနက်ရောင် ခါးပတ်တစ်ခုကို ပတ်ထားသည်။ သွယ်လျလျ ဘယ်ဘက်လက်ချောင်းလေးတွေက အဖြူရောင် တီရှပ်အင်္ကျီကို အပေါ်ဘက်ကို ဆွဲတင်လိုက်တဲ့အခါ... ဖြူဖွေးပြီး ကျစ်လျစ်နေသည့် ဝမ်းဗိုက်သားလေးတွေက အထင်းသား ပေါ်လွင်နေပါတော့သည်။
ဓာတ်ပုံရဲ့ အောက်မှာတော့ စာသားလေး သုံးလုံးပဲ ပါသည်။
"အခု Abs ရှိပြီ"
__________________________________________________________________
TN // ကိုယ်တွေအိမ်က First move ကတော့ တကယ်ကြမ်း ။ ဒါတောင် 3 နှစ်ပဲကွာတာ ။ Gen Z ကတော့ Gen Z ပဲ။
အိုး မိုက်တယ်
ReplyDelete