အခန်း (၃၃.၁) - အခြေအနေအရပ်ရပ်ကို တွန်းပို့နေကြခြင်း
ဖုန်းစခရင်ပေါ်ရှိ ကောမန့်များသည် လျင်လျင်မြန်မြန် ပလူပြန်ကာတက်လာ၏။ ယွီနျန့်သည် ထိုမှတ်ချက်များကို သေသေချာချာ လိုက်ဖတ်နေစဉ် သူ၏မျက်ဝန်းများမှာ ခေတ္တ ရပ်တန့်သွားရသည်။ သူဖတ်လိုက်ရသော ကောမန့်တစ်ခုမှာ တက်လာသည်။
"နျန့်နျန့်... တစ်ယောက်ယောက်က ပြောနေကြတယ်။ မင်းက ရုပ်ရှင်ဇာတ်ဝင်သီချင်းအတွက် ရူရူနဲ့ ပြိုင်နေတာဆို အဲဒါ တကယ်လား"
ထိုမှတ်ချက်တစ်ခုတည်းသာမက အလားတူမေးခွန်းများမှာလည်း တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ သို့သော် ယွီနျန့်သည် မည်သည့်အဖြေမျှ မပေးဘဲ ပုံမှန်အတိုင်းပင် ဆက်လက်စကားပြောနေခဲ့၏။
မိနစ်နှစ်ဆယ်အကြာတွင် Live လွှင့်ခြင်း ပြီးဆုံးသွားသဖြင့် ယွီနျန့်သည် မုန့်ယွမ်ထံသို့ ဖုန်းခေါ်ရပြီလေ။
"အစ်ကိုမုန့်... ရုပ်ရှင်ပရိုမိုးရှင်းသီချင်း ကိစ္စမှာ တစ်ခုခု အဆင်မပြေတာ ရှိလို့လားဟင်"
မုန့်ယွမ်မှာ အံ့ဩသွားကာ "မင်း သိသွားပြီလား" ဟု ပြန်မေးသည်။
"ဟုတ်ကဲ့၊ ခုနက Live လွှင့်နေတုန်း မှတ်ချက်တွေထဲမှာ တွေ့လိုက်တာပါ။ တစ်ယောက်ယောက်က ကျွန်တော်နဲ့ ရူရူ အခွင့်အရေးတွေအတွက် ပြိုင်နေကြတာလားဆိုပြီး လာမေးနေကြတယ်။ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဘက်က နောက်ဆုံးရလဒ် မထွက်သေးဘူး မဟုတ်လား"
"ဟုတ်တယ်။ နောက်ဆုံးရွေးချယ်ခံရတဲ့သူကို မနက်ဖြန် ဒါမှမဟုတ် သဘက်ခါမှ ကြေညာမှာလေ။ တို့ဘက်ကတော့ မင်းကို ကြိုပြောထားချင်တာက ရူရူကို မကျော်နိုင်ခဲ့ရင်လည်း စိတ်ပြင်ဆင်ထားဖို့ပါပဲ။ ငါ ရှီရို့ ကိုတောင် ဘာမှ မပြောရသေးဘူး။ စိတ်မပူပါနဲ့ …ငါ အခြေအနေကို စစ်ဆေးပြီးမှ မင်းကို ပြန်ဆက်လိုက်မယ်။"
ယွီနျန့်သည် Weibo ကိုဖွင့်၍ ကြည့်လိုက်ရာ သူ၏ Weibo အောက်တွင် ရူရူ၏ ပရိသတ်များ လာရောက်၍ မှတ်ချက်များ ပေးထားကြသည်ကို တွေ့ရသည်။ ပြောပုံဆိုပုံများမှာလည်း အကုန်လုံးနီးပါး ဆင်တူနေကြ၏။ သူ၏ ပရိသတ်များကလည်း ပြန်လည်တုံ့ပြန်ကြသဖြင့် ခဏချင်းမှာပင် ပြန်စာပေါင်း ရာနှင့်ချီ၍ ရှိသွားတော့သည်။
ဆယ်မိနစ်အကြာတွင် မုန့်ယွမ်က ဖုန်းပြန်ခေါ်လာပြီး တိုက်ရိုက်ပင် ပြောချလိုက်၏။
"ဒါက ရူရူတို့ဘက်က ထွက်လာတဲ့ သတင်းကြောင့်ပဲ။"
ယွီနျန့် နားမလည်နိုင်။
"သူတို့ဘက်က အတည်ပြုချက် ရလဒ်ကို ရသွားပြီမို့လို့လား"
"မဟုတ်ဘူး။ သူတို့ကလည်း ငါ့လိုပဲ အဆက်အသွယ်တွေဆီကနေ ကြားရတဲ့ ကောလာဟလတွေကို အခြေခံပြီး မင်းက ရူရူကို မယှဉ်နိုင်တော့ဘူးဆိုတာ သေချာသွားလို့ နေမှာပါ။ ဒါပေမဲ့ ဟိုဘက်က ပရိသတ်အချို့က ဒီသတင်းကို ဘယ်လိုဖြစ်လို့ သိသွားတာလဲဆိုတာကိုတော့ ငါ တကယ် နားမလည်နိုင်ဘူး။ သူတို့ သိသွားပြီးတာနဲ့ Fan Group တွေထဲဝင်ပြီး ဒီအကြောင်းတွေ လိုက်ပြောနေကြတာ။ တခြားသူတွေကိုတော့ လျှို့ဝှက်ထားကြဖို့ မှာနေကြသေးတယ်လေ။"
မုန့်ယွမ်မှာ စိတ်ပျက်လက်ပျက်ဖြင့်
"ဒါပေမဲ့ ဒီလိုကိစ္စမျိုးက တစ်ယောက်ယောက်က မအောင့်နိုင်လို့ စပြောလိုက်ပြီဆိုတာနဲ့ နောက်ပိုင်းမှာ ထိန်းလို့မရတော့ဘူးလေ။ ဒါမှမဟုတ်လည်း ရူရူတို့ဘက်က အားလုံး အတည်ဖြစ်သွားပြီလို့ ယူဆနေတာလည်း ဖြစ်နိုင်တယ်။ တစ်ရက်စောသိတာနဲ့ တစ်ရက်နောက်ကျမှ သိတာ ဘာမှမထူးဘူးလို့ တွေးပြီး သူတို့လည်း မတားကြတော့တာနေမှာပေါ့။"
ယွီနျန့် နားလည်သွားသည်။ ထို့နောက် ခုနက မှတ်ချက်တန်းပေါ်က အကြောင်းအရာများနှင့် သူတွေ့ခဲ့ရသော မှတ်ချက်အချို့ကို ပြန်လည်စဉ်းစားကြည့်ကာ တစ်မျိုးကြီး ခံစားနေတာတော့အမှန်။
"ဒါဆို သူတို့က... အခြေအနေကို တွန်းပို့နေကြတာပေါ့"
"ဟုတ်တာပေါ့။ ဒါက ရူရူ့အဖွဲ့ရဲ့ ညွှန်ကြားချက်လားတော့ ငါမသိဘူး။ ဒါပေမဲ့ သူ့ပရိသတ်တွေကတော့ မင်းကို နင်းပြီး နာမည်ကြီးအောင် လုပ်နေကြတာ။ ဟဲကျွင်းယွီကိုတောင် လုံးဝ လျစ်လျူရှုထားကြတယ်။ မင်းသာ ရူရူနဲ့ အခွင့်အရေးတွေအတွက် ပြိုင်မယ်ဆိုရင် တစ်ချီတောင် မခံနိုင်ဘဲ အပြတ်အသတ် အနိုင်ပိုင်းခံရလိမ့်မယ်လို့ ပြောနေကြတာလေ"
ယွီနျန့်သည် ထိုစကားကို ကြားသောအခါ ဒေါသထွက်မည့်အစား ရယ်မောလိုက်ပြီး
"ကျွန်တော်က အဲဒီအဆင့်အထိတောင် ရောက်သွားပြီလား" ဟု မေးလိုက်သည်။
မုန့်ယွမ်ကလည်း လိုက်ရယ်ကာ
"အိုး... မင်းက ဂုဏ်တောင် ယူနေသေးတာလား။ ဒါပေမဲ့ မင်းက တကယ်ကို အဲဒီအဆင့်ကို ရောက်နေပါပြီ။ လူသစ်တွေထဲမှာ ရူရူ့ပရိသတ်တွေက ဟဲကျွင်းယွီကိုတောင် ဂရုမစိုက်ကြဘူး။ တခြားသူတွေရဲ့ နာမည်ကိုလည်း ထည့်မပြောကြဘူး။ မင်းကိုပဲ တိုက်ခိုက်နေကြတယ်ဆိုတာက မင်း တကယ် နာမည်ကြီးနေပြီဆိုတာကို သက်သေပြနေတာပဲ"
သူတို့နှစ်ဦး အတူတူ ရယ်မောလိုက်ကြသည်။ ထို့နောက် မုန့်ယွမ်က ပြုံးလျက် သတိပေးစကားတော့ ပြောလာသည်။
"အခုလောလောဆယ် မင်း ဘာမှလုပ်စရာမလိုဘူး။ ဘာမှမသိသလိုပဲ နေလိုက်ပါ။ ရူရူ့ပရိသတ်တွေက မျက်စိမှိတ်ပြီး တိုက်ခိုက်နေကြတာ။ မင်းသာ တစ်ခုခု ထွက်ပြောလိုက်ရင် သူတို့အတွက် အလကား ကြော်ငြာပေးသလို ဖြစ်သွားလိမ့်မယ်"
ယွီနျန့်ကလည်း အေးအေးဆေးဆေး နေရန် သဘောတူလိုက်သည်။ ဖုန်းချပြီးနောက် အခြေအနေကို သိသွားပြီဖြစ်သဖြင့် သူ စိတ်ထဲ သိပ်မထားတော့ပေ။ ဘောပင်၊ မှင်၊ စက္ကူနှင့် မှင်တုံးတို့ကို ပြင်ဆင်ပြီး စာလုံးအလှလေးတွေကိုသာ အလေးအနက် ရေးသားနေလိုက်သည်။ သို့သော်လည်း အခြေအနေများက သူတို့ ထင်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေ၏။
ယွီနျန့် အိပ်ရာမဝင်မီမှာပင် ရှမင်းရှီးထံမှ လင့်ခ်အချို့နှင့်အတူ အာမေဍိတ်သင်္ကေတများစွာ ရောက်ရှိလာပြီး ဖုန်းပါ ခေါ်ဆိုလာတော့သည်။
"ဒီရူရူက ဘယ်လိုဖြစ်နေတာလဲ။ မင်းကို နှိမ်တဲ့ စာမူတွေကို ဝယ်ပြီး မင်းက သူ့လောက် မတော်ဘူးဆိုတဲ့ ပုံစံမျိုးတွေ ရေးခိုင်းနေတာလား။ ဒီစကားတွေက သတင်းခေါင်းကြီးပိုင်းတွေမှာတောင် ပါတော့မယ်! ဘယ်သူက ဒီလောက် ရှက်စရာကောင်းတဲ့ အလုပ်မျိုးကို လုပ်တာလဲ။"
ယွီနျန့်က အချိန်ကို ကြည့်လိုက်ကာ
"မင်းရှီး... မင်း ဒီနေ့ ရိုက်ကူးရေး မရှိဘူးလား" ဟု မေးလိုက်သည်။
ရှမင်းရှီးက ဒီရက်ပိုင်း ညဘက်ရိုက်ကူးရေးတွေ ရှိသည်ဟု မနေ့က ပြောခဲ့သည်ကို သူ သတိရမိ၏။
"မရှိဘူး။ ငါ့အလှည့် မရောက်သေးလို့ ချောင်တစ်ချောင်မှာ ဖုန်းထိုင်ကြည့်နေတာ။ ဖုန်းဖွင့်လိုက်တာနဲ့ ရူရူ့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို မြင်လိုက်ရလို့ ဒေါသတွေ ထွက်လာတာနဲ့ ညစာတောင် ကောင်းကောင်း မစားနိုင်တော့ဘူး!"
ယွီနျန့်သည် သူ့စကားကို ကြားသော်လည်း ဒေါသမထွက်ဘဲ ပြုံးလျက် နှစ်သိမ့်ပေးလိုက်သည်။
"သူ့ကို မယှဉ်နိုင်တာက အမှန်ပဲလေ။ ဒေါသမထွက်ပါနဲ့။ ဒေါသတွေ အရမ်းထွက်ရင် ရုပ်ဆိုးသွားလိမ့်မယ်နော်"
ယွီနျန့်၏ လေသံကို ကြားရမှ ရှမင်းရှီးလည်း အနည်းငယ် စိတ်အေးသွားပြီး
"အေးပါ... ဒါဆိုရင်လည်း အခြေအနေတွေကို ထိန်းဖို့ လို မလို အစ်ကိုမုန့်နဲ့ သေသေချာချာ တိုင်ပင်ဦးနော်။ ငါတော့ တကယ် ဒေါသထွက်တယ်။ သူ့အဖွဲ့က နာမည်ကြီးအောင် သတင်းတွေကို ပိပိရိရိ ဖြန့်နေကြသလို သူ့ပရိသတ်တွေကလည်း သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလိုမျိုး ဘဝင်မြင့်နေကြတာ။ အခုတော့ မင်းကိုပါ ပစ်မှတ်ထားလာကြပြီ!"
စကားပြောရင်း ရှမင်းရှီးတစ်ယောက် ထပ်ပြီး ဒေါသပေါက်ကွဲတော့မည်ကို သိသဖြင့် ယွီနျန့်က အမြန်တားလိုက်ရတော့သည်။
"ရိုက်ကူးရေး သွားလုပ်တော့။ ဒါမှမဟုတ်လည်း ဇာတ်ညွှန်းကိုပဲ သွားကျက်တော့။ ဒီည ဖုန်းမကြည့်နဲ့တော့နော်"
ရှမင်းရှီးက နှာမှုတ်သံ နှစ်ချက်ပြုလုပ်ကာကျေနပ်သည်တော့မဟုတ်။
"အေးပါ... ငါ့လက်ကို ငါ ထိန်းကြည့်ပါ့မယ်"
ရှမင်းရှီး ဖုန်းချပြီး နှစ်မိနစ်ပင် မပြည့်သေးမီ မုန့်ယွမ်ဆီမှ ဖုန်းဝင်လာသည်။
ယွီနျန့်ကပင် ဦးအောင် "အစ်ကိုမုန့်... ကျွန်တော် သတင်းတွေ တွေ့ပြီးပြီ" ဟု ပြောလိုက်သည်။
မုန့်ယွမ်သည်လည်း ဒေါသထွက်မနေဘဲ
"သူ့ပရိသတ်တွေ ဘယ်လိုသိသွားတာလဲလို့ ငါစဉ်းစားနေတာ။ ကြည့်ရတာတော့ တမင်တကာ မတော်တဆ သတင်းလွှင့်လိုက်တာပဲ ဖြစ်မှာ။ ပြီးတော့မှ ပရိသတ်တွေကို အစွဲအလမ်းဖြစ်အောင် လုပ်ခိုင်းတယ်။ ပရိသတ်တွေလည်း စိတ်လှုပ်ရှားပြီး ဝိုင်းဝန်းခုန်ပေါက်ကြတော့တာပေါ့။ အရှိန်လေး နည်းနည်းတက်လာတာနဲ့ အကြောင်းအရာကို ဆွဲတင်ပြီး ပို့စ်တွေ တရစပ်တင်တော့တာပဲ! သူတို့ကတော့ အခွင့်အရေးရရင် နှောင့်ယှက်ဖို့ လက်မနှေးကြဘူး!"
ယွီနျန့်၏ အပြုံးများ အနည်းငယ် မှေးမှိန်သွား၏။
"သူတို့ Trending Search တွေအတွက်တောင် ပြင်ဆင်ထားလောက်ပြီ မဟုတ်လား"
"ကိုးဆယ့်ကိုး ရာခိုင်နှုန်း သေချာတယ်! နေရာတစ်ခုထက်မက ယူထားမှာ!"
ကုတင်ပေါ်တွင် လဲလျောင်းရင်း ယွီနျန့်သည် အဖြူရောင် မျက်နှာကြက်ကို ငေးကြည့်နေမိသည်။
"အင်း…နောင်ကျရင် ကျွန်တော် တကယ်ကို အစွမ်းထက်တဲ့သူ ဖြစ်လာမှာပါ"
မုန့်ယွမ်က သူ၏စကားကို နားလည်၏။
"အေးပါ... မင်းသာ တကယ့်ကို အစွမ်းထက်လာရင် ဘယ်သူမှ မင်းကို လာနင်းလို့ ရတော့မှာ မဟုတ်ဘူး။"
မုန့်ယွမ်က ချက်ချင်းပင် လေသံပြောင်းကာ
"ဒါတွေ စိတ်ထဲမထားနဲ့တော့။ ကောင်းကောင်းအိပ်လိုက်ပါ။ ငါ အခြေအနေကို စောင့်ကြည့်ပေးထားမယ်။ စိတ်မပူနဲ့"
ယွီနျန့်က လက်ခံသင့်သော်လည်း အိပ်မပျော်နိုင်ပေ။ ထို့ကြောင့် ဖုန်းထဲက သတင်းများကိုသာ ဆက်လက်ဖတ်ရှုနေမိသည်။ ရှမင်းရှီး ပို့ပေးထားသော လင့်ခ်ကို သူ နှိပ်ကြည့်လိုက်၏။ ထိုအရာမှာ ဖိုရမ်တစ်ခုအတွင်း အခြေအတင် ဆွေးနွေးနေကြခြင်း ဖြစ်သည်။
[ရွံစရာကြီး! ဘယ်သူကပဲ ကြော်ငြာကြော်ငြာ၊ နျန့်နျန့်ကို ဆွဲမထည့်ဘဲ မနေနိုင်ကြဘူးလား။ ရူးနေကြတာလား]
[ကျွန်မကတော့ လမ်းကြုံဖြတ်သွားသူ တစ်ယောက်အနေနဲ့ ပြောပါရစေ။ ယွီနျန့်က 'Sound of Nature' ပြနေတုန်းကပဲ နာမည်ကြီးခဲ့တာလေ။ အစီအစဉ်လည်း ပြီးရော သူ လုံးဝ အေးစက်သွားတာပဲ! အခု သူ့ကို ဘယ်သူ သိသေးလို့လဲ။ ရူရူကတော့ အနည်းဆုံး ကျွန်မအမေတောင် သိတဲ့သူလေ။]
[အပေါ်ကလူက လမ်းကြုံဖြတ်သွားသူ ဟန်ဆောင်နေတာ ပျော်စရာကောင်းလို့လား။ ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်ချင်ရင် Profile ပုံလေး အရင်ပြောင်းလိုက်ပါဦး။ အနီရောင်ဘောပင်နဲ့ ကျွန်တော်က ရူရူ့ပရိသတ်ပါ လို့တောင် ရေးထားသေးတယ်။ ဦးနှောက်မရှိဘူးလို့ အထင်မခံချင်နဲ့လေ!]
[နျန့်နျန့်ကို လွှတ်ပေးလိုက်ကြပါ၊ သူက သူ့ဘာသာ တိတ်တိတ်ဆိတ်ဆိတ် သီချင်းဆိုနေတာ ဘယ်သူ့ကို သွားထိခိုက်မိလို့လဲ။ ပြီးတော့ ရူရူ့ကုမ္ပဏီကလည်း ကိစ္စပြတ်နေပြီ။ ဘာမှ လာဆေးကြောမနေနဲ့တော့! ကံကံ၏အကျိုးကိုပဲ ယုံကြည်တယ်! တခြားသူကို နင်းပြီး တက်နေတာ ပြုတ်ကျမှာ မကြောက်ဘူးလား]
[အေးပါ... ရူရူ့ရဲ့ နာမည်ကြီးမှုက နေအဖွဲ့အစည်းပြင်ပအထိ ရောက်နေတယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ ပျော်နေကြပါ။ တို့မိသားစုကို လာမပတ်သက်နဲ့၊ နားလည်လား]
ဤကိစ္စ၏ အရှိန်အဟုန်မှာ ပေါက်ကွဲထွက်သွားသည့်အထိ မဟုတ်သော်လည်း နောက်တစ်နေ့ မွန်းလွဲပိုင်းအထိတော့ ဆက်ရှိနေခဲ့သည်။ မုန့်ယွမ်နှင့် ယွီနျန့်တို့ အတူတူ နေ့လယ်စာ စားနေကြစဉ် သူတို့၏ မျက်နှာများမှာ ညိုမှောင်နေဆဲ။ သို့သော် ဖုန်းတစ်ချက် ဝင်လာပြီးနောက်တွင်မူ မုန့်ယွမ်သည် ထိုင်ခုံပေါ်တွင် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းအမ်း ထိုင်နေပြီးမှ ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်ပါတော့သည်။
ယွီနျန့်က သူ၏ တူကို ချလိုက်ကာ
"အစ်ကိုမုန့်... ဘာဖြစ်လို့လဲဟင်"
ရှီရို့သည်လည်း ဇွန်းကို ကိုင်ထားရင်း သူ့ကို တစ်မျိုးကြည့်နေမိတော့သည်။
မုန့်ယွမ်သည် သူ၏ဖုန်းကို စားပွဲပေါ်သို့ ဖတ်ခနဲ မြည်အောင် ပစ်တင်လိုက်သည်။ သူ၏ မျက်နှာတွင် အလွန်တရာ ဝမ်းသာအားရဖြစ်နေသော အရိပ်အယောင်များဖြင့်
"သူတို့ရဲ့ အဖေကြီး မုန့်ယွမ်တော့ ရယ်ရလွန်းလို့ သေတော့မှာပဲ! ခုနက ဒါရိုက်တာရွှီ ဖုန်းဆက်တယ်ဟေ့၊ ပရိုမိုးရှင်းသီချင်းကို မင်းပဲ ဆိုရမယ်တဲ့။"
"ဘယ်လို"
ယွီနျန့်လည်း အံ့အားသင့်သွားရသည်။
"ရူရူကို ရွေးလိုက်ပြီလို့ အစ်ကို ပြောခဲ့တယ် မဟုတ်လား" ဟု မေးလိုက်သည်။
"အတွင်းသတင်းတွေအရတော့ အဲဒီလိုပဲ။ ဒါပေမဲ့ တရားဝင် ထုတ်ပြန်ချက်မှ မထွက်သေးတာ။ နောက်ဆုံးမှာ ဘယ်သူ့ကို ရွေးမလဲဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ဘူးလေ။ အဲဒီအချိန်တုန်းက ထုတ်လုပ်သူ နင်ကောက ရူရူကို ပိုသဘောကျပုံရပေမဲ့ ဒါရိုက်တာရွှီကတော့ မင်းကို ပိုပြီး မျက်စိကျနေတာ။"
မုန့်ယွမ်က ယွီနျန့်ကို သတိပေးလိုက်သည်မှာ
"ခဏနေရင် ဒါရိုက်တာရွှီဆီ ဖုန်းပြန်ဆက်ဖို့ မမေ့နဲ့ဦး။"
နေ့လယ်စာ စားပြီးနောက် ယွီနျန့်သည် မုန့်ယွမ်၏ ရုံးခန်းထဲတွင် လိပ်စာကတ်ကို ကြည့်ရှု၍ ရွှီရှန့်လန်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။
ရွှီရှန့်လန်က ချက်ချင်းပင် ဖုန်းကိုင်လိုက်၏။
"ယွီနျန့်လား"
"ဒါရိုက်တာရွှီကို ဒုက္ခပေးမိပြီနော်။"
ရွှီရှန့်လန်သည် ပိုမိုတိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် သက်သောင့်သက်သာရှိသော လေသံဖြင့်
"မင်း ဘာလို့ ဖုန်းဆက်တယ်ဆိုတာ ငါသိပါတယ်။ ဒီပရိုမိုးရှင်းသီချင်းအတွက်တော့ မင်း ငါ့ကို တကယ် ကျေးဇူးတင်ရမယ်။ လောင်နင်က ရူရူကို ဆိုစေချင်တာ။ ဒါပေမဲ့ ငါက သဘောမတူခဲ့ဘူး။"
သူသည် ဆေးလိပ်တစ်လိပ် သောက်နေဟန်ရှိပြီးနောက်
"နောက်လေးလအတွင်းမှာ မင်းက ရူရူထက် ပိုပြီး နာမည်ကြီးလာလိမ့်မယ်လို့ ငါ လောင်းကြေးထပ်ထားတယ်။"
ယွီနျန့်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီး ခဏမျှ ဘာပြန်ပြောရမည်မှန်း မသိဖြစ်သွားရ၏။
"ငါကတော့ အလောင်းအစား လုပ်လိုက်ပြီနော် ယွီနျန့်။ အဲဒါကြောင့် ယွီနျန့်... ငါ အလောင်းအစား မရှုံးစေဖို့အတွက် မင်း အစွမ်းကုန် ကြိုးစားပါဦး။"
ယွီနျန့်၏ မျက်ဝန်းများ တောက်ပသွားပြီး ပြတ်သားသော လေသံဖြင့်
"ဒါရိုက်တာကို လုံးဝ အရှုံးမပေးစေရပါဘူး" ဟု ကတိပေးလိုက်သည်။
"ကောင်းပြီ... လူငယ်ဆိုတာ ဒီလို စိတ်ဓာတ်မျိုး ရှိရမယ်!"
ရွှီရှန့်လန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒါနဲ့... မင်းရဲ့ မန်နေဂျာရော ဘေးမှာ ရှိလား"
ယွီနျန့်သည် မုန့်ယွမ်ကို လှမ်းကြည့်လိုက်ရာ မုန့်ယွမ်က အချက်ပြသဖြင့် "ရှိပါတယ်" ဟု ဖြေလိုက်၏။
"ဒါဆိုရင် စပီကာ ဖွင့်လိုက်။တို့တွေ စကားပြောရအောင်။"
ယွီနျန့်လည်း ပြောသည့်အတိုင်း စပီကာ ဖွင့်ပေးလိုက်သည်။
"ငါ တစ်ခုလောက် မေးချင်လို့ပါ။ ယွီနျန့်... မင်း သရုပ်ဆောင်တာကိုရော စိတ်ဝင်စားလား"
"ဘာကို ဆိုလိုတာလဲဟင်"
"ငါ့ဇာတ်လမ်းထဲမှာ ဇာတ်ကောင်တစ်ခု ရှိတယ်။ မြို့တော်ကနေ လာတဲ့ နန်းတွင်းက မြင့်မြတ်တဲ့ လူငယ်မျိုးနွယ်စုဝင် တစ်ယောက်ပေါ့။ ငယ်ရွယ်ပြီး မာနရှိတယ်။ အမူအရာကလည်း သက်သောင့်သက်သာ ရှိရမယ်။ လူရွေးပွဲတုန်းက ထုတ်လုပ်သူ နင်ကောနဲ့ ငါတို့ ပြောဖြစ်ကြတယ်။ မင်းရဲ့ အရှိန်အဝါနဲ့ ရုပ်ရည်က ဒီဇာတ်ကောင်အတွက် တကယ်ကို သင့်တော်တယ်လို့ ငါ ထင်တာ။ ဒါပေမဲ့ ချက်ချင်း ဆုံးဖြတ်ဖို့ မရဲတာနဲ့ ဒီရက်ပိုင်းအတွင်း ငါ သေသေချာချာ စဉ်းစားနေခဲ့တာ။ ဒီဇာတ်ကောင်က အခန်းသိပ်မများဘူး။ ရိုက်ရမယ့် အချိန်လည်း တိုတယ်။ အဲဒီလို ဇာတ်ကောင်မျိုးအတွက် သရုပ်ဆောင် ရှာရတာ တကယ် ခက်ခဲပါတယ်။ အဲဒါကြောင့် ဒီနေ့ ငါ တိုက်ရိုက်ပဲ မေးလိုက်မယ်။ မင်းရော ဒါကို လုပ်ဖို့ ဆန္ဒရှိလား။"
မုန့်ယွမ်သည် ချက်ချင်း ဆုံးဖြတ်ချက် မချသေးဘဲ စဉ်းစားရန် အချိန်လိုအပ်ကြောင်း ပြန်လည်ပြောကြားလိုက်သည်။
ရွှီရှန့်လန်သည်လည်း အလျင်မလိုလှသဖြင့် အခြား စကားစမြည် အနည်းငယ် ပြောပြီး ဖုန်းချသွား၏။
--------------------------------------------------------------------------------------------------------------------------
TN // ဘာနဲ့တူလဲဆို ကိုယ့်အိမ်က ကလေးလိုပဲ။ အမယ်လေး ငါတို့ကလေးလေး တဖြည်းဖြည်းနဲ့ တက်လှမ်းနေပြီဆိုပြီး ပီတိတွေ ဝေဖြာ။ ကြားထဲက အချစ်ရေးကလည်း အိကျိပိကျိလေးနဲ့ အဆင်ပြေနေတော့…အို့ ဘာပြောကောင်းမလဲ။
ဘာပြောကောင်းမလဲ ရှယ်ပေါ့ ဖတ်လို့မဝနိုင်
ReplyDelete