Skip to main content

33/2





အခန်း (၃၃.၂) - မင်း ဘေးကင်းပါစေ

မုန့်ယွမ်သည် သူ၏ဖုန်းဖြင့် စားပွဲကို ဖွဖွခေါက်ရင်း ယွီနျန့်ကို မေးလိုက်သည်။

"မင်း ဘယ်လိုထင်လဲ"

ယွီနျန့်က ပြန်၍မေးခွန်းထုတ်၏။

"အစ်ကိုမုန့်ရော ဘယ်လိုထင်လဲဟင်"

မုန့်ယွမ်က အခြေအနေကို သုံးသပ်ပြသည်။

"ဒါရိုက်တာရွှီက ဒီလောကမှာ အဆင့်အတန်း မြင့်မားတဲ့သူလေ။ သူက နာမည်ကြီး ဒါရိုက်တာဖြစ်လာတာ နှစ် ၂၀၊ ၃၀ တောင် ရှိပြီ။ သူရိုက်တဲ့ ရုပ်ရှင်တွေက အနှစ်သာရ အများကြီးရှိတယ်။ အခုလိုမျိုး ငွေအင်အား၊ လူအင်အား အများကြီး ရင်းနှီးထားတဲ့ ရုပ်ရှင်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။"

"ဒါဆို ဒီကားက အရမ်းကြီး မပေါက်ရင်တောင် သေချာပေါက်တော့ ရှုံးမှာမဟုတ်ဘူးပေါ့ ဟုတ်လား"

"ဟုတ်တယ်။ ယွီချင်းကလည်း မင်းသမီးဖြစ်နေတော့ ပရိသတ်ဆွဲဆောင်မှုက အားကောင်းပြီးသားပဲ။"

မုန့်ယွမ်သည် ယွီနျန့်၏ သဘောထားကို အသေအချာ မသိသေးသဖြင့် တိုက်ရိုက် ဆုံးဖြတ်ချက် မချသေးဘဲ

"ငါ့အကြံပြုချက်ကတော့ မင်း သရုပ်ဆောင်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ရိုက်ကူးချိန်က တိုတိုလေးလေ။ အခန်းတွေလည်း အများကြီး မဟုတ်ဘူး။ ပြီးတော့ မင်းက ဒီရုပ်ရှင်ရဲ့ ပရိုမိုးရှင်းသီချင်းကိုလည်း ဆိုရမှာဆိုတော့ ဒါက ပိုပြီးတော့တောင် ဂုဏ်ရှိသွားဦးမယ်။ ဒါရိုက်တာရွှီရဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ရတာက ဇာတ်ပို့နေရာလေးပဲ ဖြစ်ဖြစ်၊ ကောင်းကောင်း သရုပ်ဆောင်နိုင်ရင် တခြားသူတွေထက် အများကြီး ပိုပြီး ထင်ပေါ်သွားနိုင်တယ်"

ယွီနျန့်ကတော့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်သည်။

"ကျွန်တော်ကတော့ သီချင်းဆိုတာကိုပဲ ပိုနှစ်သက်တယ်"

"ငါသိပါတယ်။ မင်းကို သရုပ်ဆောင်လိုင်းထဲကို အတင်းတွန်းပို့မှာ မဟုတ်ပါဘူး။ မင်းလို ပါရမီရှင်မျိုးက သီချင်းမဆိုရဘူးဆိုရင် တကယ် နှမြောစရာကြီး ဖြစ်မှာပေါ့"

"ဒါဆိုရင်တော့... လက်ခံလိုက်ကြရအောင်"

***

မွန်းလွဲပိုင်းတွင် "Ancient Road" ရုပ်ရှင်အဖွဲ့၏ တရားဝင် Weibo စာမျက်နှာမှာ ပရိုမိုးရှင်းသီချင်း သီဆိုမည့်သူနှင့် ပတ်သက်သည့် သတင်းသစ်ကို တင်လိုက်ပြီး ယွီနျန့်၏ အကောင့်ကို တိုက်ရိုက် Tag တွဲ လိုက်သည်။


ရူရူ၏ ပရိသတ်များမှာမူ သူတို့၏ Idol ကောင်းမွန်သော အခွင့်အရေး ရရှိတော့မည်ဆိုကာ တရားဝင်ထုတ်ပြန်ချက်ကို ဂုဏ်ပြုရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။ သို့သော် သေသေချာချာ ကြည့်လိုက်သည့်အခါ Tag တွဲထားသည့်သူမှာ ရူရူ မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြတော့သည်။

[တောက်... ဟားဟားဟား! ရူရူ့ပရိသတ်တွေကို ရုတ်တရက် သနားသွားမိတယ်ဟ။ အကြာကြီး ကခုန်အော်ဟစ်နေကြပြီးမှ မျက်စိတစ်မှိတ်အတွင်းမှာပဲ တရားဝင်ဘလော့ဂ်ရဲ့ ပါးရိုက်တာ ခံလိုက်ရတာပဲ! သူတို့တွေတော့ အခု ကြောင်အမ်းအမ်း ဖြစ်နေလောက်ပြီ!]

[ဝိုး... ရှောင်နျန့်ကောင်းတောင် မယုံနိုင်ဘူး ဖြစ်နေတယ်! ငါတို့ နျန့်နျန့်က အပြတ်အသတ် အနိုင်ပိုင်းခံရမယ်ဆိုတဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ]

[ကျွန်တော်ကတော့ နှစ်ယောက်လုံးရဲ့ Fan မဟုတ်ပါဘူး။ ဒါပေမဲ့ မနေ့က ရူရူ့ပရိသတ်တွေ ပျော်မြူးနေကြတာ မြင်တော့ တရားဝင် ကြေညာလိုက်ပြီ ထင်နေတာ။ အခုကျတော့ မဟုတ်ဘူးလား မင်းတို့တွေက အတည်မပြုရသေးဘဲနဲ့ တခြားသူကို နင်းပြီး တက်နေကြတာ တကယ့်ကို အံ့ဩစရာ လုပ်ရပ်ပဲ! ဒီအကြောင်းကို မင်းတို့ နောက်ထပ် ခြောက်လလောက်အထိ အရှက်တကွဲ အပြောခံနေရဦးမှာ။]

[ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်! တောက်... နျန့်နျန့်ကို ဘာလို့ အလိုလိုနေရင်း အနှိမ်ခံရ၊ အစော်ကားခံရအောင် လုပ်ကြတာလဲ နျန့်နျန့်အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်!]

ခဏချင်းမှာပင် ရူရူ၏ ပရိသတ်များမှာ လူအများ၏ လှောင်ပြောင်ခြင်းကို ခံလိုက်ရတော့သည်။

Weibo ပေါ်က သတင်းတွေကို ဖတ်ပြီးနောက် ရှီရို့သည် စိတ်ကျေနပ်သွားကာ မျက်နှာတစ်ခုလုံး ပြုံးရွှင်နေတော့သည်။


"ရူရူ့ပရိသတ်တွေကတော့ သူတို့ရဲ့ သိက္ခာကို ဆယ်ဖို့အတွက် ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် Weibo အောက်မှာ သွားပြီး မန့်တွေတရစပ် ပို့နေကြတယ်။ ဒါဟာ တရားဝင် ရှင်းပြချက် ပေးရမယ့် ကိစ္စတဲ့။ နောက်ဆုံးအချိန်မှ လူပြောင်းလိုက်တာက နောက်ကွယ်မှာ မရိုးသားတာ တစ်ခုခု ရှိနေလို့လားဆိုပြီးတော့လေ"


သူမက စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောသည်။

"ဘယ်လိုများ ရှင်းပြရမှာလဲ။ တကယ်လို့ အစကတည်းက ရူရူလို့ တရားဝင် ကြေညာထားပြီးမှ ယွီနျန့်ဆီ အတင်းပြောင်းလိုက်တာဆိုရင်တော့ ရှင်းပြချက် တောင်းတာ ဆီလျော်ပါတယ်။ အခုဟာက သူတို့ဘာသာသူတို့ ထင်ရာစိုင်းနေကြတာလေ။ တကယ်ပဲ အောက်တန်းကျလိုက်တာ"

မုန့်ယွမ်ကလည်း ဘေးကနေ နှာခေါင်းရှုံ့လျက်

"ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးနေတုန်းပဲ။ တကယ် ရှက်ဖို့ကောင်းတယ်။ ဒါက နောက်ဆုံးမှ လူပြောင်းလိုက်တာလို့ သူတို့ ဘယ်လိုများ တထပ်တည်း ယုံကြည်နေကြတာလဲ။ သူတို့ မျက်လုံးတွေကို မဖွင့်နိုင်ကြဘူးလား"

ထိုအချိန်တွင် သတင်းတစ်ခုမှာ ဖုန်းစခရင်ပေါ်သို့ ရုတ်တရက် ပေါ်လာ၏။ ရှီရို့က သတိမထားမိသော်လည်း ဘေးတွင် ထိုင်နေသော ယွီနျန့်ကမူ

"ရှီရို့... ဖုန်းလေး ခဏလောက် ကြည့်လို့ရမလားဟင်" ဟု မေးလိုက်သည်။

ရှီရို့က ဖုန်းကမ်းပေးလိုက်ပြီး သူမကတော့ Tablet ကို ကိုင်ကာ ဆက်လက်ကြည့်ရှုနေသည်။

ယွီနျန့်သည် ခုနက တက်လာသော သတင်းကို နှိပ်ကြည့်လိုက်၏။ ပထမ စာကြောင်း နှစ်ကြောင်းကို ဖတ်ပြီးသည်နှင့် သူ၏ မျက်နှာပေါ်ရှိ သက်သောင့်သက်သာရှိသော အပြုံးများမှာ မသိစိတ်မှပင် ပျောက်ကွယ်သွားပါတော့သည်။

ရှီရို့သည် သူမ၏ Homepage ကို ဆွဲကြည့်ရင်း ဘေးတိုက်လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

"ဒါရိုက်တာအဖွဲ့ဝင် စုန့်ခဲ့ကားအတော်တဆဖြစ်မှု... ကယ်ဆယ်ရေးမအောင်မြင်ဘဲ အခင်းဖြစ်နေရာမှာတင် သေဆုံးသွား"

ယွီနျန့်၏ မျက်နှာအမူအရာမှာ တင်းမာသွားပြီး မသိမသာ အေးစက်နေသည်ကို မြင်သောအခါ သူမက ဂရုတစိုက် မေးလိုက်သည်။

"နျန့်နျန့်... ဒါ မင်းသိတဲ့သူလား"

ယွီနျန့်က နှုတ်ခမ်းကို အနည်းငယ်ကွေးညွှတ်လိုက်သော်လည်း ခေါင်းခါပြကာ "မသိပါဘူး" ဟုသာ ပြန်ဖြေလိုက်၏။

သူသည် ဖုန်းကို ရှီရို့ထံ ပြန်ပေးလိုက်ပြီးနောက် သူ၏ကိုယ်ပိုင်ဖုန်းကို ထုတ်ယူကာ ပတ်သက်ဆက်နွှယ်နေသည့် သတင်းများကို လိုက်လံရှာဖွေနေတော့သည်။

ယနေ့မွန်းလွဲပိုင်းတွင် စုန့်ခဲ့၏ ကားမှာ ဘရိတ်ပေါက်သွားခဲ့ပြီး လမ်းဘေးကာရံထားသော ဘောင်များကို တိုက်မိကာ မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။ ကားမောင်းသူနှင့် လက်ထောက်အပါအဝင် မည်သူမျှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန်တွင် သူတို့အားလုံးမှာ သေဆုံးနှင့်နေကြပြီ။ ယွီနျန့်သည် ဖုန်းစခရင်ကို စိုက်ကြည့်ရင်း သူ၏လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတော့သည်။

***


တစ်ချိန်တည်းမှာပင် ချွိရှောက်ရန်သည် ရှဲ့ယို့၏ ရုံးခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။ သူသည် တံခါးကို ဒုန်း ခနဲ မြည်အောင် ပြန်ပိတ်လိုက်ပြီး လက်ထောက်များကို အပြင်မှာ ထားရစ်ခဲ့၏။

သူသည် တံခါးနောက်မှာ ရပ်လျက် စားပွဲနောက်တွင် ခါးကိုမတ်မတ်ထား၍ ထိုင်နေသော ရှဲ့ယို့ကို ကြည့်လိုက်သည်။ ချွိရှောက်ရန်မှာ နှာခေါင်းထဲ၌ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ရင်ထဲ၌လည်း လှုပ်ရှားနေ၏။

"ရှဲ့ရှောင်ယို့... မင်း... မင်း အဆင်ပြေရဲ့လား"

ထိုစကားကို ပြောလိုက်သည့်အချိန်၌ သူ၏ရင်ခုန်သံမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မတတ် ဖြစ်နေတော့သည်။

သူ အားလုံးကို အသေအချာ မှတ်မိနေသည်။ ရှဲ့ယို့၏ အစ်ကိုဖြစ်သူတုန်းကလည်း ယခုကဲ့သို့ပင်။ မိုးရွာနေစဉ် ကားဘရိတ်ပေါက်သွားပြီးနောက် ကာရံထားသောဘောင်များကို ကျော်ဖြတ်ကာ မြစ်ထဲသို့ ကားတစ်စီးလုံး ထိုးကျသွားခဲ့သည်။ ယာဉ်မောင်းနှင့် အတွင်းရေးမှူးအပါအဝင် အားလုံး သေဆုံးခဲ့ကြရပြီး ကယ်ဆယ်ရန် အခွင့်အလမ်း လုံးဝမရှိခဲ့ပေ။

ထိုစဉ်က မည်သည့်သက်သေအထောက်အထားမျှ ရှာမတွေ့ခဲ့သဖြင့် မတော်တဆမှုအဖြစ်သာ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း... လောကကြီးမှာ ဒီလောက်တောင် တိုက်ဆိုင်တဲ့ မတော်တဆမှုတွေ အများကြီး ရှိနိုင်ပါမည်လော။

ရှဲ့ယို့သည် သူ၏အဆုတ်ထဲမှ လေထုအားလုံး အပြင်သို့ စုပ်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရကျပ်သည့် ဝေဒနာမှာ အစစ်အမှန်လော သို့မဟုတ် စိတ်ထင်သည်လောပင် မခွဲခြားနိုင်တော့ချေ။ သူသည် မျက်တောင်များကို နှိမ့်ချလိုက်၏။ သူ၏အကြည့်တို့သည် နှင်းဆီပွင့်ဖတ်များဖြင့် ပြုလုပ်ထားသော ပန်းခြောက်နမူနာလေးပေါ်သို့ ကျရောက်သွားပြီး အတော်ကြာမှပင် စကားစလိုက်တော့သည်။ သူ၏အသံမှာ အနည်းငယ် အက်ရှနေ၏။

"သူ ငါ့ကို သတိပေးနေတာ။"

"ဘာပြောတယ်"

ချွိရှောက်ရန်သည် အနားသို့ ခြေလှမ်းအနည်းငယ် တိုးကပ်သွား၏။ သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ မရဲတရဲ မေးလိုက်သည်။

"မင်းဆိုလိုတာက... တင်းကျောက်ရှန်းကို ပြောတာလား"

"အင်း"

ရှဲ့ယို့၏ မျက်နှာအမူအရာမှာ မည်သည့်ဂယက်မျှမရှိသော နက်ရှိုင်းသည့် ရေကန်တစ်ခုကဲ့သို့နှယ်။ သူ၏လေသံမှာ အလွန်တရာ တည်ငြိမ်လွန်းလှ၏။

"ငါ့ဘက်က စတင်လှုပ်ရှားနေပြီ။ စုန့်ခဲ့ရဲ့ဘက်တော်သားတွေကိုလည်း ငါ အရင်ကတည်းက အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ပစ်ခဲ့ပြီးပြီ။ စုန့်ခဲ့က အသက်ကြီးလာလေ သတ္တိနည်းလာလေပဲ။ သူ ကြောက်နေပြီ။ ဒါကြောင့် တင်းကျောက်ရှန်းကို ဆက်မကူညီချင်တော့ဘူး။ ဒါပေမဲ့ တင်းကျောက်ရှန်းက သူ့ကို လွတ်ခွင့်မပေးချင်ဘူး။ သူတို့နှစ်ယောက်ကြားမှာ ပဋိပက္ခတွေရှိခဲ့ပြီး ညစာစားပွဲမှာတောင် အကြီးအကျယ် စကားများခဲ့ကြသေးတယ်"

ချွိရှောက်ရန်မှာ ထိုကဲ့သို့သော နောက်ကွယ်မှ အကြောင်းအရာများကို မသိရှိခဲ့သဖြင့် လက်မောင်းများတွင် ကြက်သီးမွေးညင်းများပင် ထသွားရတော့သည်။

"အဲဒါနဲ့... ပြီးတော့ရော"

"စုန့်ခဲ့က ငါ့ကိုရော တင်းကျောက်ရှန်းကိုပါ ကြောက်နေတာ။ ဒါကြောင့် သူက ဒီညွှန်နွံထဲကနေ ရုန်းထွက်ချင်နေခဲ့တယ်။ သူက တင်းကျောက်ရှန်းနဲ့ အဆက်အဖြတ်လုပ်မယ်ဆိုတဲ့ သဘောထားကို ပြသရင်းနဲ့ပဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပြီး ပြည်ပကို ထွက်သွားဖို့ ပြင်ဆင်နေခဲ့တာ။ ဒါပေမဲ့ သိသာတာကတော့ သူ တင်းကျောက်ရှန်းကို ဖုံးကွယ်နိုင်ဖို့ မအောင်မြင်ခဲ့ဘူး။ တင်းကျောက်ရှန်းက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူးလေ"

"ဒါဆိုရင်... ဒီနေ့ ဖြစ်သွားတဲ့ ကားအက်စီးဒင့်က"

"အင်း"

ရှဲ့ယို့၏ မျက်ဝန်းများသည် အေးစက်လျက် စကားကို အေးအေးဆေးဆေးပင် ဆက်လက်ပြောသည်။

"သူက ငါ့အစ်ကို သေဆုံးခဲ့တဲ့ ပုံစံအတိုင်း တူအောင်လုပ်ပြီး ငါ့ကိုပါ သတိပေးလိုက်တာ။ သူက ငါ့ကို သတ်ပစ်ဖို့ဆိုတာ သူ့အတွက် မခက်ခဲဘူးဆိုတဲ့အကြောင်း ပြောချင်နေတာပဲ"

ချွိရှောက်ရန်မှာ ဘာစကားမျှ ပြန်မပြောရဲတော့ပေ။

ယခုအချိန်၌ ရှဲ့ယို့သည် လုပ်ကြံသတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် တင်းနေသော လေးကြိုးတစ်ချောင်းနှင့် တူနေသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရ၏။

ဤရှဲ့ယို့သည် သူသိကျွမ်းသောသူ ဖြစ်သော်လည်း တစ်ဖက်တွင်မူ အလွန်ပင် စိမ်းသက်နေပါတော့သည်။

ရှဲ့ယို့သည် သူ၏လက်ချောင်းငါးချောင်းကို ဖြူလျော့သွားသည်အထိ တင်းတင်းဆုပ်ထားပြီးနောက် တစ်ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျှော့ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ မုန်းတီးမှုနှင့် အေးစက်မှုအားလုံးကို မည်သူမျှ မမြင်နိုင်သည့် အနက်ရှိုင်းဆုံးနေရာ၌ ဝှက်ဖုံးလိုက်ပြီးပြီ။ သူသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ချွိရှောက်ရန်ကို မော့ကြည့်ကာ "ငါ အဆင်ပြေပါတယ်" ဟု ပြောပေး၏။

ချွိရှောက်ရန်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလျက် "အင်း" လိုက်ပေမဲ့ ဝေဝေဝါးဝါးဖြစ်နေသည်။ ထို့နောက် သူက တိုးညှင်းသောလေသံဖြင့်

"တကယ်လို့…"

"ငါ အဆင်ပြေပါတယ်"

ရှဲ့ယို့က ထပ်လောင်းအတည်ပြုသည်။

"တကယ်ပါ... ဘာမှမဖြစ်ဘူး။"

ရှဲ့ယို့ နာကျင်ခံစားနေရသည်ကို ချွိရှောက်ရန် သိသည်။ သို့သော်လည်း လက်ရှိ ရှဲ့ယို့သည် အရင်ကကဲ့သို့ ပီယာနိုကို ၁၂ နာရီဆက်တိုက် တီးခတ်ပြီးမှ ကြယ်ရောင်စုံသည့် ကောင်းကင်ယံကို ကြောင်အမ်းအမ်း ငေးကြည့်နေတတ်သည့် ဝမ်းနည်းနေသော ရှဲ့ရှောင်ယို့ လေး မဟုတ်တော့ကြောင်းကိုလည်း သူ ပို၍သိရှိထား၏။

သူသည် အနားသို့ ထပ်မတိုးတော့ဘဲ အက်ရှရှအသံဖြင့်သာ

"တစ်ခုခုဆို ငါ့ကို ဖုန်းခေါ်လိုက်နော်" ဟု ပြောနိုင်တော့သည်။

ရှဲ့ယို့က တိုးညှင်းသောလေသံဖြင့် "ကောင်းပြီ" ဟု ပြန်ဖြေသည်။

ယွီနျန့်သည်လည်း တစ်ချိန်လုံး စိတ်မအေးနိုင်ဘဲ ဖြစ်နေခဲ့သည်။ ညစာအတူစားရန် မုန့်ယွမ်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီး အိမ်သို့သာပြန်လာခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်ရင်း မကြာသေးမီနှစ်များအတွင်းက ရှဲ့မိသားစုနှင့် ပတ်သက်သည့် သတင်းများကို သူ မအောင့်နိုင်ဘဲ လိုက်လံရှာဖွေနေမိ၏။

ဖုံးကွယ်ထားသော၊ လူမသိသေးသော အကြောင်းအရာအချို့မှာ ခပ်ရေးရေး ပေါ်ထွက်လာနေသည်။ ခေတ္တမျှ သတင်းများကို ကြည့်ရှုပြီးနောက် ယွီနျန့်သည် ဖုန်းကို ဘေးချလိုက်သည်။ ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူဆေးကြောကာ စွပ်ပြုတ်တစ်အိုးကို အလေးအနက် တည်ထားလိုက်တော့သည်။

ည ၁၁ နာရီနီးပါး ရှိသောအခါ အိမ်ရှေ့လူခေါ်ဘဲလ်သံ မြည်လာ၏။

သူသည် တံခါးဝသို့ အမြန်လျှောက်သွားကာ အေးစက်နေသော တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်သည်။ ဟဲရှန်းသည် တံခါးအပြင်ဘက်တွင် ရပ်နေဆဲ။

"သူက ပြောပါတယ်... တောင်းပန်ပါတယ်တဲ့၊ ဒီရက်ပိုင်းအတွင်းမှာတော့ အစားအစာတွေ ခေတ္တ မပို့ပေးနိုင်တော့ဘူးလို့ ပြောခိုင်းလိုက်ပါတယ်"

ထို့နောက် သူ၏လက်ထဲမှ သေတ္တာလေးကို ကမ်းပေးလိုက်၏။ ယွီနျန့်သည် ထိုသေတ္တာကို လှမ်းယူလိုက်သည်။ သူ၏ခန့်မှန်းချက်မှာ ဤစကားကြောင့် အတည်ဖြစ်သွားသလို၊ သူ၏ရင်မှာလည်း တစ်ဖန် ပြန်လည်စိုးရိမ်ပူပန်လာရပြန်သည်။

သူသည် 'ရှဲ့ယို့ ဘေးကင်းရဲ့လား တစ်ခုခု ဖြစ်လို့လား' ဟု မေးချင်သော်လည်း စကားလုံးများ နှုတ်ခမ်းဖျားသို့ ရောက်သောအခါ ပြန်လည်မျိုသိပ်လိုက်ရ၏။

"ခဏလောက် စောင့်ပေးပါဦး။"

အထဲသို့ လမ်းလျှောက်ဝင်သွားရင်း ယွီနျန့်သည် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် Egg tarts အချို့ကို တွေ့ရသည်။ အပေါ်ယံ အလွှာလေးမှာ အနည်းငယ် တူးနေသော်လည်း အနံ့မှာမူ အလွန်ပင် မွှေးကြိုင်လှ၏။

သူသည် သေတ္တာကို ချထားလိုက်ပြီး ဗီဒိုထဲမှ အသစ်စက်စက် ရေနွေးနွေးပုံးကို ထုတ်ယူကာ ကြက်စွပ်ပြုတ်များ ထည့်လိုက်သည်။ ထို့နောက် အဖုံးကို တင်းတင်းပိတ်လိုက်၏။ သူသည် အတန်ကြာ စဉ်းစားပြီးနောက် စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားကာ စက္ကူအဖြူတစ်ရွက်ကို ရှာဖွေလိုက်သည်။ ပြီးနောက် ဘောပင်ကိုင်ကာ စာလုံးလေးလုံးကို ရေးသားလိုက်သည်။

မှင်ခြောက်သွားသောအခါ စက္ကူကို သေသေချာချာ ခေါက်လိုက်ပြီး တံခါးဝသို့ အမြန်ပြန်သွားတော့သည်။

ရေနွေးပုံးနှင့် စာတိုလေးကို လာသူထံ ကမ်းပေးရင်း ယွီနျန့်က "ဒုက္ခပေးမိပြီနော်" ဟု ဆိုလိုက်သည်။

ဟဲရှန်းက ခေါင်းညိတ်ပြကာ ထိုပစ္စည်းများကို ယူ၍ ထွက်ခွာသွားလေသည်။

***

စာကြည့်ခန်းအတွင်း၌ လိုက်ကာများကို ပိတ်ထားပြီး စားပွဲပေါ်ရှိ မီးအိမ်အသေးလေးတစ်ခုသာ ဖွင့်ထားသည်။

တိတ်ဆိတ်ငြိမ်သက်နေသော လေထုထဲ၌ ယွီနျန့်၏ ငယ်ရွယ်သော်လည်း အလွန်ကြည်လင်သော အသံမှာ ပျံ့လွင့်နေ၏။ ရှဲ့ယို့သည် စားပွဲတွင် ထိုင်နေပြီး မှိန်ပျပျမီးရောင်ကြောင့် သူ၏ကိုယ်ဟန်မှာ အမှောင်ရိပ်တစ်ခုအဖြစ် ပေါ်လွင်နေသည်။ သူ၏ မျက်နှာအမူအရာကိုမူ အသေအချာ မမြင်ရပေ။

ဟဲရှန်းသည် စာကြည့်ခန်းထဲသို့ ဝင်လာရာ ကော်ဇောကြောင့် ခြေသံများမှာ တိတ်ဆိတ်နေသည်။

ရှဲ့ယို့က မော့မကြည့်ဘဲ "မှာလိုက်တာ သေချာပြောလိုက်လား" ဟု မေးလိုက်သည်။

"ဟုတ်ကဲ့"

ဟဲရှန်းသည် ရေနွေးနွေးပုံးနှင့် စက္ကူကို စားပွဲပေါ် တင်ပေးလိုက်၏။

"ဒါက သူ ပြန်ပေးလိုက်တဲ့ ပစ္စည်းတွေပါ"

"သိပြီ။"

စာကြည့်ခန်းတံခါးမှာ ပြန်လည်ပိတ်သွားသည်။ ရှဲ့ယို့သည် မီးခိုးရောင် ရေနွေးပုံးကို အတော်ကြာအောင် ငေးကြည့်နေပြီးမှ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးညွှတ်ကာ ပြုံးနိုင်သွားသည်။

ခဏအကြာတွင် သူသည် လက်လှမ်း၍ ထိုစက္ကူပါးလေးကို ယူကာ ဂရုတစိုက် ဖြန့်လိုက်၏။

မှင်ဖြင့် ရေးသားထားသော သပ်ရပ်လှပသည့် စာလုံးလေးလုံးမှာ စက္ကူပေါ်တွင် ပေါ်လွင်နေသည်။

"မင်း ဘေးကင်းပါစေ"

ရှဲ့ယို့သည် ထိုစာသားကို အချိန်မည်မျှကြာအောင် ငေးကြည့်နေခဲ့သည် မသိပေ။ ထို့နောက်တွင်မူ သူသည် ထိုစာရွက်ကို သေသေချာချာ ပြန်ခေါက်ကာ သူ၏ရင်ဘတ်နှင့် အနီးဆုံးဖြစ်သော အင်္ကျီအတွင်းအိတ်ထဲသို့ ထည့်သိမ်းထားလိုက်ပါတော့သည်။

________________________________________________________________

TN // သနားပါတယ်။ ငယ်ငယ်ရွယ်ရွယ် အတွဲလေးမှာ ဒုက္ခကိုယ်စီနဲ့ ….



















Comments

  1. နီးတော့မယ်ဖြစ်နေကာမှ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...