အခန်း (၃၆) - မင်း ဘယ်လိုနေလဲ သိပ်မကောင်းဘူး။
ယွီနျန့်သည် အဝတ်အစားများ ပေကျံသွားမည်ကို ဂရုမစိုက်ဘဲ ခြောက်သွေ့နေသော သဲပြင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းလိုက်သည်။ သူသည် ကောင်းကင်ယံမှ ကြယ်ပွင့်များကို ငေးကြည့်ရင်း အလွန်နူးညံ့သော လေသံဖြင့် မေးလိုက်၏။
"ရှဲ့ယို့... ဒီရက်ပိုင်း မင်း ဘယ်လိုနေလဲ"
မေးပြီးပြီးချင်းမှာပင် သူက ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ချွိရှောက်ရန်၏ ရုံးခန်းအပြင်ဘက်မှာ ဆုံတုန်းကလည်း သူ ဤမေးခွန်းကိုပင် မေးခဲ့ဖူးသည်။ ထိုစဉ်က ရှဲ့ယို့က "အဆင်ပြေပါတယ်" ဟု ပြန်ဖြေခဲ့၏။
ရှဲ့ယို့၏ အသံသည် ညဦးယံလေပြည်ထဲတွင် ရစ်ပတ်နေသကဲ့သို့ အေးစက်သော်လည်း နူးညံ့နေသည်။
"သိပ်မကောင်းဘူး"
ယွီနျန့် အနည်းငယ် အံ့အားသင့်သွားရ၏။ ရှဲ့ယို့သည် "အဆင်ပြေပါတယ်" ဟုသာ ထပ်မံဖြေကြားလိမ့်မည်ဟု သူ ထင်ထားခဲ့သည်လေ။
ယွီနျန့်က ခဏစဉ်းစားပြီးနောက်
"ကျွန်တော် ခုနကပဲ သတင်းတစ်ခု တွေ့လိုက်တယ်။ မြစ်ထဲကို ကားတစ်စီး ထိုးကျသွားတယ်တဲ့။ ကားပိုင်ရှင်ရဲ့ မျိုးရိုးက ရှဲ့ တဲ့"
"အဲဒါ ငါ့ကား…ငါ အဲဒီကားနဲ့ အိမ်ပြန်ဖို့ လုပ်နေတာ"
ယွီနျန့်သည် ဖုန်းကို ကိုင်ထားသော သူ၏ လက်ချောင်းငါးချောင်းကို တင်းတင်းဆုပ်လိုက်မိသည်။ ရှဲ့ယို့က သူ၏ အန္တရာယ်ပင်လယ်ပြင်ထဲမှ ရေခဲတောင်ထိပ်ဖျားလေးတစ်ခုကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောပြ
လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"အရင်က စုန့်ခဲ့ဖြစ်သွားတာလည်း ဒီလိုမျိုးပဲလား"
"အင်း"
အသက်ရှူသံ အနည်းငယ် ကြားရပြီးနောက် ရှဲ့ယို့က တိုးညှင်းစွာ မေးလာသည်။
"မင်း ငါနဲ့ စကားပြောဖို့ အချိန်ရလား"
ရှင်းပြမရနိုင်သော ခံစားချက်တစ်ခုကြောင့် ယွီနျန့်၏ မျက်ဝန်းများ ရုတ်တရက် ပူနွေးလာရ၏။
သူသည် ပုံပျက်နေသော ကိတ်မုန့်များ၊ တူးနေသော ပူတင်များ၊ ပုံစံမကျသော ဘီစကစ်ငယ်များ၊ အစားထိုးပေးခဲ့သော ဓာတ်ဗူးနှင့် ယွမ် ၂၀၀ တန် ဈေးနှုန်းကတ် ချိတ်ပေးခဲ့သော လက်စွပ်ကြယ်သီးများကို ပြန်လည်သတိရမိသည်။ အပြင်ပန်းတွင် ရှဲ့ယို့ ပြသနေသော ပုံရိပ်နှင့် သူ၏ အတွင်းသဏ္ဌာန်မှာ တကယ့်ကို ကွာခြားလွန်းလှ၏။
ရှဲ့ယို့သည် အပြင်ပန်းတွင် မြင်တွေ့ရသကဲ့သို့ အေးစက်ပြီး အလိုရမ္မက်ကြီးကာ ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့သူတစ်ဦး မဟုတ်ပေ။ ယွီနျန့် သိကျွမ်းသော ရှဲ့ယို့မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဒါဆိုလျှင်... လူတစ်ယောက်သည် သူ၏ တကယ့်ပင်ကိုယ်စရိတ်ကို ဤမျှနက်ရှိုင်းစွာ ဖုံးကွယ်ထားရရန် မည်မျှအထိ ခက်ခဲခဲ့ပါသနည်း။
သူ၏ လေသံမှာ တစ်ဖက်လူကို ချော့မြူနေသကဲ့သို့ပင် ဖြစ်သွားသည်ကို သူ ကိုယ်တိုင်ပင် သတိမထားမိပေ။
"ရတာပေါ့... အချိန်ရပါတယ်"
ဖုန်းလက်ခံစက်ထဲမှ လေတိုးသံများမှာ အက်ရှရှ ဖြစ်နေပြီး အတန်ကြာမှ ရှဲ့ယို့၏ အသံ ထွက်ပေါ်လာတော့သည်။
"ငါ့အစ်ကိုက ငါ့ထက် ငါးနှစ်ကြီးတယ်။ သူက နွေဦးမှာ မွေးတာ။ သူ မွေးတဲ့နေ့က တစ်ညလုံး နွေဦးမိုးတွေ သည်းသည်းမည်းမည်း ရွာခဲ့လို့ မားက သူ့ကို ရှဲ့လီလို့ နာမည်ပေးခဲ့တာ"
ရှဲ့ယို့သည် သူ၏ရင်ထဲ၌ အကြာကြီး မြုပ်နှံထားခဲ့သော ပုံပြင်တစ်ပုဒ်ကို နောက်ဆုံးတွင် ထုတ်ပြောခွင့် ရလိုက်သကဲ့သို့ပင်။ သူသည် ဤအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားဟန်ဖြင့် ပုံမှန်အရှိန်ဖြင့်သာ ခပ်အေးအေးဖြည်းဖြည်း ပြောပြလာသည်။
"သူက တကယ့်ကို ထက်မြက်ပြီး စွမ်းဆောင်ရည်ရှိတဲ့သူ။ ဆရာအတော်များများက ဒီလောက်ဉာဏ်ကောင်းတဲ့ ကျောင်းသားမျိုး တစ်ခါမှ မသင်ဖူးဘူးလို့ ပြောကြတယ်။ ငါမသိတဲ့ မေးခွန်းတွေအကုန်လုံးကို သူ သိတယ်။ ငါ မဆက်တတ်တဲ့ အရုပ်မော်ဒယ်တွေကိုလည်း သူက စိတ်ရှည်လက်ရှည် သင်ပေးခဲ့တာ။ ဘောပင်ဘယ်လိုကိုင်ရမလဲ၊ ပုံဘယ်လိုဆွဲရမလဲ၊ ဖိနပ်ကြိုးဘယ်လိုချည်ရမလဲဆိုတာကအစ ရေကူးတာအထိ သူပဲ ငါ့ကို သင်ပေးခဲ့တာ။ သူက စီးပွားရေးအမြင်လည်း ရှိတော့ ဖေဖေက အရမ်းပျော်ပြီး အစ်ကို့ကို အမြဲတမ်း ဘေးနားမှာထားပြီး သင်ပေးလေ့ရှိတယ်"
"ပြီးတော့ရော"
"အဲဒီနောက်မှာ သူ ကားအက်စီးဒင့်ဖြစ်ခဲ့တယ်။ ကားက မြစ်ထဲကို နစ်သွားခဲ့တာ။ အဲဒီအချိန်တုန်းက... သူ တကယ်ကို ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့နေခဲ့မှာပဲ။ ဘယ်သူမှ သူ့ကို လာမကယ်ခဲ့ကြဘူး။"
ရှဲ့ယို့က သူ့ဘာသာသူ ရေရွတ်နေသကဲ့သို့ အသံကို နှိမ့်လိုက်ကာ
"အဲဒီကာလတုန်းက ငါ ညတိုင်း သူ့အကြောင်း အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ သူက ငါ့ကို ပြောတယ်... မြစ်ရေက တကယ်ကို အေးစက်လွန်းတယ်တဲ့။"
ယွီနျန့်သည် ထိုစကားများမှတစ်ဆင့် အတိတ်၏ ပုံရိပ်ကြမ်းကို ဖော်ထုတ်ကြည့်မိသည်။ အနာဂတ်အတွက် သေသေချာချာ ပျိုးထောင်ထားသည့် အမွေခံသားကြီးမှာ မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့ရပြီး ကျန်ရစ်သူမှာ Leto ဂီတတက္ကသိုလ်တွင် ပီယာနို အထူးပြုလေ့လာနေကာ စီးပွားရေးနှင့် လုံးဝ မပတ်သက်ဖူးသော သားငယ်လေးသာ ရှိတော့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ဘေးပတ်ပတ်လည်၌ ကျားရဲ၊ ဝံပုလွေများကဲ့သို့ လောဘသားများ ဝိုင်းရံနေမည်မှာ အသေအချာပင်။
ထိုလမ်းခရီးသည် အလွန်ခက်ခဲကာ ရွှံ့ညွန်များဖြင့် ပြည့်နှက်နေလိမ့်မည် ဖြစ်သော်လည်း ရှဲ့ယို့သည် ယနေ့တိုင်အောင် တစ်လှမ်းချင်း လျှောက်လှမ်းလာနိုင်ခဲ့သည်။
***
ယွီချင်းသည် ယွီနျန့်၏ နှိုးမှုကြောင့် နိုးလာသောအခါ အိပ်ရာမှ နိုးနိုးချင်း ရှုပ်ပွနေသော ဆံပင်ရှည်များကို သပ်တင်ရင်း မကျေမချမ်း ညည်းညူလိုက်သည်။
"ရိုက်ကူးရေးတောင် မပြီးသေးဘူး။ ငါ့ဆံပင်တွေက ခြောက်သွေ့ပြီး ကြမ်းကုန်ပြီ။ ပြန်ရောက်ရင် ဒါတွေကို ပြန်ပြုပြင်ဖို့ အချိန်ဘယ်လောက်တောင် ပေးရမလဲ မသိဘူး!"
သူမသည် ယွီနျန့်၏ ငေးငေးငိုင်ငိုင် ဖြစ်နေသော ပုံစံကို မြင်လိုက်ရသဖြင့် ပုခုံးဖြင့် အသာတိုက်ကာ
"ဟိုး... ငါတို့ နျန့်နျန့်က ညသန်းခေါင်ကြီးမှာ ကောင်းကောင်းမအိပ်ဘဲ ငါ့ကို အဝေးကြီးအထိ ကားမောင်းခိုင်းပြီး လိုင်းကောင်းတဲ့နေရာ ရှာခိုင်းတယ်။ အဲဒါ တစ်စုံတစ်ယောက်နဲ့ စကားပြောဖို့အတွက်ပေါ့လေ။ အခုမှပဲ ငါလည်း စိတ်အေးရတော့တယ်!"
ယွီနျန့်က စိတ်ပျက်လက်ပျက်ဖြင့် "အစ်မ... ဘာတွေ တွေးနေတာလဲ"
ယွီချင်းက ဆံပင်ကို ပုံမှန်အတိုင်း ပြန်စည်းလိုက်ပြီး သက်ပြင်းချဟန်ဆောင်ကာ
"ဟေး... နျန့်နျန့်လည်း ၂၁ နှစ် ရှိပြီ လူလားမြောက်ပြီပဲ။ အချစ်နဲ့ တွေ့ရမယ့် အရွယ်လည်း ရောက်နေပြီလေ! သိပ်မကြာခင်မှာပဲ မင်း တွေးတော့မှာ... 'အစ်မ အစ်မဆိုတာ ဘာလဲ စားလို့ရလား' ဆိုပြီးတော့ပေါ့"
ယွီနျန့်သည် သူမ၏ စကားများ လမ်းချော်နေသည်ကို ကြားသဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
"အဲဒီလို တစ်စုံတစ်ယောက် မရှိပါဘူး။ သူက ကျွန်တော့် သူငယ်ချင်းပါ။ သူက အခုတလော အခြေအနေ မကောင်းလို့ ကျွန်တော် နည်းနည်း စိုးရိမ်နေရုံတင်ပါ"
ချွိရှောက်ရန်၏ ရုံးခန်းအပြင်ဘက်မှာ ရှဲ့ယို့နှင့် ဆုံခဲ့စဉ်က ရှဲ့ယို့သည် စကားများစွာ ပြောချင်နေပုံရသော်လည်း မပြောနိုင်ဘဲ အနည်းငယ်... အားငယ်နေသလိုမျိုး ခံစားချက်ကိုလည်း သူ ပြန်လည်သတိရမိ၏။
ယွီနျန့် တစ်ဖန် ပြန်လည်ငေးငိုင်သွားသည်ကို မြင်သောအခါ ယွီချင်းက နှာမှုတ်လိုက်ကာ
"ထပ်ပြီး ငေးနေပြန်ပြီ! အဲဒါတောင် တစ်စုံတစ်ယောက် မရှိဘူးလို့ ပြောနေသေးတယ်"
ယွီနျန့်သည် ရှင်းပြလေ ပိုရှုပ်လေ ဖြစ်မည်ကို သိသဖြင့် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
"အစ်မ... အရင်က 'Drunken Horse Raoming in Spring Painting' နွေဦးပန်းချီကားထဲက မြင်းမူးတောင် သတင်း ရပြီလို့ ပြောခဲ့တယ် မဟုတ်လား"
ယွီချင်းက စတီယာရင်ကို ပုတ်လိုက်ရင်း
"အာ... မင်းမမေးရင် ငါတောင် မေ့တော့မလို့! ငါ့အဖေရဲ့ သူငယ်ချင်းက ဒီပန်းချီကားအကြောင်း စုံစမ်းပေးထားတယ်။ ဒါကို ကျွန်းနိုင်ငံတစ်ခုက စီးပွားရေးသမားတစ်ယောက်က ဝယ်သွားပြီး နောက်ပိုင်းမှာ ပုဂ္ဂလိက ပြတိုက်တစ်ခုကို ပို့လိုက်တယ်တဲ့။ မကြာသေးခင်ကတော့ အဲဒီပြတိုက်က စီမံခန့်ခွဲမှု မကောင်းလို့ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို လေလံတင်တော့မယ်လို့ သတင်းထွက်နေတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာမလဲ။ ဘယ်သူတွေ စိတ်ဝင်စားနေလဲဆိုတာတော့ မသိသေးဘူး။ ငါ့လူကိုတော့ စောင့်ကြည့်ခိုင်းထားတယ်။ သတင်းရရင် ပြောမယ်"
သူမက ယွီနျန့်ကို တစ်ချက် စိုက်ကြည့်လိုက်ကာ
"မင်းက ငါ့အကူအညီကို မယူချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ မင်းမှာ ထမင်းစားဖို့ ပိုက်ဆံမရှိတော့ရင်တော့ အနည်းဆုံး ငါ့ကို ကူညီခွင့်ပေးဦး!"
ယွီနျန့်က အလျင်အမြန်ပင်
"ဟုတ်ကဲ့ပါ။ ကျွန်တော် အခုထိတော့ ထမင်းစားနိုင်ပါသေးတယ်"
"ကဲ... နောက်ကျနေပြီ။ ကိစ္စပြီးရင် ပြန်ကြမလား"
ယွီနျန့် ခေါင်းညိတ်သည်ကို စောင့်ပြီးနောက် ယွီချင်းသည် အရှိန်မြှင့်ကာ ရုပ်ရှင်အဖွဲ့စခန်းရှိရာသို့ ပြန်လည်မောင်းနှင်ခဲ့တော့သည်။
***
နောက်တစ်နေ့ နံနက်စောစောတွင် ယွီနျန့် နိုးလာသောအခါ ရုပ်ရှင်အဖွဲ့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အသုံးအဆောင်ပစ္စည်းများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး နေရာတိုင်းမှာ ရှုပ်ပွနေ၏။
ရှီရို့သည် သမ်းဝေရင်း လက်ထဲက ရေနွေးအိုးကို ယွီနျန့်ထံ ကမ်းပေးသည်။
"မနေ့က ရိုက်ကူးရေးက မနက် လေးနာရီမှ ပြီးတာ။ ဒါရိုက်တာရွှီတောင် မခံနိုင်တော့ဘူး။ အလုပ်ပြီးတော့ ပစ္စည်းရွှေ့တဲ့ ကလေးတွေက ငိုက်ပြီး ရွှေ့နေကြတာ။ တစ်ယောက်ဆို ဒါရိုက်တာ့ခေါင်းကိုတောင် တိုက်မိမလိုဖြစ်လို့ ဒါရိုက်တာရွှီတောင် လန့်နိုးသွားသေးတယ်"
စကားပြောပြီးနောက် ယွီနျန့်သည် ရေနွေးအိုးကို ကိုင်ကာ ရှီရို့နှင့်အတူ မနက်စာ စားရန် သွားစဉ်မှာပင် ဖုန်းမြည်လာသည်။
"မင်္ဂလာပါ အစ်ကိုမုန့်!"
"မင်္ဂလာမရှိဘူး!" မုန့်ယွမ်၏ အသံမှာ အလွန်တရာ စိတ်မရှည်သကဲ့သို့ ဖြစ်နေသည်။
"မင်း မနေ့ညက ယွီချင်းနဲ့အတူ အပြင်ကို ကားမောင်းထွက်သွားတာလား တစ်နာရီကျော်လောက်ကြာမှ ပြန်လာတယ်ဆို"
ယွီနျန့်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ရိပ်မိလိုက်သည်။
"ကျွန်တော်တို့ ခိုးရိုက်ခံလိုက်ရတာလား ဒါမှမဟုတ် သတင်းတွေ ထွက်နေပြီလား"
"နှစ်ခုလုံးပဲ!"
ယွီနျန့်က တည်ငြိမ်စွာပင် ပြန်လည်စဉ်းစားကြည့်လိုက်သည်။
"ရိုက်ကူးရေးအဖွဲ့ဆီ မလာခင်တုန်းက ကျွန်တော် ယွီချင်းရဲ့အိမ်ကို သွားပြီး ပစ္စည်းတွေ ကူသိမ်းပေးခဲ့သေးတယ်။ ပြီးတော့ အဲဒီပစ္စည်းတွေကို ကျွန်တော်နဲ့တစ်ပါတည်း ရုပ်ရှင်အဖွဲ့ဆီ သယ်လာခဲ့တာ။ 'Sound of Nature' ပြိုင်ပွဲတုန်းကလည်း တစ်ညမှာ အရမ်းနောက်ကျသွားလို့ သူမအိမ်က ဧည့်သည်ခန်းမှာ တစ်ညအိပ်ခဲ့ဖူးတယ်။ နောက်တစ်နေ့မနက်ကျတော့ သူမက ရိုက်ကူးရေးအတွက် လေယာဉ်စောစောစီးရမှာမို့ အတူတူထွက်လာခဲ့ကြတာ။ တကယ်လို့ တစ်ဖက်လူက တမင်ရည်ရွယ်ထားတာဆိုရင် ဒီနှစ်ကြိမ်တုန်းကလည်း ခိုးရိုက်ထားတာမျိုး ရှိနိုင်တယ်"
သူသည် ရှီရို့ကို အချက်ပြလိုက်ပြီး လူလွတ်ရာ ထောင့်တစ်နေရာသို့ သွားရပ်လိုက်သည်။
"ဒါဆိုရင် တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က သတင်းအကြီးအကျယ် ချပြဖို့ပေါ့။ သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားတာလား။ ဒါမှမဟုတ် ယွီချင်းကိုလား"
မုန့်ယွမ်သည် အကြောင်းစုံကို သိသွားရသဖြင့် လေသံမှာ ပြန်လည်တည်ငြိမ်သွားသည်။
"မင်းကိုပဲ။ အခု အင်တာနက်ပေါ်က မှတ်ချက်တွေကို တမင်လမ်းကြောင်းလွှဲနေကြပြီ။ မင်းတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းကွာခြားလွန်းတော့ မင်းတို့ တွဲနေကြတယ်လို့ ထင်တဲ့သူက တော်တော်ရှားတယ်"
"တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"ငါလည်း မင်းတို့နှစ်ယောက် ချစ်သူတွေဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ မင်းတို့တစ်ယောက်နဲ့တစ်ယောက် ကြည့်တဲ့အကြည့်တွေမှာတောင် အချစ်မီးပွားတွေ တစ်စက်မှ မပါဘူးလေ!"
ယွီနျန့်က ခေတ္တစဉ်းစားပြီး ရှင်းပြလိုက်သည်။
"သူမက ကျွန်တော့်အစ်မပါ၊ ကျွန်တော်တို့ ချစ်သူတွေဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
မုန့်ယွမ် ခေတ္တမျှ ဆွံ့အသွားပြီးမှ အော်ဟစ်လိုက်တော့သည်။
"တောက်! အစ်မ မင်းတို့က သွေးသားတော်စပ်တာလား"
"ဟုတ်ကဲ့။ ကျွန်တော့်အစ်မ။ သွေးသားတော်စပ်ပေမဲ့ နည်းနည်းတော့ ဝေးပါတယ်။ ယွီချင်းရဲ့အဘိုးက ကျွန်တော့်အဘွားရဲ့ မောင်အရင်းလေ။ ဒါကြောင့် ကျွန်တော့်အဘွားက ယွီချင်းရဲ့ အဘွားတော်ပေါ့။ သူမက ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်မပါ။ ငယ်ငယ်တည်းကလည်း အတူတူ ဆော့လာခဲ့ကြတာ"
ယွီနျန့်သည် ဂျင်းဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ကာ ပြတ်သားစွာပင် ဖြေကြားလိုက်ပါသည်။
မုန့်ယွမ်က အတွေ့အကြုံရင့်သူပီပီ ချက်ချင်းပင် ရိပ်မိသွားသည်။
"မင်း ဒီပတ်သက်မှုကို မပြောပြခဲ့တာက ယွီချင်းကို အမှီအခိုမပြုချင်လို့။ ပြီးတော့ သူမရဲ့ အရိပ်အောက်မှာ မနေချင်လို့ မဟုတ်လား"
"ဟုတ်ကဲ့"
ယွီနျန့်က ခေါင်းငုံ့ကာ ပြုံးလိုက်ရင်း
"ဒီအတွေးက နည်းနည်းတော့ ကလေးဆန်ကောင်း ဆန်နိုင်ပေမဲ့ ကျွန်တော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး နာမည်ကြီးလာနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့မှ ဘာလို့ 'ယွီချင်းရဲ့မောင်' ဆိုတဲ့ တံဆိပ်ကို ကိုယ့်ဘာသာကိုယ် ကပ်နေဦးမှာလဲ"
"ဒီလိုတွေးတာ ကောင်းပါတယ်။ တကယ်လို့ မင်းသာ ဒီတံဆိပ်ကို ကပ်လိုက်မိရင် နောင်တစ်ချိန်မှာ မင်း ဘယ်လောက်ပဲ အောင်မြင်ပါစေ။ ဘယ်သူကမှ ဒါဟာ မင်းရဲ့ ကိုယ်ပိုင်ကြိုးစားမှုကြောင့်လို့ အသိအမှတ်ပြုကြမှာ မဟုတ်တော့ဘူး။"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်"
မုန့်ယွမ်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
"ဒီကိစ္စကို ဘယ်လိုရှင်းရမလဲလို့ ငါ စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် ကျား၊ မ ပတ်သက်မှုဆိုတာ အတော်လေး ဒုက္ခများတဲ့အရာလေ။ ပုံတစ်ပုံတည်းနဲ့တင် လူတွေရဲ့စိတ်ထဲမှာ ဝတ္ထုတစ်ပုဒ်ဖြစ်အောင် ဖန်တီးလို့ရတယ်။ တချို့ကဆိုရင် မင်းက နာမည်ကြီးချင်လို့ သူမကို ကပ်တွယ်နေတာလို့တောင် ပြောကြလိမ့်မယ်။ ကဲ... အရင်ဆုံး ယွီချင်းနဲ့ စကားပြောကြည့်ပြီး သူမရဲ့ သဘောထားကို အရင်မေးလိုက်ဦး။ ပြီးမှ ငါတို့ ဘာဆက်လုပ်မလဲဆိုတာ ပြန်ညှိကြတာပေါ့။"
ဖုန်းချပြီးနောက် ယွီနျန့်သည် အခြေအနေကို ကိုယ်တိုင် စစ်ဆေးကြည့်လိုက်သည်။ သေသေချာချာ လိုက်ရှာနေစရာပင် မလိုပေ။ သူ၏ လတ်တလော Weibo ပို့စ်အောက်တွင် သူ၏ ပရိသတ်များနှင့် ယွီချင်း၏ ပရိသတ်များမှာ သူတို့နှစ်ယောက် ဘာပတ်သက်နေသလဲဆိုသည်ကို ဝိုင်းဝန်းမေးမြန်းနေကြပြီ ဖြစ်သည်။
အချို့ကဆိုလျှင် သူသည် "Sound of Nature" ပြိုင်ပွဲတွင် ယွီချင်း၏ သီချင်းနှစ်ပုဒ်ကို ဆက်တိုက်ဆိုခဲ့သည်ကိုလည်းကောင်း၊ Guest ဖိတ်ခေါ်သည့်အပိုင်းတွင် ယွီချင်း၏ လက်အောက်မှသူက လာကူညီခဲ့သည်ကိုလည်းကောင်း၊ မဂ္ဂဇင်းအင်တာဗျူးတစ်ခုတွင် ယွီချင်းက သူ့နာမည်ကို ထည့်ပြောခဲ့သည်ကိုလည်းကောင်း အသေးစိတ် ပြန်လည်တူးဖော်နေကြသည်။
[ရုတ်တရက်ကြီး ဝမ်းနည်းသွားတာပဲ! ယွီနျန့်က အစီအစဉ်မှာ ယွီချင်းရဲ့ သီချင်းကို ဆိုတာက သူ့ရဲ့ သစ္စာရှိမှုကို ပြတာလား ပြီးတော့ ယွီချင်းရဲ့ အကူအညီနဲ့ ထပ်ပြီး နာမည်ကြီးလာတာပေါ့! မဟုတ်မှလွဲရော... ယွီနျန့်က ဒီအစီအစဉ်ကို တန်းရောက်သွားတာ ယွီချင်းရဲ့ လက်ချက်ပဲ မဟုတ်လား]
[လျှောက်မပြောစမ်းနဲ့! တကယ်လို့ နျန့်နျန့်မှာ ယွီချင်းလို ကျောထောက်နောက်ခံရှိနေရင် သူ ခြေထောက်ဒဏ်ရာနဲ့ ပရိသတ်တွေရှေ့မှာ ကပြနေပါဦးမလား]
[ငါတို့ ရူရူလေးအတွက် တကယ် စိတ်မကောင်းဘူး! ဒါက မရိုးသားဘူးဆိုတာ မသိသာဘူးလား ရုပ်ရှင်အဖွဲ့က ရှင်းပြသင့်တယ်။ ယွီချင်းက မင်းသမီးဆိုတော့ သူမရဲ့ လူရင်းကို ပရိုမိုးရှင်းသီချင်း ပေးဆိုတာ မသိသာလွန်းဘူးလား။ ရူရူက အကြာကြီး ပြင်ဆင်ထားရတာကို ဒီလို ရွံစရာကောင်းတဲ့ ပတ်သက်မှုနဲ့ ဖယ်ထုတ်ခံလိုက်ရတာလား! သူ ဒါနဲ့ မထိုက်တန်ပါဘူး!]
[ရူရူ့ပရိသတ်တွေကတော့ ရင်ကျိုးရပြီ! ဒီယွီနျန့်က ရူရူထက် ဘာသာသာလို့လဲ ရူရူ့ရဲ့ အခွင့်အရေးကို လုယူရုံတင်မကဘဲ ဝေဖန်မှုတွေကို ထိန်းချုပ်ဖို့ ရေဆိုးပက်တဲ့သူတွေပါ ဝယ်ထားသေးတယ်၊ ရှက်ဖို့ကောင်းလိုက်တာ!]
ရှီရို့၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေပြီး ယွီနျန့်ကို နှစ်သိမ့်လိုက်သည်။
"နျန့်နျန့်... စိတ်မကောင်းမဖြစ်ပါနဲ့။ အင်တာနက်ပေါ်က လူတွေကတော့ ဒီအတိုင်းပဲ လျှောက်ပြောနေကြတာ။"
"ကျွန်တော် စိတ်မကောင်းမဖြစ်ပါဘူး။ ကျွန်တော် စဉ်းစားနေတာက... ဒီကိစ္စကနေ ဘယ်သူက အကျိုးအမြတ် အများဆုံးရမလဲဆိုတာပဲ။ ဒီအကြောင်းကို ဖော်ထုတ်လိုက်လို့ သူ့အတွက် ဘာကောင်းမှာလဲ"
ရှီရို့က တွေးတောကြည့်ရင်း
"အရင်က အစ်မယွီချင်း ဒီဇာတ်ကောင်နေရာကို ရတုန်းက တခြားနာမည်ကြီး မင်းသမီးတွေရဲ့ ပရိသတ်တွေကြားမှာ အကြီးအကျယ် စကားများခဲ့ကြသေးတယ်။ တကယ်လို့ ဒီလို မရေမရာ ပတ်သက်မှုမျိုး ပေါက်ကြားသွားရင် အစ်မယွီချင်းရဲ့ နာမည်ကျော်ကြားမှုကို ထိခိုက်မှာ သေချာတယ်။ ဒါက နောက်ထပ် အခွင့်အရေးတွေအတွက် ပြိုင်ဘက်တွေက လုပ်တာလား"
"အဲဒါလည်း ဖြစ်နိုင်ပါတယ်" ယွီနျန့်က သုံးသပ်ပြသည်။
"ရူရူ့ဘက်က ပရိသတ်တွေကလည်း တော်တော်လေး စနစ်တကျ ရှိနေကြတယ်။ ကျွန်တော် သီချင်းဆိုခွင့်ရတာက ယွီချင်းကြောင့်လို့ သူတို့က တထပ်တည်း ကောက်ချက်ချနေကြတာ။ ဒါက တကယ့် နောက်ကွယ်က ဇာတ်လမ်းပဲ။ ကျွန်တော့်ကြောင့် ရူရူ ဖယ်ထုတ်ခံလိုက်ရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့"
"ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မင်းရဲ့ ပရိသတ်တွေကို နှိပ်ကွပ်လို့ရသလို၊ သူ့ပရိသတ်တွေကလည်း မင်းကို လာတိုက်ခိုက်လို့ရတယ်။ 'ရူရူက ယွီနျန့်လောက် မတော်ဘူး' ဆိုတဲ့ အချက်ကိုလည်း ဖုံးကွယ်နိုင်သလို နာမည်လည်း ကြီးသွားစေတာပေါ့"
"အဲဒီလိုပဲ ဖြစ်ဖို့ များပါတယ်။ တခြားတော့ ကျွန်တော် မစဉ်းစားမိသေးဘူး။"
"နင်ကတော့ ဉာဏ်ပြေးသားပဲ"
ယွီချင်းသည် အရောင်တောက်တောက် ၊ ချောင်ချောင်ချိချိ ဝတ်စုံကြီးကို ခြုံကာ လမ်းလျှောက်လာသည်။ သူမသည် မိတ်ကပ်မလိမ်းထားဘဲ မျက်နှာမှာလည်း ညိုညိုညစ်ညစ် ဖြစ်နေကာ မျက်ကွင်းညိုနေသည်မှာလည်း အလွန်ထင်ရှားလှ၏။
အိပ်ရေးပျက်ထားသဖြင့် သူမ၏ လေသံမှာ အလွန်ပင် စိတ်တိုနေဟန်ရှိပြီး
"ငါ့ခေါင်းပေါ်ကို လာပြီး ပြဿနာရှာရဲတာ သူ တကယ် သတ္တိရှိတာပဲ။ ငါက မင်းကို နောက်ဖေးတံခါးကနေ ပေးဝင်ခဲ့တယ်တဲ့လား။ အနည်းဆုံးတော့ ငါ့မှာ အဲဒီလိုလုပ်ဖို့ အခွင့်အရေး ရှိဦးမှပေါ့!"
နံနက်ခင်းတွင် လေပြင်းတိုက်နေသဖြင့် ယွီနျန့်သည် သူမအတွက် လေကာပေးရန် ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး "ဘာလို့ ဒီလောက်စောစော နိုးလာတာလဲ" ဟု မေးလိုက်တော့သည်။
ယွီချင်းက ပုခုံးတွန့်ပြသည်။
“ငါ့မန်နေဂျာဆီက ဖုန်းကြောင့် နိုးလာတာလေ။ နင်နဲ့ငါ ဘာပတ်သက်လဲဆိုတာကို အတင်းလာမေးနေတယ်။ တောက်... နင်က ငါ့မောင်ပဲဟာကို!”
ရှီရို့မှာ ယွီချင်း၏ ဒေါသတကြီးအမူအရာကြောင့် ကြောင်အမ်းသွားရသည်။ သူမသည် ယွီနျန့်နှင့် ယွီချင်းတို့ကြားတွင် တူညီသော ရုပ်ရည်သွင်ပြင်များ ရှိ၊ မရှိကို တိတ်တဆိတ် အကဲခတ်နေမိတော့သည်။
“အစ်မ... ကျွန်တော့်မန်နေဂျာက အစ်မဘယ်လိုလုပ်ချင်လဲ မေးခိုင်းလိုက်လို့။”
ယွီချင်းက သေသေသပ်သပ် ပြုပြင်ထားသော သူမ၏ မျက်ခုံးများကို ပင့်လိုက်ရင်း
“ဘယ်လိုလုပ်ချင်ရမှာလဲ သေချာပေါက် ပြန်တုံ့ပြန်ရမှာပေါ့! အပြတ်အသတ် ပြန်ချမှာ! ဒီလို မရေမရာ ပတ်သက်မှုအကြောင်း ဆွေးနွေးတာတွေက ကြာလေ ဆိုးလေပဲ ဖြစ်မှာ။ နောက်ကျရင် ငါက နင်နဲ့ အိပ်ခဲ့လို့ နင့်ကို အစီအစဉ်ထဲ ထည့်ပေးတာတို့ သီချင်းပေးဆိုတာတို့ပါ ပြောလာကြလိမ့်မယ်။ နင်က အခုမှ နာမည်တက်စဆိုတော့ ဒီလို အရှုပ်တော်ပုံမျိုးက နင့်သိက္ခာအတွက် အရမ်းဆိုးတယ်။ ဒါ့အပြင်... သူတို့က ငါနဲ့နင် ပတ်သက်နေလို့ ငါက ရက်ရက်ရောရောနဲ့ အခွင့်အရေးတွေ ပေးနေတာလို့ ပြောနေကြတာ မဟုတ်လား”
သူမက ရုတ်တရက် ပြုံးလိုက်ပြီး လက်ယမ်းပြကာ
“မဟုတ်ဘူး၊ မဟုတ်ဘူး... အလျင်မလိုနဲ့ဦး။ ခဏလောက် စောင့်ကြည့်ရအောင်။ အခုမှပဲ အရှိန်က တက်နေတာလေ၊ နောက်ကွယ်ကနေ တမင်ဆွပေးနေတဲ့သူတွေရဲ့ စေတနာကို တို့တွေ ဘယ်လိုလုပ် လျစ်လျူရှုလို့ ဖြစ်မလဲ။ သူတို့ အပင်ပန်းခံထားတာတွေကို အလကား မဖြစ်စေရဘူး!”
***
ပုံမှန်အစည်းအဝေး ပြီးဆုံးပြီးနောက် ရှဲ့ယို့သည် သူ၏ဖုန်းကို ထုတ်ကာ အကျင့်အတိုင်း ယွီနျန့်၏ သတင်းများကို ရှာဖွေကြည့်လိုက်သည်။ ရလဒ်အနေဖြင့် စခရင်တစ်ခုလုံးတွင် ယွီနျန့်နှင့် ယွီချင်းတို့ ညသန်းခေါင်ယံတွင် သီးသန့်တွေ့ဆုံကြပြီး တစ်နာရီကျော်ကြာမှ ပြန်လာသည့် သတင်းများဖြင့် ပြည့်နှက်နေတော့သည်။ Browser က တွန်းပို့ပေးသော သတင်းများမှာပင် ယွီချင်းနှင့် ယွီနျန့်၏ အရှိန်အဟုန်ကို အပိုင်ဆွဲထားကြ၏။
ရှဲ့ယို့သည် ဒေါသကို ထိန်းချုပ်ကာ သတင်းကို အဆုံးထိ ဖတ်လိုက်သည်။
လျှောက်မပြောစမ်းနဲ့! မနေ့ညက ငါ ယွီနျန့်နဲ့ ဖုန်းအကြာကြီး ပြောနေခဲ့တာပဲဟာကို!
သူသည် ထိုသတင်းများကို မမြင်ရအောင် ဖုန်းကို အဝေးသို့ ပစ်ပေါက်လိုက်ချင်သော်လည်း၊ သတင်းစာမျက်နှာပေါ်တွင် ပြသထားသော ယွီနျန့်၏ ဓာတ်ပုံများကို မြင်လိုက်ရသည့်အခါတွင်မူ မတော်တဆ ရိုက်ထားသည့် ထောင့်ပေါင်းစုံမှ ပုံရိပ်များမှာပင် ယွီနျန့်က အလွန်ကြည့်ကောင်းနေပြန်သည်။
ရှဲ့ယို့သည် ဖုန်းကို အသာအယာ ပြန်ချထားလိုက်သည်။ အားနှင့် မကိုင်ရဲသကဲ့သို့ အလွန်ပင် ဂရုစိုက်နေ၏။ ထိုအချိန်တွင် စခရင်ပေါ်၌ မဖတ်ရသေးသော မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
ရှဲ့ယို့ ဖွင့်ကြည့်လိုက်ရာ အထဲတွင် စာတစ်ကြောင်းတည်းသာ ပါရှိ၏။
“ယွီချင်းက ကျွန်တော့်အစ်မပါ”
မင်းက ဘာဖြစ်လို့... ငါ့ကို လာရှင်းပြနေရတာလဲ
ရှဲ့ယို့သည် စားပွဲပေါ်တင်ထားသော ဖုန်းကို လက်ထဲသို့ ပြန်ယူကာ ထိုမက်ဆေ့ချ်ကို အကြိမ်ကြိမ် ပြန်လည်ဖတ်ရှုနေမိပါတော့သည်။
_________________________________________________________________________
TN // ဖန်တွေစိတ်ပူတာနောက် ၊ ရည်းစားလောင်းလေး စိတ်မပူဖို့က အရင်
ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်တယ်
ReplyDeleteနျန့်နျန့်