အခန်း (၃၇) - အလှတရားကို မက်မောခြင်းနှင့် ပင်ကိုယ်စရိုက်ကို တန်ဖိုးထားခြင်း
မွန်းတည့်ချိန်ရောက်သောအခါ #ယွီချင်းနှင့် ယွီနျန့်တို့၏ ညသန်းခေါင် အပြင်ထွက်မှု# ဟူသော ခေါင်းစဉ်မှာ Hot Search ၏ ထိပ်တန်းငါးခုအတွင်းသို့ ရောက်ရှိသွားသည်။ မှတ်ချက်ပေးသူအများစုမှာ တစ်ဖက်သတ် တိုက်ခိုက်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် ရူရူအတွက် မခံမရပ်နိုင်ဖြစ်ကာ ဝိုင်းဝန်းတောင်းဆိုပေးနေကြသဖြင့် #ရူရူအတွက် စိတ်မကောင်းဖြစ်မိခြင်း# ဟူသော ခေါင်းစဉ်မှာလည်း ထိပ်တန်းဆယ်ခုအတွင်းသို့ တိုးဝင်လာခဲ့သည်။
ရှီရို့က ဒေါသအကြီးအကျယ်ထွက်နေရပြီ။
"ရူရူ့ပရိသတ်တွေက တကယ်ကို ကိုင်တွယ်ရခက်တာပဲ။ သူတို့က အသေလိုက်ရန်ဖြစ်နေတဲ့ သစ္စာရှိပရိသတ်တွေလေ။ မှတ်မိသေးတယ်... ဒီနှစ်အစတုန်းက အမျိုးသားအနုပညာရှင်တစ်ယောက်က ရူရူနဲ့ အဝတ်အစားဆင်တူ ဝတ်မိသွားတာ။ ဒါက တကယ်တော့ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရူရူ့ပရိသတ်တွေက အဲဒီအနုပညာရှင်ကို အကြာကြီး ဝိုင်းတိုက်ခိုက်ကြလို့ နောက်ဆုံးမှာ တစ်ဖက်လူရဲ့ စတိုင်လစ်က ကိုယ်တိုင်ထွက်ပြီး တောင်းပန်လိုက်ရမှပဲ ကိစ္စက ပြီးသွားတော့တယ်"
ယွီနျန့်သည် သူ၏ဇာတ်ညွှန်းများကို ပြန်လည်စဉ်းစားနေရင်း ရှီရို့၏စကားကို ကြားသောအခါ
တအံ့တဩဖြစ်ရသည်။
"အဲဒီလို အခြေအနေမျိုးတောင် ရှိခဲ့တာလား"
"ရှိတာပေါ့! ပြီးတော့ သူတို့က အရင်က အနိုင်ရဖူးထားတော့ တောင်းပန်ရုံနဲ့တင် အားမရဘဲ နောက်ပိုင်းမှာ ပိုပြီးတော့တောင် အတင့်ရဲလာကြတာ!"
ရှီရို့သည် ယွီနျန့် ဝတ်ထားသော အဖြူရောင် ဝါဂွမ်း T-shirt လေးကို ကြည့်ကာ ပြုံးလျက်
"ဒါပေမဲ့ နျန့်နျန့်... တစ်လောကလုံးက အနုပညာလောကထဲမှာ မင်းနဲ့အဝတ်အစားဆင်တူ ဝတ်နိုင်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး!"
ယွီနျန့်က သူ၏ T-shirt လည်ပင်းစလေးကို ဆွဲပြင်ရင်း
"ဒါက ဝတ်လို့ တကယ်ကို သက်သောင့်သက်သာရှိတာပဲလေ!"
ရှီရို့က လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်ပြလျက် ပြန်ဖြေပြောပေးလာသည်။
"အင်း... အင်း... မင်းပျော်ရင် ပြီးတာပါပဲ! ဘာပဲဖြစ်ဖြစ် ဒါကို မင်းဝတ်လိုက်ရင် လူတွေက တစ်သောင်းတန်၊ မဟုတ်ရင်တောင် တစ်ထောင်တန် အဝတ်အစားလို့ပဲ ထင်ကြမှာပါ"
သိပ်မကြာမီမှာပင် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေသော ရှီရို့က ခေါင်းမော့လာကာ စိတ်လှုပ်ရှားစွာဖြင့်
"နျန့်နျန့်... သတင်းတက်လာပြီ!" ဟု အော်လိုက်သည်။
ယွီနျန့်သည် ခဏခဏ လှန်ဖတ်ထားသဖြင့် အနားစွန်းများပင် ကြေမွနေပြီဖြစ်သော ဇာတ်ညွှန်းစာအုပ်ကို ချလိုက်ကာ လှမ်းကြည့်လိုက်၏။ ထိုအရာမှာ နာမည်ကြီး Big V တစ်ဦး ရေးသားထားသော ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။ ခေါင်းစဉ်မှာ အလွန်ပင် ရှင်းလင်းပြတ်သားလှ၏။
“ဗဟုသုတအဖြစ် သိထားသင့်သော ပြည်တွင်းရှိ ထိပ်တန်း ရွှေတံဆိပ် မန်နေဂျာကြီး သုံးဦး”
ဆောင်းပါးကို နှိပ်ကြည့်လိုက်သောအခါ မုန့်ယွမ်၏ အမည်မှာလည်း စာရင်းထဲတွင် ပါဝင်နေပြီး 'ဖန်းလီ' ဟု အမည်ရသော ပုဂ္ဂိုလ်နှင့်အတူ ပူးတွဲ ပထမနေရာတွင် ရှိနေသည်။
ဆောင်းပါးထဲတွင် မုန့်ယွမ် အနုပညာလောကသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ပျိုးထောင်ပေးခဲ့သော အနုပညာရှင်များအကြောင်းကို အကျယ်တဝင့် ရေးသားထားပြီး ထိုသူအားလုံးမှာ နာမည်ကျော်များချည်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ မုန့်ယွမ်သည် လက်ရှိတွင် အနုပညာရှင်တစ်ဦးတည်းကိုသာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားပြီး ထိုသူမှာ ယွီနျန့် ဖြစ်ကြောင်း ဖော်ပြထားသည်။
[တကယ် တော်ကြတာပဲ! အစ်ကိုမုန့်နဲ့ အစ်မလီ... ဒီနှစ်ယောက်က အနုပညာလောကရဲ့ ထိပ်တန်းနာမည်ကြီးတွေရဲ့ တစ်ဝက်လောက်ကို တာဝန်ယူထားကြတာပဲ!]
[မင်းလက်ထဲမှာ အခွင့်အရေးတွေရှိရင် လူတွေက နာမည်ကြီးလာလိမ့်မယ်။ မင်းလက်ထဲမှာ နာမည်ကြီးတွေရှိနေရင် အခွင့်အရေးတွေက ပိုများလာလိမ့်မယ်! မန်နေဂျာတစ်ယောက်ရဲ့ အခန်းကဏ္ဍက တကယ်ကို အရေးကြီးတာပဲ!]
[ယွီနျန့်ရဲ့ မန်နေဂျာက မုန့်ယွမ်မှန်း အခုမှ သိတော့တယ်။ ဒီလိုဆိုရင် 'Sound of Nature' လို အစီအစဉ်မျိုးမှာ မန်နေဂျာမုန့်က လူတစ်ယောက်ကို အလွယ်တကူ ထည့်ပေးဖို့ဆိုတာ အေးဆေးပဲ မဟုတ်လား]
ရှီရို့က မှတ်ချက်များကို ဖတ်ရင်း ပြုံးပျော်နေပြီး တစ်ချက်ချင်း ထောက်ပြသည်။
"အစ်ကိုမုန့် ရှာထားတဲ့ ဒီ ဝါဒဖြန့်သူတွေရဲ့ မှတ်ချက်တွေက တအားကြီးကို ဗြောင်ကျလွန်းမနေဘူးလား တကယ်ကို ရယ်ရတယ်၊ ဟားဟားဟား!"
သူမက မှတ်ချက်များကို အောက်သို့ ထပ်မံဆွဲကြည့်လိုက်ကာ
"ဒါပေမဲ့ လူတော်တော်များများကတော့ အစ်ကိုမုန့်လို မန်နေဂျာရှိနေရင် ယွီနျန့်အနေနဲ့ ထိပ်ဆုံးရောက်ဖို့ ယွီချင်းကို အားကိုးနေစရာ မလိုဘူးလို့ ပြောလာကြပြီ"
ယွီနျန့်လည်း မှတ်ချက်များထဲမှ ရယ်စရာကောင်းသော အပိုင်းများကို ကြည့်၍ ရယ်မောလိုက်သည်။
"တကယ်တော့ လူအများစုမှာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း ရှိကြပါတယ်။ သူတို့ ယုံကြည်ဖို့ ဆုံးဖြတ်ထားတဲ့ အချက်အလက်တွေနဲ့ ကျိုးကြောင်းဆင်ခြင်မှုအပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်ကြတာပါ။ အချက်အလက်တွေ ရှိနေသရွေ့တော့ သူတို့ စိတ်ကူးထဲမှာ ပုံဖော်တွေးတောနေကြဦးမှာပဲလေ"
မကြာမီမှာပင် မန်နေဂျာများ အဆင့်သတ်မှတ်ချက် ဆောင်းပါးကို Marketing အကောင့်များစွာက ပြန်လည်မျှဝေလိုက်ကြသည်။ အရှိန်အဟုန် အတော်လေး ရလာပြီဖြစ်ကြောင်း မြင်သောအခါ မုန့်ယွမ်၏ ကိုယ်ပိုင် Weibo အကောင့်မှနေ၍ ယွီနျန့်အား အိပ်စက်ခြင်း ဖြင့် တက်လာသူဟု လှောင်ပြောင်ထားသော Big V တစ်ဦး၏ ပို့စ်ကို ပြန်လည်မျှဝေလိုက်ပြီး
“ကျွန်တော်လည်း နာမည်ရှိချင်သေးတယ်ဟ!!” ဟု ရေးသားလိုက်ပါတော့သည်။
သိပ်မကြာမီမှာပင် ထိုပို့စ်အောက်တွင် "ဟားဟားဟား" ဆိုသည့် စာလုံးများဖြင့် ပြည့်နှက်သွားတော့သည်။
[ရုတ်တရက် အစ်ကိုမုန့်ကို သနားသွားတယ်။ ဟားဟား။ ကောင်းပါပြီ... ဒီနတ်သမီးလေးက အစ်ကို့နာမည်ကို မှတ်ထားလိုက်ပြီ! တစ်သက်လုံး မမေ့စေရဘူး!]
[အစ်ကိုမုန့်ကတော့ တွေးနေမှာပဲ... 'ငါ့မှာ အနုပညာရှင်တစ်ယောက် နာမည်ကြီးလာအောင် အပင်ပန်းခံ ကြိုးစားနေတာ။ သူ နိုးလာတာနဲ့ ကျောထောက်နောက်ခံအရှိန်နဲ့ တက်လာတာဆိုပြီး ဖြစ်ကုန်ရောလား။ ငါတော့ ဒါကို လက်မခံဘူး! ငါလည်း နာမည်ရှိချင်တယ်!']
[ချစ်စရာလေး! အစ်ကိုမုန့်ကို C-Debut (TN / ဗဟိုနေရာကနေ စတင်ပွဲထွက်ခြင်း) အတွက် အပြည့်အဝ ထောက်ခံပါတယ်!]
[တခြားသူတွေ ပြောတာကိုပဲ ယုံနေတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ ဒီလောက်တော်တဲ့ မန်နေဂျာရှိနေရင် ယွီနျန့်သာ လုံးဝ ညံ့ဖျင်းနေတဲ့သူ မဟုတ်ဘူးဆိုရင် ၁၀၀ ရာခိုင်နှုန်း နာမည်ကြီးမှာပဲ။ သူက ဘာလို့များ ကိုယ့်ကိုယ်ကိုယ် ရောင်းစားနေစရာ လိုဦးမှာလဲ]
ယာယီ စကားပြောအဖွဲ့ ထဲတွင် မုန့်ယွမ်က C-Debut အတွက် ဝိုင်းဝန်းပြောနေကြသည်ကို Screenshot ရိုက်၍ ဝိုင်းပြလိုက်ကာ
"ဟားဟားဟား... ဒီနေ့ကစပြီး ဖန်းလီကတော့ ငါ့ကို သေအောင်မုန်းတော့မှာပဲ။ နာမည်ကြီးမှုအပိုင်းမှာတော့ ငါက သူမကို ချက်ချင်း ကျော်တက်တော့မှာလေ!" ဟု ကြွားဝါလိုက်သည်။
နှစ်စက္ကန့်ပင် မကြာလိုက်ဘဲ ယွီချင်းက မျက်လုံးလှန်ပြနေသော Sticker တစ်ခု ပြန်ပို့လိုက်သဖြင့် မုန့်ယွမ်၏ ဘဝင်မြင့်နေမှုမှာ ချက်ချင်းပင် ရပ်တန့်သွားရပါတော့သည်။
အင်တာနက်ပေါ်က မုန်တိုင်းတွေဟာ ရုပ်ရှင်အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကိုတော့ အနှောင့်အယှက် မပေးနိုင်ခဲ့ပါဘူး။ နေ့လယ်စာ စားပြီးနောက် ယွီနျန့်ဟာ ဒါရိုက်တာ ရွှီရှန့်လန် ရှင်းပြနေသည့် နောက်လာမည့် အခန်းအကြောင်းကို သေသေချာချာ နားထောင်နေခဲ့၏။
"မင်းက အရှေ့မြို့တော်က လာတဲ့ ဂုဏ်သရေရှိ မိသားစုဝင် မြင့်မြတ်တဲ့ လူငယ်တစ်ယောက်ပဲ။ မင်းရဲ့ ဘေးပတ်ပတ်လည်မှာ အမြဲတမ်း ခြံရံနေတဲ့သူတွေ အများကြီးရှိတယ်။ အခု မင်းက နယ်စပ်အထိ ခရီးရှည်ကြီး နှင်လာပြီး အမျိုးသမီး စစ်သူကြီးဆီ သတင်းလာပို့တာ။ သူမ အရှေ့မြို့တော်ကို ပြန်သွားလို့ မဖြစ်ဘူး၊ ပြန်သွားတာနဲ့ သေဒဏ်ပေးခံရလိမ့်မယ်လို့ လာသတိပေးတာပေါ့။ ဒါပေမဲ့ မင်းရဲ့ မိသားစုနောက်ခံကြောင့် သူမက မင်းကို မယုံဘူး ဖြစ်နေတာ"
ယွီနျန့်ဟာ လက်ထဲက ခေါက်ယပ်တောင်ကို ကိုင်ပြီး သူ့လက်ဝါးကို စည်းချက်ကျကျ ပုတ်ရင်း သူနားလည်လိုက်သည့် အတိုင်း သေချာသုံးသပ်ပြသည်။
"သူမ ကျွန်တော့်ကို ယုံကြည်လာအောင် လုပ်ရမယ်။ မဟုတ်ရင် ဒီလို လေနဲ့သဲတွေကြားထဲ ခရီးရှည်ကြီး လာခဲ့ရတာ အလကား ဖြစ်သွားလိမ့်မယ်။ တကယ်လို့ သူမသာ အရှေ့မြို့တော်ကို ပြန်သွားရင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ သူမရဲ့ စစ်သည်တော်တွေလည်း စိတ်ဓာတ်ကျပြီး နိုင်ငံအတွက်ပါ ထိခိုက်နစ်နာသွားနိုင်တယ်"
ယွီနျန့်က ဇာတ်ကောင်ကို ပိုပြီး နားလည်လာတာ မြင်တော့ ရွှီရှန့်လန်က သူ့ပုခုံးကို ပြုံးပြီး ပုတ်ပေးပြီး ချီးကျူးစကားဆိုရင်း မဲဆွယ်စည်းရုံးကြည့်လိုက်သည်။
"ခဏနေရင် ကောင်းကောင်း သရုပ်ဆောင်နော်။ ဒီနှစ်ရက်အတွင်း မင်းရဲ့ အခြေအနေက တကယ်ကောင်းနေတာ။မင်း တကယ်ပဲ ရုပ်ရှင်လောကဘက်ကို မလာချင်ဘူးလား မင်းရဲ့ ရုပ်ရည်မျိုးနဲ့ TV ဇာတ်လမ်းတွဲတွေမှာပဲ သရုပ်ဆောင်နေတာ နှမြောစရာကြီး။ မင်းက ရုပ်ရှင်ကားကြီးတွေနဲ့ အရမ်းလိုက်ဖက်တာ။ မင်းက ပရော်ဖက်ရှင်နယ် သင်တန်းတွေ မတက်ဖူးပေမဲ့ မင်းမှာ ရှိတဲ့ အရှိန်အဝါက တကယ်ကို ထူးခြားတယ်။ နောက်ထပ် နှစ်နှစ်လောက်ဆိုရင် မင်း ဆရာတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ"
ယွီနျန့်က ဇာတ်ကောင်ထဲ နစ်ဝင်နေရာကနေ သတိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာရွှီ။ ဒါပေမဲ့ သရုပ်ဆောင်တာထက် ကျွန်တော် ဂီတကိုပဲ ပိုမြတ်နိုးပါတယ်။ စာသားတွေ ရေးရတာ၊ သီချင်းစပ်ရတာနဲ့ သီချင်းဆိုရတာကိုပဲ ကျွန်တော် ဝါသနာပါတာပါ"
"ဟုတ်တာပေါ့။ လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ဝါသနာပါတဲ့ အရာကိုပဲ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ခွင့်ရပြီး အဲဒီအပေါ်မှာပဲ စိတ်နှစ်ထားနိုင်တာဟာ တကယ်ကို လှပတဲ့ အရာတစ်ခုပါပဲ"
သူက ယွီနျန့်ရဲ့ ပုခုံးကို ထပ်ပုတ်ရင်း ကတိပေးလိုက်၏။
"ဒါဆိုရင်လည်း ကြိုးစားပါဦး။ နောင်တစ်ချိန်မှာ အခွင့်ကြုံရင် ငါ့ရုပ်ရှင်အတွက် ဇာတ်ဝင်သီချင်း ဆိုပေးဖို့ မင်းကို ငါ ထပ်ဖိတ်ဦးမယ်!"
"ဒါရိုက်တာရွှီ... အဲဒီစကားကို နောက်တစ်ခါ ပြန်ပြောပေးလို့ ရမလား။ ကျွန်တော် ဖုန်းထုတ်ပြီး အသံသွင်းထားချင်လို့ပါ!"
ရွှီရှန့်လန်က အကျယ်ကြီး ရယ်မောလိုက်ပြီး
"ဒီကောင်လေးကတော့ကွာ!"
ဟု ဆိုကာ သူ့အိတ်ထဲက ဘောပင်နဲ့ စက္ကူကို ထုတ်ပြီး 'ကတိလက်မှတ်' တစ်စောင် ရေးပေးလိုက်လေသည်။
ယွီနျန့်က ထိုစာရွက်ကို သေသေချာချာ ခေါက်ပြီး အိတ်ထဲ ထည့်လိုက်ရင်း
"အခုမှပဲ စိတ်အေးရတော့တယ်! ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာ"
ရွှီရှန့်လန်က လက်ယမ်းပြလိုက်ရင်း
"မင်းအတွက်တင် မဟုတ်ပါဘူး။ အင်တာနက်ပေါ်က သူတို့ပြောတာတွေကို ကြည့်ဦး။ ငါက တခြားသူတွေ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ် မဟုတ်ဘူး။ တချို့လူတွေက တကယ်ပဲ ယွီချင်းက မင်းကို အတင်းထည့်ခိုင်းလို့ ငါက ဘာမှမပြောဘဲ လက်ခံလိုက်တယ်လို့ ထင်နေကြတာလား လျှောက်မပြောစမ်းနဲ့! တကယ်လို့ ယွီချင်းကသာ ငါ့ကို ပိုက်ဆံထောက်ပံ့ပေးတဲ့ စပွန်ဆာအဖေကြီး ဆိုရင်တော့ ငါ စဉ်းစားဦးမှာပေါ့!"
အစပိုင်းမှာတော့ လေးနက်တည်ကြည်နေပေမဲ့ အဆုံးသတ်ကျမှ ပြက်လုံးထုတ်လိုက်တာကြောင့် ယွီနျန့်ခမျာ စားပွဲကို ကိုင်ပြီး ထပ်ပြီး ရယ်မောရပြန်သည်။
ညနေစောင်းမှာတော့ ရွှီရှန့်လန်က သူ့ရဲ့ ကိုယ်ပိုင် Weibo မှာ စက္ကန့် ၂၀ စာ ဗီဒီယို Clip လေးတစ်ခု တင်လိုက်၏။ တပ်ထားသော Captionက
"ငါက နားမကြား၊ မျက်စိမကန်းပါဘူး။ ဘယ်သူဘာလုပ်နေလဲဆိုတာ ငါ မြင်နိုင်၊ ကြားနိုင်ပါတယ်"
[အားးး ဒါရိုက်တာရွှီ၊ နျန့်နျန့်ဘက်က ကာကွယ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်! မျက်ရည်တောင် ကျမိတယ်။ နျန့်နျန့် သေချာပေါက် ပရိုမိုးရှင်းသီချင်းကို အကောင်းဆုံး သီဆိုပေးမှာပါ!]
[သေပြီ!!! တကယ် သေသွားပြီ!! ဗီဒီယိုထဲက နတ်သားလေးလို မြင့်မြတ်တဲ့ လူငယ်လေးက ဘယ်သူလဲ 'အရှေ့မြို့တော်က ကုရွှမ်းနင်ပါ' ဆိုတဲ့ အသံလေးက တကယ်ကို ရင်ခုန်စရာကောင်းလိုက်တာ! ဒီစက္ကန့် ၂၀ ကို အကြိမ် တစ်ရာလောက် ပြန်ကြည့်နေမိတယ်!]
[ဒါ နျန့်နျန့်လား ဟုတ်တယ် မဟုတ်လား ဟုတ်တယ်! နျန့်နျန့်ပဲ! အံ့ဩလွန်းလို့ ပေါက်ကွဲတော့မယ်! နျန့်နျန့် ဘာလို့ ယွီချင်းနဲ့ သွားဆုံတာလဲလို့ တွေးနေတာ၊ အခုမှပဲ သိတော့တယ်... နျန့်နျန့်က ဒါရိုက်တာရွှီရဲ့ ရုပ်ရှင်မှာ တကယ် ပါဝင်နေတာပဲ! အိုး... မြတ်စွာဘုရား! ဒါက တကယ့်ကို အံ့မခန်း အခွင့်အရေးကြီးပဲ!]
[ဒူးထောက် အရှုံးပေးလိုက်ပါပြီ။ ဒီရုပ်ရည်၊ ဒီအရှိန်အဝါ... ဒါက တကယ့်ကို မြင်းစီးပြီး မြို့တော်ကို တက်လာတဲ့ ဝတ်စုံဖြူဝတ် နန်းတွင်းသားလေး အသက်ဝင်လာသလိုပဲ။ ငါသာ ဒါရိုက်တာဆိုရင်လည်း သူ့ကိုပဲ ရွေးမှာ!]
အစပိုင်းမှာတော့ မုန့်ယွမ်က ပိုက်ဆံပေးပြီး နာမည်ကြီးအောင် လူတွေကို ပြန်မျှဝေခိုင်းခဲ့တာပါ။ ဒါပေမဲ့ ညရှစ်နာရီ မတိုင်ခင်မှာတင် ဒီ Clip လေးက ပေါက်ကွဲသွားပြီး Homepage တိုင်းမှာ ပျံ့နှံ့သွားကာ Trending Search တွေထဲကို အရှိန်အဟုန်နဲ့ တိုးဝင်သွားပါတော့သည်။
#အရှေ့မြို့တော်က ကုရွှမ်းနင်# #ယွီနျန့် မင်းမျိုးမင်းနွယ်# #ဒါရိုက်တာရွှီ ယွီနျန့်ရဲ့ဂုဏ်သိက္ခာကို အဖတ်ဆယ်ပေး# ဆိုသည့် Hot Search သုံးခုဟာ ထိပ်တန်းဆယ်ခုစာရင်းမှာ သေသေသပ်သပ် နေရာယူထားတာကို မြင်တော့ မုန့်ယွမ်တောင် ဆွံ့အသွားရ၏။
"တကယ်ပါပဲ... ဒီလောကမှာ ရုပ်ရည်ကိုပဲ ကြည့်တဲ့သူတွေဒီလောက်တောင် များနေတာလား! နျန့်နျန့်... ငါတို့သာ သရုပ်ဆောင်ဘက်ကို အာရုံစိုက်လိုက်ရင် အရမ်းမြန်မြန် နာမည်ကြီးလာမှာ မဟုတ်ဘူးလား"
ယွီနျန့်ကတော့ အလွန်ပင် တည်ငြိမ်နေဆဲပါ။
"အစ်ကိုမုန့်... ပထမအချက်က ကျွန်တော်က သရုပ်ဆောင်ပညာ အထူးပြုတဲ့သူ မဟုတ်ဘူး။ ရိုက်ကူးရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ဒါရိုက်တာရွှီရဲ့ အောင်မှတ်ကို မနည်းမီအောင် လုပ်နေရတာပါ။ ဒုတိယအချက်က ကုရွှမ်းနင်ရဲ့ ဇာတ်ရုပ်က ထင်ပေါ်နေတာဟာ ကျွန်တော့်ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါက ဒီဇာတ်ကောင်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနေလို့။ ဒါပေမဲ့ တကယ့် သရုပ်ဆောင်ကောင်းဆိုတာ ကိုယ့်ရုပ်ရည်အတိုင်း မဟုတ်ဘဲ ဇာတ်ကောင်အတိုင်း ဖြစ်နေအောင် သရုပ်ဆောင်နိုင်ရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်က သရုပ်ဆောင်ဖို့ မသင့်တော်ပါဘူး"
"ဟုတ်ပါပြီ... တခြား မန်နေဂျာတွေကတော့ သူတို့အနုပညာရှင်တွေ ဘဝင်မမြင့်သွားအောင် အမြဲသတိပေးနေရတာ ငါတို့ကျတော့ ပြောင်းပြန်ပဲ။ မင်းက ငါ့ကို ဘဝင်မမြင့်ဖို့ ပြန်သတိပေးနေရတယ်!"
မုန့်ယွမ်က ရယ်မောလိုက်ရင်း "ငါတို့ ဂီတပဲလုပ်မယ်၊ အယ်လ်ဘမ်တွေထုတ်မယ်၊ ဖျော်ဖြေပွဲတွေလုပ်မယ်။ တို့တွေကတော့ တစ်ဝက်တစ်ပျက်နဲ့ လမ်းခွဲမယ့် လူလိမ်တွေ မဖြစ်စေရဘူး!"
"ဟား ဟား ဟုတ်ကဲ့။ လူတစ်ယောက်ရဲ့ စွမ်းအင်က အကန့်အသတ်ရှိတာဆိုတော့ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ရမှာပါ။ နောင်ကျရင်လည်း ကျွန်တော်က အလုပ်နဲ့ပဲ သက်သေပြတဲ့သူ တစ်ယောက် ဖြစ်ချင်တာပါ"
"ကဲ... ဒါတွေ ထားလိုက်ပါတော့။မင်းရဲ့ အခန်းတွေကိုပဲ စိတ်အေးလက်အေး ရိုက်ပါ။ ဒီဘက်ကိုတော့ ငါ စောင့်ကြည့်ပေးထားမယ်"
"ဟုတ်ကဲ့၊ အစ်ကိုမုန့် ရှိနေရင်တော့ ကျွန်တော် စိတ်ချရတာပေါ့"
ညဆယ်နာရီကျော်မှာတော့ ယွီနျန့်ဟာ အနွေးထည်အထူကြီးကို ခြုံပြီး ခေါက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ရွှီရှန့်လန်၏ ရိုက်ကူးရေးကို စောင့်ကြည့်နေခဲ့သည်။ ဂိုဘီသဲကန္တာရရဲ့ နေ့နဲ့ည အပူချိန်ကွာခြားချက်က တကယ်ကို ကြီးမားလှ၏။ ရှီရို့က ဂရုတစိုက်နဲ့ ယွီနျန့်ဖက်ထားဖို့ ရေနွေးအိတ်လေးတစ်ခု ပြင်ပေးခဲ့ပေမဲ့ ခဏအကြာမှာတော့ နားနားနေနေ နားနေသည့် ယွီချင်းက လုယူသွားပါတော့သည်။
ယွီချင်းက အသုံးအဆောင်ပစ္စည်းဖြစ်သည့် ဓားမကြီးကို ကြမ်းပြင်ပေါ် ဒုန်းခနဲ မြည်အောင် ပစ်ချလိုက်ပြီး ယွီနျန့်ဆီက လုထားတဲ့ ရေနွေးအိတ်ကို ဖက်ထားရင်း မေးငေါ့ပြလိုက်သည်။
"ဒီဓားမကြီးကို နေ့တိုင်း ကိုင်နေရလို့ ငါမနည်း လျှော့ထားတဲ့ ကြွက်သားတွေ ပြန်တက်လာပြီ။ ပြန်ရောက်လို့ ငါ့ရဲ့ ခန္ဓာကိုယ်ထိန်းသိမ်းရေး ဆရာမသာ မြင်ရင်တော့ ဒေါသထွက်မှာ သေချာတယ်!"
ယွီနျန့်က လက်တွေကို အိတ်ကပ်ထဲ ထည့်ထားရင်း
"ဒါပေမဲ့ ရိုက်ကူးထားတာတွေက အရမ်းကြည့်ကောင်းနေတာပဲ၊ တန်ပါတယ်!"
"ဒါကတော့ သေချာတာပေါ့! မတန်ရင် ငါ ဒီမှာ သူတို့နဲ့ အချိန်ဖြုန်းနေပါ့မလား အဲဒီအစား ပိုက်ဆံမြန်မြန်ရတဲ့ Variety Show တွေ၊ Endorsement တွေပဲ လက်ခံလိုက်မှာပေါ့!"
ယွီချင်းက ယွီနျန့်ဘေးမှာ ထိုင်လိုက်ပြီး မေး၏။
"အခြေအနေတွေ ဘယ်လိုလဲ"
ယွီနျန့်က အဖြေရခက်သွားသဖြင့် ရှီရို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
ရှီရို့က ယွီချင်းကို မသိစိတ်က ကြောက်နေသဖြင့် အလျင်အမြန်ပင်
"မင်းသမီးယွီကို အားကိုးပြီး ပြိုင်ပွဲမှာ အနိုင်ရတယ်တို့၊ သီချင်းဆိုခွင့်ရတယ်တို့၊ ရုပ်ရှင်ရိုက်ကူးရေးထဲ ပါလာတယ်တို့ ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေတယ်လို့ ထင်တဲ့သူတွေ ပိုများလာပါပြီ။ အထူးသဖြင့် နျန့်နျန့် ရုပ်ရှင်ရိုက်ကူးရေးထဲ မဝင်ခင်အထိ ဘာတရားဝင် ထုတ်ပြန်ချက်မှ မရှိခဲ့ဘူးလေ။ ဒါရိုက်တာရွှီ ဗီဒီယို တင်လိုက်ပြီးတဲ့နောက်မှာတော့ နျန့်နျန့်ရဲ့ လူကြိုက်များမှုက အထွတ်အထိပ်ကို ရောက်နေပါတယ်"
ယွီချင်းက ဂုဏ်ယူစွာနဲ့ "ဘယ်သူ့မောင်မို့လို့လဲ!" ဟု အော်သေး၏။
ယွီနျန့်ခမျာ မရယ်မိအောင် အတော်ထိန်းလိုက်ရသည်။ ရှီရို့ကလည်း ခေါင်းကို တရစပ်ညိတ်ရင်း "ဟုတ်ကဲ့ပါ!" လို့ ထောက်ခံပေးသည်။
ယွီချင်းက ယွီနျန့်ကို ဆက်ပြီး သင်ခန်းစာပေးပါလေရော။
"ဒီတစ်ခါ တို့တွေ ဒီအခွင့်အရေးကို အသုံးချပြီး နင့်ကို နာမည်ထပ်ကြီးအောင် လုပ်ပေးရမယ်။ ဒီရက်ပိုင်း နင့်ဘက်က ဘာသတင်းမှ မထွက်သေးတာ ကောင်းတယ်။ ဟို 'Squid Shreds' (TN / ရူရူ့ပရိသတ်တွေ) တွေ သူတို့အပင်ပန်းခံ တိုက်ခိုက်နေတုန်းမှာပဲ နင့်မှာ ပရိသတ်တွေ ပိုတိုးလာတာကို မြင်ရင်တော့ သေချာပေါက် သွေးအန်ကြမှာပဲ! အဲဒီမတိုင်ခင်အထိတော့ ငါ အောင့်အီးသည်းခံပြီး ငါ့အလှည့်ရောက်မှ စင်ပေါ်တက်ပြမယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်အဖွဲ့ထဲမှာ လိုင်းမှ မကောင်းတာ။ ငါက ဘယ်လိုလုပ် ချက်ချင်း ထွက်ရှင်းပြလို့ ရမှာလဲ အကြောင်းပြချက်က အဆင်သင့်ပဲလေ!"
ယွီနျန့်ကလည်း သင်ယူပြီးသား ဖြစ်သွား၏။
"ဒီအကြောင်းပြချက်က တကယ်ကို ကောင်းတယ်!"
ည ၁၁ နာရီမှာတော့ Marketing အကောင့်တစ်ခုက ကိုးကွက်ပါ ပုံစံရှိတဲ့ ပုံရှည်ကြီးတစ်ပုံကို ချပြလာ၏။ အဲဒါကတော့ ရူရူရဲ့ Fan group ထဲက Screenshot တွေဖြစ်ပြီး သတင်းပေးသူကတော့ သူ့အချက်အလက်တွေကို ဝါးထားသည်။
အဲဒီထဲမှာ ပရိသတ်တွေက ယွီနျန့်နဲ့ ယွီချင်းတို့ ညသန်းခေါင် အတူထွက်သွားသည့် ဓာတ်ပုံကို အသုံးချပြီး ယွီနျန့်ဟာ ပတ်သက်မှုနဲ့ သီချင်းဆိုခွင့် ရယူခဲ့တာလို့ ဘယ်လိုပုံဖော်မလဲ၊ ယွီနျန့်ရဲ့ မာနကို ဘယ်လိုနှိမ်မလဲ ဆိုတာတွေကို အသေးစိတ် ဆွေးနွေးထားကြလျက်။ ယွီနျန့်ကို တောင်းပန်ခိုင်းဖို့အထိ ကြံစည်ထားကြပြီး၊ သူက လူသစ်မို့လို့ ဖိနှိပ်ရတာ မခက်ဘူးလို့လည်းပြောထားသေးသည်။
ဒါ့အပြင် ယွီနျန့်ကို ဘယ်လိုတိုက်ခိုက်မလဲ၊ သတင်းအမှားတွေ ဘယ်လိုဖြန့်မလဲ၊ ပရိသတ်တွေကို ဘယ်လိုဦးနှောက်ဆေးမလဲ ဆိုတဲ့ အဆင့်ဆင့် စီမံချက်တွေကိုပါ အသေးစိတ် ချက်ကျလက်ကျနှင့်။
[လမ်းကြုံဖြတ်သွားသူ တစ်ယောက်အနေနဲ့ ပြောရရင် တကယ်ကို တုန်လှုပ်မိတယ်! ဖတ်ပြီးတော့ ကျောတောင် စိမ့်သွားတယ်။ အချစ်ကိစ္စက အမှန်လား၊ အမှားလား ထားဦး၊ ဒီလူတွေရဲ့ စိတ်ထားက တကယ်ကို ယုတ်မာလွန်းတယ်။ သူတို့ရဲ့ သိက္ခာအတွက်နဲ့ သူတစ်ပါးကို အတင်းအကျပ် တောင်းပန်ခိုင်းဖို့၊ သတင်းအပုပ်အသိုးတွေ လုပ်ကြံဖို့ ကြံစည်နေကြတာ။ နင်တို့ကိုယ်နင်တို့ နတ်ဘုရားတွေလို့ ထင်နေကြတာလား]
[နံစော်နေတာပဲ! တကယ်ကို မြင်ဖူးသွားပြီ! ဒီလို ယုတ်မာတဲ့ မျက်နှာဖုံးတွေနဲ့ ယှဉ်ရင် ယွီနျန့်ကို ကြည့်ရတာ စိတ်ကြည်လင်ဖို့တောင် ကောင်းသေးတယ်!]
[ဒီ Marketing အကောင့်က လျှောက်ပြောနေတာ! ငါက ရူရူ့ပရိသတ်ပါ၊ ဒီ Screenshot တွေက အတုတွေချည်းပဲ! ပြီးတော့ ယွီနျန့်နဲ့ ယွီချင်း ညသန်းခေါင် အတူထွက်သွားတာကော အတုလား ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ညကြီးမင်းကြီး အပြင်ထွက်တာက ဇာတ်ညွှန်းကျက်ဖို့ ထွက်တာတဲ့လား]
#ယွီနျန့်က လူသစ်မို့လို့ သူ့ခေါင်းကို နှိမ်ထားလို့ရတယ်လို့ ထင်နေတာလား ဒီ 'နျန့်ကောင်း' က နင်တို့ကို 'အဖေ' လို့ ခေါ်ခိုင်းရမယ်၊ မဟုတ်ရင် ငါ အိပ်မှာမဟုတ်ဘူး!#
မကြာမီမှာပင် ညသန်းခေါင်ယံ အခြေအတင် ရန်ဖြစ်ပွဲကြီး ဖြစ်ပွားလာပြီး နာမည်ကြီး Public အကောင့်တွေနဲ့ သတင်းတွေ တရစပ် တက်လာတော့သည်။ စခရင်ပေါ်မှာလည်း "ယွီနျန့်"၊ "ပရိသတ်အသိုင်းအဝိုင်း"၊ "ရုပ်ရှင်"၊ "အခွင့်အရေးလုယူခြင်း" စတဲ့ Keyword တွေနဲ့ ပြည့်နှက်သွားတော့သည်။
ဒါရိုက်တာရွှီက ဝန်ထမ်းတွေနဲ့ စကားပြောနေတုန်း ယွီချင်း နှစ်မိနစ်လောက် နားခွင့်ရသွားသည်။ သူမဟာ အအေးဒဏ်ကြောင့် တုန်ရီနေရင်း ကန်စွန်းဥ တစ်လုံးကို စားကာ သူမရဲ့ Weibo ကို ဖွင့်ပြီး စာရိုက်လိုက်သည်။ ထို့နောက် အေးအေးလူလူပင် မေးလိုက်သည်။
"ဒါနဲ့ စကားမစပ်... မင်းရဲ့ 'တစ်စုံတစ်ယောက်' သာ ငါတို့နှစ်ယောက်အကြောင်း သတင်းတွေ အဖွအယှက် ခံနေရတာကို မြင်ရင် စိတ်မဆိုးဘူးလား။ ပြီးတော့ သူ မင်းကို စကားမပြောဘဲ နေလိမ့်မယ်နော်"
ယွီနျန့်က ထပ်မံပြင်ပေးလိုက်သည်။
"အစ်မ... အဲဒီလိုလူ တကယ်မရှိပါဘူးဆို!"
ယွီချင်းက စာရိုက်တာကို ရပ်လိုက်ပြီး ပြုံးလျက် ထပ်တူပြုပေးလိုက်သည်။
"အေးပါ... အေးပါ... မရှိပါဘူး။"
သူမက စပ်စုချင်စိတ်နဲ့ အနားကို ထပ်တိုးကပ်လာကာ
"နျန့်နျန့်... အစ်မကိုပဲ ပြောပြပါလား။ မဟုတ်ရင် ငါ စပ်စုချင်စိတ်နဲ့ ဒီည အိပ်ပျော်မှာ မဟုတ်ဘူး! ဘယ်သူ့ကိုမှလည်း လုံးဝ ပြန်မပြောပါဘူး!"
ယွီနျန့်က မျက်တောင်လေးတွေ မှေးချလိုက်ပြီး အတန်ကြာမှ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ကျွန်တော်... တစ်ဖက်သတ် ကြိုက်နေတာ ဖြစ်နိုင်တယ်"
စကားပြောပြီးတာနဲ့ သူ ချက်ချင်း မျက်နှာလွှဲလိုက်တော့သည်။ တစ်ဖက်သတ် အချစ် (Crush) ယွီချင်း ချက်ချင်းပင် အားအင်တွေ ပြည့်သွားကာ
"တစ်ဖက်သတ် ကြိုက်နေတာ ဖြစ်နိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ရှင်းရှင်းပြောစမ်းပါ!"
ယွီနျန့်က သေသေချာချာ စဉ်းစားပြီး
"သူက... တကယ်ကို ရုပ်ရည်ချောမောပြီး အပြင်ပန်းမှာ အေးစက်ပုံရပေမဲ့၊ တကယ်တမ်း စရိုက်ကတော့ တော်တော်လေး... ချစ်စရာကောင်းပါတယ်။ ပြီးတော့ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အရမ်းဆိုးဝါးပြီး ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ ရှိနေခဲ့တာ။ ဒါပေမဲ့ သူက တစ်လှမ်းချင်း ကြိုးစားလာခဲ့တာလေ။ သူ့ကို ကျွန်တော် တကယ်ကို လေးစားမိတယ်"
"ဟိုး... ငါ နားလည်ပြီ။ နင်က တစ်ဖက်လူရဲ့ အလှအပကို မက်မောရုံတင်မကဘူး၊ သူ့ရဲ့ ပင်ကိုယ်စရိုက်ကိုပါ တန်ဖိုးထားနေတာပဲ!"
ယွီနျန့်က ရယ်မောလိုက်ပြီး နှုတ်ခမ်းပေါ်က အပြုံးကို ဖုံးကွယ်ဖို့ လက်သီးကို တင်းတင်းဆုပ်ကာ
"အင်း... အဲဒီလိုပါပဲ"
ယွီချင်းက ထပ်မေးပြန်သည်။
"အလှအပကို မက်မောတယ်ဆိုတော့... သူက ဘယ်လောက်တောင် ချောလို့လဲ"
ဓာတ်လှေကားထဲမှာ ပထမဆုံး ဆုံခဲ့တုန်းက အချိန်ကို ပြန်တွေးရင်း ယွီနျန့်က အမှန်အတိုင်း ဖြေလိုက်သည်။
"ကျွန်တော် သူ့ကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ တကယ်ကို မှင်သက်သွားရတယ်"
"အဲဒီလောက်တောင် ချောတာလား" ယွီချင်း အံ့ဩသွားပြီး ပိုစိတ်ဝင်စားလာကာ "ဒါဆို သူမက ဘယ်လောက် အရပ်ရှည်လဲ"
"၁.၈၆ မီတာ (၆ ပေ ၁ လက်မကျော်)"
"......" ယွီချင်းက စိုးရိမ်တကြီးနဲ့ "နင့်ထက် ရှည်တာပေါ့"
သူမက စဉ်းစားဟန်နဲ့
"၁.၈၆ ဆိုတော့ မော်ဒယ်လ်တစ်ယောက်လို အရပ်မျိုးပဲ။ အာ! ဒါပေမဲ့ ရပါတယ်။ အချစ်ရှိရင် ပြီးတာပဲလေ! အရပ်က ပြဿနာမဟုတ်ပါဘူး!သူမက တောင့်တောင့်ဖြောင့်ဖြောင့်လား"
"သူက တော်တော်လေး ပိန်ပါတယ်။ ဒီရက်ပိုင်း ပိုတောင် ပိန်သွားသလိုပဲ"
"ဒါဆိုလည်း ရပါတယ်!"
ဒါပေမဲ့ ယွီနျန့်ရဲ့ အရပ်က ၁.၇၉ မီတာ (၅ ပေ ၁၀ လက်မခွဲ) သာ ရှိတာကို သတိရသွားတော့ ၇ စင်တီမီတာလောက် ကွာနေတာပဲ! ယွီချင်းတစ်ယောက် သူမရဲ့ အနာဂတ် ယောင်းမလေး အတွက် ထပ်ပြီး စိုးရိမ်မိပြန်သည်။
ဒီညီမလေးက မတောင့်တင်းပေမဲ့ အရပ်က အရမ်းရှည်နေတာပဲ။ နောင်ကျရင် သူတို့နှစ်ယောက် အတူရှိတဲ့အခါ သူမက နျန့်နျန့်ကို နံရံမှာ လက်တစ်ဖက်နဲ့ ကပ်ပြီး အတင်းနမ်းနေမှာလား မသိဘူး!
အဲဒီပုံရိပ်က တကယ်ကို လှပလွန်းလို့ ငါတောင် မတွေးရဲတော့ဘူး!
တစ်ချိန်တည်းမှာပင် ယွီချင်းဟာ သူမ အချိန်အကြာကြီး ရေးထားခဲ့တဲ့ Weibo ပို့စ်ကို နောက်ဆုံးမှာ တင်လိုက်ပါတော့သည်။
ယွီချင်း: "နင်တို့မျက်စိထဲမှာ ငါက အဲဒီလောက်တောင် အရည်အချင်း မရှိတဲ့သူလား တကယ်လို့ ယွီနျန့်က ငါ တကယ်ကြိုက်တဲ့သူဆိုရင် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့က အလိုလို သူ့အတွက်ပဲ ဖြစ်ရမယ်! ငါက ဘာမှစဉ်းစားမနေဘဲ ပိုက်ဆံတွေပုံအောပေးပြီး ငါကြိုက်တဲ့ အခွင့်အရေးမှန်သမျှ သူ့ကို ပေးမှာပေါ့! အနည်းဆုံးတော့ နာမည်ကြီး Variety show တစ်ခုခု ဖြစ်မှာပေါ့! 'ကုရွှမ်းနင်' လိုမျိုး ဇာတ်ပို့နေရာလေးလား အဲဒီလိုလုပ်ဖို့ ငါတောင် ရှက်သေးတယ်! နားလည်လား"
Comments
Post a Comment