Skip to main content

38




အခန်း (၃၈) - ယွီနျန့် ကြိုက်နေတဲ့သူက….


[မားက ကျွန်မကို ဘာလို့ ဒီလောက် ပုံစံကျ ဒူးထောက်နေရတာလဲလို့ လာမေးတယ်! အခုပဲ စိတ်ပြောင်းလိုက်ပြီ! အစ်မယွီချင်းရေ... ကျွန်မကော အစ်မရဲ့ မျက်စိထဲ တစ်နေရာစာ ရနိုင်မလား]

[စောစောက အစ်မယွီချင်း ကြွားနေတာလားလို့ မေးခွန်းထုတ်တဲ့သူတွေ ခဏစောင့်! ငါ ဗဟုသုတ နည်းနည်းပေးမယ်! အစ်မယွီချင်း စပြီး ပွဲထွက်တုန်းက နေ့တိုင်း ဇိမ်ခံကားတွေကို တစ်စီးပြီးတစ်စီး ပြောင်းစီးလို့ စိတ်ပုပ်တဲ့သူတွေ အများကြီး အပုပ်ချခံခဲ့ရဖူးတယ်။ နောက်မှ သိလိုက်ရတာက အစ်မယွီချင်းရဲ့ မိသားစုက တကယ့်သူဌေးကြီးတွေ၊ သတ္တုတွင်းတွေနဲ့ မြေကွက်တွေ အများကြီး ရှိတာဟ! အဲဒီတော့ ပိုက်ဆံတွေပုံအောပြီး အခွင့်အရေးတွေ စိတ်ကြိုက်ရွေးတယ်ဆိုတာ ကြွားနေတာ မဟုတ်ဘူး!]

[စကားလမ်းကြောင်း မလွှဲနဲ့! ညသန်းခေါင်ယံမှာ ယွီနျန့်နဲ့အတူ တစ်နာရီကျော်ကြာအောင် အပြင်ထွက်သွားတုန်းက ဘာတွေလုပ်ခဲ့ကြလဲဆိုတာကိုပဲ ရဲရဲဝံ့ဝံ့ ဖြေစမ်း!]

[တော်စမ်းပါတော့... စကားတွေ အများကြီး မပြောနဲ့တော့၊ ဒူးသာ ထောက်လိုက်ကြစမ်းပါ!]

သိပ်မကြာမီမှာပင် "Sound of Nature" ရဲ့ တရားဝင် Blog နဲ့ ဟယ်ချိုးပိုင်ရဲ့ ကိုယ်ပိုင်စာမျက်နှာ နှစ်ခုလုံးက ယွီချင်းရဲ့ Weibo ကို ပြန်လည်မျှဝေ လိုက်ကြသည်။

Sound of Nature: "ဟုတ်ကဲ့။" //@ဟယ်ချိုးပိုင်: "မရိုးသားတဲ့ အပေးအယူတွေ ကြွားဝါတာလား ငါ့ကိုတော့ ဆွဲမထည့်နဲ့လေ! //@ယွီချင်း: ......"

ချက်ချင်းဆိုသလိုပဲ ဒါရိုက်တာ ရွှီရှန့်လန်ကလည်း ယွီချင်းရဲ့ Weibo ကို ပြန်မျှဝေလိုက်ပြီး

"မယုံမရှိနဲ့၊ မနက်ဖြန်ကျရင် မင်းကို အကြိမ်နှစ်ဆယ်လောက် NG ခိုင်းပစ်မယ်။ //@ယွီချင်း: ......"

သူတို့တစ်ယောက်ချင်းစီရဲ့ မှတ်ချက်ကဏ္ဍတွေမှာတော့ "ဟားဟားဟား" ဆိုတဲ့ စာလုံးတွေနဲ့ ပြည့်နှက်သွားပြီး အားလုံးက ရယ်မောနေကြတော့၏။ #ယွီချင်းရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှု# ဆိုသည့် ခေါင်းစဉ်ကလည်း အံ့ဩစရာကောင်းလောက်အောင် နာမည်ကြီးသွားပြီး နာရီဝက်အတွင်းမှာတင် Emoji ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။

ယွီနျန့်ကတော့ အဲဒီမှတ်ချက်တွေကို နှိပ်ကြည့်ပြီး အသစ်ထွက်လာသော Emoji Pack တွေကို သေသေချာချာ သိမ်းဆည်းထားလိုက်၏။ နောက်ကျရင် ယွီချင်းနဲ့ Chat တဲ့အခါ အဲဒီပုံလေးတွေ သုံးပြီး ပြန်စဖို့ ပြင်ဆင်ထားတာပါ။

ထိုအချိန်မှာပဲ ဒါရိုက်တာရွှီရဲ့ အသံထွက်လာသည်။

"ဒီနေ့အတွက်တော့ ဒီမှာတင် နားကြမယ်! အားလုံးပဲ ပင်ပန်းသွားကြပြီ!"

အားလုံးကို နှုတ်ဆက်ပြီးနောက် ယွီနျန့်ဟာလည်း သူ့ရဲ့ ခေါက်ကုလားထိုင်ကို သယ်ပြီး အခန်းထဲ ပြန်လာခဲ့၏။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ မုန့်ယွမ်ဆီက ဖုန်းဝင်လာသည်။

"အစ်ကိုမုန့်"

မုန့်ယွမ်က အကဲခတ်တဲ့လေသံနဲ့ "နျန့်နျန့်... မင်းရဲ့ ခံစားချက် အခြေအနေက ဒီရက်ပိုင်းအတွင်း... ပြောင်းလဲသွားတာမျိုး ရှိလား"

ယွီနျန့် အံ့ဩသွားပြီး ချက်ချင်း ရိပ်မိလိုက်ပါပြီ။

"ကျွန်တော့်အစ်မ ဘာတွေပြောလိုက်ပြန်ပြီလဲ"

"မဟုတ်ဘူး၊ မဟုတ်ဘူး!" မုန့်ယွမ်က အလျင်အမြန် ငြင်းလိုက်ပြီးမှ ရှင်းပြသည်။

"ယွီချင်းက ရှီရို့ကို ခြိမ်းခြောက်လိုက်၊ ချော့လိုက်နဲ့ မင်းတစ်ဖက်သတ် ကြိုက်နေတဲ့သူအကြောင်း မေးခိုင်းနေတာ။ ရှီရို့ခမျာ ဘာလုပ်ရမှန်းမသိလို့ ငါ့ဆီ ဖုန်းဆက်လာတာလေ၊ ငါလည်း ဇဝေဇဝါ ဖြစ်သွားရတယ်။ အဲဒါကြောင့် မင်းကိုပဲ တိုက်ရိုက် မေးလိုက်တာ!"

ယွီနျန့်ဟာ ယွီချင်း ပြောခဲ့တဲ့ "ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး" ဆိုတဲ့ စကားကို ပြန်သတိရပြီး စိတ်ထဲကနေ တကယ်ကို အကုန်လိမ်တာပဲ! လို့ ရေရွတ်လိုက်မိသည်။ သူက ကုတင်စွန်းမှာ ထိုင်ပြီး သူ့စိတ်ကို ရှင်းလင်းလိုက်ကာ

"ကျွန်တော်ကိုယ်တိုင်လည်း ခံစားချက်တွေကို မသေချာသေးလို့ပါ"

"တစ်ဖက်သတ် သဘောကျနေတဲ့ အဆင့်ပဲလား"

"ဟုတ်ကဲ့၊ သဘောကျနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ တစ်ဖက်လူနဲ့ တကယ်တမ်း ထိတွေ့ဆက်ဆံဖူးတာကလည်း... သိပ်မများသေးဘူး။"

ယွီနျန့်ဟာ လေထဲက အမှတ်တစ်ခုကို စိုက်ကြည့်ရင်း ရှဲ့ယို့မျက်နှာအမူအရာကို ခဏလောက် ပြန်တွေးကာ ပြုံးလိုက်မိသည်။

"အစ်ကိုမုန့် စိတ်မပူပါနဲ့။ ကျွန်တော် တကယ်ကို ဂရုတစိုက်နဲ့ သတိထားပါ့မယ်။"

မုန့်ယွမ်နဲ့ ယွီနျန့်ကြားမှာ ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရှိနေတာမို့ တစ်ဖက်လူက ဘာမှ ထပ်မမေးတော့ပါဘူး။ ဒါပေမဲ့ အမြဲတမ်းလိုပဲ တစ်တွတ်တွတ်နဲ့တော့ မှာကြားနေပါသေးသည်။

"မင်း လျှောက်မလုပ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ တကယ်တမ်း တစ်ခုခု ထူးခြားလာရင်တော့ ငါ့ကို အရင်ပြောဖို့ မမေ့နဲ့ဦး!"

အဲဒီနောက်မှာတော့ သူက စပ်စုချင်စိတ်နဲ့ ထပ်မေးလာ၏။

"ဒါနဲ့... သူမက တကယ်ပဲ ၁.၈၆ မီတာတောင် ရှည်တာလား"

"အင်း...ကျွန်တော်က အခု ၁.၇၉ ပဲ ရှိသေးပေမဲ့ ထပ်ရှည်ဦးမှာပါ! အရင်က တိုင်းတုန်းက ၁.၇၉၅ ရှိတာဆိုတော့ မကြာခင် ၁.၈၀ ဖြစ်တော့မှာ!"

မုန့်ယွမ်က သူ ယွီနျန့်၏ ယောကျာ်းမာနကို ထိခိုက်မိသွားပြီ ထင်၍ အလျင်အမြန် နှစ်သိမ့်ရသည်။

"ဒါက ဘာဖြစ်လဲ၊ ဒီဘက်ခေတ်မှာ အရပ်က ပြဿနာမဟုတ်ပါဘူး! ချစ်သူချင်း အဆင်ပြေရင် ကမ္ဘာကြီး လည်ပတ်တာ ရပ်သွားရင်တောင် ကိစ္စမရှိဘူး!"

အဲဒီလို ပြောပြီးတာနဲ့ သူကိုယ်တိုင် မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီးမှ အတည်ပြုချက် ထပ်တောင်းလိုက်သည်။

"ဒါနဲ့ သူမက တကယ်ပဲ ချောတာလား။ မင်းနဲ့ယှဉ်ရင် ဘယ်လိုနေလဲ"

"အင်း... သူက တကယ်ကို ချောတာ၊ ကျွန်တော့်ထက်တောင် သာပါသေးတယ်"

ယွီနျန့်က ခေတ္တစဉ်းစားပြီး ထပ်လောင်းဖော်ပြလိုက်သည်မှာ

"တစ်ခါမြင်ဖူးရင် ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ မျက်နှာမျိုးပေါ့" ဟူ၍

မုန့်ယွမ်ကတော့ မန်နေဂျာပီပီ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရောဂါက ထကြွလာပြီး

"မင်းပြောပုံအရဆိုရင် အခြေအနေက တော်တော်ကောင်းတာပဲ! သူမက အနုပညာလောကထဲ ဝင်ဖို့ အစီအစဉ်ရှိလား"

ယွီနျန့်သည် ရှဲ့ယို့၏ ဝတ်စုံပြည့်၊ သားရေဖိနပ်၊ လက်ထောက်နှင့် သက်တော်စောင့်များခြံရံထားသည့် ပုံရိပ်ကို မြင်ယောင်ရင်း ခေါင်းခါပြကာ ပြုံးလိုက်မိသည်။

"မရှိပါဘူး"

"နှမြောစရာပဲ" မုန့်ယွမ်က သူ့အတွေးကို ရပ်တန့်လိုက်ပြီး

"ဒါဆိုလည်း အိပ်တော့၊ မနက်ဖြန် ရိုက်ကူးရေးရှိတယ်လေ။ ကောင်းကောင်းအနားယူ၊ ရိုက်ကူးရေးက အရေးကြီးဆုံးပဲ"

သို့သော် ယွီနျန့် ကုတင်ပေါ်လှဲပြီး စောင်ခြုံကာ နွေးနွေးထွေးထွေး အိပ်တော့မည့်ဆဲဆဲမှာပင် မုန့်ယွမ်ဆီမှ ဖုန်းထပ်ဝင်လာသည်။ အသံက နားကြပ်ထဲမှ ဖောက်ထွက်လာတော့မတတ်ပင်။

"တောက်! ဒီအခြေအနေတွေက လူကို အိပ်ခွင့်မပေးတော့ဘူးဟ။ ငါတို့ဘက်က ဘာမှတောင် ဆက်မလုပ်ရသေးဘူး၊ ဟိုဘက်မှာ သူတို့အချင်းချင်း ပြန်ကိုက်နေကြပြီ! နျန့်နျန့်... Weibo ထဲ မြန်မြန်သွားကြည့်ဦး။ ရူရူ့ရဲ့ ပရိသတ်တွေနဲ့ ရူရူ့ရဲ့ မန်နေဂျာတို့ အချင်းချင်း အကြီးအကျယ် သတ်နေကြပြီ!"

ယွီနျန့် အံ့ဩသွားကာ "သူတို့အချင်းချင်း ရန်ဖြစ်နေကြတာလား"

ရုပ်ရှင်အဖွဲ့ထဲက လိုင်းက အလွန်မတည်ငြိမ်လှပေ။ သူ အတော်ကြာအောင် ကြိုးစားကြည့်သော်လည်း Weibo ပေါ်က အဓိကအချက်အလက်ကို ရှာမတွေ့ခဲ့ပေ။ မုန့်ယွမ်က စိတ်မရှည်တော့သဖြင့် သူကိုယ်တိုင်ပင် အတန်းခေါင်းဆောင်လုပ်ကာ အနှစ်ချုပ် ရှင်းပြတော့သည်။

"ဒီတစ်ခါ Fan Group ခေါင်းဆောင်တွေရဲ့ Internal Chat ပေါက်ကြားသွားတာကြောင့် ရူရူ့ပရိသတ်တွေက လူတကာရဲ့ လှောင်ပြောင်ကဲ့ရဲ့တာကို ခံနေရတာလေ။ တချို့ပရိသတ်တွေက ဒါဟာ Group ခေါင်းဆောင်ရဲ့ အမှားဖြစ်ပြီး သူတို့အမှားမဟုတ်ဘူး၊ သူတို့က အဆဲမခံနိုင်ဘူးဆိုပြီး ခေါင်းဆောင်ကို သွားပြဿနာရှာကြတာ။ အရင်က ပရိုမိုးရှင်းသီချင်းကိစ္စ သတင်းမှားတွေဖြန့်ခဲ့တဲ့ အကောင့်ဟောင်းတွေကိုလည်း ပြန်ဖော်ကြတော့ ပရိသတ်တွေဘက်က သတင်းအမှားဖြန့်ခဲ့တာကို ဝန်ခံပြီး တောင်းပန်ဖို့အထိ တောင်းဆိုခံရရော"

မုန့်ယွမ်က အသက်တောင် မရှူဘဲ အရှိန်နဲ့ ဆက်ပြောသည်။

"အခြေအနေက တော်တော်လေး ပူထူးလာပုံရတယ်။ Fan ခေါင်းဆောင်က ဒေါသထွက်ပြီး 'နင်တို့က ငါ့ကို ဘာလို့ လာဆဲနေတာလဲ ငါက ရူရူနဲ့ သူ့မန်နေဂျာ ခိုင်းသမျှပဲ လုပ်ခဲ့တာ။ မေးစရာရှိရင် သူတို့ကို သွားမေးကြ' လို့ ပြောချလိုက်တာပဲ။"

"ဒါပေမဲ့ ပရိသတ်တွေက မယုံဘဲ ဒါဟာ လုပ်ကြံစွပ်စွဲချက်ဆိုပြီး သက်သေပြဖို့ ထပ်ဆဲကြပြန်တာပေါ့။ အဲဒီမှာတင် Fan ခေါင်းဆောင်လည်း အိုးတိုက်ဖျက်ပစ်သလိုမျိုး အကုန်ဖွင့်ချတော့တာပဲ။ ညှာတာမနေတော့ဘဲ Chat ထဲက ပုံတွေအများကြီးကို Screen ဖြတ်ပြီး ချပြလိုက်တာ!"

ယွီနျန့် စောင်ထဲမှာ ခွေနေရင်း စကားထောက်ပေးလိုက်သည်။

"ဒါဆို ရူရူနဲ့ သူ့မန်နေဂျာတို့နဲ့ ပြောထားတဲ့ Chat တွေပေါ့"

"ဟုတ်တယ် ရူရူကတော့ သိပ်မပါဘူး။ သူက သိပ်ထွက်မလာတတ်တော့ အများစုက သူ့မန်နေဂျာကနေတစ်ဆင့် လုပ်တာတွေပဲ။ အဲဒီမန်နေဂျာက တကယ်ကို ယုတ်မာတာဟ။ အရင်က အဝတ်အစားဆင်တူ ဝတ်မိတဲ့ကိစ္စတုန်းကလည်း Fan ခေါင်းဆောင်ကို ခိုင်းပြီး ပရိသတ်တွေနဲ့ တစ်ဖက်လူကို အတင်းအကျပ် တောင်းပန်ခိုင်းခဲ့တာ။ ပရိုမိုးရှင်းသီချင်း ကိစ္စတုန်းကလည်း အရွေးခံရတာ ရူရူပဲဆိုပြီး ပရိသတ်တွေကို အာမခံခဲ့သလို၊ မင်းကိုလည်း မြေမှာနင်းခြေပြီး ဘယ်တော့မှ ပြန်မထလာနိုင်အောင် လုပ်ရမယ်လို့ ပြောခဲ့တာတွေ ပါကုန်ပြီ"

"အခုတစ်ခါရော"

"အခုတစ်ခါက ပိုတောင် ကောင်းသေးတယ်" မုန့်ယွမ်က ဒေါသတကြီးနဲ့ ရယ်မောလိုက်ပြီး

"မန်နေဂျာက ပြောတယ်... ရူရူကိုယ်တိုင် ပြောတာတဲ့၊ မင်းနဲ့ ယွီချင်း လရောင်အောက်မှာ ဇာတ်ညွှန်းကျက်တာပဲဖြစ်ဖြစ် ဘာလုပ်တာပဲဖြစ်ဖြစ် ဒီအညစ်အကြေးတွေကို မင်းခေါင်းပေါ် ပုံချလိုက်ရမယ်၊ ဒါမှသာ တစ်သက်လုံး မင်းနောက်က တကောက်ကောက် ပါနေမှာ။ မဟုတ်ရင် သူ အခွင့်အရေးလုခံရတဲ့ အမျက်ဒေါသကို ဖြေဖျောက်နိုင်မှာ မဟုတ်ဘူးတဲ့!"

ယွီနျန့်က နှုတ်ခမ်းထောင့်လေးတွေ ကွေးညွှတ်သွားကာ ဒေါသမထွက်ဘဲ

"သူတို့က သူတို့ကိုယ်သူတို့ တစ်ခုခု မှားယွင်းပြီး ထင်မြင်နေကြတာ ထင်တယ်"

"ဟွန်း..ဘယ်သူက မဟုတ်ဘူးလို့ ပြောလဲ အထင်လွဲနေတာမှ အကြီးအကျယ်ပဲ။ အဲဒီလူနှစ်ယောက်က သူတို့ကိုယ်သူတို့ မိုင်ပေါင်းထောင်ချီကနေ စစ်သည်တွေကို စေခိုင်းပြီး ရန်သူ့ခေါင်းကို ဖြတ်နိုင်တယ်လို့ ထင်နေကြတာလား။ Screenshot တွေ ထွက်လာတာနဲ့ သူတို့ပရိသတ်တွေ မျက်စိထဲက Idol ရဲ့ မြင့်မြတ်တဲ့ ပုံရိပ်က စက္ကန့်ပိုင်းအတွင်း ပြိုလဲသွားတာပဲ။ ပရိသတ်တွေလည်း ဒီဒဏ်ကို မခံနိုင်တော့ဘဲ မျက်ရည်တွေနဲ့ လက်ပြန်နှုတ်ဆက်ကုန်ကြပြီ! မင်းမမြင်လိုက်ဘူးလား... Weibo ပေါ်က သူတို့ရဲ့ Follower အရေအတွက်က တံတိုင်းပြိုသလိုမျိုး တန်းစီပြီး ကျဆင်းနေတာ! ဒါကြောင့် လူဆိုတာ စိတ်ထားလေးတော့ ကောင်းသင့်တာပေါ့"

မုန့်ယွမ်က သက်ပြင်းတစ်ခုနဲ့ စကားကို အဆုံးသက်လိုက်သည်။ ထို့နောက် သူက ရှေ့ကစကားကို ပြန်ပြောသည်။

"ကဲ... တော်ပြီ၊ ညသန်းခေါင်ယံမှာတော့ အသစ်အဆန်းတွေ ထပ်ထွက်လာမှာ မဟုတ်တော့ပါဘူး။ သွားအိပ်တော့၊ မနက်ဖြန် နိုးမှ အေးဆေးပြောကြတာပေါ့။ ရိုက်ကူးရေးအတွက် အခြေအနေက အရေးကြီးဆုံးပဲ"

"ဒါဆို ဂွတ်နိုက်ပါ အစ်ကိုမုန့်။ နောက်ကျတဲ့အထိ မနေပါနဲ့ဦး၊ အစ်ကို့ကျန်းမာရေးက မခံနိုင်တော့ဘူး"

ဂရုစိုက်ခြင်း ခံရသဖြင့် မုန့်ယွမ် ပြုံးလိုက်မိပြီး "အေးပါ၊ ဂွတ်နိုက်"

နောက်တစ်နေ့တွင် ယွီချင်းသည် စိတ်ကြည်လင်စွာဖြင့် နိုးလာသည်။

"မိတ်ကပ်ဆရာမက မျက်ကွင်းညိုလို့၊ အရေးအကြောင်းတွေ ထွက်လို့ ဆဲမယ့်အရေးကို ဂရုမစိုက်နိုင်ဘဲ ငါ ညဉ့်နက်တဲ့အထိ ထိုင်ပြီး သတင်းတွေ စောင့်ကြည့်နေတာ! အဲဒီရူရူကတော့ သူ့ဘဝကို ရင်းပြီး ငါ့ရဲ့ ရိုက်ကူးရေးဘဝကို ပြည့်စုံအောင် လုပ်ပေးရှာတယ်"

ယွီနျန့်က သူမကို နွားနို့ပူပူ တစ်ခွက် ကမ်းပေးလိုက်သည်။ သူမကို သေသေချာချာ ကြည့်ရှုပြီးနောက် သူက မှတ်ချက်ပေးလိုက်သည်။

"အစ်မ... အစ်မရဲ့ မျက်ကွင်းတွေက တကယ်ကို ညိုနေပြီနော်!"

"သွားစမ်းပါ!"

ရှီရို့က ပါးစပ်ကလေးပိတ်ပြီး ခိုးရယ်နေသည်။

ယွီချင်းက နွားနို့တစ်ဝက်လောက် သောက်လိုက်ပြီး ယွီနျန့်ကို တံတောင်နဲ့တို့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မနေ့ညက အိပ်ခါနီး ငါစဉ်းစားကြည့်တယ်... တကယ်လို့ နင်က အဲဒီလူကို တကယ်ကြိုက်တာဆိုရင် အရပ် ၁.၉ မီတာကျော်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်သက်လုံး အတူနေရမှာလေ။ အရပ်ရှည်တာ၊ ပုတာ၊ ဝတာ၊ ပိန်တာ... နင်ကြိုက်ရင် ပြီးတာပဲ!"

ယွီနျန့်က နွားနို့ပူပူခွက်ကို ကိုင်ထားရင်း မျက်လုံးလေးတွေ မှေးသွားသည်အထိ ပြုံးလိုက်မိသည်။

"တကယ်လား"

"ငါက အပိုတွေ ပြောနေတာကျနေတာပဲ။ ဘာပဲဖြစ်ဖြစ် နင်ကြိုက်ရင် လုပ်လိုက်စမ်းပါ!"

ယွီချင်းက လက်ယမ်းပြပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဟို ရူရူ ဆိုတဲ့တစ်ယောက်ကလည်း တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ။ အခု သူပရိသတ်တွေ လျော့ကုန်ပြီး လှောင်ပြောင်ခံနေရတာတွေဟာ တို့နှစ်ယောက်ကိစ္စကြောင့်လို့ သူထင်နေမှာပဲ။ ညသန်းခေါင်ယံမှာတောင် ရေဆိုးပက်တဲ့သူ တွေကို ပိုက်ဆံပေးပြီး တို့နှစ်ယောက် ဘာပတ်သက်လဲ။ ဘာလို့ အပြင်ထွက်တာလဲဆိုတာကို ဇွတ်မေးခိုင်းနေတုန်းပဲ! ဟွန့် တကယ်လို့ ငါက သူ့ရဲ့ စပ်စုချင်စိတ်ကို ဖြည့်ဆည်းပေးတဲ့အနေနဲ့... ညသန်းခေါင်ကြီး လိုင်းရှာဖို့ နင့်ကို ကားမောင်းခေါ်သွားတာပါလို့ အမှန်အတိုင်း ပြောလိုက်ရင် သူ့ရဲ့ ဘဝပျော်ရွှင်မှုတွေ ပျက်စီးသွားမလားပဲ"

"မဖြစ်နိုင်ပါဘူး၊ သူက သူယုံချင်တာကိုပဲ ယုံမှာပါ"

ယွီနျန့်က နှုတ်ခမ်းဘေးက နွားနို့အမြှုပ်တွေကို တစ်ရှူးနဲ့ သုတ်လိုက်ပြီး လက်ထဲက ဇာတ်ညွှန်းကို ယွီချင်းထံ ကမ်းပေးလိုက်သည်။

"အစ်မ... ဒါတွေ ထားလိုက်ပါတော့။ မနက်ခင်းက သာယာလှတာ၊ အစမ်းလေ့ကျင့်ဖို့ ကောင်းတယ် မဟုတ်လား"

"ကောင်းပြီလေ၊ ငါ ကူပေးမယ်"

***

မွန်းတည့်ချိန်အထိ ပတ်သက်ရာ ပတ်သက်ကြောင်း ခေါင်းစဉ်တွေဟာ Hot Search ရဲ့ ထိပ်တန်း ၂၀ စာရင်းမှာ ခိုင်ခိုင်မာမာ ရှိနေဆဲ။ ဖရဲသီးစားသူတွေ ကတော့ ကြက်သွန်နီ ခွာနေရသလိုမျိုးပဲ။ နောက်ထပ် ဘယ်လို စိတ်လှုပ်ရှားစရာတွေ ထွက်လာဦးမလဲဆိုတာ မသိနိုင်တော့လို့ ရင်ခုန်နေကြလျက်…

ရူရူ့ Fan Group ခေါင်းဆောင်ကတော့ ရူရူ့ရဲ့ အပုပ်အသိုး မှန်သမျှကို အကုန်ဖွင့်ချလိုက်ပါပြီ။ သူတို့အချင်းချင်း အကြီးအကျယ် ကွဲပြားသွားကြပုံပဲ။ Screenshot တွေကို တစ်ခုပြီးတစ်ခု ချပြနေသလို Weibo မှာလည်း တိုက်ရိုက် ရေးသားထားတာက

"အမှန်အတိုင်း ပြောရရင် ငါလည်း နင့်ကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ နင့်မျက်စိထဲမှာ ပရိသတ်တွေဆိုတာ နေ့တိုင်း နင့်နောက်လိုက်ပြီး နင်ခိုင်းတဲ့နေရာမှာ သွားချရမယ်။ ပြီးရင် အပြစ်ပုံချခံရမယ့် အသိဉာဏ်မရှိတဲ့သူတွေလို့ ထင်နေတာလား ဘာမှ လာမပြောနဲ့တော့။ ငါ့မှာ ပိုက်ဆံရှိတယ်။ အစကတော့ အချစ်ရှိလို့ အားပေးခဲ့တာ။ အခုတော့ ငါ့နှလုံးသားက အေးစက်သွားပြီ။ ဒီလှိုင်းလုံးကြီး ပြီးသွားရင် ငါ အနားယူပြီး အိမ်ပြန်တော့မယ်။ ငါ့ကိုယ်ငါ လူယုတ်မာတစ်ယောက်ကို မျက်ကန်းတစ္ဆေမယုံ မိခဲ့တယ်လို့ပဲ သဘောထားလိုက်တော့မယ်!"

ယွီချင်းက သူမ ဖုန်းကို မလွှတ်တမ်းဖက်ပြီးကို ပွဲကို ပျော်ပျော်ကြီး စောင့်ကြည့်နေ၏။

"အဲဒီစကားက ဘယ်လိုလဲ 'ရေဟာ လှေကို သယ်ဆောင်နိုင်သလို၊ လှေကိုလည်း မှောက်နိုင်တယ်' ဆိုတာလား အေး... အဲဒါပဲ!"

သူမက လျှာတစ်သပ်သပ်နဲ့ မှတ်ချက်တွေဆက်တိုက်ပေးနေတော့သည်။

"ဒါကြောင့် လူဆိုတာ တခြားသူတွေကို လူအ တွေလို မဆက်ဆံသင့်ဘူး"

သူမက ဇာတ်ညွှန်းကိုပဲ အာရုံစိုက်နေတဲ့ ယွီနျန့်ကို တစ်ချက်ကြည့်လိုက်ပြီး "နျန့်နျန့်"

ယွီနျန့်က ခေါင်းလေးစောင်းပြီး ပြန်ထူးလိုက်သည်။

"ဟင်"

ယွီချင်းက တည်တည်ငြိမ်ငြိမ် မျက်နှာထားနဲ့

"ကဲ... အဆင်သင့်ပြင်! ငါ Weibo တင်လိုက်ပြီ၊ ပြန်ပြီး Forward လုပ်ဖို့ မမေ့နဲ့ဦး!"

ယွီနျန့်က ယွီချင်းရဲ့ စရိုက်ကို သိနေတာမို့ ဖုန်းကို ထုတ်လိုက်ပြီး

"ဟုတ်ကဲ့၊ အဆင်သင့်ပါပဲ"

ဆယ်နာရီကျော် ကြာပြီးနောက်မှာတော့ ယွီချင်းက Weibo မှာ ပို့စ်တစ်ခု ထပ်တင်လိုက်သည်။ ပူးတွဲပါပုံကတော့ ဓာတ်ပုံဟောင်းလေးတစ်ခုပါ။ စိမ်းလန်းစိုပြေနေသည့် ဥယျာဉ်လေးထဲမှာ ပန်းရောင် ဖဲပြားလေးတပ်ပြီး အဖြူရောင် မင်းသမီးဝတ်စုံလေး ဝတ်ထားသော မိန်းကလေးငယ်လေးက ကင်မရာကို ကြည့်ပြုံးနေပြီး၊ သူမရဲ့ ညာဘက်က နှစ်နှစ်၊ သုံးနှစ်အရွယ် ချစ်စရာကောင်းသည့် ကောင်လေးတစ်ယောက်ကို လက်ဆွဲထားသည်။

"မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်မရဲ့ သွေးသားတော်စပ်တဲ့ မောင်ဝမ်းကွဲလေး @ယွီနျန့် ပါ။ သူ့အဘွားက ကျွန်မအဘိုးရဲ့ ညီမအရင်းပါ။ အားလုံးကို စိတ်ပျက်သွားစေရင် တောင်းပန်ပါတယ်နော်!"

ယွီနျန့်ကလည်း ချက်ချင်း ပြန်မျှဝေလိုက်သည်။

"ညသန်းခေါင်ယံ အပြင်ထွက်တာက လရောင်အောက်မှာ ဇာတ်ညွှန်းကျက်ဖို့ မဟုတ်ပါဘူး၊ Weibo ကြည့်ဖို့ လိုင်းရှာထွက်တာပါ။ ရုပ်ရှင်အဖွဲ့ထဲမှာ လိုင်းက တကယ်ကို မကောင်းလို့ပါ"

ဒီ Weibo နှစ်ခု တက်လာတာနဲ့ အင်တာနက်လောက တစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားပါတော့၏။

[ဟားဟားဟား၊ ငါတော့ အကျယ်ကြီး ရယ်မိပြီ! ရူရူက ယွီနျန့်နဲ့ ယွီချင်း ညဘက်ထွက်တာကို အကွက်တွေ့ပြီမှတ်လို့ ပရိသတ်တွေကို အတင်းတိုက်ခိုက်ခိုင်းတာ။ မထင်မှတ်ဘဲ ပရိသတ်တွေက လက်ပြန်ဖွင့်ချလိုက်သလို၊ နာမည်ပျက်နေတဲ့အချိန်မှာမှ ယွီချင်းနဲ့ ယွီနျန့်က မောင်နှမတွေမှန်း၊ လိုင်းရှာဖို့ ထွက်တာမှန်း သိလိုက်ရတော့... ဒီပါးရိုက်ချက်က တကယ်ကို မျက်နှာကြီး ရောင်ကိုင်းသွားလောက်တယ်!]

[ဟားဟားဟား၊ ယွီနျန့်က ဒီလောက် အားကိုးစရာ ကျောထောက်နောက်ခံ ရှိနေတာကို ကိုယ့်ပါရမီနဲ့ကိုယ် ကြိုးစားနေတာ ရူရူတစ်ယောက် ဘယ်လိုမှ ထင်ထားမှာ မဟုတ်ဘူး! အမှန်အတိုင်း ပြောရရင် ငါလည်း မထင်ထားဘူး၊ ဒီကိစ္စသာ မဖြစ်ရင် သူတို့ ဒီပတ်သက်မှုကို ထုတ်ပြောကြမှာ မဟုတ်ဘူး ထင်တယ်!]

[တောက်! နျန့်နျန့်က အစ်မယွီချင်းရဲ့ မောင်ဖြစ်နေတာလား အစ်မ... ဒါက ခွဲခြားဆက်ဆံမှုပဲ! တို့ရဲ့ နျန့်နျန့်ကိုလည်း ချန်ပီယံနေရာ ပေးတာတို့၊ ပိုက်ဆံပုံအောပေးတာတို့၊ အခွင့်အရေးတွေ စိတ်ကြိုက်ရွေးပေးတာတို့ လုပ်ပေးစေချင်ပြီ!]

[ဟားဟား နျန့်နျန့်က ချစ်စရာလေး။ လိုင်းရှာဖို့ ညကြီးမင်းကြီး အပြင်ထွက်တယ်တဲ့လား ဒါပေမဲ့ နျန့်နျန့်က ငယ်ငယ်တည်းက တကယ်ကို ချောတာပဲ! တကယ့် မင်းသားလေးအတိုင်းပဲ။ ငယ်ငယ်ကနေ ကြီးတဲ့အထိ တစ်သမတ်တည်း ကြည့်ကောင်းနေတာပဲ!]

***

ရုံးခန်းအတွင်း

ရှဲ့ယို့သည် ယွီချင်း တင်ထားသော ဓာတ်ပုံကို ဖုန်းထဲတွင် သိမ်းဆည်းလိုက်ပြီးနောက် နောက်ထပ် တစ်ပုံကို ပရင့်ထုတ်လိုက်သည်။ ထို့နောက် ကတ်ကြေးအသေးစားလေးဖြင့် ယွီနျန့်ပါသော တစ်ဝက်ကိုသာ ဂရုတစိုက် ညှပ်ယူပြီး သူ၏ ပိုက်ဆံအိတ်ထဲသို့ သေသေသပ်သပ် ထည့်လိုက်တော့သည်။

သူသည် ယွီနျန့်၏ ငယ်ဘဝပုံလေးကို ကြည့်နေမိသည်။ အရပ်ပုပု၊ ယခုမျက်နှာပေါက်အတိုင်း ရှိနေဆဲဖြစ်သော မျက်နှာသွင်ပြင်၊ ဝိုင်းစက်ပြီး မှောင်နက်သော မျက်ဝန်းများ၊ ဖြူဖွေးသော အသားအရေနှင့် ဖောင်းအိနေသော ပါးပြင်လေးများ...။ ကင်မရာကို ကြည့်နေသော မျက်ဝန်းများမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသော်လည်း ဓာတ်ပုံရိုက်ရန် လိမ္မာပါးနပ်စွာ ရပ်စောင့်နေသည့် ပုံစံလေးမှာ—

တကယ်ကို ချစ်စရာကောင်းလွန်းသည်။

ထိုစဉ် ရုံးခန်းတံခါးကို ခေါက်ပြီး တွန်းဖွင့်လိုက်သံ ကြားရသည်။ လက်ထောက်ချင်က အလျင်စလိုဖြစ်နေသော ချွိရှောက်ရန်ကို ခေါ်ဆောင်လာပြီးနောက် တံခါးပြန်ပိတ်ကာ ထွက်သွားသည်။

ချွိရှောက်ရန်သည် ရှဲ့ယို့ရှေ့က ဓာတ်ပုံကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် တုန်ခနဲ ဖြစ်သွားပြီး၊ သူသိထားသည့် သတင်းကို ပြောပြရန် တုံ့ဆိုင်းသွားတော့သည်။

ရှဲ့ယို့ကတော့ ချွိရှောက်ရန်၏ ဝေခွဲမရဖြစ်နေမှုကို သတိမထားမိဘဲ ပိုက်ဆံအိတ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ကာ မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ချွိရှောက်ရန်က အသက်ကို ဝဝရှူလိုက်၊ ထုတ်လိုက်လုပ်ရင်း၊ ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီးမှ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ ရှဲ့ယို့အနားသို့ တိုးကပ်လာပြီး သူကြားထားသည့် သတင်းကို အမြန်ပင် ပြောချလိုက်တော့သည်။

"ယွီနျန့်က... သူ့ထက် အရပ်ရှည်ပြီး၊ တကယ်ကို ချောမောလှပတဲ့အပြင်၊ သူ့ကို နံရံမှာ လက်တစ်ဖက်နဲ့ ကပ်ပြီး အတင်းနမ်းနိုင်တဲ့ မော်ဒယ်မလေး တစ်ယောက်ကို တစ်ဖက်သတ် ကြိုက်နေပြီတဲ့!"



TN // မရိုးနိုင်တဲ့ ပြဿနာတွေ ဆိုတာ…ဟားဟား

NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...