Skip to main content

39




အခန်း (၃၉) အထဲဝင်ပြီး ခဏလောက် ထိုင်ချင်လား

ရုံးခန်းအတွင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရှဲ့ယို့က ဘာမှပြန်မပြောပါဘူး။

ချွိရှောက်ရန်က ဆိုဖာပေါ်မှာ အေးအေးဆေးဆေး ထိုင်ချလိုက်ပြီး ကားသော့ကို ဘေးမှာ ပစ်တင်လိုက်သည်။ သူ ဘယ်လိုနေရမှန်းမသိဖြစ်နေလို့ အင်္ကျီကော်လာကို ပြန်ပြင်ရင်း သေသေချာချာလေး မေးလိုက်၏။

"ရှဲ့ရှောင်ယို့... မင်း အဆင်ပြေရဲ့လား"

စကားပြောရင်းနဲ့ ရှဲ့ယိုမျက်နှာအမူအရာကို အကဲခတ်ပေမဲ့ ဘာခံစားချက်မှ ခွဲခြားလို့ မရပါဘူး။

ရှဲ့ယို့အတွက် ခဏလောက် စိတ်မကောင်းဖြစ်သွားပေမဲ့ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ မသိဘူး။ လောကကြီးမှာ ပန်းတွေအများကြီး ရှိနေတာကို သူ့သူငယ်ချင်းက ယွီနျန့်ဆိုသည့် တစ်ပွင့်တည်းကိုပဲ စွဲစွဲလန်းလန်း ချစ်နေမှတော့ သူ ဘာလုပ်ပေးနိုင်မှာလဲ။

ရှဲ့ယို့ကတော့ အတွေးလွန်နေပုံရသည် ။

လက်တစ်ဖက်နဲ့ နံရံမှာကပ်ပြီး နမ်းတာတဲ့လား...

အဲဒီနောက် ချွိရှောက်ရန်ဟာ ထိတ်လန့်တကြားနဲ့ တွေ့လိုက်ရတာက

"တောက်! ရှဲ့ရှောင်ယို့... မင်းရဲ့ နားရွက်တွေ ဘာလို့ နီနေတာလဲ!"

"မနီပါဘူး။"

ရှဲ့ယို့က တည်ငြိမ်သည့် မျက်နှာပေးနဲ့ တိုက်ရိုက်ငြင်းလိုက်သောကြောင့် ချွိရှောက်ရန်တောင် သူ့မျက်စိပဲ မှားနေသလားလို့ ဝေခွဲမရ ဖြစ်သွားသည်။

"မင်း အခုပဲ ပြောလိုက်တာက သူ့ထက် အရပ်ရှည်ပြီး ပိုချောတဲ့ မော်ဒယ်မလေး တစ်ယောက်ပေါ့"

ချွိရှောက်ရန်က ရှဲ့ယို့ နားရွက်တွေဆီကနေ အာရုံလွှဲလိုက်ပြီး သူ့ပေါင်သူ လက်နဲ့ပုတ်ကာ

"ဟုတ်တယ်လေ! ဒီသတင်းရဲ့ အရင်းအမြစ်က အပြည့်အဝ ယုံကြည်လို့ရတယ်။ ယွီနျန့်ကိုယ်တိုင် ပြောခဲ့တာလို့တောင် သတင်းထွက်နေတာ!"

ရှဲ့ယို့က ဒီစကားထဲက အချက်တစ်ချက်ကို ထောက်ပြလိုက်၏။

"ဒါပေမဲ့ သူ့ထက်ချောတဲ့ မိန်းကလေးဆိုတာ မရှိနိုင်ဘူး၊ မင်းရဲ့ သတင်းအချက်အလက်တွေ မှားနေပြီ။"

ချွိရှောက်ရန် ကြောင်သွားပြီး

"မင်းပြောတာလည်း ဟုတ်သလိုပဲ! မဟုတ်ဘူးလေ၊"

သူ ပြန်သတိဝင်လာကာ

"မင်းမျက်စိထဲမှာတော့ မင်းတို့အိမ်ကလူထက် ချောတာ ဒီလောကမှာ ဘယ်သူမှ မရှိဘူး မဟုတ်လား"

ရှဲ့ယို့က ခေါင်းညိတ်ပြီး

တစ်လုံးတည်းသော စကား "အင်း။" ဟူသည်။

ချွိရှောက်ရန် "..."

သူက သူ့အတွေးတွေကို ပြန်စုစည်းပြီး ရှဲ့ယို့ကို ထပ်မေး၏။

"ဒါပေမဲ့ အတည်ပြောတာနော်။ မင်း နည်းနည်းလောက် ပိုပြီး တက်တက်ကြွကြွ မရှိချင်ဘူးလား။ တကယ်လို့ နောင်ကျရင် ယွီနျန့်က အဲဒီ မော်ဒယ်နဲ့ တွဲနေပြီလို့ သတင်းထုတ်ပြန်လိုက်ရင် မင်း မျက်ရည်တွေနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းရလိမ့်မယ်!"

ရှဲ့ယို့က စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး

"ကောင်းပြီလေ။"





"Stop!"

ဒါရိုက်တာ ရွှီရှန့်လန်က အော်ဟစ်ဆဲဆိုလိုက်သည်။

"မီးတွေကို ဒီဘက်ယူလာခဲ့! ပစ္စည်းထိန်း လက်ဖက်ရည် သောက်မနေနဲ့တော့! ယွီနျန့်က ဘေးမှာ နားနေတာ၊ ယွီချင်းရော ဘယ်ရောက်သွားလဲ ဘယ်မှာ သွားအိပ်နေတာလဲ မြန်မြန်လုပ်၊ နောက်တစ်ခန်း ထပ်ရိုက်မယ်!"

ယွီနျန့်က ဝန်ထမ်းတွေကို ကျေးဇူးတင်စကားဆိုပြီး ခေါက်ယပ်တောင်ကို ဂရုတစိုက် သိမ်းလိုက်သည်။ ထို့နောက် ရှေးဟောင်းဝတ်စုံကြီးနဲ့ပဲ ဘေးက ခေါက်ကုလားထိုင်မှာ ထိုင်နေလိုက်သည်။

ရှီရို့က ယွီနျန့်အင်္ကျီပေါ်က သဲတွေကို ပုတ်ပေးရင်း ရေနွေးအိုး ကမ်းပေးကာ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြောလာသည်။

"ဟို... နျန့်နျန့်..."

သူမ တုံ့ဆိုင်းနေတာ မြင်တော့ ယွီနျန့်က နူးညံ့စွာ မေးလိုက်သည်။

"အစ်မရှီရို့... ဘာဖြစ်လို့လဲ"

ရှီရို့က ဖုန်းကို ယွီနျန့်ဆီ ကမ်းပေးလိုက်ပြီး

"ဟိုလေ... တစ်ယောက်ယောက်က မင်းရဲ့ သရုပ်ဆောင်ချက်က သာမန်ပဲလို့ ပြောနေကြတယ်"

"ကျွန်တော်က သရုပ်ဆောင် ပါရမီရှင်မှ မဟုတ်တာ။ ပထမဆုံး ရုပ်ရှင်မှာ သရုပ်ဆောင်တာက သာမန်ပဲလို့ ပြောတယ်ဆိုတာ အနည်းဆုံးတော့ တစ်ဖက်လူက ဆိုးတယ်လို့ မှတ်ချက်မပေးတာပဲလေ"

သူ ခေတ္တရပ်ပြီး ရုတ်တရက် သတိဝင်လာကာ "ရှဲ့ယို့ ပြောတာလား"

ရှီရို့က ခေါင်းညိတ်ပြပြီး ဒေါသတကြီးနဲ့ ပြောတော့၏။

"သူက ဘာလို့ မင်းကို အမြဲတမ်း တမင်သက်သက် အပုပ်ချနေတာလဲ မသိဘူး။ ဒီရက်ပိုင်း သူ ဘာမှမလုပ်တော့လို့ တခြားသူကို ပြောင်းတိုက်ခိုက်နေပြီ ထင်တာ။ သူ ထပ်ထွက်လာပြီး သူ့ရဲ့ ရှိနေမှုကို ပြလိမ့်မယ်လို့ မထင်ထားဘူး။ ဥက္ကဋ္ဌတွေက အဲဒီလောက်တောင် အားနေကြတာလား။ ဒါရိုက်တာရွှီ အရင်က တင်ခဲ့တဲ့ ဗီဒီယိုက ပြန်မျှဝေတဲ့နှုန်းက အံ့ဩစရာကောင်းလောက်အောင် များခဲ့တာ။ ပရော်ဖက်ရှင်နယ် အပုပ်ချတဲ့သူတွေက သူတို့ ဒေါသထွက်စရာနေရာ မရှိလို့ စိတ်ညစ်နေကြတာလေ။ အခုတော့ ရှဲ့ယို့ရဲ့ Weibo တက်လာတာနဲ့ အဲဒီလူတွေ အကုန်လုံး သူ့ရဲ့ Weibo အောက်မှာ စုရုံးရောက်ရှိလာကြပြီ!"

ယွီနျန့်က ပြုံးရုံသာ ပြုံးပြီး ဘာမှပြန်မပြောပါဘူး။ သူက ရေနွေးအိုးကို ချလိုက်ပြီး ဖုန်းကိုယူကာ အရင်ကြည့်လိုက်သည်။

ရှဲ့ယို့ရဲ့ နောက်ဆုံး Weibo မှာ Hashtag နဲ့ GIF ပုံလေးတစ်ခု ပါဝင်သည်။

"#အရှေ့မြို့တော်က ကုရွှမ်းနင်# ဟင်း... သရုပ်ဆောင်ချက်က တကယ်ကို သာမန်ပါပဲ။"

အောက်က မှတ်ချက်တွေကို ကြည့်လိုက်ရင် နာမည်ကြီးနေသည့် မှတ်ချက်တွေက... အရေးအသားပုံစံက နည်းနည်း ထူးဆန်း၏။

[အချက်အလက်တွေအရတော့ ဥက္ကဋ္ဌရှဲ့ဟာ ယွီနျန့်ရဲ့ နံပါတ်တစ် Antifan အစစ်အမှန်ပဲ! ဒါပေမဲ့ ကျွန်မကတော့ ဒါကို နည်းနည်း... ချစ်စရာကောင်းတယ်လို့ ခံစားရတာ ဘာဖြစ်လို့လဲ ကျွန်မ စိတ်များ ဖောက်ပြန်သွားတာလား!]

[လူသစ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ချက်က သာမန်ပဲဆိုပေမဲ့၊ အကြည့်တွေကတော့ စက္ကန့်ပိုင်းအတွင်း ရင်ခုန်သွားစေတယ်။ အနည်းဆုံးတော့ တစ်စက်မှ စိမ်းမနေဘူး! ပြီးတော့ ယွီနျန့်က ဒီဇာတ်ရုပ်နဲ့ တကယ်လိုက်ဖက်တာ၊ သူ စကားပြောတာ ကြားလိုက်တာနဲ့ ကျွန်မရဲ့ နှလုံးအိုကြီး ပေါက်ကွဲတော့မတတ်ပဲ! အရမ်းကောင်းတယ်!]

[ဒီရက်ပိုင်းအတွင်းမှာ ဘာလို့ ဒီယွီနျန့်က နေရာတိုင်းမှာ ပါနေရတာလဲ ဒီလိုမျိုး အကြံပြုချက် (Recommendation) ကို ကျွန်မ ကြိုက်မိသွားတာကော အဆင်ပြေရဲ့လား]

[ဟားဟားဟား၊ ကျွန်မ အမျိုးသား ရဲ့ ပို့စ်က စီးပွားရေးနဲ့ မဆိုင်ဘူးဆိုကတည်းက ဒါဟာ ယွီနျန့်အကြောင်း ဖြစ်ရမယ်လို့ သိပြီးသား! ကျွန်မ အမျိုးသားကတော့ တကယ်ကို စိတ်ရောကိုယ်ပါ နှစ်ထားတာပဲ!]

ရှီရို့က သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးနောက် ထူးဆန်းသလို ပြောလိုက်သည်။

"ဟေး... ဒါ မဟုတ်သေးဘူး။ ခုနကတင် ငါဖတ်တုန်းက ထိပ်ဆုံးက မှတ်ချက်တွေက မင်းကို ဆဲနေတာတွေချည်းပဲ။ စာလုံးရေ ၃၀၀ ကျော်လောက်နဲ့ ဆဲထားတဲ့အပြင် ပြန်စာတွေလည်း ရာနဲ့ချီ ရှိနေတာ။ ဘာလို့ အခု ရုတ်တရက်ကြီး ပျောက်ကုန်တာလဲ မသိဘူး"

ယွီနျန့်က နှုတ်ခမ်းကို အသာကွေးညွှတ်ပြီး ပြုံးလိုက်ရင်း ဖုန်းကို ရှီရို့ဆီ ပြန်ပေးလိုက်သည်။

"ကျွန်တော့်အတွက် ပါဆယ်တစ်ခု ရောက်လာဖို့ ရှိတယ်ထင်တယ်။ ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုး လက်ခံရမှာမို့လို့... အစ်မရှီရို့ ကူပြီး သတိထားပေးပါဦးနော်"

ရှီရို့က ဇဝေဇဝါဖြစ်စွာဖြင့် ဖုန်းကို လှမ်းယူလိုက်၏။

"ပါဆယ် တို့ရုပ်ရှင်အဖွဲ့က ဒီလောက်ဝေးတဲ့နေရာမှာ ရှိနေတာကို လာပို့ပေးမယ့်သူ ရှိပါ့မလား"

သူမက ထပ်ပြီး စိုးရိမ်တကြီးနဲ့

"နျန့်နျန့်... ဗိုက်ဆာနေပြီလား ရပါတယ်၊ ရိုက်ကူးရေးက ပြီးတော့မှာဆိုတော့ ပြန်ရောက်ရင် ကောင်းကောင်း စားရမှာပေါ့" ဟု ဆိုသည်။

ယွီနျန့်ကတော့ အများကြီး ရှင်းမပြတော့ပါဘူး။ အရင်အကြိမ်တွေကို ပြန်စဉ်းစားကြည့်ရင်း ရှဲ့ယို့ ဒီတစ်ခါ ပို့ပေးမယ့် ပါဆယ်က ဘာဖြစ်မလဲဆိုတာကို သူ ရင်ခုန်စွာဖြင့် မျှော်လင့်နေမိတော့သည်။

***

သို့သော် နောက်တစ်နေ့တွင် ယွီနျန့်သည် ရိုက်ကူးရေးကွင်း၌ ချွိရှောက်ရန်ကို တွေ့လိုက်ရသောအခါ စက္ကန့်အနည်းငယ်မျှ ကြောင်သွားရသည်။

ချွိရှောက်ရန်မှာ ဦးထုပ်၊ မျက်မှန်အနက်၊ နှာခေါင်းစည်းနှင့် ရေဘူးတို့ဖြင့် အပြည့်အစုံ ပြင်ဆင်လာသည်။ သူပေးသည့် အကြောင်းပြချက်မှာလည်း သိပ်မခိုင်လုံလှပေ။ သူက ဂိုဘီသဲကန္တာရထဲမှာ ခရီးထွက်နေရင်း ရုပ်ရှင်အဖွဲ့က ဒီအနီးအနားမှာ ရှိနေတာကို သတိရလို့ လာလည်တာပါတဲ့။ ကုမ္ပဏီက အနုပညာရှင်တွေလည်း ရှိနေတာမို့ လာကြည့်ရင်း ဂရုစိုက်ပေးတာပါဟု ဆိုသည်။

ဒါပေမဲ့ မိဘနဲ့ အစ်ကိုဖြစ်သူတို့ရဲ့ အလိုလိုက်ခြင်းကို ခံထားရသည့် သည်ကြွယ်ပိုးကြွယ်ဝ ဒုတိယမျိုးဆက်တစ်ယောက်မှန်း အားလုံးက သိထားကြတာမို့၊ သူက ခရီးထွက်ရင်း လာလည်တယ်ဆိုတာကလည်း သိပ်တော့ ပြဿနာ မရှိလှပေ။

ယွီနျန့်ကို မြင်သောအခါ ချွိရှောက်ရန်က ယဉ်ယဉ်ကျေးကျေး စကားအနည်းငယ်ပြောပြီးနောက်

"ဒါနဲ့... ငါ့ရဲ့ မှတ်ဉာဏ်ကို ကြည့်ဦး! တစ်ယောက်ယောက်က မင်းအတွက် ပစ္စည်းတစ်ခု လမ်းကြုံ ပါးလိုက်လို့၊ ကားထဲမှာ ကျန်ခဲ့တယ်"

ယွီနျန့်ကလည်း လိမ္မာပါးနပ်စွာပင်

"ဟော်လောင်ရှီး လားဟင် သူ ဖုန်းထဲမှာ တစ်ခုခု ပြောခဲ့သလိုပဲ။ အားနာစရာကြီးပါ ဥက္ကဋ္ဌချွိ" ဟု ပြန်ပြောလိုက်၏။

"အေး... ဟော်လောင်ရှီးပဲ"

ချွိရှောက်ရန်ကတော့ ယွီနျန့်ပြောသည့် ဟော်လောင်ရှီးဆိုတာ ဘယ်သူမှန်း မသိပေမဲ့ တစ်စက်မှ အဟန့်အတား မဖြစ်စေဘဲ ဒါရိုက်တာ ရွှီရှန့်လန်ဘက်သို့ လှည့်ကာ

"ဒါရိုက်တာရွှီ... သူ့ကို ခဏလောက် ငှားပါရစေဦး။ ပစ္စည်းယူပြီးရင် ချက်ချင်း ပြန်လာမှာပါ။ ရိုက်ကူးရေးကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး မဟုတ်လား" ဟု ခွင့်တောင်းလိုက်သည်။

ယွီနျန့်ရဲ့ အလှည့်က မရောက်သေးတာမို့ ရွှီရှန့်လန်ကလည်း ချွိရှောက်ရန်ကို အခက်မတွေ့စေဘဲ လက်ယမ်းပြကာ "ရပါတယ်... သွားနိုင်ပါတယ်" ဟု ခွင့်ပြုလိုက်သည်။

ချွိရှောက်ရန်၏ ကားမှာ သိပ်မနီးမဝေးတွင် ရပ်ထားပြီး သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်သွားကြသည်။ ချွိရှောက်ရန်က သူ့ဘာသာ တိုးတိုးလေး ညည်းတွားနေ၏။

"ငါပြန်ရောက်လို့ အစ်ကို မြင်ရင် ငါဘယ်တွေ သွားနေတာလဲ။ ဘာလို့ ငါ့အသားတွေက လိမ္မော်ခွံခြောက်လိုမျိုး ဖြစ်နေရတာလဲလို့ မေးဦးမှာပဲ..."

သူတို့နှစ်ယောက်က သိပ်ရင်းနှီးကြတာမဟုတ်လို့ ယွီနျန့်ကတော့ ဘာမှပြန်မပြောဘဲ လေးလေးနက်နက်သာ လိုက်လာခဲ့သည်။ လေတိုက်စားထားသော ကမူလေးတစ်ခုကို ကျော်ဖြတ်ပြီးနောက်မှာတော့ ကျောက်စရစ်ခဲတွေပေါ်မှာ ရပ်ထားသည့် အနက်ရောင် ဗင်ကားတစ်စီးကို တွေ့လိုက်ရသည်။

ချွိရှောက်ရန်က ရပ်လိုက်သည်။

"ကားထဲမှာ ရှိတယ်။ ကိုယ့်ဘာသာကိုယ် သွားကြည့်လိုက်တော့" ဟု ညွှန်ပြကာ လျှပ်စစ်စီးကရက်ကို ထုတ်သောက်ရင်း ကျောခိုင်းထားလိုက်တော့သည်။

ကိုယ့်ဘာသာကိုယ် သွားကြည့်လိုက်တော့

ယွီနျန့် စိတ်ထဲမှာ ထင်ကြေးတစ်ခု ရှိနေပြီ။ သူ ကားတံခါးနားကို လျှောက်သွားပြီး လက်လှမ်း၍ ဖွင့်လိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင်။

ယွီနျန့်သည် ကားထဲတွင် ကျောကို မတ်မတ်ဆန့်၍ ထိုင်နေသော ရှဲ့ယို့ကို တွေ့လိုက်ရသည်။ ရှဲ့ယို့သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပေါင်ပေါ်တွင် ငွေရောင်မှတ်စုစာအုပ်တစ်အုပ် တင်ထား၏။ ယွီနျန့်က ပြုံးလျက် "မတွေ့ရတာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။

ပါဆယ်တစ်ခုခုပဲ ရောက်လာပြီး သူ့ကို ချော့လိမ့်မည်ဟု သူ ထင်ထားခဲ့တာဖြစ်သည်။ ဒီတစ်ခါတော့ လူကိုယ်တိုင် လိုက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ရှဲ့ယို့က ယွီနျန့်ကို ကြည့်နေရင်း ထိုမျက်ဝန်းထဲက အပြုံးရိပ်လေးဟာ ဂိုဘီသဲကန္တာရထဲ ကျရောက်နေသည့် နေရောင်ခြည်ထက်ပင် ပိုမိုတောက်ပနေသည်ဟု ခံစားလိုက်ရသည်။

စက္ကန့်အနည်းငယ်အကြာတွင် သူက "မတွေ့ရတာ ကြာပြီ" ဟု ပြန်ပြောလိုက်ပြီး

"အထဲဝင်ပြီး ခဏလောက် ထိုင်ချင်လား" ဟု ဖိတ်ခေါ်လိုက်သည်။

ယွီနျန့်သည် ကားထဲသို့ ဝင်ထိုင်လိုက်သော်လည်း တံခါးကို အကုန်မပိတ်ဘဲ အနည်းငယ် ဟထားလိုက်သည်။ ဤသို့ဖြင့် ကားထဲက လေထုမှာ အလွန်အမင်း တင်းကျပ်မနေတော့ချေ။ သူတို့နှစ်ယောက် အလွန်နီးကပ်စွာ ထိုင်နေကြသဖြင့် ယွီနျန့်မှာ အာရဇ်နံ့ ခပ်သင်းသင်းထဲမှာ နစ်မြုပ်နေသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရှဲ့ယို့က အိတ်ထဲမှ မှတ်စုစာရွက်လေးတစ်ခုကို ထုတ်လိုက်ပြီး စာရွက်ပေါ်တွင် ရေးထားသော နာမည်များကို ကြည့်ကာ လေးလေးနက်နက် မေးပါတော့၏။

"မင်း ရန်ခယ်ရင်း နဲ့ မြောင်ယာ ကို သိလား"

ဒါတွေက ဘယ်သူတွေလဲ ယွီနျန့်မှာ ဝေခွဲမရဖြစ်သွားကာ "မသိဘူးရယ်" ဟု ဖြေလိုက်သည်။

"ဒါဆို... ဇင်ဘော့စကာ နဲ့ ဝှစ်တလေ ကိုကော သိလား"

ယွီနျန့်ကတော့ ကြောင်တောင်တောင်နဲ့ပဲ ခေါင်းခါပြနေရဆဲ။

"မသိပါဘူး"

ရှဲ့ယို့ သက်ပြင်းတစ်ချက်ကို အသာအယာ ချသည်။ သည်နာမည်တွေက ယွီနျန့်ထက် အရပ်ရှည်ပြီး၊ ရုပ်ရည်ချင်းလည်း ယှဉ်နိုင်လောက်မယ့် သူ သေသေချာချာ ရွေးချယ်ထားသော မော်ဒယ်မလေး များ၏ နာမည်တွေဖြစ်၏။

စိတ်အေးသွားပြီဖြစ်သည့် ရှဲ့ယို့က နောက်ဆုံးတော့ မေးခွန်းထုတ်လိုက်သည်။ "

ဒါဆို မင်းသိတဲ့ မော်ဒယ်မလေး တစ်ယောက်ယောက်ရှိလား"

မော်ဒယ်တွေ

"တစ်ယောက်မှ မသိပါဘူး။"

ယွီနျန့်ဟာ ရှဲ့ယို့က ဘာလို့ ဒီမေးခွန်းတွေကို ရုတ်တရက် မေးနေရတာလဲဆိုတာ နားမလည်တော့ဘဲ

"တစ်ခုခု ဖြစ်လို့လားဟင်" လို့ ပြန်မေးလိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး။" ရှဲ့ယို့က ငြင်းလိုက်ပြီး စိတ်ကြည်လင်စွာနဲ့ ကားအကန့်ထဲက ဓာတ်ဗူးလေးကို ထုတ်ကာ ယွီနျန့်ဆီ ကမ်းပေးလိုက်သည်။ ထို့နောက် စိုးရိမ်တကြီးနဲ့

"ပိုးစာပိုး (Cordyceps) ပါတဲ့ ကြက်စွပ်ပြုတ်နက်" လို့ ပြောလိုက်၏။

မော်ဒယ်မလေး အကြောင်းကတော့ ဒီမှာတင် ပြီးဆုံးသွားခဲ့ပြီး ယွီနျန့်ကလည်း ထပ်မမေးတော့ပါဘူး။ ဓာတ်ဗူးကို လက်နှစ်ဖက်နဲ့ လှမ်းယူပြီး အဖုံးဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။

"အရမ်းမွှေးတာပဲ။ အနံ့က တကယ်ကောင်းတယ်!"

ရှဲ့ယို့ကတော့ အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာလွှဲထားသော်လည်း ယွီနျန့်ကို ထပ်ပြီး ငေးကြည့်ချင်နေတာကြောင့် အကြည့်တွေကို တိတ်တဆိတ် ပြန်ပို့လိုက်ပြန်သည်။

"ဒါကို အခန်းပြန်ရောက်မှ သောက်တော့မယ်။ ဒါပေမဲ့ ရုပ်ရှင်အဖွဲ့ထဲက တခြားသူတွေ မမြင်အောင်တော့ သတိထားရမှာပဲ၊ မဟုတ်ရင် ကျွန်တော် မြည်းကြည့်ဖို့တောင် ကျန်မှာမဟုတ်ဘူး။ ကျေးဇူးတင်ပါတယ်နော်၊ ကျွန်တော် ထမင်းကြော်ပဲ စားနေရတာ ရက်အတော်ကြာနေပြီရယ်"

ရှဲ့ယို့ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး

"ရုပ်ရှင်အဖွဲ့ထဲမှာ... တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်နေလို့လား"

"ဘယ်သူမှ မအနိုင်ကျင့်ပါဘူး၊ စိတ်မပူပါနဲ့"

"အင်း... ကောင်းပြီလေ။"

မေးစရာရှိတာ မေးပြီးပြီ။ ပေးစရာရှိတာ ပေးပြီးပြီ။ လူချင်းလည်း တွေ့လိုက်ရပြီ။ ပြီးတော့ ယွီနျန့်ကိုလည်း ဘယ်သူမှ မအနိုင်ကျင့်ဘူးဆိုတော့ ရှဲ့ယို့ ကျေနပ်သွားရပြီ။

"ဒါဆို ပြန်တော့မယ်"

အနက်ရောင် ဗင်ကားကြီးက အပြင်ဘက်က ခြောက်ကပ်တဲ့ ရှုခင်းတွေကြား ပြန်လည် မောင်းထွက်သွားတော့သည်။ ချွိရှောက်ရန်ကတော့ သည်းခံရင်း သည်းခံရင်းနဲ့ နောက်ဆုံးမှာ မအောင့်နိုင်တော့ဘဲ

"ငါ ပြောမယ်၊ ရှဲ့ရှောင်ယို့... မင်း ငါ့ကိုပါ ခေါ်လာပြီး ဘယ်သွားမယ်ဆိုတာလည်း မပြောဘဲ ဒီခရီးအဝေးကြီးကို လာခဲ့တာက ယွီနျန့်ကို စကားနှစ်ခွန်း၊ သုံးခွန်းလောက် ပြောဖို့အတွက်ပဲလား ဒီငါးမိနစ်စာလေး အတွက်လား"

ရှဲ့ယို့ကတော့ လာတုန်းကထက်စာရင် အခြေအနေ တော်တော်လေး ကောင်းမွန်နေပုံရသည်။

"အင်း... လေးမိနစ်နဲ့ ဆယ်စက္ကန့်"

"......"

ထိုအချိန်မှာပဲ ချွိရှောက်ရန်ဟာ "ဒေါသဖြစ်ရလို့ အနိုင်မရနိုင်ခြင်း" ရဲ့ အနက်အဓိပ္ပာယ်ကို နက်နက်နဲနဲ နားလည်သွားရပြီး နှာခေါင်းကို နှစ်ချက် ရှုံ့လိုက်သည်။

"ငါက တကယ်ပြောတာနော်။ ငါ မူကြိုတုန်းက မိန်းကလေးတွေ ငိုရင် အရုပ်တွေနဲ့ ချော့ခဲ့ဖူးတယ်။ မင်းရဲ့ ဒီလို လှုပ်ရှားမှုနှုန်းနဲ့ဆိုရင် ယွီနျန့်သာ ဟိုမော်ဒယ်နဲ့ တကယ် တွဲသွားတဲ့နေ့ကျရင် မင်း မျက်ရည်တွေနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းရရုံတင်မကဘူး။ ညသန်းခေါင်ကြီး နိုးလာရင်လည်း ခေါင်းအုံးတွေ စိုရွှဲနေတဲ့အထိ ငိုရလိမ့်မယ်!"

ရှဲ့ယို့ကတော့ စိတ်ကောင်းဝင်နေဆဲပင်။

"မဟုတ်ပါဘူး၊ အဲ့မော်ဒယ်ဆိုတာ မရှိဘူး။ သူက တစ်ယောက်မှ မသိဘူးတဲ့"

"သတင်းက မှားနေတာများလား" ချွိရှောက်ရန်က မေးစေ့ကို ပွတ်ရင်း

"ဒါဆို အမျိုးသမီး ဘော်လီဘော ကစားသမားလား ဒါမှမဟုတ် ဘတ်စကတ်ဘော ကစားသမားလား သူတို့ဆိုရင်တော့ လက်တစ်ဖက်နဲ့ နံရံမှာကပ်ပြီး နမ်းဖို့က လွယ်တာပေါ့!"

ရှဲ့ယို့ရဲ့ ရင်ဘတ်ကို ထိုးနှက်မိသွားပြီဆိုတာ ရုတ်တရက် သတိရသွားတော့ ချွိရှောက်ရန်က အမြန်ပဲ ပြန်ပြင်ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက မော်ဒယ်နဲ့ တွေ့ဖို့ထက်တောင် အခွင့်အရေး နည်းပါသေးတယ်! ငါက ခန့်မှန်းကြည့်တာပါ!"

"အင်း..."

ယွီနျန့် ပြောခဲ့သည့် စကားကို ပြန်သတိရရင်း ရှဲ့ယို့ရဲ့ စကားပြောနှုန်းက နှေးကွေးသွားသည်။

"သူက ငါ့ကို ညစာ စားဖို့ ဖိတ်တယ်"

"ဘယ်တော့လဲ"

"ရုပ်ရှင်ရိုက်ပြီးလို့ နင်းမြို့ ကို ပြန်ရောက်တဲ့အခါ ကျရင် အတူတူ ညစာ စားကြမယ်တဲ့"

ရှဲ့ယို့ရဲ့ မျက်ဝန်းထဲက မျှော်လင့်ချက်တွေကို မြင်လိုက်ရတော့ ချွိရှောက်ရန် သက်ပြင်းချလိုက်မိသည်။ ရှဲ့ရှောင်ယို့လို အဖြူထည်လေးတစ်ယောက်ကို ကိုယ့်ဘာသာကိုယ် တက်တက်ကြွကြွနဲ့ လူလိုက်ပိုးဖို့ မျှော်လင့်နေတာထက် တစ်နေ့မှာ နေမင်းကြီး ငြိမ်းသွားဖို့ မျှော်လင့်လိုက်တာက ပိုလွယ်ဦးမယ်!




Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...