Skip to main content

42


အခန်း (၄၂) အံ့အားသင့်စရာတစ်ခု ရရှိခြင်း

မုန့်ယွမ်က ယွီနျန့်ကို ဤကိစ္စနှင့် ပတ်သက်၍ ပြောပြခဲ့သည်။

"မင်းရဲ့ မြေခွေးအမြီးကတော့ အကုန်ပြတ်သွားပြီ။ စင်ပေါ်တောင် မတင်ရသေးဘူး ကုန်သွားတာ။ မနေ့က ဒါရိုက်တာ မက်ဆာရဲ့ လက်ထောက်နဲ့ ဖုန်းပြောတော့ သူတို့လည်း မင်းရဲ့ ဆွဲဆောင်နိုင်စွမ်းကိုကြည့်ပြီး အရမ်းအံ့ဩနေကြတယ်တဲ့"

ယွီနျန့်သည် ကားနောက်ခန်းတွင် ထိုင်ကာ ကြော်ငြာဇာတ်ညွှန်းကို ဖတ်နေရင်း မုန့်ယွမ်၏စကားကြောင့် အံ့ဩသွားရသည်။

"Hersey ရဲ့ မြေခွေးအမြီးလား တစ်ခုကို ယွမ် ၁၂၀,၀၀၀ တန်တယ်လို့ ကျွန်တော် မှတ်မိထားတာ"

"ဟုတ်တယ်။ ဘယ်က ဒေသခံသူဌေးကြီး ပရိသတ်မှန်းမသိဘူး။ ဒီဈေးနဲ့ အခု ၂၀ လုံးကို တစ်ပြိုင်နက်တည်း ဝယ်သွားတာ။ တောက်... တကယ်ချမ်းသာတာပဲ။ တခြားဘယ်သူမှ မဝတ်နိုင်အောင် အတူတူပဲရှိတာကို ယွမ် ၂ သန်းကျော် အကုန်ခံပြီး ဝယ်သွားတယ်"

ယွီနျန့်၏ စိတ်ထဲတွင် လူတစ်ယောက်၏ ပုံရိပ် ပေါ်လာသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ ရှဲ့ယို့တော့ မဖြစ်နိုင်ပါဘူး။

မုန့်ယွမ်က အနည်းငယ် ရင်သပ်ရှုမောဖြစ်စွာ ပြောပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"မနေ့က မင်းရဲ့ နောက်ဆုံး စစ်ဆေးမှု လုပ်ခဲ့တယ်လေ။ ခြေထောက်က ဘာပြဿနာရှိသေးလဲ"

"ဘာပြဿနာမှ မရှိပါဘူး။ ပြန်သက်သာလာတာ အရမ်းကောင်းပြီး ဘာနောက်ဆက်တွဲဆိုးကျိုးမှ မရှိဘူးလို့ ဆရာဝန်က ပြောပါတယ်"

ယွီနျန့်က မုန့်ယွမ် စိတ်ပူမည်စိုးသဖြင့် စစ်ဆေးမှုရလဒ်ကိုပါ ထုတ်ပြလိုက်သည်။

မုန့်ယွမ်က ဖတ်ကြည့်ပြီးမှ စိတ်အေးသွားကာ အလုပ်အချိန်ဇယားကို လှန်လှောရင်း ပြောသည်။

"အခုပြင်ဆင်နေတဲ့ EP ထဲမှာ သီချင်းငါးပုဒ် ပါမယ်။ စတိုင်လ်ကို ထိန်းထားနိုင်ဖို့ ခေါင်းစဉ်သီချင်း အပါအဝင် လေးပုဒ်ကို ဖုန်းတင်း၊ ကျောက်ရန်နဲ့ လော့ယင်းရန်တို့က ရေးပေးမယ်။ သူတို့ သုံးယောက်က ရွှေတံဆိပ်တွဲဖက်တွေပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူတို့ထုတ်တဲ့ လက်ရာတွေက အရမ်းကောင်းတယ်။ ငါ ကြိုချိန်းထားတာဆိုတော့ နောက်နှစ်ရက်နေရင် သီချင်းရမယ်။ အဲဒီကျရင် မင်းကို အရင်ကြည့်ဖို့ ပေးမယ်"

မုန့်ယွမ်က ဤကိစ္စကို အရင်ကလည်း ပြောဖူးသဖြင့် ယွီနျန့်က စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်ကဲ့၊ နောက်ဆုံးတစ်ပုဒ်ကကော ဆရာကျန်းချိန်နဲ့ ဆရာကျန်းပေါ်တို့ ရေးပေးမှာလား"

"ဟုတ်တယ် သူတို့ဘက်ကနေ တကူးတက ဖုန်းဆက်ပြီး ညှိနှိုင်းလာတာ။ 'Sound of Nature' မှာ ကတိပေးခဲ့တဲ့အတိုင်း သေချာပေါက် လုပ်ပေးမယ်တဲ့"

"ဟုတ်ကဲ့၊ ဒါဆိုရင် သူတို့ကို ကျေးဇူးတင်စကား ပြောဖို့ ကျွန်တော် နောက်မှ ဖုန်းဆက်လိုက်မယ်"

"ရပါတယ်။ ဒါပေမဲ့ သူတို့က မင်းနာမည်ကြီးလာတာကို မြင်လို့ သီချင်းပေးဖို့ ကမ်းလှမ်းလာတာဆိုတာလည်း သတိထားဦး။ မင်းနာမည်ကြီးရင် သူတို့ရေးတဲ့ သီချင်းလည်း လိုက်ပြီး နာမည်ကြီးမှာလေ။ ကတိတည်သလိုလည်း ဖြစ်၊ သတင်းလည်း ဖြန့်လို့ရတာပေါ့။ တကယ်လို့ 'Sound of Nature' ပြီးတာနဲ့ မင်းသာ နာမည်ပျောက်သွားရင် ဘယ်သူမှ လှည့်ကြည့်မှာ မဟုတ်ဘူး။ လူတိုင်းက လက်တွေ့ဆန်ကြတာမို့ အပြန်အလှန် အကျိုးရှိတာပဲ။ အရမ်းကြီးတော့ အားနာမနေနဲ့"

"ဟုတ်ကဲ့။ ကျွန်တော် သိပါတယ်"

ယွီနျန့်က အရာရာကို နားလည်သဘောပေါက်ကြောင်း သိသဖြင့် မုန့်ယွမ်က ဆက်မပြောတော့ပေ။ သူသည် ပြတင်းပေါက်အပြင်ဘက်က အဆောက်အဦးများကို ကြည့်ကာ အလုပ်ဇယားကို ပြန်သိမ်းလိုက်သည်။

"မြို့အနောက်ဘက်ကို ရောက်နေပြီ၊ ရောက်တော့မယ်။ ပြောရရင် မင်းနဲ့ ဒီကို နောက်ဆုံးလာတုန်းက ဟိုသီးသန့် စားသောက်ဆိုင်မှာ ထမင်းစားဖို့ လာတာပဲ"

မကြာမီ ကားသည် ရပ်နားလိုက်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ သစ်ပင်များမှ သစ်ရွက်ခြောက်များစွာ ကြွေကျနေသည်။ ယွီနျန့် ကားတံခါးဖွင့်ပြီး ဆင်းလိုက်ချိန်တွင် အဝေးမှနေ၍ သူ၏ အိမ်နောက်ဖေးတံခါးကို လှမ်းမြင်နေရသည်။

မုန့်ယွမ်က ယွီနျန့်ကြည့်နေသည့်ဘက်ကို လိုက်ကြည့်ကာ ပြောသည်။

"ဒါရိုက်တာ မက်ဆာရဲ့ လက်ထောက်ပြောတာတော့ မက်ဆာက ဘေးနားက 'ရှို့နင်' အိမ်တော်ကြီးကို ပိုသဘောကျတာတဲ့။ သူ့ရဲ့ စိတ်ကူးထဲက စတိုင်လ်နဲ့ အံကိုက်ပဲဆိုပဲ။ ဒါပေမဲ့ အဲဒါက ပုဂ္ဂလိကပိုင် အိမ်ဖြစ်နေတော့ ကြော်ငြာရိုက်ဖို့ ဝင်ခွင့်တောင်းရတာ သိပ်မလွယ်ဘူးလေ။ ဒါကြောင့် ရှို့နင်အိမ်တော်နဲ့ ပုံစံဆင်တူတဲ့ ဒီ 'ယိယွမ်' ကိုပဲ ရွေးလိုက်ရတာ။ ဒါတောင် မက်ဆာက မချင့်မရဲနဲ့ လက်ခံလိုက်ရတာ"

ယွီနျန့် ခေါင်းညိတ်လိုက်သည်။ ယိယွမ်တွင် အရင်က အဖိုးအိုတစ်ဦး နေထိုင်ခဲ့သည်ကို သူ မှတ်မိနေသည်။ ထိုအဖိုးအိုသည် လမ်းလျှောက်တုတ်ကို အားပြုကာ ဦးထုပ်ကို အမြဲဆောင်းတတ်ပြီး တစ်ခါတစ်ရံ သူ၏ အဘိုးနှင့့် စစ်တုရင် လာကစားတတ်သည်။

နောက်ပိုင်းတွင် ထိုအဖိုးအို ကွယ်လွန်သွားကာ သားသမီးလေးဦးစလုံး ကမ္ဘာအနှံ့ ပျံ့နှံ့သွားသဖြင့် အိမ်ကို ရောင်းချလိုက်ကြသည်။ ယခုအခါ ယိယွမ်သည် အဆင့်မြင့် ပုဂ္ဂလိက ကလပ်တစ်ခု ဖြစ်လာပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ ကျောက်မျက်ရတနာ ပြပွဲများ ကျင်းပရာနေရာ ဖြစ်လာခဲ့သည်။

ထွင်းထုထားသော တံခါးမကြီးအတွင်းသို့ ဝင်လိုက်ရာ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ပန်းပင်များနှင့် သစ်ပင်များမှာ သေသေသပ်သပ် ပြုပြင်ထားပြီး ဆောင်းဦးနှောင်းပိုင်း၏ ညှိုးနွမ်းမှုအရိပ်အယောင်မျှပင် မရှိပေ။

ရှီရို့က ယွီနျန့်ဘေးတွင် ရပ်ကာ တိုးတိုးလေး ပြောသည်။

"ယိယွမ်ကို ရောင်းတုန်းက အစ်ကိုမုန့်က အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုမှာ စိတ်အားထက်သန်နေတော့ တော်တော်လေး စိတ်ဝင်စားခဲ့တာ။ ဒါပေမဲ့ ယိယွမ်ရဲ့ အဖွင့်ဈေးကတင် သန်းရာချီနေတာလေ။ ဝယ်ပြီးရင်လည်း ပြန်ပြင်ဖို့က ငွေပုံအောရဦးမှာ။ အစ်ကိုမုန့်မှာ အဲဒီလောက် ပိုက်ဆံမရှိတော့ တိတ်တိတ်လေးပဲ လက်လျှော့လိုက်ရတယ်"

မုန့်ယွမ်က ရှေ့မှနေ၍ လှည့်ကြည့်ကာ "မင်းတို့နှစ်ယောက် ဘာတွေ တိုးတိုးတိုးတိုး ပြောနေတာလဲ"

ရှီရို့နှင့် ယွီနျန့်က ပြိုင်တူပင် "ဘာမှမဟုတ်ပါဘူး!" ဟု ဖြေလိုက်ကြသည်။

မုန့်ယွမ်က သူတို့၏ တုံ့ပြန်မှုကို ကြည့်ကာ ရယ်မောလိုက်သည်။

"ကဲ... ခပ်သွက်သွက် လျှောက်ကြ၊ နောက်ကျနေတော့မယ်"

ဒါရိုက်တာ မက်ဆာသည် ကြော်ငြာရိုက်ကူးရာတွင် အမြင်အာရုံ လှပမှုကို အလွန်အလေးထားသူ ဖြစ်သည်။ ယွီနျန့် ရောက်ရှိလာပြီးနောက် သူသည် စက္ကူပေါ်တွင် ပုံဆွဲပြရင်း သူ၏ စိတ်ကူးပုံရိပ်ကို ယွီနျန့်အား အသေးစိတ် ရှင်းပြသည်။

"...မင်းရဲ့ မျက်ဝန်းတွေထဲမှာ မြင်နေရတာက လောဘအရမ်းနည်းတဲ့ ငြိမ်းချမ်းမှုမျိုးပဲ။ လူတွေကို အရမ်းသန့်ရှင်းစင်ကြယ်သွားစေတယ်။ အေးစက်တဲ့ နှင်းပြင်ပေါ်က ဥတ္တရအလင်းတန်း လိုမျိုးပေါ့! ငါက မင်းရဲ့ အရှိန်အဝါကို အတတ်နိုင်ဆုံး ဖော်ထုတ်ပြချင်တာ"

မက်ဆာက ထရပ်ကာ ယွီနျန့်ကို သူ့နောက်လိုက်ခဲ့ရန် အချက်ပြသည်။

"မင်းအတွက် စတိုင်လ် သုံးမျိုး ဒီဇိုင်းဆွဲထားတယ်။ အရင်ဆုံး စမ်းကြည့်ရအောင်!"

ထို့ကြောင့် တစ်မနက်ခင်းလုံး ယွီနျန့်မှာ အဝတ်အစားများ၊ အသုံးအဆောင်များ လဲလှယ်ခြင်း၊ မိတ်ကပ်နှင့် ဆံပင်ပုံစံ ပြင်ဆင်ခြင်းများဖြင့် အချိန်ကုန်သွားသည်။ မက်ဆာက အလွန် ဂျီးများသူဖြစ်ရာ မကြာခဏဆိုသလို စတိုင်လစ်နှင့် အငြင်းပွားတတ်သည်။ နောက်ဆုံးတွင် အတည်ပြုပြီးနောက် မက်ဆာက ဝတ်စုံဒီဇိုင်းပညာရှင်ကို ဘေးသို့ခေါ်ကာ အသေးစိတ်အချက်အချို့ကို ပြုပြင်ရန် ဆွေးနွေးနေပြန်သည်။

မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ယွီနျန့်သည် သူ၏ အဝတ်အစားများကို ပြန်လဲလိုက်ပြီး ခေတ္တ အနားယူခွင့် ရလိုက်သည်။ ရှီရို့ကို မနက်စာ ဘာစားရမလဲဟု မေးရန် အရှာတွင် မုန့်ယွမ် ထူးဆန်းသော မျက်နှာထားဖြင့် ဝင်လာသည်ကို တွေ့လိုက်ရ၏။

"အစ်ကိုမုန့်"

မုန့်ယွမ်က အနားတွင် လူမရှိသည်ကို သေချာအောင် စစ်ဆေးပြီးမှ ချောင်းနှစ်ချက် ဟန့်လိုက်သည်။

"ဟို... ဥက္ကဋ္ဌချွိက မင်း ကြော်ငြာရိုက်ရတာ အရမ်းပင်ပန်းနေမှာစိုးလို့ဆိုပြီး အစားအသောက်တွေ တကူးတက ပို့ပေးလိုက်တယ်တဲ့။ အခမ်းအနားကြီးအတိုင်းပဲ၊ ဟင်းပွဲက တစ်ဒါဇင်ကျော်လောက် ရှိမယ်ထင်တယ်။ တို့သုံးယောက်တောင် အကုန်စားနိုင်မှာ မဟုတ်ဘူး"

ယွီနျန့် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်မိသည်။ မနေ့က ရှဲ့ယို့၏ Weibo ကို တွေ့လိုက်ကတည်းက ပါဆယ် ဘာလို့ မရောက်လာတာလဲဟု သူ တွေးနေခဲ့တာဖြစ်သည်။ ယနေ့မှ ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယွီနျန့်က ရယ်နေသည်ကို မြင်တော့ မုန့်ယွမ်က အသံကို နှိမ့်ကာ

"ဥက္ကဋ္ဌချွိက... ဘာသဘောလဲ မင်းက ကုမ္ပဏီအတွက် ပိုက်ဆံရှာပေးမယ့်သူလို့ သူယုံကြည်နေရင်တောင် ဒီလောက်အထိ ယဉ်ကျေးပြနေစရာ မလိုဘူးလေ!"

ရှီရို့ကလည်း စိုးရိမ်တကြီးဖြင့် "အစ်ကိုမုန့်... ဆိုလိုတာက ဥက္ကဋ္ဌချွိက... အဲဒီလိုမျိုး စိတ်ကူးရှိနေတာလား"

မုန့်ယွမ်က တွေးတောပြီးမှ ခေါင်းခါပြသည်။

"အဲဒီလိုတော့ မဟုတ်လောက်ပါဘူး။ ဥက္ကဋ္ဌချွိက နည်းနည်း ပေါ့ပျက်ပျက်နိုင်ပြီး ကစားချင်တာ မှန်ပေမဲ့ စိတ်ထားတော့ မဆိုးပါဘူး။ ရည်းစားဟောင်းတွေ အများကြီးရှိပေမဲ့ လက်ကိုင်တာနဲ့တင် တစ်ပတ်အတွင်း ပြတ်သွားတာတွေချည်းပဲ။ တော်တော်လေးတော့ စည်းကမ်းရှိပါတယ်။ ပြီးတော့ သူ့အစ်ကို အကြီးဆုံးကလည်း သူ့ကို စောင့်ကြည့်နေတာလေ။ အဓိကအချက်က သူက ယောကျ်ားချင်း စိတ်ဝင်စားတယ် Bi လို့ ငါ တစ်ခါမှ မကြားဖူးဘူး!"

မုန့်ယွမ်နှင့် ရှီရို့၏ ဆွေးနွေးမှုကို နားထောင်ရင်း ယွီနျန့် တွေးမိသည်မှာ အကယ်၍ သူသာ အမှန်အတိုင်း ရှဲ့ယို့ ပို့ပေးခြင်းဖြစ်သည်ဟု ပြောလိုက်ပါက ချွိရှောက်ရန်ထက်ပင် ပို၍ နားလည်ရခက်သွားမည် မဟုတ်လား။

ရှားမင်ရှီး၏ "ဆာလဖျူရစ်အက်ဆစ်နှင့် ဗုံးများ" အကြောင်းကို သတိရကာ ယွီနျန့် အမှန်အတိုင်း မပြောတော့ဘဲ

"ဥက္ကဋ္ဌချွိက ကျွန်တော့်ကို ကြည့်ရတာ အမြင်ကြည်လို့ ပို့ပေးတာနေမှာပါ။ မစားဘဲထားရင်လည်း နှမြောစရာကြီး။ ဟင်းတွေ အများကြီးပဲဆိုတော့ အတူတူ စားကြတာပေါ့" ဟုသာ ဖိတ်ခေါ်လိုက်သည်။

Florence ကြော်ငြာရိုက်ကူးရေးဟာ လေးရက်တိတိ ကြာမြင့်ခဲ့၏။ ဒါရိုက်တာ ရွှီရှန့်လန်၏ ရုပ်ရှင်အဖွဲ့မှာ အသားကျခဲ့သည့် ယွီနျန့်အတွက်တော့ အခန်းတစ်ခန်းကို ခြောက်ကြိမ်၊ ခုနစ်ကြိမ် ပြန်ရိုက်ရတာဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒီတစ်ခါမှာလည်း စေ့စပ်သေချာလွန်းပြီး စိတ်ကူးပေါက်ရင် ပေါက်သလို ပြန်ရိုက်တတ်သော ဒါရိုက်တာ မက်ဆာနဲ့ ဆုံရပေမဲ့ သူဟာ စိတ်ရှည်သည်းခံနိုင်ခဲ့၏။ ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အခါ မက်ဆာက ယွီနျန့်ကို ပွေ့ဖက်နှုတ်ဆက်ရင်း အားရပါးရ ရယ်မောကာ ကျေနပ်နေတော့သည်။

"မင်းနဲ့ အလုပ်လုပ်ရတာ တကယ်ကို ဝမ်းသာဖို့ကောင်းတယ်! ငါ့ကိုယုံလိုက်စမ်းပါ၊ ဒီကြော်ငြာကတော့ တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေမှာ!"

"ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော်လည်း တကယ်ကို မျှော်လင့်နေပါတယ်!"

ယိယွမ်ကနေ ထွက်လာတော့ ညနေ ၇ နာရီ ထိုးနေပါပြီ။ ဆောင်းဦးနှောင်းပိုင်းမို့ အမှောင်ထုကစောစီးစွာဝင်ရောက်နေရာယူသည်။ ဒီရက်ပိုင်းအတွင်း အဆက်မပြတ် အလုပ်လုပ်ထားရသည့် ယွီနျန့်ဟာ စိတ်အေးသွားတာနဲ့ တစ်ပြိုင်နက် ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့ဘဲ ခေါင်းအုံးနဲ့ မှီလိုက်တာနဲ့တင် အိပ်ပျော်ကျသွားတော့သည်။

မုန့်ယွမ်က စောင်လေး ခြုံပေးပြီး ကားမှန်ကို ပိတ်ပေးကာ တိုးတိုးလေး ချော့သိပ်ရှာသည်။

"အေးအေးဆေးဆေး အိပ်လိုက်တော့။ အိမ်ပြန်ရောက်ရင်လည်း စောစောအိပ်၊ မနက်ဖြန်ကျမှ အဝအိပ်ပြီး အားပြန်ဖြည့်တာပေါ့"

ယွီနျန့်ဟာ မုန့်ယွမ်စကားကို ဝေဝေဝါးဝါးသာ ကြားလိုက်ရပြီး ခေါင်းညိတ်ပြရင်း အိပ်ပျော်သွားခဲ့သည်။

***

ဒါပေမဲ့ နောက်တစ်နေ့ မနက် ၈ နာရီ မတိုင်ခင်မှာတင် မုန့်ယွမ်ဆီက ဖုန်းဝင်လာပါသည်။

"မင်းကို နှိုးသလို ဖြစ်သွားမယ်ဆိုတာ သိပေမဲ့... အခု သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိနေတယ်၊ ဘယ်ဟာကို အရင်ကြားချင်လဲ"

"မင်္ဂလာပါ အစ်ကိုမုန့်..."

ယွီနျန့်ရဲ့ အသံဟာ အနည်းငယ် အက်ရှနေလျက်

"သတင်းဆိုးကိုပဲ အရင်ပြောပါ”

"မင်းရဲ့ Weibo ကို ဖွင့်ပြီး Hot Search တွေကို ကြည့်လိုက်ဦး"

"Hot Search"

ယွီနျန့်ဟာ ဖုန်းမချဘဲ Weibo စာမျက်နှာကို ဖွင့်ကြည့်လိုက်တဲ့အခါ ထိတ်လန့်စရာ သတင်းတစ်ခုကို ထိပ်ဆုံးမှာ တွေ့လိုက်ရပါတယ်။

"ဖုန်းတင်းနဲ့ ကျောက်ရန်တို့ မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးခံရ"

မုန့်ယွမ်က သက်ပြင်းချရင်း

"ငါတော့ စိတ်ညစ်လွန်းလို့ ဆံပင်တွေတောင် ကျွတ်တော့မယ်! လော့ယင်းရန် အပါအဝင် သူတို့သုံးယောက်က သီချင်းခုနစ်ပုဒ် ပေးထားတာ။ အဲဒီထဲက လေးပုဒ်က အရည်အသွေး တကယ်ကောင်းတယ်။ အယ်လ်ဘမ်အတွက် ငါးပုဒ် ရွေးထားပြီး မင်းက လေးပုဒ် ပြန်ရွေးပေးတာနဲ့ အသံသွင်းဖို့ ပြင်ထားတာလေ။ အခုလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ!"

ယွီနျန့် ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး စောင်ကို သေသေချာချာ ခေါက်လိုက်ပြီး ပြတင်းပေါက်က တိုးဝင်လာတဲ့ နေရောင်ကြောင့် မျက်လုံးကို အနည်းငယ် မှေးလိုက်ရသည်။ ထို့နောက် တည်တည်ငြိမ်ငြိမ် ပဲ

"ဒါဆို အခု အခြေအနေက ဘယ်လိုလဲ"

"အယ်လ်ဘမ်ရဲ့ စတိုင်လ်ကို အစကတည်းက သတ်မှတ်ထားပြီးသား။ သူတို့ကလည်း အဲဒီစတိုင်လ်အတိုင်း ရေးပေးထားတာ။ အခု အားလုံး အဆင်သင့်ဖြစ်နေပြီ။ သီချင်းတွေလည်း အတည်ပြုပြီးပြီဆိုတော့ အသံသွင်းဖို့ပဲ ကျန်တော့တာလေ"

မုန့်ယွမ်က အသက်ကို ဝဝရှူလိုက်ရင်း

"ပြဿနာက သူတို့သီချင်းတွေကို မသုံးတော့ဘူးဆိုရင် ပိုက်ဆံဆုံးရှုံးတာက အသေးအဖွဲပါ။ အဆိုးဆုံးကတော့ အစကနေ ပြန်ပြင်ရမှာဆိုတော့ အချိန်တွေ အများကြီး ထပ်ကြာသွားမှာ။ ပြီးတော့ အရည်အသွေးကောင်းတဲ့ သီချင်းရေးဆရာဆိုတာလည်း သိပ်မရှိဘူး။ မင်းက လူသစ်ဆိုတော့ အရည်အသွေးလည်းရှိ၊ အချိန်လည်းအား၊ ဈေးလည်းမကြီးတဲ့အပြင် အယ်လ်ဘမ် စတိုင်လ်နဲ့လည်း ကိုက်အောင် ရေးပေးနိုင်မယ့်သူကို ရှာဖို့ဆိုတာ တကယ်မလွယ်ဘူး။ ကံကောင်းဖို့ပဲ ဆုတောင်းရတော့မယ်!"

ယွီနျန့်ရဲ့ လက်ချောင်းလေးတွေက စောင်အနားစွန်းကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း

"မဟုတ်ရင် EP ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းရမယ်၊ အစီအစဉ်တွေ အကုန်လုံးကို ဖျက်ပြီး အစကနေ ပြန်စရမယ်၊ ဟုတ်တယ်မလား"

"ဟုတ်တယ်။ ဒါဆို... အဲဒီသီချင်းတွေကိုပဲ ဆက်သုံးမလား"

"ဟင့်အင်း"

ယွီနျန့် လေသံက ပြတ်သား၏။

"မူးယစ်ဆေးဝါး ကိစ္စက ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာပဲ။ ကျွန်တော်တို့ သူတို့ကို မလိုတော့ဘူး"

သူက ကုတင်ပေါ်က ထလိုက်ပြီး ကိုယ်လက်ဆန့်ရင်း ပြုံးလျက်

"အစ်ကိုမုန့်... ကျွန်တော့်စိတ်ကူးကတော့... သီချင်းစာသားနဲ့ တေးဂီတ အကုန်လုံးကို ကျွန်တော် ကိုယ်တိုင်ပဲ ရေးလိုက်မယ်"

မုန့်ယွမ် စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားပြီးမှ

"မင်း ရေးမယ်... ခဏစောင့်၊ ငါ အဖွဲ့နဲ့ ပြန်တိုင်ပင်လိုက်ဦးမယ်!"

ယွီနျန့်ဟာ သူ့ဘာသာသူ ထမင်းကြော်လေး ချက်စားပြီး ပန်းပင်တွေကို ရေလောင်းပြီးတဲ့အချိန်မှာ မုန့်ယွမ်ဆီက ဖုန်းပြန်ခေါ်လာသည်။

"ပထမဆုံး အယ်လ်ဘမ်မှာ ကိုယ်တိုင်ရေး သီချင်းတွေနဲ့ ပွဲထွက်မယ်ဆိုရင် မင်းရဲ့ ပါရမီကို အားပေးတဲ့ ပရိသတ်တွေ ရလာနိုင်ပေမဲ့၊ အပြန်အလှန်အားဖြင့် ဝေဖန်တိုက်ခိုက်ခံရဖို့လည်း ပိုလွယ်တယ်။ ဒါက မင်းရဲ့ ပထမဆုံး ဂီတလက်ရာ ဖြစ်တဲ့အတွက် ငါတို့က အရည်အသွေးကို အာမခံနိုင်မှ ဖြစ်မယ်။ ဒါကြောင့် မင်းကို မယုံလို့ မဟုတ်ပေမဲ့ ငါတို့က အစစအရာရာ သတိထားပြီး အန္တရာယ်ကင်းအောင် လုပ်ရမယ်။ မင်း နားလည်တယ် မဟုတ်လား"

"ဟုတ်ကဲ့၊ ဒါဆို ကျွန်တော့်ကို သုံးရက် အချိန်ပေးပါ။ သီချင်းတွေ ရေးပြီး အရင်ဆုံး နားထောင်ကြည့်ခိုင်းမယ်၊ အဲဒီကျမှ ဆုံးဖြတ်ကြတာပေါ့၊ ဟုတ်ပြီလား"

မုန့်ယွမ်က သဘောတူလိုက်သည်။

"ကောင်းပြီ၊ မင်းဆီက သတင်းကောင်းကို ငါ စောင့်နေမယ်"

မုန့်ယွမ် ဖုန်းချတော့မယ့်အချိန်မှာ ယွီနျန့်က သတိပေးလိုက်သည်။

"နေဦး၊ အစ်ကိုမုန့်... သတင်းကောင်းကရော"

"ငါ့မှတ်ဉာဏ်ကို ကြည့်ဦး!" မုန့်ယွမ်ကိုယ်တိုင် ရယ်မောလိုက်ရင်း

"သတင်းကောင်းကတော့ နာမည်ကြီး Variety Show တစ်ခုမှာ မင်းကို ဧည့်သည်အဖြစ် ဖိတ်ဖို့ စာချုပ်ချုပ်ပြီးပြီ။ ဒါပေမဲ့ အခုတော့ သီချင်းရေးဖို့ပဲ အရင် အာရုံစိုက်လိုက်ဦး၊ မလောပါနဲ့။ ကျန်တဲ့အကြောင်းတွေကို နောက်ရက်မှ အသေးစိတ် ပြောကြတာပေါ့"

နောက်ထပ် သုံးရက်လုံးလုံး ယွီနျန့် အပြင်မထွက်ခဲ့ပါဘူး။ ရှီရို့ကိုပဲ အစားအသောက်နဲ့ သစ်သီးတွေ ဝယ်ခိုင်းပြီး အိမ်မှာ သီချင်းရေးတဲ့အလုပ်ကိုပဲ စိတ်နှစ်ပြီး လုပ်နေခဲ့သည်။

တတိယမြောက်နေ့ ညမှာတော့ ယွီနျန့်ဆီက ဘာသတင်းမှ မရလို့ စိုးရိမ်နေတဲ့ မုန့်ယွမ်က ဖုန်းဆက်လာသည်။

"နျန့်နျန့်... အဆင်ပြေရဲ့လား မရေးနိုင်ရင်လည်း ကိစ္စမရှိဘူးနော်၊ တို့တွေ အချိန်ရွှေ့လိုက်လို့ ရတယ်!"

ယွီနျန့်က သမ်းဝေလိုက်ကာ ပင်ပန်းနွမ်းနယ်စွာ ပြုံးလိုက်ရင်း

"အဓိက သီချင်းလေးပုဒ်လုံး ရေးပြီးသွားပါပြီ။ demo ကလည်း ရေးပြီးသားမို့လို့ ကျွန်တော် ကိုယ်တိုင် တီးပြီး ဆိုထားတဲ့ Audio ကို အစ်ကို့ဆီ အီးမေးလ် ပို့ထားတယ်"

မုန့်ယွမ် အံ့ဩသွားရ၏။

"ဒီလောက်တောင် မြန်တာလား။ ကောင်းပြီ၊ မင်း အနားယူတော့။ ငါ အခုပဲ သွားနားထောင်လိုက်မယ်!"

ယွီနျန့် တကယ်ကို အိပ်ချင်နေတာကြောင့် ဖုန်းချပြီး ကုတင်ပေါ်မှာတင် အိပ်ပျော်သွားတော့သည်။ ဘယ်လောက်ကြာအောင် အိပ်မိသွားလဲ မသိပေမဲ့ မုန့်ယွမ်ဆီက Reply ပြန်လာတဲ့အချိန်မှာတော့

"တောက်! မင်းက ဒီလောက်တောင် ရေးနိုင်မှန်း သိရင် ငါ တခြားသူတွေကို ဘာလို့ သွားရှာနေဦးမှာလဲ"

"ဒါဆို အဆင်ပြေတယ်ပေါ့"

"ပြေတာမှ ရှယ်ပဲ! ဖုန်းတင်းနဲ့ ကျောက်ရန်တို့ကို ပါးရိုက်လိုက်သလိုပဲ! မင်းကို Singersongwriter အဖြစ်လည်း မြှင့်တင်ပေးလို့ ရသွားပြီ၊ ဒါက ပိုတောင် ကောင်းသေးတယ်!"

မုန့်ယွမ်ရဲ့ အသံတွင် စိတ်လှုပ်ရှားမှုအပြည့်

"မင်း ဆက်အိပ်လိုက်တော့။ Demo အတည်ပြုချက် ရလဒ်တွေက ချက်ချင်း ထွက်လာမှာ မဟုတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရလဒ်ထွက်တာနဲ့ ငါ ချက်ချင်း အကြောင်းကြားမယ်"

ဖုန်းချသွားပြီးနောက် ယွီနျန့် မျက်လုံးပိတ်ပြီး ပြန်အိပ်ဖို့ ကြိုးစားပေမဲ့ အိပ်ချင်စိတ်က ပျောက်သွားခဲ့ပြီ။ ဒါကြောင့် သူ ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး ရေခဲသေတ္တာထဲက ဒိန်ချဉ်တစ်ခွက်ကို ယူကာ TV ဖွင့်လိုက်သည်။ မနက်စောစော ပြန်လွှင့်နေတဲ့ စီးပွားရေး သတင်းတွေကို ကြည့်ရင်း ဒိန်ချဉ် သောက်နေမိ၏။

"...လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟွမ်ယွီ ရင်းနှီးမြှုပ်နှံမှု က ဝမ်မျိုးနွယ် အမှုဆောင်အရာရှိတစ်ဦး နိုင်ငံခြားကို ထွက်ပြေးသွားရာကနေ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပါတယ်..."

Huanyu Investment ယွီနျန့်ရဲ့ ဒိန်ချဉ်ကိုင်ထားသည့် လက်ကလေး တုန့်ခနဲ ဖြစ်သွားရသည်။ ဒါရိုက်တာ ရွှီရှန့်လန် အရင်က ပြောခဲ့တာကို သူ သတိရသွား၏။ Huanyu ရဲ့ နောက်ကွယ်မှာ ရှဲ့မိသားစုဝင် ဒါရိုက်တာ 'တင်း' ဆိုသူ ရှိနေတယ်လေ။ အခု Huanyu မှာ တစ်ခုခု ဖြစ်ပြီဆိုတော့...

ထိုအချိန်မှာပဲ ဖုန်းမြည်လာလို့ ဖွင့်ကြည့်လိုက်တဲ့အခါ ရှဲ့ယို့ဆီက မက်ဆေ့ချ် ဖြစ်နေသည်။

[မအိပ်သေးဘူးလား]

အဲဒီ စကားလုံး သုံးလုံးကို အကြိမ်ကြိမ် ဖတ်ပြီးတဲ့နောက်မှာတော့ ယွီနျန့်ဟာ ရုတ်တရက် ထရပ်လိုက်ပြီး အိပ်ခန်းထဲက ခဲရောင် အပေါ်ထည်ကို ယူဝတ်လိုက်ပြီး။ သော့ကို အိတ်ကပ်ထဲ ထည့်၊ အနက်ရောင် ဦးထုပ်လေးကို ဆောင်းကာ အပြင်ကို ထွက်လာခဲ့လိုက်သည်။

တကယ်ပါပဲ။

လမ်းဘေးမှာ ရပ်ထားသည့် အနက်ရောင် SUV ကားကြီးကို ကြည့်ပြီး ယွီနျန့်က ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ သူ အနားရောက်သွားတဲ့အခါ ကားမှန်က အနည်းငယ် နိမ့်ဆင်းသွားပြီး ရှဲ့ယို့ ဖြစ်နေ၏။

ယွီနျန့်က တမင်တကာပဲ သူ့လက်ဖဝါးထဲကို လေနွေးလေးတွေ မှုတ်သွင်းလိုက်ရင်း ပြုံးပြကာ "အပြင်မှာ တကယ် အေးတာပဲနော်" လို့ ပြောလိုက်သည်။

လမ်းဘေးမှာ ရပ်နေသည့် ယွီနျန့်ကို ကြည့်ပြီး ရှဲ့ယို့တစ်ယောက် အခုထိ သတိမဝင်နိုင်သေးဘဲ ဒါဟာ သူမြင်နေရသည့် အမြင်မှားတစ်ခုလို့ပဲ ထင်နေမိသည်။ ယွီနျန့်က အေးတယ်လို့ ပြောလိုက်တော့မှ သူ ရုတ်တရက် သတိဝင်လာပြီး ကားတံခါးကို ဖွင့်ပေးလိုက်ပါတော့သည်။

ကားနောက်ခန်းမှာ ထိုင်လိုက်တဲ့အခါ ကားထဲက အပူချိန်က အပြင်ထက် အများကြီး ပိုမြင့်နေပြီး လေထုထဲမှာလည်း အာရဇ်နံ့ ခပ်သင်းသင်းလေးက ပျံ့လွင့်နေသည်။

"မင်္ဂလာညချမ်းပါ" ယွီနျန့်က သာသာယာယာလေး နှုတ်ဆက်လိုက်ရင်း

"ကျွန်တော် ဒီမှာ မင်းရှိနေမှန်း ဘယ်လိုသိလဲဆိုတာ မမေးဘူးလား"

ရှဲ့ယို့က သူ့ကို စိုက်ကြည့်ရင်း "ဘယ်လိုသိတာလဲ" လို့ မေးလိုက်၏။

ယွီနျန့်က ပြုံးလျက်

"ရိုးရိုးလေးပါပဲ။ အခုက မနက် ၁ နာရီခွဲ ရှိပြီလေ။ မင်းက အကြောင်းပြချက် မရှိဘဲ 'မအိပ်သေးဘူးလား' ဆိုတဲ့ မက်ဆေ့ချ်မျိုး တစ်ယောက်ယောက်ဆီကို ပို့မှာ မဟုတ်ဘူး။ ကျွန်တော်ကလည်း Moments တို့ Weibo တို့မှာ ဘာမှ မတင်ထားဘဲနဲ့ ကျွန်တော် မအိပ်သေးတာကို မင်းသိနေတယ်ဆိုတာက အဖြေက ရှင်းနေတာပဲ။ အဖြစ်နိုင်ဆုံးကတော့ ကျွန်တော့် ဧည့်ခန်းက မီးလင်းနေတာကို မင်း တွေ့လိုက်လို့ပဲ ဖြစ်ရမယ်"

ရှဲ့ယို့ရဲ့ အသံက နူးညံ့သွားပြီး "ဒါဆို... တကယ်လို့ ငါ ဒီမှာ မရှိနေခဲ့ရင်ကော"

"လမ်းလျှောက်ထွက်တယ်လို့ပဲ သဘောထားလိုက်မှာပေါ့"

ယွီနျန့်ရဲ့ မျက်ဝန်းတွေက ရေလှိုင်းလေးတွေလို ပြုံးယောင်သန်းနေပြီး သူ့ရဲ့ မျက်တောင်ဖျားတွေမှာတော့ ကားပြတင်းပေါက် အပြင်ဘက်က လမ်းမီးတိုင်တွေရဲ့ နွေးထွေးတဲ့ အလင်းရောင်တွေ ဟပ်နေသည်။

"ဒါပေမဲ့ မင်းက ဒီမှာ ရှိနေတာပဲလေ။ ကျွန်တော် မှန်အောင် ခန့်မှန်းနိုင်ခဲ့တယ် မဟုတ်လား"

ရှဲ့ယို့က အသာအယာ ခေါင်းညိတ်ပြရင်း "အင်း..."

ငါ့ဘာသာ မင်းရဲ့ ပြတင်းပေါက်လေးကို တစ်ချက်လောက် လှမ်းကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချလိုက်တာပါ၊ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ အံ့အားသင့်စရာမျိုး ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

မင်းကို မြင်တွေ့လိုက်ရတာမျိုးပေါ့။

___________________________________________________________________________












Comments

  1. နျန့်နျန့်မှ ​ရှေ့မတိုးရင် ​ကျောက်တုံးက ဒီအတိုင်းကိုရပ်​နေမယ့်ပုံ။နျန့်နျန့်ကယ်မှလွတ်​မြောက်ခွင့်ရမယ့် ​ရှဲ့ကျောက်တုံး​ပါကွယ်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...