အခန်း (၄၃) လက်ချင်းချိတ်ခြင်း
"မင်း..."
"မင်း..."
နှစ်ယောက်သား ပြိုင်တူ စကားစမိပြီး ပြိုင်တူပင် ပြန်ရပ်လိုက်ကြသည်။ ယွီနျန့်က မျက်မှောင်လေးကြုတ်ကာ တောက်ပစွာ ပြုံးလိုက်ပြီး
"မင်း အရင်ပြောပါလား"
"အင်း..."
ရှဲ့ယို့ ခေါင်းညိတ်လိုက်ပြီး သူ့လက်ချောင်းလေးများကို မသိမသာ လှုပ်ရှားရင်း
"မင်း... အခုထိ အေးနေတုန်းပဲလား"
အေးနေတုန်းလား
ယွီနျန့်သည် စောစောက လမ်းဘေးမှာရပ်ရင်း သူ့လက်ထဲကို တမင်တကာ လေမှုတ်နေခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ သူက အမြန်ပင် ခေါင်းခါပြလိုက်သည်။
"မအေးတော့ပါဘူး။ ကားထဲမှာ အရမ်းနွေးတယ်။ ပြီးတော့ အာရဇ်နံ့လေးလည်း ရှိနေတာပဲကို"
ယွီနျန့်ပြောလိုက်သည့် စကားကြောင့် သူ့ကိုယ်ပေါ်က အနံ့ကို သူပြန်သတိရသွားသည်။ ရှဲ့ယို့၏ နားရွက်ဖျားလေးများ နွေးတက်လာပြီး အသံမှာလည်း မသိစိတ်အရ နူးညံ့သွားကာ "အင်း... ကောင်းပြီလေ" ဟု ဆိုသည်။ အနည်းငယ် ပူလာသကဲ့သို့ ခံစားရသဖြင့် လက်တစ်ဖက်ဖြင့် နက်တိုင်ကို အသာလျှော့လိုက်ပြီး လည်ပတ်က ပထမဆုံး ကြယ်သီးကို ဖြုတ်လိုက်သည်။
ဤသို့လုပ်လိုက်ခြင်းက သူ၏ တည်ငြိမ်စွဲမက်ဖွယ်ကောင်းမှုကို အနည်းငယ် လျော့ကျစေပြီး ပေါ့ပေါ့ပါးပါးနှင့် လွတ်လပ်သည့် အသွင်အပြင်ကို ပိုမိုပေါ်လွင်စေသည်။
ယွီနျန့်သည် ရှဲ့ယို့၏ အဝတ်အစားများကို သတိထားကြည့်မိသည်။ ပတ္တမြား လက်စွပ်ကြယ်သီး၊ အနက်ရောင် နက်တိုင်၊ အထဲမှ ရှပ်အင်္ကျီအဖြူ၊ ဝတ်စုံအပေါ်ထည်နှင့် ခဲရောင်ရင့်ရင့် ဗြိတိသျှစတိုင် ကက်ရှ်မီးယား အပေါ်ထည်ရှည်ကြီး...။ သူ အေးနေမှာတော့ မဟုတ်ပါဘူး။
အကြည့်ကို ပြန်လွှဲလိုက်ရင်း ယွီနျန့်က မျက်တောင်လေးခတ်ကာ တမင်တကာ စကားကို နှေးကွေးစွာ ပြောလိုက်သည်။
"ဒီည အိပ်ချိန်နောက်ကျပြီး ညဉ့်နက်တဲ့အထိ နေခိုင်းမယ်ဆို မင်းစိတ်မရှိဘူးမလား"
ရှဲ့ယို့ ခဏမျှ အသက်ရှူရပ်သွားသလို ဖြစ်သွားပြီး "ဘာဖြစ်လို့လဲ"
ယွီနျန့်၏ အပြုံးက ပိုမိုကျယ်ပြန့်လာကာ
"ဆိုလိုတာက... ဥက္ကဋ္ဌရှဲ့၊ ကျွန်တော့်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး တစ်နေရာရာကို လိုက်ပြဖို့ အခွင့်အရေး ပေးမလားလို့ပါ"
ရှဲ့ယို့သည် သူ့လက်ချောင်းများကို တင်းတင်းဆုပ်လိုက်ပြီး လေသံကို တည်ငြိမ်အောင် ထိန်းထားရင်း
"စိတ်မရှိပါဘူး" ဟု ခပ်တိုးတိုး ပြောလာသည်။
မင်းနဲ့အတူ အဲဒီနေရာကို တကယ် လိုက်ချင်တာပါ။
မနက်စောစောအချိန်ဆိုတော့ လမ်းပေါ်မှာ ကားတွေက ရှင်းနေပြီး တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်နေတာပဲ။ SUV ကားကြီးက မြို့အနောက်ဘက်ဆီကို အေးအေးဆေးဆေး မောင်းလာပြီး မြို့ပြင်ရောက်တော့ တောင်ကုန်းလေးတစ်ခု၏ခြေရင်းမှာ ရပ်လိုက်သည်။
ယွီနျန့်က ကားတံခါးဖွင့်ပြီး အပြင်ကို ဆင်းလိုက်တော့ ပတ်ဝန်းကျင် ကွင်းပြင်ကြီးက ဘာမီးရောင်မှမရှိဘဲ ခြောက်ကပ်နေလျက်။ ရှဲ့ယို့ကလည်း ကားဆရာကို ဒီမှာပဲ စောင့်နေဖို့ မှာခဲ့ပြီး ယွီနျန့်အနားမှာကပ်ရပ်ပြီး။
ယွီနျန့်က အနွေးထည်ဇစ်ကို ဆွဲတင်လိုက်ရင်း ဖုန်းမီးအိမ်လေးကို လှုပ်ယမ်းပြလျက်
"သွားကြစို့။ ကျွန်တော်တို့ သွားမယ့်နေရာက တောင်လယ်လောက်မှာရှိတာ။ ညဘက် လမ်းလျှောက်ရမှာဆိုတော့ ဖြည်းဖြည်းပဲ သွားလို့ရမယ်။ မိနစ်နှစ်ဆယ်၊ သုံးဆယ်လောက်တော့ ကြာလိမ့်မယ်။"
သူတို့နှစ်ယောက် သစ်တောထဲကို လှမ်းဝင်လာကြသည်။ ယွီနျန့်က ရှေ့ကနေ လမ်းပြရင်း
"ကျွန်တော် ဒီကို တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါလောက် လာဖြစ်တယ်။ ဒီတောင်က သိပ်မမြင့်သလို ထူးထူးခြားခြား ရှုခင်းတွေလည်း မရှိပါဘူး။ လူလာတာ အရမ်းနည်းပြီး အပန်းဖြေစခန်းလိုမျိုးလည်း မဖွင့်ထားတော့ လမ်းက သိပ်မဖြောင့်ဘူး။ လျှောက်ရတာ နည်းနည်း ခက်ခဲလိမ့်မယ်။"
မှော်ပင်တွေ ဖုံးနေတဲ့ ကျောက်ဆောင်စွန်းတစ်ခုကို ဖြတ်ကျော်တဲ့အချိန်မှာ ယွီနျန့်က နောက်ဘက်ကို လက်လှမ်းပေးလိုက်ပြီး
"မင်းဝတ်ထားတဲ့ သားရေဖိနပ်တွေနဲ့ဆိုရင် ဒီနေရာက လျှောက်ရခက်လိမ့်မယ်။ ကျွန်တော့်လက်ကို ကိုင်ထားလိုက်။"
ယွီနျန့် ကမ်းပေးထားသည့် လက်ကလေးကို ရှဲ့ယို့ ငေးလျက်သား။ သူ့မျက်ဝန်းတွေက အနည်းငယ် မှေးစင်းသွားပြီး ထိုလက်ပေါ်ကို သူ့လက်ကို အသာအယာ တင်လိုက်တဲ့အခါ နောက်တစ်စက္ကန့်မှာပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရတော့တာပဲ။ ခက်ခက်ခဲခဲ တက်ရသည့်နေရာတွေကို လှမ်းကျော်နေရင်းနဲ့ သူတို့နှစ်ယောက်စလုံး တစ်ခုခုကို မေ့သွားကြသလိုပဲ... အဲဒါကတော့
လက်ချင်းချိတ်ထားတာကို အခုထိ ပြန်မလွှတ်မိကြတာပါပဲ။
ဆောင်းဦးအစပိုင်းမို့ သစ်တောထဲမှာ ပိုးမွှားတွေ နည်းနေပြီး မြေပြင်ပေါ်မှာ သစ်ရွက်ခြောက်တွေနဲ့ သစ်ကိုင်းခြောက်တွေ ပြည့်နေသည်။ သစ်ရွက်ခြောက်တွေက ခြေလှမ်းတိုင်း ကို "တဂျွတ်ဂျွတ်" အသံတွေဖြစ်စေပြီး ၊ လေကလည်း အတော်လေး အေးစက်နေကာ ငှက်အော်သံတွေတောင် ဆိတ်လျက်…တ ရှဲ့ယို့၏ ကုတ်အင်္ကျီနားစွန်းက သစ်ကိုင်းကလေးတွေနဲ့ ပွတ်တိုက်မိသည့် "တရှပ်ရှပ်" အသံလေးတွေပဲ ရံဖန်ရံခါထွက်လာတတ်သည် ။
ရှဲ့ယို့က ခြေလှမ်းတွေကို သတိထားကြည့်နေရင်းနဲ့ မကြာခဏဆိုသလို သူတို့ ဆုပ်ကိုင်ထားမိသည့် လက်ကလေးတွေဆီကို အကြည့်က မသိမသာ ရောက်သွားမိလျက်။ လမ်းက လျှောက်ရခက်လို့ဆိုပေမဲ့လည်း
ငါတို့ လက်ချင်း ချိတ်ထားကြတယ်...
အရည်အသွေးမြင့် အရက်တစ်ငုံ သောက်လိုက်ရသလိုမျိုး ရှဲ့ယို့ရဲ့ တစ်ကိုယ်လုံးက သွေးကြောလေးတွေက ဆူပွက်လာပြီး နိုးကြားလာသည့် အာရုံကြောတွေအားလုံးက အထိမခံနိုင်လောက်အောင် ဖြစ်နေ၏။
"ခဏ..."
ရှဲ့ယို့ရဲ့ အသံကို ကြားတော့ လမ်းကြောင်းကို သေသေချာချာ ရှာနေသည့် ယွီနျန့်က ခြေလှမ်းတွေကို နှေးလိုက်ပြီး လှည့်ကြည့်ကာ "ဘာဖြစ်လို့လဲ" လို့ မေးလာသည်။
စကားပြောလို့တောင် မဆုံးသေးဘူး။ ယွီနျန့် ရှဲ့ယို့ဆီက အာရဇ်နံ့ ခပ်သင်းသင်းလေးကို အနီးကပ် ခံစားလိုက်ရသည်။ ရှဲ့ယို့က ယွီနျန့်အနားကို တိုးကပ်လာပြီး လက်ကို မြှောက်ကာ ယွီနျန့်ခေါင်းကို ထိမိတော့မယ့် သစ်ကိုင်းတွေကို ဖယ်ရှားပေးလိုက်ပြီး…
"ဘာမှမဟုတ်တော့ပါဘူး။"
ယွီနျန့် သတိပြန်ဝင်လာပြီး ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်၏။
"ကျွန်တော် သတိမထားမိလိုက်ဘူး၊ ကျေးဇူးပဲနော်။"
ခဏလောက် ဆက်လျှောက်ပြီးတဲ့နောက် ရေစီးသံသဲ့သဲ့ကို ကြားလိုက်ရတဲ့အခါ ယွီနျန့်က အသက်ကို ဝဝရှူလိုက်ရင်း
"ရောက်တော့မယ်၊ လမ်းမှားသွားပြီလို့တောင် ကျွန်တော် ထင်နေတာ။"
ရှဲ့ယို့ကတော့ စိတ်ထဲကနေ နည်းနည်း နှမြောသလို ခံစားနေရ၏...
တကယ်လို့ လမ်းမှားသွားခဲ့ရင် ပိုတောင် ကောင်းဦးမယ်...
သွားချင်သည့်နေရာကို ရောက်သွားတဲ့အခါ ယွီနျန့်က ဆုပ်ကိုင်ထားမိသောလက်ကလေးကို သဘာဝကျကျပဲ လွှတ်လိုက်ပြီး ရှဲ့ယို့ဘက်လှည့်ကာ ပြောလိုက်သည်။
"ရောက်ပြီ၊ ဒီနေရာပဲ။"
သူ့လက်ပေါ်က နွေးထွေးမှုက ရုတ်တရက် ပျောက်ကွယ်သွားတာမို့ ရှဲ့ယို့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားရသည်။ အကျီအိတ်ကပ်ထဲကို လက်နှစ်ဖက်လုံး ထည့်ထားလိုက်သည်။ ယွီနျန့်ဆီက ရခဲ့တဲ့ အပူချိန်လေး လက်ပေါ်မှာ ခဏလောက် ပိုမြဲနေပါစေဆိုတဲ့ စိတ်နဲ့ပေါ့။
"ဒါက ဘယ်နေရာလဲ"
ပတ်ဝန်းကျင်တစ်ခုလုံးက ဆိတ်ငြိမ်နေလျက်။ ယွီနျန့်ကလည်း ငှက်တွေကို လန့်သွားမှာစိုးလို့ သူ့အသံကို ပုံမှန်ထက် ပိုနှိမ့်ပြီး လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသလိုမျိုး တိုးတိုးလေး ပြောလာသည်။
"ဇီးပန်း နံ့လေး ရလား"
အဲဒီတော့မှ ရှဲ့ယို့ သတိထားမိသွားပြီး
"အင်း... သင်းသင်းလေးပဲ။"
"ဟုတ်တယ်။ အခုက စောသေးတော့ ပန်းတွေအများကြီး မပွင့်သေးဘူးလေ။"
ယွီနျန့်က လမ်းနှစ်လှမ်း၊ သုံးလှမ်းလောက် လျှောက်သွားရင်း ဆက်ပြောသည်။
"ဒီမှာ ရေကန်လေးတစ်ခုရှိတယ်။ ကျောက်နံရံကနေ တစ်နှစ်ပတ်လုံး ရေတွေ စီးကျနေတာ။ အဲဒီကန်ဘေးမှာ ဇီးပင်ကြီးတစ်ပင် ရှိတယ်။ ဘယ်နှစ်နှစ်ရှိပြီလဲတော့ မသိဘူး။ ကျွန်တော် ငယ်ငယ်တုန်းက အဘိုးက ဒီကိုလာပြီး ပန်းကြည့်ရင်း ပန်းချီဆွဲလေ့ရှိတယ်။ ကျွန်တော့်ကိုလည်း အမြဲ ခေါ်လာတတ်တာ။"
သူက ဘေးနားက ဇရပ်လေးတစ်ခုကို ညွှန်ပြပြီး
"ဒါက အဘိုးဆောက်ထားတာ။ ရီမေဇရပ်လို့ ခေါ်တယ်။ ပစ္စည်းတွေ ယူလာရင် အထဲမှာ မီးဖိုလေးဖိုပြီး လက်ဖက်ရည် ဖျော်သောက်လို့ရတယ်။ စိတ်ပါရင်လည်း ကန်ထဲက ငါးဖမ်းပြီး ကင်စားလို့ ရသေးတာ။"
သူတို့နှစ်ယောက် သစ်သားဇရပ်လေးထဲ ဝင်ထိုင်လိုက်ကြတော့ ရှဲ့ယို့က သိချင်စိတ်တွေလှိုက်တက်လာလို့
"မင်း ငယ်ငယ်က ဒီကို ခဏခဏ လာဆော့တာပေါ့"
"ဟုတ်တယ်။ နွေရာသီဆိုရင် တောပန်းတွေလည်း အများကြီးပဲ။ ပိုးစုန်းကြူးတွေလည်း ရှိတယ်။ အေးအေးလူလူနဲ့ ဆော့လို့ကောင်းတယ်။ ဒါပေမဲ့ ခြင်တွေကတော့ တအားများတာ။ ဝိုင်းကိုက်လိုက်ရင် တအားယားတာ။ ဆောင်းရာသီကတော့ ပိုကောင်းတယ်။ အေးတာတော့ အေးတာပေါ့။ ဒါပေမဲ့ ဇီးပန်းတွေက စောစောပွင့်တော့ အရမ်းမွှေးပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတာပဲ။ စိတ်ညစ်စရာရှိရင် ဒီမှာ လာထိုင်နေချင်စရာပဲ။"
ယွီနျန့်က စကားပြောရင်းနဲ့ ဇရပ်ထောင့်ကနေ အသင့်ထားထားတဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်ကို ထုတ်ပြီး ထွန်းလိုက်သည်။ ပြီးနောက် ဖယောင်းတိုင်ကို လေကာအိမ်ထဲ ထည့်ပြီး စားပွဲပေါ် တင်ထား၏။
တောင်ပေါ်က လေပြေ၊ တသွင်သွင်စီးဆင်းနေသည့် ရေအသံ၊ ဇီးပန်းရနံ့ဖျော့ဖျော့လေး၊ ဖယောင်းတိုင်မီးရိပ်၊ လရောင်လေထုကတော့ တကယ့်ကို အံကိုက်ပဲ။
နွေးထွေးသည့် ဖယောင်းတိုင်မီးရောင်လေးက မှောင်မည်းမှုကို ဖြိုခွင်းလိုက်တဲ့အချိန်မှာ ယွီနျန့်က ပဲ စကားလမ်းကြောင်းစရသည်။
"အရင်ရက်က မင်းပို့ပေးတဲ့ ပါဆယ်ထဲက ကတ်ကေးငါးပေါင်းက အရမ်းကောင်းတာပဲ။ ကျွန်တော် တစ်ကောင်လုံး ကုန်အောင် စားပစ်တာ။ ဝက်နံရိုးချိုချဉ်လည်း တစ်ခုမှ မကျန်ဘူး။ ကျွန်တော့်မန်နေဂျာက ကျွန်တော် စားနိုင်တာကို ကြည့်ပြီး အံ့သြသွားတာလေ။ အခုရက်ပိုင်း သူက နေ့တိုင်းပြောနေတာ... ပုံရိပ်ကို ထိန်းဦး၊ ဝမလာစေနဲ့တဲ့။"
ရှဲ့ယို့ကတော့ သဘောမတူဘူး "မင်းက အရမ်းပိန်လွန်းတယ်၊ ပိုစားရမယ်။"
ယွီနျန့်က ရယ်လိုက်တော့ သူ့မျက်ဝန်းလေးတွေက ဖယောင်းတိုင်မီးရောင်အောက်မှာ ပယင်းရောင်လေးလို လက်သွားသယောင်။
"အဲဒါကြောင့်ပဲ မင်းက ဟင်းတွေ ဒီလောက်အများကြီး ပို့ပေးတာလား"
"အင်း။"
ရှဲ့ယို့က ခေါင်းညိတ်ပြီး "မင်းက အရမ်းပိန်တယ်" ဟု ထပ်ပြောသည်။ ပြီးတော့ မပွင့်တပွင့် လေသံလေးနဲ့ ဂရုစိုက်ကြောင်းလည်း ပြဖို့မမေ့။
"ဒီရက်ပိုင်း... ပင်ပန်းနေလား"
"ဒီရက်ပိုင်းလား တော်သေးတယ်၊ သိပ်တော့ မပင်ပန်းပါဘူး။"
ယွီနျန့်က လက်ချောင်းလေးတွေနဲ့ ရေတွက်ပြသည်။
"Florence အတွက် မိတ်ကပ်ကြော်ငြာ ရိုက်နေတာလေ။ လေးရက်တောင် ကြာတယ်။ ဒါပေမဲ့ ထွက်လာမယ့် ဗီဒီယိုကတော့ အရမ်းကောင်းမှာ။ ဒါရိုက်တာက အရမ်းဂျီးများပေမဲ့ ကျွန်တော် သင်ယူခဲ့ရတာတွေ အများကြီးပဲ။ ပြီးတော့ အိမ်မှာ သုံးရက်လောက်နေပြီး သီချင်းတွေ ရေးဖြစ်တယ်။"
"မင်းရဲ့ အယ်လ်ဘမ်အတွက် သီချင်းတွေလား"
"အင်း၊ သီချင်းရေးတဲ့နေရာမှာ အခက်အခဲလေးတွေ ရှိလာလို့ ကျွန်တော်ကိုယ်တိုင်ပဲ ရေးပြီး ဆိုလိုက်တော့မယ်။"
ယွီနျန့်က အဲဒီအကြောင်းကို သိပ်အရေးမလုပ်ဘဲ ရှဲ့ယို့ကို ပြန်မေး၏။
"မင်းကော အလုပ်တွေ နည်းနည်း အဆင်ပြေလာပြီလား"
"သတင်းကြည့်လိုက်တာလား"
"ဟုတ်တယ်၊ အပြင်မထွက်ခင် သတင်းပြန်လွှင့်နေတာ တွေ့လိုက်တာ။ Huanyu Investment မှာ တစ်ခုခုဖြစ်နေပြီဆိုတာလေ။"
ယွီနျန့်က ဘယ်ဘက်လက်နဲ့ မေးကိုထောက်၊ ညာဘက်လက်ကိုတော့ ဖန်ခွက်ကိုင်ထားသလိုမျိုး လုပ်လိုက်ရင်း ရှဲ့ယို့ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါကို အောင်ပွဲခံတဲ့အနေနဲ့ တစ်ခွက်လောက် တိုက်လိုက်ရမလား"
ရှဲ့ယို့က မျက်လွှာချလိုက်ပြီး လက်ချောင်းလေးတွေကို စုလိုက်သည်။ ပြီးနောက် ယွီနျန့်လက်ကို အသာအယာ ထိလိုက်ရင်း အလေးအနက် ပြောလာသည်။
"Cheers (အောင်ပွဲခံလိုက်ရအောင်)။"
***
နိုဝင်ဘာလကုန်ပိုင်းမှာတော့ နင်ချန်မြို့ကို အအေးလှိုင်း ဖြတ်ကျော်ဝင်ရောက်လာသည်။ လူတွေလည်း အနွေးထည်အထူကြီးတွေ၊ ပုဝါရှည်ကြီးတွေနဲ့ ပတ်ထားကြရပြီ။ အဲဒီအချိန်မှာပဲ ယွီနျန့် ကြော်ငြာတွေလည်း တရားဝင် စတင်ထွက်ရှိလာ၏။ တစ်ညတည်းအတွင်းမှာပဲ ကားဂိတ်တွေ၊ မြေအောက်ရထားဘူတာတွေနဲ့ ဈေးဝယ်စင်တာ နံရံကြီးတွေမှာ Florence ရဲ့ ပိုစတာအကြီးကြီးတွေ ကပ်ထားပြီးသား ဖြစ်နေပြီး။ ညာဘက်အောက်ထောင့်မှာတော့ "Florence မိတ်ကပ် ပြောရေးဆိုခွင့်ရှိသူ ယွီနျန့်" ဆိုတဲ့ စာသားလေးက ကပ်လျက်။
တစ်ချိန်တည်းမှာပဲ TV တွေနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာလည်း ကြော်ငြာတွေ အဆက်မပြတ် တက်လာသည်။ Weibo ဖွင့်လိုက်တာနဲ့တောင် ယွီနျန့်က Illusion Ocean နှုတ်ခမ်းနီကို ကိုင်ထားသည့် ပုံကြီးက ပေါ်လာတော့တာပဲ။
[#ယွီနျန့်# Career Fan တစ်ယောက်အနေနဲ့ နျန့်နျန့်ရဲ့ အခွင့်အရေး ရွေးချယ်နိုင်စွမ်းကို တကယ်ပဲ ချီးကျူးမိတယ်! Florence ဆိုတာ နာမည်ကြီး Hersey ရဲ့ လက်အောက်ခံ ဘရန်းလေ၊ အဲဒါကြောင့် အဆင့်အတန်းက ရှိပြီးသား! ပြီးတော့ ကြော်ငြာတွေကလည်း ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှတာ! ငါတော့ ကြွေဆင်းသွားပြီ!]
[#ယွီနျန့်# ဘုရားရေ... ပိုစတာနဲ့ ကြော်ငြာထဲက ဝတ်စုံတွေက တကယ်ကို လန်းတာပဲ! တို့မောင်လေးရဲ့ ရုပ်ရည်ကို အဆတစ်ရာလောက် ပိုတိုးသွားစေတယ်။ မြေအောက်ရထားဘူတာမှာ ဘေးက မိန်းကလေးတွေက ပိုစတာထဲက ဘယ်သူလဲလို့ ဆွေးနွေးနေကြတာ ကြားခဲ့ရတယ်။ တို့မောင်လေးက ဘာလို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ တကယ်ကို ဂုဏ်ယူမိတယ်၊ ဟားဟား! သူ့ရုပ်ရည်ကတော့ အားလုံးကို အနိုင်ပိုင်းသွားတာပဲ!]
[#ယွီနျန့်# အား... ဘရန်းရဲ့ အနုပညာခံစားမှုက တကယ်ကို မြင့်မားတာပဲ! အဲဒီလိုမျိုး မင်းစိုးရာဇာ အရှိန်အဝါက ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေတာ၊ ဒါပေမဲ့ မောက်မာတဲ့ပုံစံမျိုး မဟုတ်ဘူး! တစ်ကိုယ်လုံးကနေ ဆံပင်အထိကို အဆင့်မြင့်တဲ့ အငွေ့အသက်တွေ ထွက်နေတာပဲ!]
[#ယွီနျန့်# မတော်တဆရမယ့် လက်ဆောင်ကတ်လေး (Gift card) ရဖို့အတွက် ငါ နှုတ်ခမ်းနီ ၂၀ တောင် ဝယ်ပြီးပြီ! ဒီလို ကတ်လေးတွေ ကံစမ်းခိုင်းတာကတော့ အရောင်းသမားတွေရဲ့ ပရိယာယ်ပဲ! ဒါပေမဲ့... ကောင်းပြီလေ Florence ရေ၊ မင်း အောင်မြင်သွားပါပြီ၊ ငါ ဝယ်ပါ့မယ်!]
သိပ်မကြာခင်မှာပဲ "ယွီနျန့်ရဲ့ ကြော်ငြာဘုတ်ကြီးတွေရှေ့မှာ ပရိသတ်တွေ ဓာတ်ပုံရိုက်ဖို့ တန်းစီနေကြတယ်" ဆိုသည့် သတင်းတွေဟာ နေရာအနှံ့ ပျံ့နှံ့သွားပြီး ယွီနျန့်ရဲ့ ကြော်ငြာဗီဒီယို ကြည့်ရှုနှုန်းကလည်း တရိပ်ရိပ် တက်လာပါတော့သည်။
ရုံးခန်းထဲမှာ မုန့်ယွမ်က ယွီနျန့်နဲ့ အလုပ်ဇယားတွေအကြောင်း ဆွေးနွေးနေရင်း ဖုန်းကိုဖွင့်ကြည့်လိုက်တာနဲ့ ချက်ချင်း ပြုံးသွားပြီး
"နျန့်နျန့်... နာမည်ကြီး Influencer တစ်ယောက်က မင်းကို ဘယ်လို နာမည်ပြောင်ပေးထားလဲ သိလား"
"ဘာလို့ ခေါ်ထားတာလဲဟင်"
"Hot Search ရိတ်သိမ်းစက် တဲ့!"
မုန့်ယွမ်က အရင်ဆုံး အားရပါးရ ရယ်မောလိုက်ပြီး
"ဒါပေမဲ့ ဒီနာမည်က မှားတော့မမှားပါဘူး။ တကယ်လည်း ဟုတ်တယ်လေ! ကြော်ငြာထွက်လာတာနဲ့ ဘရန်းဘက်က ပုံမှန်ဝယ်ပေးတဲ့ Hot search အပြင်၊ မင်းနဲ့ပတ်သက်တဲ့ တခြားအကြောင်းအရာ နှစ်ခုကလည်း ထိပ်တန်းဆယ်ခုစာရင်းထဲကို ရောက်နေပြီ"
ယွီနျန့် ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်ပြီး မုန့်ယွမ်ကို မေးလိုက်သည်။
"အစ်ကိုမုန့်... အရင်ကပြောတဲ့ Variety Show မှာ ရှားမင်ရှီးလည်း ပါမှာလား သူကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ သူရိုက်ကူးရေး မပြီးသေးဘူးလို့ ကျွန်တော့်ကို ပြောထားတာ"
"ဟုတ်တယ်။ အစီအစဉ်အဖွဲ့နဲ့ ဆက်သွယ်နေတဲ့သူက ဒါကို ပြီးခဲ့တဲ့ နှစ်ရက်ကမှ အတည်ပြုလိုက်တာလို့ ပြောတယ်။ ရှားမင်ရှီးက ရိုက်ကူးရေးကွင်းကနေ အစီအစဉ်ရိုက်မယ့်နေရာကို တိုက်ရိုက်လာလိမ့်မယ်။ အဲဒါ ပိုကောင်းတာပေါ့၊ မင်းတို့က ရင်းနှီးပြီးသားဆိုတော့ အစီအစဉ်မှာ နေရထိုင်ရတာ ပိုလွယ်တာပေါ့"
"အင်း... ဟုတ်ကဲ့။ ဒါဆို ကျွန်တော် ပြန်သွားပြီး အရင်ထွက်ထားတဲ့ အပိုင်းဟောင်းတွေကို ပြန်ကြည့်လိုက်ဦးမယ်"
"ကောင်းပြီလေ ။ အရမ်းတော့ နောက်မကျစေနဲ့ဦး။ မနက်ဖြန် မနက် ၉ နာရီကျရင် မင်းကို လေဆိပ်လိုက်ပို့ဖို့ ငါ အိမ်ရှေ့ကို လာခဲ့မယ်"
***
ညဘက်မှာတော့ ရှဲ့ယို့တစ်ယောက် ရေချိုးပြီးနောက် အနက်ရောင်နဲ့ ငွေရောင်လိုင်းလေးတွေပါသည့် ညဝတ်ဂါဝန်ကို ဝတ်ပြီး ထွက်လာချိန်မှာ ချွိရှောက်ရန်ဆီက ဗီဒီယိုကောဝင်လာပါသည်။ သူ ဖုန်းလက်ခံလိုက်တဲ့အခါ တစ်ဖက်ကနေ စိတ်တိုနေသည့် ချွိရှောက်ရန် အသံကြီးက ဟိန်းခနဲ။
"တောက်! ရှဲ့ရှောင်ယို့... မင်း ဘာတွေလုပ်နေတာလဲ!"
ရှဲ့ယို့က တဘက်ကိုယူပြီး ဆံပင်သုတ်ရင်း တည်တည်ငြိမ်ငြိမ်ပဲ ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ဒီလောက် အော်နေတာလဲ"
ချွိရှောက်ရန်က တကယ်ကို ဒေါသထွက်နေပုံ။ သူက ကင်မရာကို ဘေးဘက်ကို လှည့်ပြလိုက်ပြီးတော့
"မင်းဘာသာ ကြည့်လိုက်ဦး! ကြမ်းပြင်ပေါ်မှာ လူတစ်ရပ်လောက် မြင့်နေတဲ့ Florence မိတ်ကပ်ပစ္စည်းပုံကြီးက ဘာကြီးလဲ။ အဲဒါတွေက အကုန် Limited Edition တွေချည်းပဲနော်! ငါက မိတ်ကပ်မှ မလိမ်းတာ။ ဘာလို့ ဒီလောက်အများကြီး ငါ့ဆီ ရောက်နေရတာလဲ ရှဲ့ရှောင်ယို့... မင်း ငါ့အပေါ် တစ်ခုခု အထင်လွဲနေတာလား!"
ရှဲ့ယို့က တဘက်ကို ဘေးချလိုက်ပြီး ဖုန်းကိုယူကာ သူသိမ်းထားတဲ့ Weibo Screenshot တစ်ခုကို အလေးအနက် ဖတ်ပြလိုက်သည်။
"'နျန့်နျန့်ရဲ့ ပစ္စည်းရောင်းအား ကောင်းတယ်ဆိုတာကို သက်သေပြဖို့ ငါတော့ အဝယ်တော် လုပ်တော့မယ်' တဲ့"
ဗီဒီယိုထဲမှာ ချွိရှောက်ရန်က ပါးစပ်အဟောင်းသားနဲ့ ကြောင်သွားပြီး
"ဒါက Weibo က ပရိသတ်တစ်ယောက် ရေးထားတဲ့ မှတ်ချက်မလား အဲဒါကို မင်းက တကယ်သွားဝယ်လိုက်တာလား"
"အင်း။ နောက်ထပ် တစ်သုတ်လည်း လမ်းမှာ လာနေတုန်းပဲ"
ပြောပြီးတော့ ရှဲ့ယို့က ထပ်လောင်းမှာကြားလိုက်သေး၏။
"Limited edition box တစ်ခုစီမှာ လက်ဆောင်ကတ် သုံးကတ်စီ ပါတယ်လေ။ အဲဒါတွေကို ယူဖို့ မနက်ဖြန် ငါ လာခဲ့မယ်"
"ဪ..." ချွိရှောက်ရန်တစ်ယောက် ဆွံ့အသွားပြီး "အေးပါ... မင်းပျော်ရင် ပြီးတာပါပဲ"
ဗီဒီယိုကော ပိတ်သွားပြီးနောက် ရှဲ့ယို့က ယွီနျန့်ဆီကို မက်ဆေ့ချ်ပို့ရမလား ဝေခွဲမရ ဖြစ်နေချိန်မှာပဲ သူ ထိပ်ဆုံးမှာ Pin လုပ်ထားသည့် ယွီနျန့်ရဲ့ Dialog box လေးကနေ စာတစ်စောင် တက်လာသည်။
"ဒီညတော့ အိပ်မက်လှလှလေးတွေ မက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ရှဲ့ယို့ရဲ့ မျက်ဝန်းတွေ နူးညံ့သွားပြီး သူ့ဘာသာ တိုးတိုးလေး ရေရွက်လိုက်မိသည်။
တကယ်လို့ အဲဒီဆုတောင်းသာ ပြည့်မယ်ဆိုရင် ဒီညတော့ ငါ့အိပ်မက်ထဲမှာ မင်း သေချာပေါက် ပါလာမှာပဲ။
[ဝမ်အန်း]
____________________________________________________________________
ကလိကလိ အိကျိပိကျိပါအေ
ReplyDelete