အခန်း (၄၅) နျန့်နျန့်... ငါ့ခေါင်းတွေ ကိုက်နေလို့
"သူတို့က အတင်းတိုက်ကြတာ..."
ရှဲ့ယို့ စကားကြောင့် ယွီနျန့်ရဲ့ ရင်ထဲမှာ ရုတ်တရက် နာကျင်သွားရသည်။
"အဲဒီလိုမျိုး ခဏခဏ ဖြစ်တတ်တာလား"
ရှဲ့ယို့ ယွီနျန့်ကို သေသေချာချာ ငေးကြည့်နေမိသည်။ တစ်ဖက်လူ၏ ထူထူထဲထဲ မျက်တောင်လေးတွေ လှုပ်ခတ်နေတာကို မြင်ရတာက သူ့နှလုံးသားကို တစ်စစချင်း လာရောက်ယှက်ဖြန်းနေသလိုပဲ၊ ယားကျိကျိနဲ့ ထုံကျင်ကျင် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
သူက နှစ်ချက်လောက် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေ၏။
"အရင်တုန်းကတော့ ဟုတ်တယ်။ အခုတော့ မဖြစ်တော့ပါဘူး။"
ဘာကြောင့်မှန်းမသိ ရှဲ့ယို့တစ်ယောက် အတိတ်က ခက်ခဲခဲ့တာတွေကို ယွီနျန့်ကို ထုတ်မပြောချင်တော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒီညစာစားပွဲက တင်းကျောက်ရှန်းရဲ့ ကိစ္စတွေကို အစဖော်ဖို့အတွက်ပဲ။"
ယွီနျန့်က "အရင်တုန်းက" ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားလည်ပေမဲ့ ထပ်ပြီး အကျယ်တဝင့် မမေးတော့ပါဘူး။ သူကပဲ ဆက်ပြီး စကားပြောပေးလိုက်သည်။
"ဒါဆို ဟို တင်းဆိုတဲ့လူကော ဘယ်လိုလဲ"
ရှဲ့ယို့က ခေါင်းညိတ်ပြသည်။၊ ပြီးနောက် “အင်း" ဟု ဆိုကာ နောက်တစ်ကြိမ် ထပ်ပြီး ခေါင်းညိတ်ပြပြန်၏။
"ဟုတ်တယ်။"
ရှဲ့ယို့ တုံ့ပြန်မှုတွေ နှေးကွေးနေပြီး တကယ်ကို အိပ်ချင်နေတာကို သတိထားမိလိုက်တာကြောင့် မီးနီမိနေတုန်းမှာ ယွီနျန့်က ကားကို ဖြည်းဖြည်းချင်း ရပ်လိုက်၏။ သူ့ရဲ့အကြည့်တွေက ရှဲ့ယို့ပေါ်မှာ ကျရောက်နေပြီး လေသံလေးကလည်း အရမ်းကို နူးညံ့နေလျက်
"အိပ်လိုက်တော့လေ။ အိမ်ရောက်ရင် ကျွန်တော် နှိုးမယ်။"
"ငါ မအိပ်ချင်သေးဘူး။"
ရှဲ့ယို့ကသာ အဲဒီလို ပြောနေတာပါ၊ တကယ်တော့ သူဟာ အရမ်းကို စိတ်ပေါ့ပါးသွားပြီး မသိစိတ်ကနေ မျက်လုံးတွေ မှိတ်သွားကာ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားပါတော့သည်။
ယွီနျန့်က ပြုံးလိုက်ရင်း ရှဲ့ယို့ နိုးမသွားအောင် ကားကို တည်တည်ငြိမ်ငြိမ်လေး ဆက်မောင်းလာခဲ့လျက်။ အိမ်ရှေ့ ပတ်ဝန်းကျင်မှာတော့ လမ်းမီးတိုင် အနည်းငယ်ပဲ တိတ်တဆိတ် လင်းနေသည်။
ယွီနျန့် စက်သတ်လိုက်ပြီး။ သူ့မျက်လုံးတွေက ရှဲ့ယို့ မျက်နှာပေါ်မှာ ရပ်တန့်နေလျက် အကြည့်လွှဲလို့ မရနိုင်တော့ပါဘူး။ ဒီလူက နိုးနေတဲ့အချိန်မှာ အရှိန်အဝါက အရမ်းပြင်းထန်ပြီး ၊ အကြည့်တွေက စူးရှပြီး မျက်နှာက တည်နေရင် တခြားသူတွေက သူ့ကို အမြဲကြောက်နေကြရတာလေ။ သူ့အကြောင်းပြောရင်တောင် လူတွေက ထိတ်လန့်နေတတ်ကြတာ။
ဒါပေမဲ့ အခုလို အိပ်ပျော်နေတဲ့အချိန်မှာတော့ သူ့ကို ကာကွယ်ထားသည့် မာကျောကျော အခွံကြီးက ကွာကျသွားသလိုပဲ၊ ထွက်ပေါ်လာသည့် အသက်ရှူသံလေးတွေကတောင် နူးညံ့နေသလို ခံစားရသည်။
ရှဲ့ယို့ကို နှိုးဖို့ သူ အားနာနေမိပေမဲ့ ဒီအတိုင်း အိပ်ပျော်နေရင် နေလို့ပိုခက်မှာကိုလည်း စိုးရိမ်နေမိပြန်၏။ ဒါကြောင့် ယွီနျန့်က ဆုံးဖြတ်ချက်ချပြီး ရှဲ့ယို့ရဲ့ အနားကို တိုးကပ်သွားကာ ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးရင်း တိုးတိုးလေး နှိုးလိုက်သည်။
"ရှဲ့ယို့... မအိပ်နဲ့တော့လေ။ အိမ်ရောက်ပြီ။"
သူ အနောက်ကို ပြန်ဆုတ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ... အသက်ရှူသံတွေ ချက်ချင်း ရပ်တန့်သွားရသည်။ သူတို့နှစ်ယောက် အရမ်းနီးကပ်နေသည့် အနေအထားမှာ ရှဲ့ယို့က ဘယ်အချိန်ကတည်းက နိုးနေလဲမသိဘဲ လက်ကိုမြှောက်ပြီး သူ့ကို ဖက်ထားလိုက်လို့ပါ။
ရှဲ့ယို့က သိပ်အားမသုံးဘဲ ခပ်ဖွဖွလေးပဲ ဖက်ထားတာပါ။ ယွီနျန့်အနေနဲ့ နည်းနည်းလောက် အနောက်ကို ဆုတ်လိုက်ရင် ဒီရင်ခွင်ထဲကနေ ရုန်းထွက်လို့ ရနေတာပဲလေ။
ယွီနျန့်ရဲ့ မျက်လုံးတွေ အနည်းငယ် ဝိုင်းစက်သွားပေမဲ့ မကြာခင်မှာပဲ မျက်တောင်လေးတွေ ပြန်ချလိုက်ပြီး။ မျက်ဝန်းထဲမှာ အပြုံးရိပ်လေးတွေနဲ့အတူ ဒီလို စမ်းတဝါးဝါး ဖက်ထားတာကို ငြင်းပယ်မယ့်အစား သူကပဲ စိတ်ကို လျှော့ချလိုက်ပြီး ရှဲ့ယို့ကို နွေးထွေးစွာ မေးလိုက်သည်။
"နိုးပြီလား"
"အင်း..."
ယွီနျန့်ရဲ့ သဘောထားကို ရိပ်မိသွားလို့လားမသိ၊ ရှဲ့ယို့ရဲ့ လက်မောင်းတွေက တစ်လက်မချင်း ပိုပြီး တင်းကျပ်လာပါသည်။ ဒါပေမဲ့ အဲဒီလို တင်းကျပ်လာတာက ယွီနျန့်ကို တစ်စက်ကလေးမှ အနေမခက်စေပါဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အာရဇ်နံ့တွေနဲ့အတူ အရက်နံ့သဲ့သဲ့ကလည်း ပျံ့လွင့်နေလျက်။ ယွီနျန့် အနားကို ပိုတိုးကြည့်လိုက်တော့ ရှဲ့ယို့ရဲ့ နားရွက်ဖျားလေးတွေ နီမြန်းနေတာကို တွေ့လိုက်ရသည်။ သူ့အသံလေးက ပိုပြီး နူးညံ့သွားရ၏။
"အခုထိ မူးနေတုန်းပဲလား"
"အင်း... မူးတယ်။"
ယွီနျန့် စိုးရိမ်သွားပြီး
"ဒါဆို မင်း သက်သောင့်သက်သာ ဖြစ်သွားအောင် ကျွန်တော် ဘာလုပ်ပေးရမလဲ"
ရှဲ့ယို့ရဲ့ အသက်ရှူသံတွေ ရပ်တန့်သွားသလိုပဲ။ သူ့ရဲ့ လည်ချောင်းတွေက တင်းကျပ်လာပြီး အသံက တဖြည်းဖြည်း တိုးဝင်သွားကာ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။"
စက္ကန့်အနည်းငယ်အကြာမှာတော့ ယွီနျန့်က လက်ကိုမြှောက်ပြီး ရှဲ့ယို့ကို ပြန်လည်ဖက်တွဲလိုက်သည်။ သူ့ရဲ့မေးလေးကို ရှဲ့ယို့ ပုခုံးပေါ်မှာ တင်ထားရင်း "အင်း..." ဟု ခပ်တိုးတိုးလေး ရေရွတ်လိုက်လေ၏။
***
နောက်တစ်နေ့မှာတော့ ယွီနျန့်ဟာ အဖြူရောင် ဆွယ်တာလေးကို ဝတ်ပြီး အသံသွင်းစတူဒီယိုကို ရောက်လာခဲ့သည်။ ဓာတ်လှေကားထဲက ထွက်လာတာနဲ့ မုန့်ယွမ်နဲ့ တန်းတိုး၏။
"အစ်ကိုမုန့်၊ စောလှချည်လား"
မုန့်ယွမ်က ယွီနျန့်ရဲ့ ဝတ်စုံကို ကြည့်ပြီး နည်းနည်းတော့ အမြင်ကတ်သလို ဖြစ်သွားပေမဲ့ အသားကျနေပြီမို့ ဘာမှတော့ ထုတ်မပြောတော့ပါဘူး။ သူတို့နှစ်ယောက် ဘေးချင်းယှဉ် လမ်းလျှောက်လာရင်း မုန့်ယွမ်က ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။
"မနေ့ညက ဟိုလူကို သွားကြိုတာ ဘယ်လိုလဲ မူးပြီးတော့ အရူးထတာတွေ၊ အန်တာတွေကော လုပ်သေးလား"
ယွီနျန့်က ခေါင်းလေးငုံ့ပြီး ပြုံးပြီး မျက်ဝန်းထောင့်က အပြုံးရိပ်လေးတွေက ကြည်လင်နေလျက် လွမ်းမောစရာ အငွေ့အသက်လေးတွေ ရောယှက်လျက်
"ဟင့်အင်း၊ ကားပေါ်မှာတင် အိပ်ပျော်သွားတာ။ အရမ်းကို ငြိမ်တာပဲ။"
ဖက်ထားရာက လွှတ်ပေးပြီးနောက်မှာ တည်ငြိမ်ချင်ယောင်ဆောင်နေပေမဲ့ တကယ်တော့ ထွက်ပြေးသလိုမျိုး ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်သွားသည့် ရှဲ့ယို့ ပုံစံကို ပြန်တွေးမိပြီး ယွီနျန့်ဟာ တစ်ပတ်စာလောက် စိတ်ချမ်းသာသွားရပါသည်။
"တောက်... ငါကျတော့ ဘာလို့ အဲဒီလိုလူမျိုးနဲ့ မဆုံရတာလဲ 'Sounds of Nature' က ဒါရိုက်တာကြီး ဟော် ဆိုရင်လည်း သောက်ရတာ တအားကြိုက်တာ။ သူ မူးလာပြီဆိုရင် ငါ့ကိုဖက်ပြီး ငိုတော့တာပဲ။ သူ့မျက်ရည်တွေ နှပ်တွေက ငါ့အင်္ကျီမှာ ပေကုန်တာလေ။ ဆယ်နှစ်ကျော်နေပြီ အခုထိ ဘာမှမတိုးတက်ဘူး!"
ယွီနျန့်က ရယ်ပြီး မုန့်ယွမ်၏ ညည်းညူသံတွေကို နားထောင်ပေးနေလိုက်ပြီးမှအသံသွင်းခန်းဆီ လျှောက်သွားလိုက်သည်။ Florence ဘရန်း၏ လှုပ်ရှားမှုတွေအကြောင်းလည်း နည်းနည်းပါးပါး ပြောဖြစ်ကြသေးတာပေါ့။
"ရောက်ပြီလား။"
ရှီရို့က သူတို့ထက် စောရောက်နေပြီး ထုံးစံအတိုင်း လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် သစ်သီးဖျော်ရည်ကို ယွီနျန့်ဆီ ကမ်းပေး၏။ သူမက သီချင်းဆော့ဝဲလ်တစ်ခုကို ဖွင့်လိုက်ပြီး ဝမ်းသာအားရ ပြောပြလာသည်။
"နျန့်နျန့်... 'To Tell the Truth' အစီအစဉ်မှာ မင်းတီးပြီးဆိုသွားတဲ့ သီချင်းလေ။ အွန်လိုင်းပေါ်တင်ပြီးတာနဲ့ ဒေါင်းလုပ်ဆွဲတဲ့သူတွေ တအားများနေတာ! ခဏလေးအတွင်းမှာတင် သီချင်းသစ် ဒေါင်းလုပ်စာရင်းထဲ ရောက်သွားပြီ! ပရိသတ်တွေကလည်း Single အနေနဲ့ ထွက်လာမှာလား။ သီချင်းနာမည်က ဘာလဲဆိုတာတွေ ဝိုင်းမေးနေကြတယ်!"
ယွီနျန့်က ဖန်ခွက်ထဲက ဖျော်ရည်ကို အကုန်နီးပါး သောက်လိုက်ပြီးမှ
"အဲဒီသီချင်းက ရိုက်ကူးနေတုန်းမှာ ခဏလေးအတွင်း ရေးလိုက်တာလေ။ အခုဆို စာသားတောင် သိပ်မမှတ်မိတော့ဘူး။ ထပ်ဆိုခိုင်းရင်တောင် ကျွန်တော် သေချာပေါက် ဆိုနိုင်မှာ မဟုတ်တော့ဘူး။ သီချင်းနာမည်ကတော့..." သူ ခဏလောက် စဉ်းစားပြီးမှ 'အမည်မဲ့' လို့ပဲ ခေါ်ရမလား"
"ဟားဟား၊ အမည်မဲ့ တဲ့လား နျန့်နျန့်... မင်းကတော့ တကယ်ကို ပေါ့ပျက်ပျက်နိုင်တာပဲ!"
ရှီရို့က ရယ်မောရင်း ယွီနျန့်ကမ်းပေးလာသည့် ခွက်အလွတ်ကို လှမ်းယူလိုက်သည်။
"ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲဒီသီချင်းက နားထောင်လေ ပိုကောင်းလေပဲ! မနေ့ညက အိပ်ခါနီး တစ်ခေါက်ပဲ နားထောင်မယ်လို့ စိတ်ကူးထားတာ။ မထင်မှတ်ဘဲ အကြိမ်ကြိမ် ပြန်နားထောင်မိသွားတာလေ! မနက်နိုးလို့ သွားတိုက်တဲ့အချိန်မှာတောင် မသိစိတ်ကနေ ဒီသီချင်းကို ညည်းနေမိတာ။"
မုန့်ယွမ်က ယွီနျန့်ကို ပိုပြီး မြှောက်ပင့်ပေးလိုက်၏။
"ရှီရို့... မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနဲ့ဆိုရင် နျန့်နျန့်ရဲ့ EP ထဲက သီချင်းတွေကို နားထောင်ရင် တစ်ညလုံး မအိပ်ဘဲ နေမိတော့မှာပေါ့"
ယွီနျန့်က ရယ်ပြီး ကြားဖြတ်ပြောသည်။
"ဘယ်မှာ အဲဒီလောက်ကြီး ဖြစ်မှာလဲ သီချင်းက အသံတောင် မသွင်းရသေးဘူးလေ။ အဆုံးသတ် ထွက်လာမယ့် ရလဒ်က ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်တောင် မသိသေးဘူး။"
"နှိမ့်ချမနေပါနဲ့! ထုတ်လုပ်သူဆရာ ရောက်လာရင် တေးဂီတပိုင်း စသွင်းလို့ ရပြီ။ တူရိယာသံတွေနဲ့ ကျန်တာတွေ အကုန်ပြီးရင် မင်းက သီချင်းပဲ ဆိုလိုက်ရုံပဲ။ အလယ်မှာ မကျေနပ်တာရှိရင် ထုတ်လုပ်သူဆရာကို တိုက်ရိုက်ပြောလိုက်။ မင်းကိုယ်တိုင် ရေးထားတာဆိုတော့ မင်းမှာ အခွင့်အာဏာ အပြည့်အဝ ရှိတယ်။"
"ဟုတ်ကဲ့၊ ကျွန်တော် သိပါပြီ။"
မုန့်ယွမ်က အလုပ်ဇယားကို ကြည့်လိုက်ပြီး
“ဒါဆို ငါလည်း အပိုတွေ ပြောမနေတော့ဘူး။ အစည်းအဝေး ရှိလို့ သွားတော့မယ်။ မင်းနဲ့ အတူရှိမနေပေးနိုင်တော့ဘူး။"
သူက ရှီရို့ဘက်ကို လှည့်ကြည့်ကာ "အစစအရာရာ သတိထားပေးပါဦး။"
"ကောင်းပြီ အစ်ကိုမုန့်၊ စိတ်ချပါ။"
ယွီနျန့် အလုပ်တစ်ခုကို စလုပ်ပြီဆိုရင် အရမ်းကို အာရုံစိုက်တတ်သူတစ်ဦးပင်။ အသံသွင်းစတူဒီယိုမှာ တစ်ပတ်ကျော်ကြာအောင် အချိန်ကုန်ဆုံးခဲ့ပြီး။ အသံတွေ ထပ်သွင်းတာ၊ တူရိယာသံတွေ သွင်းတာ၊ ထုတ်လုပ်သူဆရာနဲ့ အသေးစိတ် ပြုပြင်တာတွေ လုပ်ရင်း တစ်ခါတစ်ရံ ညစာစားဖို့တောင် မေ့နေတတ်သည်။
စရိုက်က အေးအေးဆေးဆေးနဲ့ မာန်မာနမရှိတာကြောင့် ဘယ်သူနဲ့မဆို စကားပြောလို့ နေပြီး ၊ အတူအလုပ်လုပ်သည့်သူတွေနဲ့လည်း တအားတည့်၏။ နားနေချိန်တွေမှာ ဂစ်တာဆရာက ယွီနျန့်ကို ဂစ်တာအခြေခံလေးတွေ သင်ပေးနေတတ်၏။ ယွီနျန့်ကလည်း စိတ်ဝင်စားတာကြောင့် သေသေချာချာ သင်ယူခဲ့သည်။ နှစ်ရက်လောက်နေတော့ အောင်မြင်မှုလေး ရလာတာမို့လို့ "Twinkle Twinkle Little Star" တီးပြနေသည့် ဗီဒီယိုလေးကို ရှီရို့ကို ရိုက်ခိုင်းပြီး Weibo ပေါ်မှာ စိတ်အားထက်သန်စွာ တင်လိုက်ပါတော့သည်။
[ရုတ်တရက်ကြီး ဂစ်တာသင်ချင်စိတ် ပေါက်သွားပြီ! ဂစ်တာလေးကိုင်ပြီး သီချင်းဆိုနေတဲ့ နျန့်နျန့်က တကယ်ကို ကြည့်ကောင်းတာပဲ! သူ့အပြုံးလေးက အရမ်းသန့်စင်လွန်းလို့ အသက်ရှူရတောင် ခက်တယ်!]
[ဟားဟားဟား နျန့်နျန့် ဂစ်တာသင်နေတာလား ဒီ Twinkle Twinkle Little Star လေးက နားထောင်လို့ တအားကောင်းတာပဲ! ကြိုးတွေကို ခတ်နေတဲ့ လက်ချောင်းလေးတွေကလည်း အပြည့်အစုံပဲ! Weibo မှာ ပိုတင်ပေးဖို့ တောင်းပန်ပါတယ်၊ ဘာမှမတင်တာ တော်တော်ကြာပြီဆိုတော့ ဝမ်းနည်းနေတာ crying.jpg]
[နျန့်နျန့်ကို ကြည့်ပြီးမှပဲ ကျိုးပဲ့နေတဲ့ ငါ့နှလုံးသားလေး ပြန်ဆက်သွားတော့တယ် QAQ။ အရင်က သူ့ကို တအားကြိုက်ခဲ့တာ၊ ဘယ်လိုလုပ် အားလုံးက အတုအယောင်တွေ ဖြစ်နိုင်မှာလဲ ငါတော့ မယုံဘူး!]
ယွီနျန့်ဟာ Weibo တင်ပြီးတဲ့နောက် ဒီလိုမျိုး မှတ်ချက်အချို့ကို မြင်လိုက်ရတာကြောင့် ရှီရို့ကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲဟင်"
ရှီရို့က Hot Search တွေကို စစ်ဆေးနေရင်းနဲ့ အလျင်အမြန် ပြောပြသည်။
"ဟုတ်တယ် နျန့်နျန့်။ လီယင်ကို သိလား"
"ဟုတ်ကဲ့၊ သူ့ရဲ့ 'The One I Love' ကို ကြားဖူးပါတယ်"
"သူပဲလေ! အဲဒီသီချင်းက အရင်က တအားပေါက်ခဲ့တာဆိုတော့ KTV သွားရင်တောင် ငါဆိုဖြစ်နေတာ။ သူက ပွဲဦးထွက်ကတည်းက ပါရမီရှင် ဖန်တီးရှင်ပုံစံနဲ့ သွားခဲ့တာ။ ဒါပေမဲ့ ဒီမနက်မှာပဲ သူ့နာမည်နဲ့ ထွက်ထားတဲ့ သီချင်းစာသားနဲ့ တေးဂီတ အားလုံးဟာ တခြားသူတွေ ရေးပေးထားတာလို့ ပေါက်ကြားသွားတယ်!"
ယွီနျန့် အံ့ဩသွားပြီး "Ghost writing ( TN// သူတစ်ပါးလက်ရာကို ကိုယ့်နာမည်တပ်ခြင်း) လား"
"ဟုတ်တယ်၊ Ghost writing ပဲ ။ တကယ်တော့ ဒီလိုကိစ္စမျိုးက ဒီလောကထဲမှာ တော်တော်လေး အဖြစ်များပါတယ်။ နာမည်ကြီးအောင် လုပ်ဖို့နဲ့ သတင်းဖြန့်ဖို့အတွက် ကုမ္ပဏီတွေက သီချင်းစာသားတွေ ဝယ်ပြီး အနုပညာရှင်နာမည် တိုက်ရိုက်တပ်လိုက်ကြတာပဲ။ ပုံမှန်အားဖြင့်တော့ မူရင်းရေးသားသူနဲ့ စာချုပ်ချုပ်ထားလေ့ရှိတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းအန္တရာယ်များသလို ကျင့်ဝတ်နဲ့လည်း မညီဘူး၊ အခုလိုမျိုး ဖြစ်သွားတာပေါ့"
ရှီရို့က ဖုန်းကို ညွှန်ပြပြီး
"ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လီယင်အတွက် သီချင်းရေးပေးနေတဲ့ အဖွဲ့က လီယင်နာမည်ကြီးလာပေမဲ့ သူတို့ရတဲ့ ပိုက်ဆံက နည်းလွန်းတယ်လို့ ခံစားရလို့ အခုလို အပ်ကြောင်းရာထင်အောင် ဖော်ထုတ်လိုက်တာပဲ"
ယွီနျန့်ကို ဂစ်တာသင်ပေးတဲ့ ဆရာကလည်း အနားမှာရှိနေပြီး Hot Search တွေကို လှန်ကြည့်ရင်း ဝင်ပြောလာသည်။
"တကယ်တော့ လီယင်ကိုယ်တိုင် ရေးတဲ့ သီချင်းစာသားနဲ့ တေးဂီတတွေက ဘာမှမဟုတ်ဘူး။ သုံးစားလို့မရဘူးဆိုတဲ့ ကောလာဟလတွေ အရင်ကတည်းက ရှိနေတာ။ သူ့နောက်ကွယ်မှာ သီချင်းရေးပေးနေတဲ့ အဖွဲ့ရှိနေတာလေ။ လူများလာရင် ပေါက်ကြားဖို့ အန္တရာယ်က ပိုကြီးတာပေါ့"
"ငါလည်း အဲဒီလိုပဲ ထင်တယ်"
ဇာတ်လမ်းအစအဆုံး ဖတ်ပြီးနောက် ရှီရို့က သက်ပြင်းချလိုက်၏။
"အခု လီယင်ရဲ့ ပရိသတ်တွေ အကုန်လုံး ဒေါသထွက်နေကြပြီ။ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ကို လှည့်စားထားတယ်လို့ ခံစားနေရတာပေါ့။ အမာခံပရိသတ်တချို့က မယုံကြပေမဲ့ ဟိုအဖွဲ့က သက်သေအထောက်အထား အပြည့်အစုံ ချပြလိုက်တာဆိုတော့ အခုတော့ လီယင် ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ"
ဖျော်ဖြေရေးလောကဆိုတာ အမြဲတမ်း တစ်ခုပြီးတစ်ခု ဖြစ်နေတာဆိုတော့ အနားရတယ်ဆိုတာ မရှိဘူး။ အဲဒီနောက်မှာတော့ သူတို့တစ်တွေ ဒီကိစ္စကို ဆက်ပြီး အာရုံမစိုက်တော့ဘဲ EP အတွက် ဆက်လုပ်ကြ၏။ သုံး၊ လေးရက်လောက် ကြာတော့ ရှီရို့က နေ့လယ်စာစားရင်းနဲ့ လီယင်က တောင်းပန်စာ တင်ထားသည်။ ဒါပေမဲ့ ပရိသတ်တွေနဲ့ လမ်းကြုံဖြတ်သန်းသူတွေဆီကနေ အပြောအဆို ခံနေရတယ်ဆိုတာပါပဲ။
မူလကတော့ ဒီကိစ္စက ဒီမှာတင် ပြီးသွားသင့်တာပါ။ ဒါပေမဲ့ နောက်ဆက်တွဲတွေ ရှိလာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။
"လီယင်ရဲ့နာမည်နဲ့ သီချင်းရေးပေးခဲ့သူက ယောင်ယန်တဲ့။ သူက လေးယောက်ပါတဲ့ အဖွဲ့ထဲမှာ တေးဂီတ ရေးပေးသူဖြစ်ပြီး တစ်ခါတစ်ရံ စာသားလည်း ရေးတတ်တယ်။ 'The One I Love' ကိုလည်း သူပဲရေးတာ။ သူက တကယ်ကို ပါရမီရှိတာပဲ။ ဈေးနှုန်းကို အကြိမ်ကြိမ် မြှင့်တောင်းတာကို လီယင်က သဘောတူခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ ယောင်ယန်က ဈေးထပ်တင်ဖို့ တောင်းဆိုတော့ လီယင်က အရမ်းများတယ်ဆိုပြီး ငြင်းလိုက်လို့ နှစ်ဖက် ပြတ်စဲသွားကြတာ"
ရုံးခန်းထဲမှာ မုန့်ယွမ်က ကော်ဖီပူပူတစ်ခွက်ကို ကိုင်ထားရင်း မှုတ်ပြီး ဆက်ပြောပြသည်။
"လီယင်ရဲ့ Ghostwriting ကိစ္စ ပေါက်ကြားသွားပြီးတော့ Weibo ပေါ်က လူတွေက ယောင်ယန်ကို ချီးကျူးနေကြတယ်။ ဖျော်ဖြေရေးလောကရဲ့ အရုပ်ဆိုးတဲ့ အခြမ်းကို ဖော်ထုတ်ပေးလို့ဆိုပြီးတော့ပေါ့။ ဒီရက်ပိုင်းအတွင်းမှာတင် သူက Follower သိန်းချီ ရသွားတယ်"
ယွီနျန့်က တစ်မနက်လုံး သီချင်းကျင့်ထားတာမို့ လက်ဖက်ရည်လေး သောက်ရင်း လည်ချောင်းကို စိုစွတ်အောင် လုပ်နေရ၏။
"ပြီးတော့ကော"
"သူက ရည်မှန်းချက် နည်းနည်းကြီးပုံပဲ။ အနောက်ကွယ်မှာ နေခဲ့ရတာ ကြာပြီဆိုတော့ အခု အဆိုတော်၊ သီချင်းရေးဆရာတစ်ယောက်အနေနဲ့ စင်ပေါ်မှာ ရပ်ချင်နေတာပေါ့။ ပိုက်ဆံရတာ မလောက်ဘူးလို့ ထင်တာလည်း ပါမှာပေါ့၊ အဲဒါကြောင့် လီယင်ကို သုံးပြီး နာမည်ကြီးအောင် လုပ်လိုက်တာ။ ဒါပေမဲ့ လီယင်က အကြီးအကျယ် ပေါက်နေတဲ့သူ မဟုတ်တော့ နှစ်ရက်၊ သုံးရက်နေရင် အရှိန်က ကျသွားမှာပဲ၊ အဲဒီတော့ သူက နာမည်ကြီးနေဖို့အတွက် နောက်ထပ် အကြောင်းအရာတစ်ခု ရှာရတော့တာပေါ့"
မုန့်ယွမ်က ကော်ဖီတစ်ငုံ သောက်လိုက်ပြီး ဖုန်းကို ဖွင့်ကာ ယွီနျန့်ဆီ ကမ်းပေးသည်။
"ဒီလူက စည်းမျဉ်းတွေကို ကောင်းကောင်းသိတယ်။ သူရေးထားတာက မရေမရာနဲ့ လူတွေကို ခန့်မှန်းခိုင်းတာ။ သူပြောတာကို ကြည့်ဦး... မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ အဆိုတော်အသစ် တချို့မှာလည်း ပါရမီရှင်တွေလို့ အပြောခံနေရပေမဲ့၊ သူတို့နောက်ကွယ်မှာလည်း ကိုယ့်လက်ရာကိုယ် နာမည်တပ်ခွင့် ဆုံးရှုံးနေရတဲ့ ကျွန်တော့်လို လူမျိုးတွေ ရှိနေမလားဆိုတာ ကျွန်တော် မသိပါဘူး တဲ့လေ"
ရှီရို့က သူမရဲ့မေးစေ့ကို လက်နဲ့ထောက်လိုက်ရင်း
"အစ်ကိုမုန့်ရဲ့ ဝေဖန်ဆန်းစစ်ချက်က တကယ်ကို ထိရောက်တာပဲ! ဒီ Weibo ပို့စ်က လူတော်တော်များများကို ရေထဲဆွဲချလိုက်သလိုပဲနော်။ ပြီးတော့ နောက်ဆုံးစကားက လူအများစုရဲ့ သနားကြင်နာစိတ်နဲ့ တရားမျှတမှုလိုလားတဲ့ စိတ်ဓာတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားတာ"
မုန့်ယွမ်က စားပွဲခုံကို လက်ချောင်းနဲ့ တတောက်တောက် ခေါက်လိုက်ရင်း
"အဲဒါပဲလေ၊ မျက်စိတစ်မှိတ်အတွင်းမှာတင် Hot Search ဖြစ်သွားလိမ့်မယ်"
ယွီနျန့်က ဒီ Weibo အောက်က မှတ်ချက်တွေကို ဖတ်ကြည့်လိုက်တော့ အမျိုးမျိုး ရေးထားကြတာကို တွေ့ရပါတယ်
[ဆရာယောင်က Ghostwriting လုပ်လာတာ ကြာပြီဆိုတော့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ထုတ်မပြောနိုင်တဲ့ အတွင်းရေးတွေကို သိထားတာများလား ကျေးဇူးပြုပြီး ဖွင့်ချပေးပါ! ကျွန်မတို့ ရှင့်ဘက်မှာ ရှိပါတယ်!]
[မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ အဆိုတော်အသစ်တွေ လင်းရှန့်၊ ဟော်ကျွင်းယွီ၊ ကျောက်ကျင့်နဲ့ အိုယန်ယွီ တို့ကိုလည်း ထည့်တွက်လို့ ရတာပဲ။ တခြားသူတွေလည်း ဖြည့်စွက်ပေးကြပါဦး! အိုး... ဒါပေမဲ့ ဒီလူတွေထဲက ဘယ်သူက လိမ်ညာနေတာလဲ ဆရာယောင်က အကြီးအကျယ် တစ်ခုခု လုပ်တော့မလို့လား]
[နျန့်နျန့်ကိုတော့ လွှတ်ပေးလိုက်ပါ၊ ကျွန်မတို့ သဘောမတူဘူးနော်။ ဒါပေမဲ့ သတင်းတွေ ဖွင့်ချပြီး နာမည်ကြီးအောင် လုပ်ချင်တယ်ဆိုရင်တော့ လုပ်လိုက်လေ!]
[ချစ်ဖို့ကောင်းတဲ့ မင်ရှီးလေးကိုလည်း ချန်ထားပေးကြပါဦး! ပြီးတော့ သူကိုယ်တိုင်က သူ့လက်ရာတွေကို စိတ်တူကိုယ်တူ ရောင်းခဲ့တာပဲလေ၊ အခုကျမှ ဈေးညှိမရတော့လို့ မျက်နှာပျက်ပြီး သနားအောင် လုပ်နေတာ။ တရားမျှတမှုအတွက် အမှောင်ထုကို ဖော်ထုတ်တယ်ဆိုပြီးတော့များ။ သူ့မျက်နှာကိုကော သူပြန်ကြည့်ရဲ့လား လီယင်နဲ့ ယှဉ်ရင် သူလည်း သိပ်မထူးပါဘူး!]
အင်တာနက်ပေါ်မှာ မုန်တိုင်းထန်နေပေမဲ့ ယွီနျန့်ကတော့ ဒါတွေကို ဂရုမစိုက်ဘဲ သီချင်းအသံသွင်းဖို့ကိုပဲ အာရုံစိုက်နေခဲ့သည်။ သူကိုယ်တိုင်ကော ကုမ္ပဏီကပါ ဒီပထမဆုံး EP အပေါ်မှာ အများကြီး မျှော်လင့်ထားကြသလို၊ လုပ်ငန်းခွင်အဖွဲ့သားတွေအပေါ်မှာလည်း ဖိအားတွေက အများကြီးရှိနေသည်မို့။ ရလဒ်အနေနဲ့ သီချင်းအသံသွင်းပြီးသည့် အချိန်တွေက တစ်နေ့ထက်တစ်နေ့ ပိုနောက်ကျလာ၏။ နှစ်ညဆက်တိုက် ယွီနျန့်တစ်ယောက် မနက်စောစောအချိန်ကျမှ အိမ်ပြန်ရောက်ခဲ့ရတာ။
ကားတံခါးပိတ်ပြီးနောက် ယွီနျန့်က ရှီရို့ကို နှုတ်ဆက်လိုက်သည်။ ကားမောင်းထွက်သွားတာကို ကြည့်ပြီးနောက် သူ လမ်းဘေးပလက်ဖောင်းပေါ် တက်လိုက်ပြီး မသိစိတ်ကနေ လမ်းဘေးက အလွတ်နေရာလေးကို လှမ်းကြည့်မိသွား၏။
သူ သတိပြန်ဝင်လာတဲ့အခါ လက်တွေကို အိတ်ကပ်ထဲထည့်၊ ခေါင်းလေးငုံ့ပြီး ပြုံးလိုက်မိသည်။
ငါ ဘာတွေကို မျှော်လင့်နေမိတာလဲ
ဓာတ်လှေကားထဲ ရောက်တော့ ယွီနျန့်က ရှီရို့ကို လမ်းမှာ ဂရုစိုက်ဖို့ မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီး။ ဖုန်းကို ပြန်သိမ်းပြီး ဓာတ်လှေကားထဲက ထွက်လာတဲ့အခါ ဧည့်ခန်းထောင့်ကို လှည့်လိုက်တာနဲ့ တစ်ပြိုင်နက် သူ တုန့်ခနဲ ရပ်သွားပါတော့သည်။
သူ့အိမ်တံခါးဝက နံရံကိုမှီပြီး ရပ်နေသည့် ခဲရောင်ရင့်ရင့် ကက်ရှ်မီးယား အပေါ်ထည်ရှည်ကြီးနဲ့ လူကို မြင်လိုက်ရတော့ ယွီနျန့် အံ့သြသွားတာတော့အမှန်
"ရှဲ့ယို့ မင်း ဒီမှာ ဘာလုပ်နေတာလဲ"
စကားပြောရင်း အနားကို လျှောက်သွားတဲ့အခါမှ ရှဲ့ယို့ဟာ ခေါင်းငုံ့ထားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေတာကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းတွေမှာလည်း သွေးစမရှိသလို၊ နဖူးပေါ်မှာလည်း အေးစက်တဲ့ ချွေးစေးတွေ ပျံနေတာက တစ်ခုခုကို အတင်းအောင့်ထားရတဲ့ ပုံစံမျိုးပါပဲ။
"မင်း "
နောက်ထပ် အသံတစ်သံ မထွက်လာခင်မှာပဲ ယွီနျန့်ဟာ ရှဲ့ယို့ရဲ့ လက်တစ်ဖက်နဲ့ ဆွဲဖက်ခြင်းကို ခံလိုက်ရပြီး။ ရှဲ့ယို့၏နာကျင်မှုကို သည်းခံနေသည့် အက်ရှရှ အသံက သူ့နားနားကနေ ထွက်ပေါ်လာသည်။
"နျန့်နျန့်... ငါ့ခေါင်းတွေ တအားကို ကိုက်နေလို့"
______________________________________________________________________________
TN // တကယ်ပါ စီးအီးအို ကာရိုက်တာ တွေထဲ သူ့လောက်နူးညံ့ ၊ သူ့လောက် အိကျိပိကျိ ဖြစ်တာ သူ့ပဲ တွေ့ဖူး သေးတယ်။ အေးလေ တကယ်ဆို ကလေး အတွဲပဲဟာ သူတောင် 23 ပဲ ရှိသေးတော့
ကျမနှလုံးသားလေးလဲ အိကျိပိကျိဖြစ်နေပါပြီနော် သူတို့အတွဲကိုအသည်းယားလွန်းလို့
ReplyDeleteဆောင်းဦးမြို့ကရွက်ကြွေနီနီကိုလည်းငဘောကျသလို့ ဒီတခုကိုလည်းအရမ်းကြိုက်ပါတယ်
ဖတ်ခွင့်ရလို့ကျေးဇူးပါ ခြည်ခြည်🥰
အိကျိပိကျိလေးကို ချစ်တယ်
ReplyDeleteမင်ရှီး နဲ့ နျန့်နျန့်ပြန်တွေ့တဲ့အခန်းမှာ မျက်လုံးက ရှားမင်ရှီးကို ရှားမင်းကြီးလို့ဖတ်ပြီး နျန့်နျန့်တို့ ဘယ်ကအဖိုးကြီးနဲ့ထပ်သိနေရပြန်တာလဲပေါ့။အောက်ရောက်တော့ မင်ရှီးဆိုမှ ဟင်...မင်ရှီးကဘယ်ကပြန်ထွက်လာတာလဲဆိုပြီးအပေါ်ကိုပြန်ဆွဲဖတ်ရတယ်။ကျွန်မမျက်လုံးတွေကတော့ ကယ်လို့မရတော့ဘူး😭
ReplyDelete