Skip to main content

46




အခန်း (၄၆) ငြင်းမရသော သက်သေအထောက်အထားများ


ရှဲ့ယို့က ယွီနျန့်ကို မထင်မှတ်ဘဲ ဆွဲဖက်လိုက်သည့်အတွက် သတိပြန်ဝင်လာဖို့ စက္ကန့်အနည်းငယ်လောက် ကြာသွားခဲ့ရသည်။

ခေါင်းကိုက်တာလား။ သူ နေမကောင်းဖြစ်နေတာလား။

ရှဲ့ယို့သည် ယွီနျန့်ကို မြင်လိုက်ရပြီးသည့်နောက်တွင် ခန္ဓာကိုယ်ရှိ အင်အားများအားလုံး ကုန်ခမ်းသွားသည့်အလား အားကိုးတကြီးဖြင့် မှီချလိုက်သည်။ အနီးကပ်ဆိုတော့ ရှဲ့ယို့၏ မမှန်ကန်တော့သော အသက်ရှူသံများကိုပါ ယွီနျန့် အတိုင်းသား ကြားနေရ၏။ ယွီနျန့် စိုးရိမ်တကြီးဖြင့် တံခါးဖွင့်ရန် သော့ကို အမြန်ရှာရတော့သည်။ အိမ်စီးဖိနပ်တောင် မလဲနိုင်ဘဲ ရှဲ့ယို့ကို တွဲကာ ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် ရှဲ့ယို့ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး ငြင်သာကြင်နာစွာ မေးပေးသည်။

"ဘာဖြစ်တာလဲဟင်။"

ရှဲ့ယို့၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်ကွင်းများမှာလည်း အလွန်ညိုနေသည်။ မျက်လုံးများမှာလည်း အိပ်ရေးပျက်လွန်းသဖြင့် သွေးကြောလေးများပင် ထင်းနေ၏။ ယွီနျန့်သည် ရှဲ့ယို့၏ လက်ကို စမ်းကြည့်လိုက်ရာ ရေခဲရေထဲမှ ဆွဲထုတ်လာသကဲ့သို့ အေးစက်နေလျက်။

ယွီနျန့်ကို စိုက်ကြည့်ရင်း ရှဲ့ယို့က အက်ရှရှအသံဖြင့် "ငါ့ခေါင်းတွေ တအားကိုက်လို့..." ဟု ပြောလာသည်။

အဆုံးသတ် လေသံလေးမှာ တိုးညှင်းလွန်းသော်လည်း ယွီနျန့်၏ ရင်ထဲ၌မူ ချွန်ထက်သော ဓားဖြင့် အမွှန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး။ ရှဲ့ယို့ ဘယ်လောက်တောင် နာကျင်လွန်း သူ့ရှေ့မှာပင် ဤမျှအထိ အားနည်းချက်ကို ပြနေရတာလဲ။

ယွီနျန့်သည် ထရပ်လိုက်ပြီး အခန်းတွင်း အပူချိန်ကို မြှင့်လိုက်သည်။ ရှဲ့ယို့၏ အပေါ်ထည်ကို ချွတ်ပေးပြီး အပြာနုရောင် စောင်နုလေးဖြင့် ပတ်ပေးလိုက်ရင်း လေသံလေးတိုးဖွဖွနဲ့ ချော့မော့နေသယောင်မေးမြန်းသည်။

"တံခါးဝမှာ စောင့်နေတာ ကြာပြီလား။ ဘာလို့ ကျွန်တော့်ဆီ ဖုန်းမဆက်တာလဲ။"

"မင်း အလုပ်ရှုပ်နေမှာစိုးလို့..."

ကျွန်တော့်ကို မနှောင့်ယှက်ချင်ခဲ့တာပေါ့ ဟုတ်လား။

ယွီနျန့်သည် ဘာမှ ထပ်မမေးတော့…

"ခဏစောင့်နော်။ အိမ်မှာ ရေနွေးမရှိသေးလို့၊ သွားတည်လိုက်ဦးမယ်၊ ဟုတ်ပြီလား။"

ရှဲ့ယို့က ခေါင်းညိတ်ပြသောအခါ ယွီနျန့်သည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ရေနွေးအိုး တည်ပြီးပြီးချင်းမှာပင် ဖုန်းက တုန်ခါလာသည်။

ဖုန်းခေါ်သူအမည်ကို ကြည့်လိုက်ရာ ချွိရှောက်ရန် ။

ယွီနျန့်က ဖုန်းကိုင်လိုက်ရုံတင်ပဲ စကားပင် မပြောရသေးမီ တစ်ဖက်မှ ချွိရှောက်ရန်၏ အလျင်စလို အသံကြီး ထွက်လာသည်။

"ဟိုလေ... ယွီနျန့်၊ ရှဲ့ယို့ကို တွေ့မိလား။ မတွေ့ရင်လည်း ငါမေးတာကို မေ့လိုက်ပါတော့"

"သူ ကျွန်တော့်အိမ်မှာ ရှိနေတယ်"

"ဟင်။ မင်းအိမ်မှာ။"

ချွိရှောက်ရန်သည် နှစ်စက္ကန့်ခန့် ကြောင်သွားပြီးနောက် ဘေးနားရှိလူကို "တွေ့ပြီ" ဟု လှမ်းပြောလိုက်သံ ကြားရသည်။ ထို့နောက် ဖုန်းကို ပြန်ကပ်ပြီး

"သူ တကယ်ပဲ မင်းအိမ်မှာ ရှိနေတာလား။" ဟု ထပ်မံအတည်ပြုသည်။

ယွီနျန့်သည် မီးဖိုချောင် မှန်တံခါးမှတစ်ဆင့် ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ ရှဲ့ယို့မှာ ဆိုဖာပေါ်တွင် စောင်ခြုံလျက် မျက်လုံးမှိတ်ထိုင်နေပြီး တစ်ချက်ကလေးမျှ မလှုပ်ရှားပေ။

သူက အသံကို နှိမ့်လိုက်ပြီး

"အင်း၊ သူ တကယ်ပဲ ကျွန်တော့်အိမ်မှာပါ။ သူက ခေါင်းကိုက်နေတယ်လို့ ပြောတယ်။ စိတ်လည်း အရမ်းနွမ်းနယ်နေပုံပဲ။ သူ ဖျားနေတာလား။"

ချွိရှောက်ရန်မှာ တိတ်ဆိတ်သောနေရာသို့ ပြောင်းသွားပုံရသည်။

"သူ မင်းနဲ့အတူ ရှိနေတာပဲ တော်သေးတာပေါ့။ ငါလည်း ရှာမတွေ့လို့ နှလုံးရောဂါတောင် ရတော့မယ်!"

သက်ပြင်းတစ်ချက်ချပြီးမှ သူက ဆက်ပြောသည်။

"ရှဲ့ယို့က တကယ် နေမကောင်းဖြစ်နေတာ။ သူက နာတာရှည် ခေါင်းတခြမ်းကိုက်ရောဂါ ရှိတာလေ။ အခုလည်း နှစ်ညဆက်တိုက် မအိပ်ရသေးဘူးဆိုတော့ မျက်ကွင်းတွေညိုပြီး ပန်ဒါလို ဖြစ်နေပြီ။ နေလို့မကောင်းရင် စိတ်ကလည်း တအားတိုတတ်တာ။ ဒါပေမဲ့ သူက တစ်ဖက်လူကို ဆဲဆိုမယ့်အစား အေးစက်စက်အကြည့်တွေနဲ့ပဲ စိုက်ကြည့်နေတတ်တော့ သူ့အတွင်းရေးမှူးခမျာ ကြောက်လွန်းလို့ သေတော့မတတ် ဖြစ်နေရသည်။"

စိတ်တိုတတ်တယ်တဲ့လား။ ယွီနျန့်ကတော့ ဒါကို သိပ်မယုံကြည်။ ရှဲ့ယို့ မျက်ကွင်းတွေ ညိုနေတာကို တွေးမိရင်း သူက တိုးတိုးလေး မေးလိုက်သည်။

"ဒါက တင်းကျောက်ရှန်းကြောင့် ဖြစ်ရတာလားဟင်။"

"ဟာ... သူက ဒါတွေတောင် မင်းကို ပြောပြထားတာလား။"

ချွိရှောက်ရန် အံ့ဩသွားသော်လည်း အကျိုးအကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မပြောဘဲ

"အဲဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူက အလုပ်တွေပိ၊ စိတ်ဖိစီး၊ လူကလည်း အရမ်းပင်ပန်းနေတာ။ ခေါင်းကလည်း တအားကိုက်နေတော့ တစ်ညလုံး အိပ်မရဘူး။ ဆေးသောက်ဖို့ကျတော့လည်း မရဲပြန်ဘူး။ ဒုက္ခပါပဲ!"

ယွီနျန့် ပြောရင်း အရေးကြီးသည့်အချက်ကို သတိထားမိသွား၏။

"သူက ဘာလို့ ဆေးမသောက်ရဲတာလဲ။"

ချွိရှောက်ရန်ကလည်း ဖုံးကွယ်မထားတော့ဘဲ တစ်ရစပ် ပြောပါတော့သည်။

"ဒါကို ပြောရရင် ငါတောင် တအားဒေါသထွက်တယ်! အဲဒီအဖိုးကြီး တင်းကျောက်ရှန်းကြောင့်ပေါ့! လွန်ခဲ့တဲ့ နှစ်တွေက ရှဲ့ယို့ နေမကောင်းဖြစ်တုန်းက တင်းကျောက်ရှန်းက မိသားစုဆရာဝန်ကို အတင်းအကျပ်ခိုင်းပြီး ဆေးတွေ လဲခိုင်းခဲ့ဖူးတယ်။ ကံကောင်းချင်တော့ အဲဒီနေ့မှာ ရှဲ့ယို့က လက်တွေတုန်နေပြီး ဖန်ခွက်ကို မတော်တဆ တိုက်မိပြီး မှောက်သွားတာ။ သူကလည်း အမြဲသတိရှိတော့ ဆေးက အရင်နဲ့မတူတာကို သတိထားမိသွားပြီး တိတ်တဆိတ် စစ်ဆေးကြည့်လိုက်တာပေါ့။ အဲဒီဆေးက သူ့ချည်းပဲသောက်ရင် ပြဿနာမရှိပေမဲ့ တခြားဆေးနဲ့ တွဲသောက်မိရင် နှလုံးရပ်သွားနိုင်တယ်လေ!"

ယွီနျန့် ဖုန်းကို တင်းတင်းဆုပ်ထားမိသည်။

ချွိရှောက်ရန်က ဒေါသတကြီးနဲ့

"တင်းကျောက်ရှန်းရဲ့ နည်းလမ်းတွေက တကယ့်ကို ယုတ်မာလွန်းတယ်။ အခုဆို ငါတောင် စိတ်ဒဏ်ရာရနေပြီ။ ဘယ်ဆေးကိုမဆို စိတ်ချလက်ချ သောက်ဖို့ထက် သေလိုက်တာကမှ ပိုကောင်းဦးမယ်!"

စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် ရေနွေးလည်း ရသွားပြီ ဖြစ်ရာ ယွီနျန့်က အသံတုန်တုန်လေးနဲ့

"ကောင်းပါပြီ၊ ကျွန်တော် သူ့ကို သွားကြည့်လိုက်ဦးမယ်။ နောက်မှပဲ ထပ်ပြောကြတာပေါ့"

"အေးအေး... ဒါဆိုလည်း..."

ချွိရှောက်ရန် အားနာနေသော်လည်း

"သူ့ကို ဂရုစိုက်ပေးပါဦးနော်" ဟူ၍သာ ယွီနျန့်ကို တောင်းဆိုလိုက်သည်။

"ဟုတ်ကဲ့၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်"

ရှဲ့ယို့က ဆိုဖာပေါ်တွင် အရင်အတိုင်းပဲ ထိုင်နေသည်။ ဘာခံစားချက်မှ မရှိသလို တည်ငြိမ်နေသည့် သူ့မျက်နှာကို ကြည့်ရင် ခေါင်းတအားကိုက်နေတယ်ဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပေ။ ဒါဟာ သူ့ကိုယ်သူ ကာကွယ်နေကျ ပုံစံမျိုး ဖြစ်လိမ့်မည်။

ခြေသံကြားတော့ ရှဲ့ယို့က မျက်လုံးဖွင့်ပြီး ယွီနျန့်ကို ငြိမ်သက်စွာ ကြည့်သည်။

ယွီနျန့်က ဆေးတွေ ယူမလာဘဲ ရှဲ့ယို့ကို ရေနွေးလေး နည်းနည်းသောက်ဖို့နဲ့ ကိုယ်ပူချိန် ထိန်းဖို့ပဲလောက်ပဲ သတိပေးလိုက်သည်။ ဒါပေမဲ့ သူက ခွက်အလွတ်ကို ပြန်တင်ဖို့ လှည့်လိုက်တဲ့အချိန်မှာ ရှဲ့ယို လက်ချောင်းလေးတွေက သူ့အင်္ကျီစကို တိတ်တဆိတ် ဆွဲထားတာကို သတိထားမိလိုက်သည်။

ယွီနျန့် ရင်ထဲမှာ ဘယ်လိုခံစားနေရမှန်း မသိသော်လည်း ဒီလက်လေး၏ ခွန်အားအနည်းငယ်ကပဲ သူ့ကို တစ်ဖက်သို့ မရွေ့နိုင်အောင် လုပ်ထားနိုင်သည်။ ယွီနျန့် ခွက်ကို အသာလေးချလိုက်ပြီး ရှဲ့ယို့ရဲ့လက်ကို ဆုပ်ကိုင်ကာ ဆိုဖာပေါ်မှာ အတူထိုင်လိုက်သည်။ ပြီးနောက် ရှဲ့ယို့ကို သူ့ပေါင်ပေါ်မှာ ခေါင်းအုံးစေလျက်…

ရှဲ့ယို့ ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ ထိလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က အနည်းငယ် တောင့်သွားသော်လည်း ယွီနျန့်က ခွန်အားကို ချက်ချင်းလျှော့လိုက်သည်။ သူက အသံတိုးတိုးလေးနဲ့

"ကျွန်တော့်အဘွားလည်း အရင်က ခေါင်းခဏခဏ ကိုက်တတ်လို့ သက်သာအောင် လုပ်ပေးတဲ့ နည်းလမ်းတွေကို ကျွန်တော် သင်ထားဖူးတယ်။ လက်ရာကတော့ နည်းနည်း သံချေးတက်နေမလား မသိဘူး"

ရှဲ့ယို့က သူ့ကို စိုက်ကြည့်နေဆဲမို့ ယွီနျန့်က ပြုံးပြလိုက်ပြီး "မျက်လုံးလေး မှိတ်ထားမလားဟင်။"

ရှဲ့ယို့က ယွီနျန့်ပြောသမျှကို လိမ္မာတဲ့ကလေးလေးလိုပဲ မျက်လုံးလေး မှိတ်လိုက်သည်။

ယွီနျန့်က သူ့လက်ချောင်းလေးတွေကို ခပ်ဖွဖွလေး ဖိပြီး နှိပ်ပေးနေသည်။ ရှဲ့ယို့မျက်နှာကိုလည်း အကဲခတ်နေ၏။ အချိန်အနည်းငယ် ကြာလာတော့မှ ရှဲ့ယို့၏ တွန့်ချိုးနေသည့် မျက်မှောင်လေးတွေက ပြေလျော့သွားပြီး အသက်ရှူသံတွေကလည်း မှန်လာကာ နောက်ဆုံးမှာတော့ အိပ်ပျော်သွားပါတော့သည်။

နောက်ထပ် ၁၀ မိနစ်လောက် ကြာတဲ့အခါ ယွီနျန့်က နှိပ်ပေးတာကို ရပ်လိုက်သည်။ ဖုန်းကို အသံပိတ်လိုက်ပြီး ချွိရှောက်ရန်ဆီ မက်ဆေ့ချ် ပို့လိုက်သည် ။

"သူ အိပ်ပျော်သွားပြီ"

ချက်ချင်းဆိုသလိုပဲ ချွိရှောက်ရန်ဆီက စာပြန်လာသည်။

"ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်! သူသာ ဆက်ပြီး အိပ်မရရင် သေတောင် သေသွားမလားလို့ ငါ စိတ်ပူနေတာ! နောက်ဆုံးတော့ အိပ်ပျော်သွားပြီပေါ့!"

စက္ကန့်ပိုင်းအတွင်းမှာပဲ ဒုတိယမြောက် မက်ဆေ့ချ် ထပ်ရောက်လာသည်။

“ဒါနဲ့ သူက အကိုက်အခဲပျောက်ဆေးတွေနဲ့ အိပ်ဆေးတွေ သောက်ဖို့ရော သဘောတူရဲ့လား။”

“ဆေးမသောက်ပါဘူး”

ယွီနျန့်သည် ရှဲ့ယို့ အိပ်ပျော်နေဆဲဖြစ်ကြောင်း သေချာစေရန် တစ်ချက်ကြည့်လိုက်ပြီးနောက် စခရင်ပေါ်တွင် ဆက်၍ စာရိုက်လိုက်သည် ။

“သူက ဘာလို့ ခေါင်းတခြမ်းကိုက်ဝေဒနာ ခံစားနေရတာလဲဟင်။”

ဒီတစ်ခါတော့ ခဏကြာမှ ချွိရှောက်ရန်ဆီမှ စာပြန်လာသည်။

“ဒီပြဿနာက ဖြစ်နေတာ နှစ်အတော်ကြာပြီ။ သူ့အဖေ ဆုံးတုန်းက သူ့အမေက ငိုယိုပြီး သတိလစ်သွားပေမဲ့ သူကတော့အဲ့လိုတွေ ဖြစ်လို့မရဘူးလေ။ တစ်ခြားသူတွေထက် ပိုပြီး ကြံ့ကြံ့ခံရပ်တည်နိုင်မှသာ သားအမိနှစ်ယောက်လုံး ဟိုလင်းတတွေရဲ့ ဝါးမြိုခြင်းကနေ လွတ်မြောက်နိုင်မှာလေ။ အဲဒီတုန်းက ငါ သူ့ကို တစ်လကျော်လောက် မတွေ့ဖြစ်ဘူး။ ပြန်တွေ့တဲ့အချိန်မှာ သူက အတော်လေး ပိန်သွားပြီ။ သူက အခုမှ လူလားမြောက်ကာစလေး ။ ငယ်သေးတယ်ဆိုပြီး ဘယ်သူကမှ သူ့ကို အခွင့်အရေး မပေးခဲ့ဘူး။ အဖေချန်ထားခဲ့တဲ့ အရာတွေကို ကာကွယ်ရတယ်။ အမေကို စောင့်ရှောက်ရတယ်။ ကိစ္စတော်များများကို ဖြေရှင်းရသလို နေရာတိုင်းမှာလည်း ပရိယာယ်တွေနဲ့ချည်းပဲလေ။ အဲ့ကရလာတဲ့စိတ်ဖိစီးမှုတွေကြောင့် တစ်နေ့ကို သုံးနာရီကျော်ပဲ အိပ်ရပြီး အစားလည်း မဝင်တော့ဘူး။ အဲဒီအချိန်မှာပဲ အာရုံကြောကြောင့် ပျို့အန်တာတွေနဲ့ ခေါင်းတခြမ်းကိုက်တာတွေ စဖြစ်ခဲ့တာပဲ။”

ချွိရှောက်ရန်၏ မက်ဆေ့ချ်ကို အကြိမ်ကြိမ် ဖတ်ပြီးနောက် ယွီနျန့်သည် ဖုန်းကို ချလိုက်သည်။ ရှဲ့ယို့ကို ခဏမျှ ငုံ့ကြည့်ပြီးနောက် ဆိုဖာနောက်မှီကို မှီကာ သူလည်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားပါတော့သည်။

နောက်တစ်နေ့မနက်တွင် ရှီရို့သည် ယွီနျန့်ကို မြင်သောအခါ အံ့ဩသွားပြီး

“နျန့်နျန့်... ဘာလို့ မျက်နှာကဒီလောက် ဖြူလျော့နေရတာလဲ။ အိပ်ရေးမဝဘူးလား။”

ယွီနျန့် ဇက်ကြောတက်နေသည်ကို အကြောဆန့်လိုက်ပြီး အရင်ပြုံးပြရသည်။

“အင်း... အိပ်တာ နည်းနည်း ပေါ့သွားလို့ပါ။ ဒါနဲ့ ဆရာကျို့မင် ရောက်ပြီလား။”

ရှီရို့က လက်ကလေးနဲ့ ပါးစပ်ကိုအုပ်ပြီး တိုးတိုးလေး ဆိုသည်။

“ပရိုဂျူဆာ ရောက်နေပြီ။ မင်းထက် မိနစ်သုံးဆယ်လောက် စောရောက်နေတာ။ နျန့်နျန့်... မင်း သူ့ကို ထပ်ပြီး ငြင်းဦးမလို့လား။”

“ကျွန်တော်တို့က ငြင်းခုံနေတာ မဟုတ်ပါဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ် ရှိနေကြတာမို့ တစ်ယောက်နဲ့တစ်ယောက် သဘောမတူတာပဲ ရှိတာပါ”

“အဲဒါက ငြင်းတာမဟုတ်လို့ ဘာလဲ။”

ရှီရို့က ဆက်ပြောသည်။

“ဒီနေ့ နေ့လယ်ဆို သီချင်းတွေ အကုန်သွင်းပြီးမယ်။









ကာဗာပုံတွေလည်း ရိုက်ပြီးပြီ၊ ဒီဇိုင်းလည်း ပြီးပြီ။ MV ပဲ ကျန်တော့တာ။ မင်းတို့ ငြင်းလို့ပြီးမှပဲ ရိုက်ကူးရေးက အေးအေးဆေးဆေး စနိုင်မှာမလား။”

ရှီရို့က စိုးရိမ်နေသော်လည်း လေသံကို ခပ်အေးအေးထားကာ ယွီနျန့်ကို ဖြောင်းဖြကြည့်သည်။

“နျန့်နျန့်... ဆရာကျို့မင် ပြောတာကိုပဲ နားထောင်လိုက်ပါလား။ ဆရာက မျက်နှာထားတင်းရင် တအားကြောက်ဖို့ကောင်းတာ၊ ပြီးတော့ သူက ဒီလောကမှာ ရွှေတံဆိပ်ဆုရထားတဲ့သူဆိုတော့ သူ့အစီအစဉ်ကို ဆန့်ကျင်တဲ့သူတွေကို သူက သဘောကျမှာ မဟုတ်ဘူး”

“အဆင်ပြေမှာပါ”

ယွီနျန့်က သူဝတ်ထားသော အဖြူရောင် ချွေးစုပ်အင်္ကျီ၏ ကြိုးကို ဆွဲလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့်

“ကျွန်တော့်ကို ယုံလိုက်ပါ။ ဒီနေ့ သေချာပေါက် အဖြေထွက်လာပါလိမ့်မယ်”

တံခါးဖွင့်သံကြားသောအခါ ကျို့မင်က နားကြပ်ကို ချွတ်လိုက်ပြီး တံခါးတွန်းဖွင့်ဝင်လာသော ယွီနျန့်ကို မော့ကြည့်သည်။

“ရောက်လာပြီလား။”

“မင်္ဂလာပါ ဆရာကျို့”

ယွီနျန့်သည် အနားယူခန်းထဲ ဝင်ကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ စကားမပြောရသေးမီ ကျို့မင်က သူ့ကို တစ်ချက်ကြည့်ပြီး

“မင်းခြေထောက်က ဘာဖြစ်တာလဲ။”

ယွီနျန့်သည် ဤမျှလောက်ထိ အသေးစိတ်ကို ကျို့မင် သတိထားမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဘာမှမဟုတ်ပါဘူး။ မနေ့ညက အိပ်တဲ့ပုံစံ မမှန်လို့ လမ်းလျှောက်တာ နည်းနည်း တောင့်နေတာပါ၊ ခဏနေရင် ပြန်ကောင်းသွားမှာပါ”

အမှန်တော့ သူသည် ဆိုဖာပေါ်တွင် ထိုင်လျက် အိပ်ခဲ့ရသောကြောင့်သာ… ရှဲ့ယို့ကို သူ့ပေါင်ပေါ်တွင် တစ်ညလုံး အိပ်ခိုင်းထားခဲ့သည်။ သို့သော်လည်း ရှဲ့ယို့ ကောင်းကောင်းအိပ်ပျော်သွားသည်ဖြစ်ရာ ၎င်းမှာ ထိုက်တန်ပါသည်။

ထိုအကြောင်းကို တွေးရင်း ယွီနျန့် စိတ်ပျံ့လွင့်သွားသည်။ သူ အစောကြီး ထွက်လာခဲ့သည်ဖြစ်ရာ ရှဲ့ယို့ ကောင်းကောင်း အိပ်ပျော်နေသည်ကို မြင်သောကြောင့် မနှိုးခဲ့ပေ။ သတိပေးချက်အနေဖြင့် စာတစ်စောင်တော့ ထားခဲ့သည်။ အိုးထဲတွင် သူချန်ထားခဲ့သော ဆန်ပြုတ်ကို ရှဲ့ယို့ တွေ့နိုင်လိမ့်မည် မဟုတ်ပါလား။ အခု ရှစ်နာရီတောင် ရှိပြီဆိုတော့ ရှဲ့ယို့ နိုးပြီလား မသိ...

“အင်း”

ကျို့မင်သည် အသက်လေးဆယ်အရွယ်ရှိပြီး ထိပ်တန်းထုတ်လုပ်သူတစ်ဦး ဖြစ်သည်။ မုန့်ယွမ်က သူတို့၏ ခင်မင်မှုကို အသုံးချပြီး ကိုယ်တိုင် ဖိတ်ခေါ်ထားခြင်းပင်။ ကျို့မင်က မျက်မှောင်ကြုတ်ထားတတ်ပြီး ဆက်ဆံရခက်ပုံရသည်။ သူက သာမန်လေသံဖြင့်ပင်

“မနေ့က ငါတို့ သဘောတူညီမှု ရခဲ့ကြပြီ ထင်သားပဲ”

ယွီနျန့်သည် မတ်မတ်ထိုင်လိုက်သည်။ ကျို့မင်၏ အေးစက်စက် အမူအရာကို သူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

“မဟုတ်ဘူး ဆရာကျို့။ ‘Beautiful’ ရဲ့ MV မှာ အဖြူအမဲအရောင်ကိုပဲ သုံးဖို့ ကျွန်တော် ထပ်ပြီး တောင်းဆိုချင်ပါတယ်”

ကျို့မင်သည် မျက်မှောင်ကြုတ်သွားပြီး သိသိသာသာပင် စိတ်မကျေမနပ် ဖြစ်သွားသည်။

“မင်းက ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ ဒီကိစ္စနဲ့ ငါ့တို့ စကားတွေပြောနေရတာ တစ်ပတ်တောင် ရှိတော့မယ်!”

“ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့... ခေါင်းမာမှုလေးတွေ ရှိလို့နေမှာပေါ့။”

ကျို့မင်သည် နားကြပ်ကို ချလိုက်ပြီး ထိုင်ခုံနောက်မှီကို မှီကာ မျက်မှောင်နှစ်ခုကြားကို လက်ဖြင့် ညှစ်လိုက်သည်။ သူသည် အတော်လေး စိတ်ရှုပ်ထွေးနေပုံရသည်။

“မရဘူး၊ အဖြူအမဲ သက်သက်ပဲ သုံးတာက ငါ့ရဲ့ အနုပညာအမြင်နဲ့ မကိုက်ညီဘူး။ အလွန်ဆုံး...”

သူသည် နောက်ဆုံးတွင် အလျော့ပေးလိုက်ရသည် ။

“တစ်ဝက်စီပဲ သုံးမယ်”

ယွီနျန့်၏ မျက်နှာမှာ ဝင်းပသွားပြီး “ဟုတ်ကဲ့၊ အဆင်ပြေပါတယ်!” ဟု အားတက်သရော ပြောလိုက်သည်။

ယွီနျန့်၏ အမူအရာကို မြင်သောအခါ ကျို့မင်မှာ ခေတ္တမျှ ကြောင်သွားပြီးမှ ရုတ်တရက် သတိဝင်လာကာ ပြုံးလျက် ဆူလိုက်သည်။

“မင်း... ငါ့ကို ဉာဏ်ဆင်လိုက်တာလား။”

“ဟုတ်ပါတယ်”

ယွီနျန့်က ရယ်မောလျက် အနားသို့ တိုးကပ်သွားပြီး ညှိနှိုင်းသည့် လေသံဖြင့် ဆိုသည်။

“အမှန်တော့ တစ်ဝက်စီက သိပ်မကောင်းဘူး ဆရာကျို့။ လေးမိနစ်နဲ့ ၃၅ စက္ကန့်ရှိတဲ့အထဲမှာ ပထမဆုံး ၃ မိနစ် ၃ စက္ကန့်ကို အဖြူအမဲ သုံးပြီး၊ ကျန်တဲ့ ၁ မိနစ် ၃၂ စက္ကန့်ကို ကာလာစကင် B နဲ့ သုံးကြည့်ရင်ရော ဘယ်လိုလဲဟင်။ အဲဒါက ပိုအဆင်ပြေမယ် မဟုတ်လား။”

“ငါ့အဖြေကို စောင့်နေတာလား။”

ကျို့မင်သည် စိတ်မဆိုးသည့်အပြင် ပြုံးပင် ပြုံးလိုက်မိသည်။

“ငါက ‘မရဘူး’ လို့ ပြောလို့ရဦးမှာမလို့လား။ ငါသာ ငြင်းလိုက်ရင် မင်းက နောက်ထပ် တစ်ပတ်လောက် ငါ့နောက်ကို ထပ်လိုက်နေဦးမှာ မဟုတ်လား။”

ယွီနျန့်ကတော့ ဘာမှမပြောဘဲ ရယ်နေသည်။ ကျို့မင်က သူ့ဒူးကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်နေပြီးမှ သဘောတူလိုက်ရတော့သည်။“

ကောင်းပြီလေ။ သီချင်းတွေကလည်း မင်းကိုယ်တိုင် ရေးထားတာ။ အယ်လ်ဘမ်ကလည်း မင်းရဲ့ အယ်လ်ဘမ်ပဲ။ မင်းက ဒီလောက်တောင် ဇွဲကောင်းနေမှတော့ စမ်းကြည့်လိုက်ကြတာပေါ့။ မင်းရဲ့ ခေါင်းမာမှုကို အကောင်အထည် ဖော်ကြည့်လိုက်”

“ကျေးဇူးအများကြီး တင်ပါတယ် ဆရာကျို့!”

“ကျေးဇူးတင်တာကို ခဏထားဦး။ တကယ်လို့ ရလဒ်က မကောင်းခဲ့ရင်တော့ မုန့်ယွမ် လာပြောတဲ့အခါ ငါ့အစား မင်းပဲ ဝင်ရှင်းပေးရမယ်နော်။ ငါကတော့ အပြစ်အတင် မခံနိုင်ဘူး!”

“ဟုတ်ကဲ့!”

***

နေ့လယ်ပိုင်းတွင် နောက်ဆုံးသီချင်းကို အသံသွင်းပြီးသည့်နောက် ယွီနျန့်သည် နားကြပ်ကို ချွတ်လိုက်ပြီး ဝန်ထမ်းများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုသည်။ သူ အသံသွင်းခန်းထဲမှ ထွက်လာပြီး ခဏ ငြိမ်သက်စွာ စောင့်နေလိုက်သည်။ ကျို့မင်သည် ခုနက အသံသွင်းထားသော အသံကို နားထောင်ပြီးနောက် ခေါင်းမော့မလာဘဲ ဆိုသည်။

“ခုနက မင်းရဲ့ အခြေအနေက တော်တော်ကောင်းတယ်။ အချိန်ရတုန်း အနားယူထားလိုက်ဦး။ မနက်ဖြန် MV ရိုက်ကူးရေး စမှာဆိုတော့ အချိန်မနှောင့်နှေးအောင် ဂရုစိုက်”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာကျို့!”

မှာထားသည့် ပါဆယ် ထမင်းဘူး ရောက်လာပြီ ဖြစ်ရာ ရှီရို့က သူ့ကို စောင့်နေသည်။ ယွီနျန့်သည် တစ်ခါသုံး တူကို ဖောက်လိုက်ပြီး ရှီရို့၏ မျက်နှာမှာ တစ်ခုခုကို ပြောချင်သလို ဖြစ်နေသည်ကို တွေ့ရသဖြင့် အလိုက်တသိ ပြုံးကာမေပေးလိုက်သည်။

“အစ်မရှီရို့... ဒီနေ့ ဘာသတင်းတွေ ထူးသေးလဲဟင်။”

ရှီရို့သည် ထိုမေးခွန်းကို စောင့်နေခြင်း ဖြစ်ရာ ယွီနျန့် မေးလိုက်သည်နှင့် တပြိုင်နက် အလျင်အမြန်ပင် ပြောပါတော့သည်။

“ထူးတာပေါ့၊ ထူးတာပေါ့! အစ်ကိုမုန့် ခန့်မှန်းတာ တကယ်မှန်တယ်။ လီယင်အတွက် သီချင်းရေးပေးတဲ့ ယောင်ယန်က အခု ရွှီယာလင်ကို ပစ်မှတ်ထားပြီး အပုပ်ချနေပြီ!”

ယွီနျန့်က ပြန်စဉ်းစားကြည့်လိုက်ရာ ရွှီယာလင်သည် ‘Sound of Nature’ ၏ နောက်ဆုံးပိုင်းတွင် ယွီနျန့်၊ ရှားမင်ရှီး၊ လင်းရှန့်တို့နှင့်အတူ ပါဝင်ခဲ့သူ ဖြစ်၏။ ရွှီယာလင်မှာ ဒုတိယဆု ရရှိခဲ့သည်။ သူမအပေါ် ယွီနျန့်၏ အထင်အမြင်မှာ အေးအေးဆေးဆေး နေတတ်ပြီး အသံမှာလည်း ထူးခြားအေးစက်ကာ ဖောက်ထွက်နိုင်စွမ်း အားကောင်းသည်။

“ဘာတွေ ဖြစ်ကုန်တာလဲဟင်။”

“ရွှီယာလင်ရဲ့ ‘Sound of Nature’ အစီအစဉ်ပြီးသွားတော့ ကိုယ်တိုင်ရေးတဲ့ Single သီချင်းတစ်ပုဒ် ထွက်လာတယ်လေ။ လွန်ခဲ့တဲ့ရက်ပိုင်းက ယောင်ယန်က အရိပ်အမြွက် ပြောခဲ့တယ်မလား။ အခုတလော နာမည်ကြီးနေပြီး ပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာနေတဲ့ အဆိုတော်သစ်တွေရဲ့ သီချင်းတွေက တခြားသူရေးပေးတာ ဖြစ်နိုင်တယ်ဆိုပြီးတော့လေ။ အဲဒါကို လူတချို့က ရွှီယာလင်ကို ပစ်မှတ်ထားပြီး သူမသီချင်းက သူမကိုယ်တိုင်ရေးတာမဟုတ်ဘဲ နာမည်ပဲ ငှားခံထားတာလို့ စွပ်စွဲနေကြတာ။ ယောင်ယန်ကလည်း အဲဒီ Weibo ပို့စ်ကို သွားပြီး Like ပေးခဲ့သေးတယ်”

“အကြောက်ရဆုံးက ‘ဖြစ်နိုင်ခြေရှိတယ်’ ဆိုတဲ့ စကားပဲ”

ရှီရို့က ခေါင်းညိတ်ပြီး

“ဟုတ်ပါ့၊ ခိုင်လုံတဲ့ သက်သေလည်း မရှိဘဲ ပါးစပ်ကရှိတိုင်း လျှောက်ပြောနေကြတာ။ ရွှီယာလင်ခမျာ စိတ်တိုလွန်းလို့ ငိုတောင်ငိုရတယ်။ ဒါပေမဲ့ လူတော်တော်များများက အဲဒါကို ယုံပြီး သူမရဲ့ Weibo မှာ သွားပြီး လှောင်ပြောင်နေကြတုန်းပဲ။”

ရှီရို့ ထမင်းကို တူနဲ့ ထိုးဆွရင်း စိတ်မသက်မသာ ဆိုသည်။

“တို့ဆီကိုသာ ဒီကိစ္စတွေ ကူးမလာဖို့ ဆုတောင်းရမှာပဲ။ မဟုတ်ရင် အပုပ်ချတဲ့သူတွေ ထပ်ပြီး သောင်းကျန်းကြဦးမယ်”

“စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး”

***




#ရွှီယာလင် Ghostwriting# ဆိုသည့် ခေါင်းစဉ်မှာ Hot Search တွင် နှစ်ရက်တိုင်တိုင် ရေပန်းစားနေခဲ့သည်။ နောက်ဆုံးတွင် ကုမ္ပဏီဘက်မှ ဤသီချင်းသည် ရွှီယာလင် ကိုယ်တိုင်ရေးသားခြင်းဖြစ်ကြောင်းနှင့် မည်သည့် Ghostwriting မျှ မရှိကြောင်း၊ အသရေဖျက်မှုများကို ဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။

ထိုအချိန်တွင် ယွီနျန့်မှာ Florence ၏ ဘရန်းပွဲတစ်ခုသို့ တက်ရောက်နေပြီး ပရိသတ်များစွာလည်း ရောက်ရှိနေကြသည်။ ယွီနျန့်သည် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော လက်ဆောင်ဗူးပေါ်တွင် လက်မှတ်ရေးထိုးပြီး ကံစမ်းမဲဖောက်ရန် စီစဉ်သူများထံ ပေးအပ်လိုက်သည်။

သူသည် စင်ပေါ်မှ ဆင်းလာပြီး မဲနှိုက်မည့် ရလဒ်ကို စောင့်နေခိုက် ရှီရို့က သူ့နောက်တွင် ရပ်လျက် တိုးတိုးလေးကပ်ပြောလာသည်။

“နျန့်နျန့်... အခြေအနေက တစ်ခုခုတော့ လွဲနေပြီ”

ယွီနျန့်သည် မျက်နှာတွင် အပြုံးမပျက်စေဘဲ စင်ပေါ်ရှိ စခရင်ကြီးကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြန်မေးသည်။

“ဘာဖြစ်လို့လဲဟင်။”

“Tomato Forum မှာ မင်းအကြောင်း ပို့စ်တစ်ခု တက်လာတယ်။ နာရီဝက်အတွင်းမှာတင် လူကြည့် တအားများသွားတာ။ အစ်ကိုမုန့်ဆီ ကျွန်မ ဆက်သွယ်ထားပေမဲ့ သူ ပြန်မဖြေသေးဘူး”

ထိုစဉ် တင်ဆက်သူက ကြေညာလိုက်သည်။

“Florence မိတ်ကပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယွီနျန့်ကို ကံထူးရှင်တွေဆီ လက်ဆောင်ပေးအပ်ဖို့ စင်ပေါ်ကို ပြန်လည် ဖိတ်ခေါ်ပါတယ်!”

ယွီနျန့်သည် သူ၏ အရောင်ဖျော့ဖျော့ အပေါ်ထည်ကို ပြန်ပြင်လိုက်ပြီး စင်ပေါ်သို့ တစ်ဖန် တက်လှမ်းသွားသည်။

ကံထူးရှင် သုံးဦးမှာ မိန်းကလေး နှစ်ဦးနှင့် မျက်မှန်တပ်ထားသော ယောင်္ကျားလေး တစ်ဦး ဖြစ်သည်။ တင်ဆက်သူက ထိုယောင်္ကျားလေးကို ကျီစယ်လိုက်သည်။

“ဒီက လူချောလေးက ဒီနေ့ သူ့ရည်းစားအတွက် မိတ်ကပ်လာဝယ်ပေးတာလားဗျ။”

မျက်မှန်တပ်ထားသော ကောင်လေးမှာ အတော်ပင် ပွင့်လင်းရိုးသားသည်။ သူက မိုက်ကရိုဖုန်းကို ယူလိုက်ပြီး

"မဟုတ်ပါဘူး၊ ကျွန်တော့်မှာ ရည်းစားမရှိပါဘူး၊ လူပျိုပါပဲ။ ကျွန်တော်တို့ အဆောင်ခန်းထဲက လူ ခြောက်ယောက်လုံးကို ကိုယ်စားပြုပြီး ယွီနျန့်ကို လာကြည့်တာပါ။ အခုလို ကံစမ်းမဲ ပေါက်လိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး" ဟု ဖြေကြားလိုက်သည်။

တင်ဆက်သူက ဆက်၍

"အဆောင်ခန်းထဲက ခြောက်ယောက်လုံးကို ကိုယ်စားပြုတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဗျ၊ ရှင်းပြပေးလို့ ရမလား။"

"ဟုတ်ကဲ့၊ ကျွန်တော်တို့ အခန်းထဲက ခြောက်ယောက်လုံး ကြိုက်နေတဲ့ မိန်းကလေးတွေကလေ... အားလုံးက ယွီနျန့်ကိုပဲ ကြိုက်နေကြတာဗျ။ ကျွန်တော်တို့က မခံချင်စိတ်နဲ့ အားလုံးတိုင်ပင်ပြီး ကျွန်တော်ကပဲ ကိုယ်တိုင်လာကြည့်မယ်ဆိုပြီး ထွက်လာခဲ့တာ"

ထိုစကားကြောင့် ပရိသတ်များမှာ ဝါးခနဲ ရယ်မောကြတော့သည်။ တင်ဆက်သူက

"ဒါဆို လူကိုယ်တိုင် မြင်ရပြီးတဲ့နောက်မှာရော ဘာများ ပြောချင်သေးလဲ။" ဟု ထပ်မေးသည်။

ကောင်လေးက သူ့ရဲ့ မျက်မှန်အနက်လေးကို ပြန်ပြင်လိုက်ပြီး

"ကျွန်တော်ပါ Fan ဖြစ်သွားပြီ ထင်တယ်ဗျ" ဟု ဖြေလိုက်ရာ ရယ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ယွီနျန့်က မိုက်ကရိုဖုန်းကို ယူလိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"တကူးတက လာကြည့်ပေးတဲ့အတွက် အလုပ်ရှုပ်သွားစေပါပြီ"

ပွဲပြီးသွားသည်နှင့် တပြိုင်နက် #အဆောင်နေသူငယ်ချင်းတွေကိုယ်စား ယွီနျန့်ကိုလာကြည့်ခြင်း# ဆိုသည့် ခေါင်းစဉ်မှာ Hot Search တွင် နေရာယူသွားပြီး မှတ်ချက်များတွင်လည်း "ဟားဟား" များ၊ အီမိုဂျီမျိုးစုံနှင့် ပြည့်နှက်နေသည်။ ပရိသတ်အများအပြားကလည်း

"အချစ်ပြိုင်ဘက်ကို လာကြည့်ရင်းကနေ Fan ဖြစ်သွားရတာ ဘယ်လို ခံစားချက်မျိုးလဲ။"

"နျန့်နျန့်ရေ... မင်းရဲ့ ဆွဲဆောင်မှုတွေကို လျှော့ပါဦး!" စသည်ဖြင့် ရေးသားကြသည်။

တစ်ချိန်တည်းမှာပင် ယွီနျန့်သည် ရှီရို့ ပြောပြသော ပို့စ်ကိုလည်း မြင်တွေ့လိုက်ရသည်။

ယွီနျန့်မှာ ပွဲတက်ပြီးခါစဖြစ်၍ အဝတ်အစားပင် မလဲရသေးပေ။ ရှီရို့က သူ့ထံသို့ ရေနွေးဗူးလေး ကမ်းပေးရင်း အခြေအနေကို ရှင်းပြသည်။

"ဒီပို့စ် တက်လာတာ မကြာသေးပေမဲ့ ယောင်ယန်က လီယင်အတွက် ရေးပေးခဲ့တဲ့ကိစ္စနဲ့ ရွှီယာလင်ရဲ့ ပတ်သက်မှုတွေကြောင့် လူစိတ်ဝင်စားမှုကတော့ မြင့်တက်နေတုန်းပဲ"

ယွီနျန့်သည် ရေနွေးအိုးကို ကိုင်ထားရင်း ထိုပို့စ်ကို ဝင်ရောက်ဖတ်ရှုလိုက်သည်။

"ကျွန်တော်ကတော့ ဘာမှမသိတဲ့ သာမန်ဘေးလူ တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆရာယောင်က Weibo မှာ တင်ခဲ့တယ်လေ... အခုတလော နာမည်ကြီးနေတဲ့ ပါရမီရှင် အဆိုတော်သစ်တွေထဲမှာ Ghostwriting လုပ်နေတဲ့သူတွေ ရှိတယ်ဆိုတာ။ ကျွန်တော်လည်း အဲဒီအကြောင်းကို တွေးကြည့်ပြီး သဲလွန်စတွေ ရှာကြည့်မိတယ်။ အမှန်တော့ ဒါက အတော်လေး သိသာသော်လည်း ဘယ်သူမှ ဒီလူနှစ်ယောက်ကို ချိတ်ဆက်မကြည့်မိကြဘူး။ ကျွန်တော် စကားတွေ အများကြီး ပတ်မပြောတော့ဘူး၊ တည့်တည့်ပဲ ပြောလိုက်ပါ့မယ်။ အဲဒါကတော့ ယွီနျန့် နဲ့ စီနင်း (Si Ning) ပါပဲ။"

ပို့စ်အောက်ရှိ မှတ်ချက်များတွင် အငြင်းပွားမှုများဖြင့် ဆူညံသွားပါတော့သည်။




[ဒီပို့စ်တင်တဲ့သူမှာ ခိုင်လုံတဲ့ သက်သေရှိလို့လား။ မရှိရင် လျှောက်မအော်နဲ့လေ! ဒါက နာမည်ကြီးချင်လို့ အသားယူတာလို့ပဲ သတ်မှတ်ရမှာပဲ!]

[ပို့စ်တင်တဲ့သူဘက်က ထောက်ခံတယ်။ တခြားသူရဲ့ ကြိုးစားအားထုတ်မှုကို ခိုးယူပြီး ကိုယ့်ရဲ့ ပုံရိပ်ကောင်းအောင် လုပ်တဲ့သူတွေဟာ လူရှေ့ထွက်လာပြီး ဒူးထောက်တောင်းပန်သင့်တယ်!]

[ဒီလိုပြောတော့လည်း တစ်ခုခုတော့ ရှိနေသလိုပဲနော်! သက်သေတွေကို စောင့်ကြည့်ရအောင်!]

ပို့စ်တင်သည့်သူက ဆက်လက်၍ ဤသို့ ရေးသားထားသည်။

“စီနင်းဆိုတာ သီချင်းရေးသားတဲ့ လောကမှာ ကြာပြီဖြစ်ပြီး ထိပ်တန်းပါရမီရှင်တစ်ဦးလို့ ဂုဏ်ယူနိုင်တဲ့သူဆိုတာ အားလုံးသိကြတယ်။ ဒါပေမဲ့ သူက အမြဲတမ်း လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာ။ ယွီချင်းအတွက် သီချင်းပေါင်း တစ်ဒါဇင်ကျော် ရေးပေးခဲ့ပြီး သီချင်းတိုင်းကလည်း ပေါက်ခဲ့တယ်။ ပြောရရင် စီနင်းသာ မရှိရင် ယွီချင်းဟာ ဒီလောက်အထိ အောင်မြင်မှုရမှာ မဟုတ်ဘူး။ ဒါ့အပြင် ရွှီရှန့်လန်ရဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းကိုလည်း စီနင်းက ရေးပေးပြီး ယွီချင်းက သီဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးတယ်။

ဒီမှာ မေးစရာရှိလာပြီ။ စီနင်း လူရှေ့ထွက်ပြတာကို ငါတို့ထဲက တစ်ယောက်ယောက် မြင်ဖူးလို့လား။ မရှိပါဘူး၊ တစ်ခါမှ မမြင်ဖူးကြဘူး။ ပြီးတော့ ယွီချင်းနဲ့ ယွီနျန့်ဟာ မောင်နှမတွေဖြစ်တာကိုလည်း ငါတို့ အားလုံး သိထားကြတယ်။ ငါလည်း သံသယဖြစ်လာတာနဲ့ ယွီနျန့်ရဲ့ အချက်အလက်တွေကို လိုက်စစ်ကြည့်လိုက်တော့။ သူက နာမည်ကြီး နင်ချန်တက္ကသိုလ်က ဘွဲ့ရခဲ့တာ။ သမိုင်းအထူးပြုဖြစ်ပြီး ဖျော်ဖြေရေးလောကနဲ့ ဘာမှမပတ်သက်ဘူး။

ငါလည်း သူ့ရဲ့ သီချင်းတွေကို ထပ်ပြီး လေ့လာကြည့်မိတယ်။ 'Sound of Nature' မှာ သူကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ သီချင်းနဲ့ 'To Tell the Truth' မှာ ချက်ချင်းရေးပြီး ဆိုပြခဲ့တယ်ဆိုတဲ့ သီချင်းတွေကို လေ့လာကြည့်တဲ့အခါမှာတော့ တကယ်ကို မသင်္ကာစရာကောင်းတဲ့ အချက်တွေကို တွေ့လိုက်ရတယ်။

ပထမပုံနှစ်ပုံကတော့ စီနင်းရဲ့ သီချင်းစာသားနဲ့ တေးဂီတ ဖန်တီးတဲ့ အလေ့အထတွေ၊ ကာရန်ယူပုံတွေနဲ့ သူနှစ်သက်တဲ့ သံစဉ်စည်းချက်တွေအပေါ် ငါ့ရဲ့ ဆန်းစစ်ချက်တွေပဲ။]

နောက်ဆုံးပုံကတော့ ယွီနျန့်၏ သီချင်းနှစ်ပုဒ်ကို ဆန်းစစ်ထားတာ ဖြစ်ပြီး ရလဒ်တွေကတော့ တကယ့်ကို အံ့ဩစရာကောင်းလှသည်။ ထိုပို့စ်အောက်တွင် ဝေဖန်သံများ ပိုမိုပြင်းထန်လာပါတော့သည်။

[သတင်းထူးပဲ! တကယ်ပဲ Ghostwriting လုပ်နေတာပေါ့! ဆရာယောင်ကတော့ အတွင်းရေးတွေကို တကယ်သိတာပဲ!]

[ဖျော်ဖြေရေးလောကက တကယ်ကို မသန့်ရှင်းဘူးပဲ။ ဒီစီနင်းဆိုတဲ့သူကလည်း လူရှေ့တစ်ခါမှ ထွက်မလာဘူးဆိုတော့ ဒီမောင်နှမနှစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံနေရတာလား။ ယွီနျန့်က ပါရမီရှင် သီချင်းရေးဆရာပုံစံမျိုးနဲ့ ဟန်ဆောင်နေပြီး စီနင်းက သူ့အတွက် သီချင်းတွေ အမြဲရေးပေးနေတာပေါ့။ သေသေချာချာ စဉ်းစားကြည့်ရင် တကယ့်ကို ကြောက်စရာကောင်းတယ်!]

[သက်သေကတော့ ခိုင်လုံသွားပြီ! ယွီနျန့်ရဲ့ ပရိသတ်တွေ အခုတော့ မျက်နှာပျက်နေပြီလား။ သူ ချက်ချင်းရေးပြတဲ့ သီချင်းတွေက တအားကောင်းတယ်ဆိုပြီး လိုက်ပြောနေကြသေးတယ်။ ဒါက ကြိုရေးထားပြီးမှ ချက်ချင်းရေးသလို ဟန်ဆောင်တာ သိသာလွန်းတယ်! လူသိရှင်ကြား တောင်းပန်ဖို့ စောင့်နေမယ်!]

ယွီနျန့်သည် ခေါင်းငုံ့ကာ ဖတ်ရှုနေသည်။ ရှီရို့က ဖုန်းကို ယူလိုက်ပြီး

“ဟိုလေ... နျန့်နျန့်၊ ခုနလေးတင်ပဲ ယောင်ယန်က ဒီပို့စ်ကို ပြန်ပြီး Share လိုက်တယ်”

ယွီနျန့်က မော့ကြည့်လိုက်သည်။

"သူ ဘာပြောလိုက်လို့လဲ။"

ရှီရို့က ဖုန်းကို ပြန်ကြည့်ပြီး "သူ ပြန်ဖြေလိုက်တယ်" ဟု ဆိုသည်။

ယွီနျန့်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး "သူ ဘာပြန်ပြောတာလဲ။" ဟု မေးသည်။

"ဟုတ်တယ်၊ သူက ထုံးစံအတိုင်း မရေမရာတဲ့ သဘောထားမျိုးပဲ ပြနေတာ။ ဒီလိုမျိုး ပရိယာယ်သုံးတာက သေချာပေါက် အတည်မပြုနိုင်ခဲ့ရင်တောင် သူ့စကားအတွက် တာဝန်ယူစရာ မလိုအောင် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပဲ။ တကယ်ကို ကောက်ကျစ်တာပဲ"

ထိုအချိန်တွင် ရှားမင်ရှီးကလည်း ဖုန်းဆက်လာသည်။ ဖုန်းဝင်လာသည်နှင့် တပြိုင်နက် သူက ဒေါသတကြီး ပေါက်ကွဲပါတော့သည်။

"တောက်... ဟို ယောင်ဆိုတဲ့လူက ဘာဖြစ်နေတာလဲ။ သူ့ရဲ့ နည်းလမ်းတွေက ဘာလို့ ဒီလောက် ရွံစရာကောင်းနေရတာလဲ!"

"မင်းလည်း မြင်လိုက်တာလား။"

"မြင်တာပေါ့၊ ငါ့မန်နေဂျာက ဒီရက်ပိုင်း ဒီကိစ္စကို တအားစိတ်ဝင်စားနေတာလေ။ ပြဿနာတစ်ခုခု တက်တာနဲ့ ငါ့ကို ချက်ချင်းပြောတယ်။ ဒါပေမဲ့ အဲဒီ ယောင်ဆိုတဲ့ကောင်က မင်းကိုပါ ပစ်မှတ်ထားလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး! အမှုစစ်ဖို့ဆိုတာ ရဲရဲ့အလုပ်လေ။ သက်သေကရော ဘယ်မှာလဲ။! သူက ဘာလို့ လျှောက်အော်နေရတာလဲ။"

ရှားမင်ရှီးက အသံကို နှိမ့်လိုက်ပြီး

"ပြီးတော့ ငါ့မန်နေဂျာ ပြောပြတာက Tomato Forum က ပို့စ်အများစုဟာ ယောင်ယန်ကိုယ်တိုင် တင်ထားတာတဲ့! ဒါက အရင်ကတည်းက သုံးနေကျ နည်းလမ်းဟောင်းကြီးပဲ!"

သူက အေးအေးဆေးဆေး လေသံဖြင့် ထပ်မံမေးမြန်းသည်။

"နျန့်နျန့်... မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ ငါကြည့်ရသလောက်တော့ ယောင်ယန်က မင်းကိုသုံးပြီး နာမည်ကြီးချင်ရုံတင်မကဘူး။ တစ်စုံတစ်ယောက်က မင်းကို သီးသန့် ပစ်မှတ်ထားနေသလိုပဲ!"

"စိတ်မပူပါနဲ့၊ ငါ အစ်ကိုမုန့်နဲ့ စကားပြောလိုက်ပါ့မယ်"

"အေးပါ။ ဘာပဲဖြစ်ဖြစ် အကူအညီလိုရင် ငါ့ကို ဖုန်းဆက်လိုက်နော်! ငါ မင်းကို ယုံတယ်"

ယွီနျန့်၏ နှုတ်ခမ်းထက်မှ အပြုံးမှာ ပိုမိုကျယ်ပြန့်လာပြီး "အင်း... ကျေးဇူးပါပဲ မင်ရှီး" ဟု ပြောလိုက်သည်။

ဖုန်းချလိုက်သည်နှင့် ရှီရို့က ယွီနျန့်ကို ဖုန်းစခရင် ပြလိုက်သည်။ စခရင်ပေါ်တွင် #ယွီနျန့် Ghostwriting# နှင့် #စီနင်း# ဆိုသည့် hashtags နှစ်ခုစလုံးက Hot Search တွင် တစ်ခုပြီးတစ်ခု တက်လာနေသည်။

ရှီရို့က ဒီလိုအခြေအနေမျိုးကို ရိုးအီနေပြီ ဖြစ်ရာ

"ဒီလောက် မြန်မြန်ဆန်ဆန် တက်လာဖို့ မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က ငွေပေးပြီး တင်လိုက်တာ သေချာတယ်" ဟု သုံးသပ်သည်။

ယွီနျန့်သည် အဆင့် ၅ နှင့် ၆ နေရာတွင် ရှိနေသော hashtags နှစ်ခုကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ဖြစ်ရသည်။

"ကိုယ့်ကိုယ်ကိုယ်နဲ့အတူ Hot Search တက်ရတဲ့ အတွေ့အကြုံမျိုး ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

"ကိုယ့်ကိုယ်ကိုယ်နဲ့အတူ ဆိုတာ ဘာကို ဆိုလိုတာလဲ။"

ထိုအချိန်တွင် ယွီနျန့်သည် မုန့်ယွမ်ဆီသို့ ဖုန်းဆက်လိုက်ပြီ ဖြစ်သည်။ ဖုန်းဝင်သွားသည်နှင့် မုန့်ယွမ်က

"ငါလည်း မင်းဆီ ဖုန်းဆက်မလို့ပဲ၊ ပွဲပြီးပြီလား။ သတင်းတွေ ကြားပြီလား။"

"ဟုတ်ကဲ့။ ပွဲကတော့ ချောချောမောမောပဲ ပြီးသွားပါပြီ။ အစ်မရှီရို့လည်း သတင်းတွေ ပြောပြလို့ သိရပါတယ်။"

ယွီနျန့်က အနည်းငယ် အားနာဟန်ဖြင့်

"အစ်ကိုမုန့်... အမှန်တော့ ကျွန်တော် အစ်ကို့ကို တစ်ခု ဖုံးကွယ်ထားမိတယ်၊ အခုထိ ထုတ်မပြောဖြစ်ခဲ့ဘူး"

မုန့်ယွမ်၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုန်ခါသွားသည်

"နေဦး၊ ငါ့ကိုယ်ငါ အရင်ပြင်ဆင်ပါရစေဦး။ အဆိုးဆုံး အခြေအနေက... မင်း တကယ်ပဲ စီနင်းကို သီချင်းခိုင်းရေးခဲ့တာလား။"

ရှီရို့လည်း ထိုစကားကို သဲ့သဲ့ကြားရသဖြင့် စိတ်လှုပ်ရှားသွားသည်။



"မဟုတ်ပါဘူး။ Ghostwriting ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က စီနင်း ဖြစ်နေလို့ပါ"


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...