Skip to main content

47




အခန်း (၄၇) ပညာရေးကို ထိခိုက်စေနိုင်တဲ့ ဘေးပန်းအလုပ်


ရှီရို့၏ လက်ထဲမှ ဖုန်းမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပါတော့သည်။ ခဏအကြာတွင် မုန့်ယွမ်၏ အသံမှာ ဖုန်းလက်ခံစက်ထဲမှ စိတ်လှုပ်ရှားသံအပြည့်နှင့် ထွက်ပေါ်လာသည်။

"တကယ်ပါပဲ... နေ့တိုင်းက အံ့ဩစရာတွေနဲ့ချည်း ပြည့်နှက်နေတာပဲ..."

ရှီရို့မှာ သူမ ခုနကကြားလိုက်ရသည်မှာ နားကြားမှားခြင်းလားဟု သံသယဝင်ကာ သတိထားပြီး မေးလိုက်သည်။

"နျန့်နျန့်... မင်းက တကယ်ပဲ စီနင်းလား။"

"ဟုတ်ကဲ့၊ အစ်မယွီချင်းအတွက် သီချင်းတွေရေးပေးပြီး မကြာခင်က ‘Ancient Road’ ဇာတ်ဝင်သီချင်းကို ဖန်တီးခဲ့တဲ့ စီနင်းအကြောင်း ပြောတာဆိုရင်တော့ အဲဒါ ကျွန်တော်ပါပဲ"

မုန့်ယွမ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အမိန့်ပေးလိုက်သည်။

"အခုပဲ! ချက်ချင်း! ကုမ္ပဏီကို အခုချက်ချင်း ပြန်လာခဲ့!"

တစ်နာရီအကြာတွင် ရုံးခန်းအတွင်း၌ မုန့်ယွမ်သည် အငွေ့တထောင်းထောင်းထနေသော ကာရာမဲလ်လတ်တေး ခွက်ကို ကိုင်ထားရင်း ယွီနျန့်ကို သေသေချာချာ စိုက်ကြည့်ကာ အကဲခတ်နေသည်။ ယွီနျန့်မှာ အနေခက်လာသဖြင့် ထိုင်ပုံကို ပြင်လိုက်ပြီး

"အစ်ကိုမုန့်... ဘာတွေကြည့်နေတာလဲဟင်။"

"မင်းမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ပါနေသလားလို့ ကြည့်နေတာလေ!"

မုန့်ယွမ်က သက်ပြင်းချရင်း ရင်ဖွင့်သည်။

"ငါ ဖုန်းချပြီးတာနဲ့ ရုံးခန်းထဲမှာ အားရပါးရ သုံးကြိမ်လောက် အော်ရယ်မိတယ်။ ရင်ထဲမှာ အတော်လေးကို ပေါ့ပါးသွားတာပဲ!ကဲ... အခုတော့ အလုပ်အကြောင်း ပြောရအောင်။ မင်း ဘာဖြစ်လို့ သီချင်းတွေ လျှောက်ရေးနေရတာလဲဆိုတာ ငါ့ကို မြန်မြန်ရှင်းပြဦး"

"ဒါက ဝါသနာတစ်ခုပါပဲ။ အထက်တန်းကျောင်းတုန်းက ကိုယ့်ဘာသာ သီချင်းလေးတွေ ပေါ့ပေါ့ပါးပါး ရေးဖြစ်ခဲ့တယ် ။ လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော့်အဘွား ဆုံးသွားတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တာ။ အဲဒီအချိန်မှာ အသုံးစရိတ်တွေက အများကြီးရှိလာပြီး စုဆောင်းထားတာတွေလည်း ကုန်ခါနီးပြီလေ။ အဲဒါနဲ့ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး၊ ပိုက်ဆံရှာရမယ်လို့ တွေးမိတာပေါ့"

"ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်က ကျောင်းတက်နေတုန်းဆိုတော့ ဘယ်လိုပိုက်ဆံရှာရမလဲဆိုတာ မသိသေးဘူး။ အဲဒီမှာ တစ်နေ့တော့ အစ်မက ကျွန်တော့်အိမ်ကို လာလည်ရင်း ကျွန်တော်ရေးထားတဲ့ သီချင်းမူကြမ်းကို မြင်သွားတာ။ သူက အပိုင်းအစတချို့ကို ညည်းကြည့်ပြီး နားထောင်လို့ကောင်းတယ်ဆိုပြီး သူ့အတွက် အပြည့်အစုံ ရေးပေးဖို့ တောင်းဆိုခဲ့တာ။ အဲဒီညမှာပဲ ကျွန်တော် အပြီးရေးပြီး သူ့ကို ပေးလိုက်တယ်။ သူက သူ့မန်နေဂျာကို ပြလိုက်တော့ မန်နေဂျာက ကျွန်တော့်ကို ဆက်သွယ်ပြီး သဘောတူတယ်လို့ ပြောလာခဲ့တာပဲ"

မုန့်ယွမ်က ကြားဖြတ်မေးလိုက်သည် ။

"အဲဒီကနေစပြီး ယွီချင်းအတွက် သီချင်းတွေ ဆက်ရေးပေးခဲ့တာပေါ့။"

"ဟုတ်ကဲ့၊ အဲဒီအချိန်မှာ ကျွန်တော့်ဆီမှာ အချောသတ်ထားတာရော၊ တစ်ဝက်တစ်ပျက်တွေရော သီချင်းအတော်များများ ရှိနေပြီ။ အဲဒါတွေကို စုစည်းပြီး အစ်မကို ရွေးခိုင်းလိုက်တာ။ သိပ်မကြာခင်မှာပဲ အစ်မက 'Nothing to Lose' ဆိုတဲ့ အယ်လ်ဘမ်သစ်ကို ထွက်ခဲ့တာပေါ့"

"ငါ သိတာပေါ့၊ 'Nothing to Lose' က အဲဒီတုန်းက ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ပဲလေ။ လူအတော်များများကလည်း 'စီနင်း' ဆိုတဲ့ သီချင်းရေးဆရာက ဘယ်သူလဲဆိုတာကို သိချင်နေခဲ့ကြတာ၊"

မုန့်ယွမ်က အတိတ်ကို ပြန်သတိရဟန်ဖြင့် ပြောသည်။

"ယွီချင်းက သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်နှစ်ခုတုန်းက သိပ်ပြီး နာမည်မကြီးခဲ့သော်လည်း 'Nothing to Lose' ထွက်ပြီးမှ အဆိုတော်တစ်ယောက်အနေနဲ့ အကြီးအကျယ် ပေါက်သွားတာလေ"

ကော်ဖီပူပူကို တစ်ငုံသောက်ပြီးနောက် မုန့်ယွမ်က ဆက်မေးသည်။

"အဲဒီတုန်းက မင်းအသက်က ဘယ်လောက်လဲ။ ဆယ့်ရှစ်နှစ်လား။"

“ဟုတ်ကဲ့၊ ဆယ့်ရှစ်နှစ်ပါ။”

မုန့်ယွမ်က သူ့ကို သေသေချာချာ အကဲခတ်နေသည်ကို မြင်သောအခါ ယွီနျန့်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

“အဲဒီတုန်းက ကျွန်တော်က ငယ်သေးတယ်လေ။ အစ်မက ပြောတယ်... သီချင်းရေးတယ်ဆိုတာ အတွေ့အကြုံပေါ်မှာလည်း မူတည်တယ်တဲ့။ အရမ်းငယ်နေရင် လူတွေက အယုံအကြည်မရှိဘဲ အထင်သေးတာမျိုး၊ အနိုင်ကျင့်တာမျိုး ဒါမှမဟုတ် ကိုယ့်လက်ရာအပေါ်မှာရှိတဲ့ အခွင့်အရေးတွေကိုပါ ထိပါးတာမျိုး ခံရနိုင်တယ်လို့ ပြောတယ်။”

“အဲဒါတော့ ဟုတ်တယ်။ အဲဒါကြောင့်ပဲ မင်းက လျှို့ဝှက်ထားပြီး နာမည်အရင်းကို မသုံးခဲ့တာလား။”

“ဟုတ်ကဲ့။ ပြီးတော့ အဲဒီအချိန်မှာ ကျွန်တော်က ကျောင်းတက်နေတုန်းဆိုတော့ ဒီဘေးပန်းအလုပ်က ပညာရေးကို မထိခိုက်စေချင်ဘူးလေ။ အဲဒါကြောင့် အစ်မတစ်ယောက်တည်းအတွက်ပဲ သီချင်းရေးပေးပြီး တခြားဘယ်သူ့ကိုမှ လက်မခံခဲ့ဘူး။ အစ်မကလည်း ကျွန်တော့်ကို သေချာကာကွယ်ပေးထားတော့ ‘စီနင်း’ က ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြတာပါတယ်။”

“ငါကလည်း မင်းရဲ့ပုံပြင်ကို ယုံမိသွားတယ်! ဘယ်လို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ကြီးလဲဗျာ။ ဒီလောကထဲကလူတွေ ဘာပြောနေကြလဲ မင်းသိလား။ စီနင်းက သီချင်းထွက်တာ နည်းတယ်။ ဒါပေမဲ့ ထွက်လာသမျှ သီချင်းတိုင်းက အရည်အသွေး အရမ်းမြင့်တယ်တဲ့။ အဲဒီလို သီချင်းမျိုးက အလွယ်တကူ ရေးလို့မရဘူးလေ။ မင်းမှာ အမှားမူကြမ်းတွေ အများကြီးရှိနေလို့ ဒါမှမဟုတ် မင်းက သီချင်းရေးတာ အရမ်းနှေးလို့ ဖြစ်ရမယ်လို့ အားလုံးက ထင်နေကြတာ!”

သူသည် စားပွဲကို ဗုန်းခနဲ ရိုက်လိုက်ရာ ကော်ဖီခွက်လေးပင် အတူတူ တုန်ခါသွားသည်။ သူ အံ့ဩမဆုံး ဖြစ်နေဆဲပင်။

“ဒါပေမဲ့ အမှန်တရားက ဘာတဲ့။ မင်းက ကျောင်းတက်နေလို့ ဘေးပန်းအလုပ်က ကျောင်းစာကို မထိခိုက်စေချင်လို့ ဟုတ်လား။ ငါ့ကို နောက်နေတာလား။”

“တကယ်ပါဗျာ၊”

ယွီနျန့်က ဆက်ရှင်းပြသည်။

“ကျွန်တော် တက္ကသိုလ်မှာ သမိုင်းအထူးပြုနဲ့ တက်နေတာ။ အဲဒီမှာ ကျွန်တော့်ကို အရမ်းတန်ဖိုးထားတဲ့ ပရော်ဖက်ဆာတစ်ယောက် ရှိတယ်။ သူက သူ့ရဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းဖို့ ကျွန်တော့်ကို တပည့်ရင်းအဖြစ် မွေးမြူချင်တာလေ။ အဲဒါကြောင့် သူက ကျွန်တော့်ကို ကျောင်းစာတွေ အများကြီး ပေးထားသလို ဆွေးနွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာ ညီလာခံတွေဆီကိုလည်း အမြဲခေါ်သွားတတ်တယ်။ ကျွန်တော် ဘွဲ့ရပြီးနောက် အဆိုတော်အဖြစ် ဖျော်ဖြေရေးလောကထဲ ဝင်မယ်လို့ ဆုံးဖြတ်လိုက်တော့ ပရော်ဖက်ဆာက ကျွန်တော့်ကို စိတ်ဆိုးနေတာ အတော်ကြာသွားတယ်။”

“ဪ...”

မုန့်ယွမ် ဘာမျက်နှာထားရမှန်းပင် မသိတော့ပေ။ ဒါဆို သီချင်းရေးတာက တကယ့်ကို ဘေးပန်းအလုပ် သက်သက်ပေါ့။

ထိုစဉ် သူ ရုတ်တရက် သတိရသွားသည်မှာ... ယွီချင်း၏ အယ်လ်ဘမ်များ နာမည်ကြီးပြီး သီချင်းဇယားများတွင် လပေါင်းများစွာ ထိပ်ဆုံးက နေရာယူထားစဉ်က နာမည်ကြီးအဆိုတော်ရော၊ လူသစ်တွေပါ စီနင်းနှင့် လက်တွဲချင်လွန်း၍ ဝိုင်းရှာခဲ့ကြသော်လည်း ဘယ်သူမှ မတွေ့ခဲ့ကြပေ။

အဲဒီအချိန်တုန်းက ယွီနျန့်ဟာ... ကျောင်းတက်ရင်း စာမေးပွဲတွေ ဖြေနေတာ ဖြစ်ရမည်။ ဒါမှမဟုတ် သူ့ဆရာနဲ့အတူ ခရီးတွေထွက်ပြီး ပညာရပ်ဆိုင်ရာ ညီလာခံတွေ တက်နေတာများလား။

ထိုအတွေးကြောင့် မုန့်ယွမ်၏ မျက်နှာမှာ ပို၍ပင် နွမ်းလျသွားသည်။

အေးလေ... တကယ့်ကို ဘေးပန်းအလုပ် သက်သက်ပါပဲလား။

ရှီရို့က စပ်စုချင်စိတ်ဖြင့် “နျန့်နျန့်... ဘာလို့ ‘စီနင်း’ ဆိုတဲ့ နာမည်ကို ရွေးခဲ့တာလဲဟင်။” ဟု ဝင်မေးသည်။

“ဘာလို့လဲဆိုတော့ ကျွန်တော့်အဘိုးရဲ့ နာမည်မှာ နင်း ဆိုတဲ့ စာလုံး ပါလို့ပါ”

ယွီနျန့်၏ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားသည်ကို မြင်သောအခါ ရှီရို့သည် စိတ်မကောင်းစရာ အကြောင်းအရာများဖြစ်မည်ကို စိုးရိမ်သဖြင့် ခေါင်းညိတ်ပြီး ထပ်မမေးတော့ပေ။

“ဒါနဲ့ နေဦး”

မုန့်ယွမ် ရုတ်တရက် သတိဝင်လာသည်။

“မင်း သီချင်းတွေ အများကြီး ရေးခဲ့တယ်။ တစ်ပုဒ်ချင်းစီကလည်း အကုန်ပေါက်တာပဲ။ အဲဒီတော့ မင်းက ဘာလို့ ဒီလောက်တောင် ဆင်းရဲနေရတာလဲ။ ပါဆယ်တောင် မမှာနိုင်တဲ့အထိ၊ အဝတ်အစားဆိုလည်း လက်ကားဈေးနဲ့ ဝယ်ဝတ်ရတဲ့အထိလေ! မူပိုင်ခွင့်ကြေး တွေ ဘယ်ရောက်ကုန်တာလဲ။ နာမည်ကြီးသီချင်း အပုဒ်နှစ်ဆယ်နီးပါးဆိုတာ ဘယ်လိုပဲ တွက်တွက် ပိုက်ဆံက အများကြီး ရှိရမှာ မဟုတ်လား။”

“မူပိုင်ခွင့်အသင်းက ကျွန်တော့်ကို ခြောက်လတစ်ကြိမ် မူပိုင်ခွင့်ကြေးတွေ ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော် အကုန် သုံးပစ်လိုက်လို့ပါ”

မုန့်ယွမ်သည် သူ့ပါးသူ ပြန်ပွတ်မိသည်။ သူ အနည်းငယ် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် အကြံပေးလိုက်သည်မှာ

“ငါတော့ ပြောရဦးမယ် နျန့်နျန့်... မင်းရဲ့ ရင်းနှီးမြှုပ်နှံမှု အမြော်အမြင်ကတော့ တကယ်ကို အားနည်းလွန်းတယ်!”

ယွီနျန့်ကတော့ ပြုံးနေရုံသာဖြစ်ပြီး ပြန်မငြင်းပေ။ သူသည် စကားလမ်းကြောင်းကို သဘာဝကျကျ ပြောင်းလိုက်သည် “ဒါ့အပြင် အစ်ကိုမုန့်... ကျွန်တော် စီနင်းဖြစ်တာကို အစ်ကို့ကို မပြောခဲ့တာက ကိုယ့်အတွက် နောက်ဆုတ်စရာ လမ်းစလေးတစ်ခု ချန်ထားချင်လို့ပါ”

“ငါ စိတ်ဆိုးမှာကို စိုးရိမ်နေတာလား။ မဟုတ်ပါဘူး။ ငါ အရင်ကလည်း စဉ်းစားဖူးပါတယ်။ မင်းရဲ့ အတွေးကိုလည်း ငါ နားလည်နိုင်ပါတယ်။ အဆိုတော်တွေဆိုတာ အချိန်မရွေး ပိတ်ပင်ခံရတာ ၊ အနားပေးခံရတာ ဒါမှမဟုတ် ဖျော်ဖြေရေးလောကကနေ ထွက်သွားဖို့ အတင်းအကျပ် အလုပ်ခံရတာမျိုးတွေ ကြုံရနိုင်တာပဲလေ။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာတောင် မင်းက 'စီနင်း' ဆိုတဲ့ နာမည်ဝှက်ကို သေချာကာကွယ်ထားပြီး ယွီနျန့်ဆိုတာ စီနင်းပဲလို့ ဘယ်သူမှ မသိကြရင် မင်းရဲ့ သီချင်းရေးဆရာဘဝက ထိခိုက်မှာမဟုတ်ဘူး။ သီချင်းတွေ ဆက်ရေးပြီး ရောင်းစားလို့ ရနေဦးမှာ မဟုတ်လား။”

“ဟုတ်ပါတယ်၊”

ယွီနျန့် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြုံးလိုက်သည်။

“အစ်ကိုမုန့်က ကျွန်တော့်ကို နားလည်ပေးသားပဲ”

မုန့်ယွမ်က တဟားဟား ရယ်မောလိုက်သည်။

“ဒါပေါ့၊ မင်းရဲ့ လှည့်ကွက်လေးတွေကို ငါ သိတာပေါ့!”

သူက ထိုင်ပုံကို တစ်ဖက် ပြောင်းလိုက်ပြီး လတ်တေးကို အေးအေးလူလူ သောက်ကာ သက်ပြင်းချပြန်သည်။

“အင်း... အခုတော့ ငါတို့ ဘာလုပ်ကြမလဲ။ ငါ့ရဲ့ အမြင်ကတော့ တကယ်ကို စူးရှတာပဲ။ မတော်တဆလေး တစ်ချက်ကြည့်လိုက်မိတာနဲ့တင် မင်းလို စိန်တစ်ပွင့်ကို ဆွဲထုတ်နိုင်ခဲ့တာပဲ! ပြီးတော့ မင်းက ရုပ်ဖျက်ပြီး ပါလာတာလေ! တစ်ယောက်ခေါ်ရင် တစ်ယောက် အလကားရတဲ့ ပရိုမိုးရှင်းလိုပဲ!”

မုန့်ယွမ်တစ်ယောက် သူ့ကိုယ်သူ ပြန်မြှောက်ပင့်နေသည်ကို မြင်သောအခါ ရှီရို့က ပါးစပ်ကလေးအုပ်ပြီး တိုးတိုးလေး ရယ်နေသည်။

“ဒါဆို အစ်ကိုမုန့်... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်။”

မုန့်ယွမ်က မျက်နှာကို တည်လိုက်ပြီး

“အဓိက ဆုံးဖြတ်ချက်က မင်းအပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ မင်းက စီနင်းရဲ့ အထောက်အထားကို လူသိမခံချင်ဘူးဆိုရင်တော့ ရွှီယာလင်လိုပဲ ကောလာဟလ ဖြန့်တဲ့သူတွေကို တရားစွဲတဲ့ လမ်းစဉ်ကို သွားရမယ်”

ယွီနျန့် ခဏမျှ စဉ်းစားလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့က ဥပဒေကြောင်းအရ ရင်ဆိုင်ရင်တောင် လူတော်တော်များများက ကျွန်တော့်ကို Ghostwriter သုံးတဲ့သူလို့ပဲ ဆက်ယုံနေကြမှာ မဟုတ်လား။”

“ဟုတ်တယ်၊ နာမည်ပြန်ရှင်းဖို့က ခက်တယ်။ ကိုယ်တိုင်ဖန်တီးတဲ့ အဆိုတော်တစ်ယောက်အတွက် 'သူတစ်ပါးလက်ရာ ခိုးယူသူ' ဒါမှမဟုတ် 'Ghostwriter သုံးသူ' ဆိုတဲ့ တံဆိပ်က တစ်သက်လုံး ကပ်ပါသွားမယ့်အရာပဲ။ ဆယ်နှစ်ကြာပြီးရင်တောင် တစ်ယောက်ယောက်က ဒါကို ပြန်တူးဖော်ပြီး ပြောနေကြဦးမှာ။ အဲဒါက အွန်လိုင်း လူထုသဘောထားရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပဲ။ လူအမြောက်အမြားက အမှန်တရားကို ဂရုမစိုက်ဘဲ သူတို့ယုံချင်တာကိုပဲ အခိုင်အမာ ယုံကြည်တတ်ကြတာ။ ဒါပေမဲ့ မင်းက စီနင်းဆိုတဲ့ နာမည်ဝှက်ကို ထုတ်ဖော်ဖို့ ဆန္ဒရှိရင်တော့ အားလုံးက ပိုလွယ်သွားပြီ။ ဘယ်သူက ကိုယ့်အတွက်ကိုယ် သီချင်းရေးဖို့ တခြားသူကို ငှားမလဲ။ အဲဒီ ယောင်ယန်ဆိုတဲ့ကောင်ရဲ့ မျက်နှာလည်း တအား ရောင်သွားမှာပဲ!”

ယွီနျန့်သည် အချိန်အများကြီး တွေးမနေတော့ဘဲ ပြတ်ပြတ်သားသားပင်

“ကျွန်တော့်ကို သူတစ်ပါးလက်ရာ ခိုးယူသူလို့ တံဆိပ်ကပ်တာကို ကျွန်တော် မလိုလားပါဘူး” ဟု ပြောလိုက်သည်။

“ကောင်းတယ်! မင်းရဲ့ စရိုက်ကို ငါ သဘောကျတယ်! အနိုင်ကျင့် ခံရတာတို့၊ အပုပ်ချ ခံရတာတို့ ဖြစ်လာရင် ရင်ထဲမှာ မြိုသိပ်ထားတာက မင်းကို ပိုပြီး အသက်ရှူကျပ်စေလိမ့်မယ်။ ပြတ်ပြတ်သားသား တန်ပြန်တိုက်စစ် ဆင်ရမယ်!အင်း... အဲဒီ ယောင်ယန်က လီယင်ကို ဖွင့်ချတုန်းက အချိုတွေ့သွားပြီး ရွှီယာလင်ကိုလည်း ပုပ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းတာက အဲဒီတုန်းက လူစိတ်ဝင်စားမှုက သိပ်မကြီးခဲ့ဘူးလေ။ အခုတော့ မင်းကိုပါ ရောချဖို့ ကြိုးစားနေတာပေါ့။ ဒါပေမဲ့ Tomato Forum က ပို့စ်မှာ သူပြထားတဲ့ သဘောထားက မရေမရာ ဖြစ်နေတယ်။ အဲဒီလိုတော့ မရဘူးလေ။ လူဆိုတာ ကိုယ်လုပ်တဲ့ လုပ်ရပ်အတွက် ကိုယ်တိုင် တာဝန်ယူရမှာ မဟုတ်လား။”

သူသည် ကော်ဖီခွက်ကို လက်ထဲတွင် လှည့်နေရင်း သဘောကျစွာ ပြုံးနေသည်။

“ဒီတစ်ခါတော့ သံပြားကို သွားကန်မိရင် ဘာဖြစ်တတ်သလဲဆိုတဲ့ အတွေ့အကြုံမျိုး သူ့ကို ရစေရမယ်!”

ဘေးမှ အသေအချာ နားထောင်နေသော ရှီရို့မှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။

“အစ်ကိုမုန့်... ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲဟင်။”

“ငါ မင်းကို မေးပါရစေဦး၊ ဒီနေ့ ဘယ်နှစ်ရက်နေ့လဲ။”

“ဒီနေ့က ဇန်နဝါရီလ ၁ ရက်နေ့၊ နှစ်သစ်ကူးနေ့လေ။ ဒီနေ့ နျန့်နျန့်က Florence ဘရန်းရဲ့ နှစ်သစ်ကူးပွဲကို တက်နေတာပါတယ်။”

မုန့်ယွမ်က “နျန့်နျန့်... မင်း Weibo မှာ ဘာမှ မတင်ရသေးဘူး မဟုတ်လား။” ဟု မေးလိုက်သည်။

ယွီနျန့်သည် မုန့်ယွမ်၏ အစီအစဉ်ကို နားလည်သွားပြီး မပြုံးဘဲ မနေနိုင်တော့ပေ။

“ဟုတ်ကဲ့၊ အားလုံးကို နှစ်သစ်ကူး ဆုတောင်းပေးတဲ့ ဗီဒီယို မတင်ရသေးပါဘူး”

ရှီရို့သည် တစ်ခုခုကို သတိရသွားသော်လည်း အတွေးကို သေချာ မစုစည်းနိုင်သေးပေ။ ယွီနျန့်နှင့် မုန့်ယွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပုံမှာ နှစ်ယောက်စလုံး နောက်ပြောင်ချင်နေကြသည့်ပုံစံ ပေါက်နေသည်ဟု သူမ ခံစားလိုက်ရသည်။

မွန်းလွဲ သုံးနာရီအချိန်တွင် ယွီနျန့်သည် သူ၏ Weibo ကို ဗီဒီယိုတစ်ခုနှင့်အတူ Update လုပ်လိုက်သည်။

ဗီဒီယိုထဲတွင် သူသည် ကြည်လင်လန်းဆန်းသော ပုံစံဖြင့်၊ လည်ပင်းဟိုက် အဖြူရောင် ဆွယ်တာပွပွလေးကို ဝတ်ဆင်ကာ ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်ဝန်းများတွင်လည်း အပြုံးရိပ်များဖြင့်

“ဒီနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့ပါ။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုတောင်းပေးပါတယ်!”

အနည်းငယ် စကားစမြည် ပြောပြီးနောက် ယွီနျန့်သည် ပိုစတာလေးတစ်ခုကို ကိုင်လိုက်ပြီး ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

“ဒါက ကျွန်တော့်ရဲ့ အယ်လ်ဘမ်သစ်အတွက် ပရိုမိုးရှင်း ပိုစတာပါတယ်။ ကြည့်ပါဦး၊ အတော်လေး လှတယ် မဟုတ်လား။”

“ဒီ EP မှာ သီချင်းစုစုပေါင်း ငါးပုဒ် ပါဝင်ပါတယ်။ အဲဒီထဲက တစ်ပုဒ်ကိုတော့ ဆရာကျန်းပေါ်နဲ့ ဆရာကျန်းချန်တို့က အတူတူ ရေးပေးထားတာ။ ကျန်တဲ့ သီချင်းလေးပုဒ်ရဲ့ စာသား၊ တေးသံနဲ့ arrangement အားလုံးကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ထားတာပါတယ်။ EP တစ်ခုလုံးကိုတော့ မတ်လလောက်မှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်လည်း တကယ်ကို စိတ်လှုပ်ရှားနေတယ်.”

ဗီဒီယိုကို တင်ပြီး တစ်မိနစ်အတွင်းမှာတင် မှတ်ချက်ပေါင်း သောင်းဂဏန်းကို ကျော်လွန်သွားပါတော့သည်။

[နျန့်နျန့်... နှစ်သစ်မှာ ပျော်ရွှင်ပါစေ! မှတ်ချက်တွေကြားမှာ ထိပ်ဆုံးက ပါအောင် ကြိုးစားနေတာ! အား... EP ကို တအား မျှော်လင့်နေပြီ! သေချာပေါက် အားပေးမှာပါ!]

[ထိပ်ဆုံး ငါးထောင်စာရင်းထဲ ဝင်ဖို့တောင် တအားခက်တာပဲ! အားလုံးက Weibo ပေါ်မှာပဲ နေနေကြတာလား။ အား... နျန့်နျန့် နှစ်သစ်မှာ ပျော်ရွှင်ပါစေ! ပိုစတာက အရမ်းလှတယ်! အဓိကအချက်က စာသား၊ တေးသံနဲ့ စီစဉ်မှုအားလုံးကို မင်းကိုယ်တိုင် လုပ်ထားတာတဲ့လား နျန့်နျန့်ရယ်။ အဲဒီလို အစုံရတာက တကယ်ပဲ အဆင်ပြေရဲ့လား။ မင်းက မင်းရဲ့ ရုပ်ရည်လေးနဲ့တင် ရပ်တည်လို့ရနေတာကို ဘာလို့ ပါရမီကိုပါ အားကိုးနေရတာလဲ!]

[တောက်... ရွံဖို့ကောင်းလိုက်တာ။ တခြားသူရဲ့ ကြိုးစားအားထုတ်မှုကို ယူပြီး ကိုယ့်နာမည် တပ်လိုက်ရုံတင်မကဘူး၊ မျက်နှာပြောင်တိုက်ပြီး မျှော်လင့်နေပါတယ်လို့ပါ ပြောသေးတယ်။ စည်းစိမ်နဲ့ နာမည်ကျော်ကြားမှု နောက်လိုက်နေတာ သိက္ခာတရားဆိုတာ မရှိတော့ဘူးလား။ @SongwriterYaoYang ဆရာယောင်ရေ... ဒီအရုပ်ဆိုးတဲ့ မျက်နှာကြီးကို လာကြည့်ပါဦး!]

[ယွီနျန့်မှာ Ghostwriter ရှိတယ်လို့ စွပ်စွဲချင်ရင် သက်သေထုတ်ပြပါ! ဆန်းစစ်ချက်ဇယား အနည်းငယ်နဲ့တင် အခုလို စွပ်စွဲလို့ ရတာလား။ အားလုံးက နတ်မျက်စိ ရနေကြတာလား။]

သိပ်မကြာမီမှာပင် #ယွီနျန့်Ghostwriting# နှင့် #စီနင်း# ဆိုသည့် Hashtags များမှာ Trending ဖြစ်လာပြီး နောက်မှ #ယွီနျန့်အယ်လ်ဘမ်သစ်# ကလည်း ထပ်ကျပ်မတ်မတ် လိုက်ပါလာပါတော့သည်။ ထိပ်တန်း Trending ခေါင်းစဉ် ခြောက်ခုအနက် သုံးခုမှာ ယွီနျန့်နှင့် ပတ်သက်နေပြီး သတ္တမမြောက်နေရာတွင်မူ #ယောင်ယန်Repost# က နေရာယူထားသည်။

ရှီရို့က အချက်အလက်များကိုသာ စိုက်ကြည့်နေသော်လည်း မုန့်ယွမ်ကမူ တည်ငြိမ်လျက်ရှိသည်။ သူက ယွီနျန့်ကို “MV ရိုက်ကူးရေး ဘယ်လိုရှိလဲ။” ဟု စကားစမြည် မေးမြန်းသည်။

“ချောချောမောမောပါပဲ။ ဆရာကျို့မင်ကတော့ ခြောက်ရက်လောက် ကြာမယ်လို့ ပြောတယ်။ သီချင်းစာသား တစ်ကြောင်းချင်းစီအတွက် အကူးအပြောင်းတွေနဲ့ အခင်းအကျင်း အပြောင်းအလဲတွေ ရှိတာကြောင့် အချိန်ပိုဆင်းရင်တောင် တစ်ပတ်လောက်တော့ ကြာမှာပါ”

“အေး... သေချာလေး ရိုက်ပါ။ ဪ... ဖိတ်စာတစ်စောင် ရထားတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ့် နှစ်ကုန်ပိုင်း ဖက်ရှင်ပွဲမှာ မင်း Red Carpet လျှောက်ရမယ်။ အဲဒီအချိန်ကျရင် EP က Postproduction အဆင့် ရောက်နေပြီဆိုတော့ ရလဒ်ကို တစ်ခါတစ်လေ စောင့်ကြည့်ရုံပဲ။ ကျို့မင်က စိတ်ချရပါတယ်”

“ဟုတ်ကဲ့”

မုန့်ယွမ်က ဂုဏ်ယူဝင့်ကြွစွာ ပြုံးလိုက်ပြီး

“မင်းမသိသေးဘူး၊ ကျို့မင်ဆိုတာ ထိပ်တန်းမင်းသားကြီးတွေတောင် ခေါင်းငုံ့ရတဲ့လူမျိုး။ ဒါပေမဲ့ သူက စီနင်းလို ပါရမီရှင်မျိုးကိုတော့ အလေးစားဆုံးပဲ။ Postproduction လုပ်တဲ့အခါ မင်းမှာ အယူအဆအသစ် ဒါမှမဟုတ် ပြင်ချင်တာရှိရင် သူ့ကို တိုက်ရိုက်ပြော။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် တစ်ပတ်လောက် ထပ်စောင့်နေစရာ မလိုတော့ဘူး”

“ဟုတ်ပါတယ်၊ အရည်အချင်းရှိရင် ကိုယ့်ရဲ့ အမြင်နဲ့ စိတ်ကူးတွေကို လူတွေက လေးစားကြတာပဲ”

“မှန်တယ်၊”

မုန့်ယွမ်က ယွီနျန့်၏ ပုခုံးကို ပုတ်ကာ

“ကြိုးစားပါ၊ MV ရိုက်တာကိုပဲ အာရုံစိုက်ထား၊ ထူးခြားတာရှိရင် ငါ့ကို အသိပေးဦး”

ယွီနျန့် ရိုက်ကွင်းသို့ ရောက်သောအခါ အဖွဲ့သားများက ပြင်ဆင်နေကြပြီး အားလုံးက အလုပ်ရှုပ်နေကြသဖြင့် သူ့မှာ လောလောဆယ် လုပ်စရာ မရှိသေးပေ။ အရင်ဆုံး ယွီချင်းထံသို့ ဖုန်းဆက်သည်။ ထို့နောက် ရှဲ့ယို့နှင့် ရှားမင်ရှီးတို့ထံသို့ မက်ဆေ့ချ်ပို့ပြီး လက်ရှိအခြေအနေနှင့် မုန့်ယွမ်၏ အစီအစဉ်များကို ရှင်းပြလိုက်သည်။ ရှဲ့ယို့ထံမှ ချက်ချင်းပင် စာပြန်လာသည်

“အင်း... မိုးရွာနေတယ်။ အနွေးထည် ထူထူဝတ်ထားဦး”

ရှားမင်ရှီးကတော့ အလုပ်ရှုပ်နေပုံရသဖြင့် ချက်ချင်း ပြန်စာ မရပေ။ဖုန်းကို ပြန်ချရန် ပြင်နေစဉ်မှာပင် ရွှီယာလင်ထံမှ ဖုန်းဝင်လာသည်။

“စကားပြောဖို့ အချိန်ရမလား။”

“ရပါတယ်၊ MV ရိုက်ဖို့ ပြင်နေတုန်းဆိုတော့ အချိန်ရပါသေးတယ်။”

ယွီနျန့်သည် ရွှီယာလင် ဘာပြောမည်ကို ခန့်မှန်းမိသဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။

“ယောင်ယန်အကြောင်းလားဟင်။”

ရွှီယာလင်က ပွင့်ပွင့်လင်းလင်းပင်

“ယောင်ယန်ဆိုတာ ပရိယာယ်နဲ့ အကွက်တွေ အများကြီး သုံးတတ်တဲ့လူ။ သူ့ကို သတိထားပါ။ ငါလည်း သူ့ရဲ့ ပစ်မှတ်ထားတာကို အရင်က ခံခဲ့ရဖူးတယ်၊ တကယ်ကို သည်းမခံနိုင်စရာပဲ။ သူက အကောင့်တုတွေ၊ ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ လူထုသဘောထားကို ကစားတတ်တယ်။ သူက မရေမရာ စွပ်စွဲချက်တွေကို ပစ်ပေါက်ရတာ သဘောကျတယ်။ အဲဒီလိုလုပ်တော့ သူ့ကို တရားစွဲဖို့ ခက်သွားတာပေါ့။ သူ့ကို ယုံတဲ့သူတွေကလည်း အလွယ်တကူ ယုံရုံတင်မကဘူး။ သူ့ကိုယ်သူ ဖျော်ဖြေရေးလောကရဲ့ အမှောင်ထုကို ဖော်ထုတ်နေတဲ့ တရားမျှတမှု ဘက်တော်သားကြီးလို့ ထင်ပြီး တကယ်ကို အခိုင်အမာ ယုံကြည်သွားကြတာ။ အဓိပ္ပာယ်မရှိတာ!”

ယွီနျန့်သည် သူမ၏ ဒေါသတကြီး ပြောစကားများကို နားထောင်ရင်း သူမသည် စေတနာနှင့် သတိပေးနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ သူက ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ကျွန်တော် သတိထားပါ့မယ်”

“အေး... မင်းပါ ပစ်မှတ်ထားခံနေရတာဆိုတော့ ငါ နည်းနည်းလောက် ပိုပြောပါရစေဦး။ စိတ်မရှုပ်ပါနဲ့နော်။” ဟု ရွှီယာလင်က ဆိုသည်။

“ဘာလို့ စိတ်ရှုပ်ရမှာလဲ။ အခုလို ပြောပြပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ”

“ကောင်းပြီ ဒါကို မင်းတို့အဖွဲ့နဲ့ သေချာတိုင်ပင်ပါ။ အခြေအနေအရ ကြည့်မယ်ဆိုရင် ယောင်ယန်က ငါတို့ကို အပုပ်ချပြီး သူ့ကိုယ်သူ သီချင်းရေးဆရာတစ်ယောက်အနေနဲ့ ပုံရိပ်တက်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပုံပဲ။ ဒီရန်ငြိုးကိုတော့ ငါ မမေ့ဘူး၊”

ရွှီယာလင်က သူမ၏ ထုံးစံအတိုင်း အေးစက်စက်လေသံဖြင့် ဆိုသည်။

“ငါ သွားတော့မယ်။”

“ဟုတ်ကဲ့ပါ၊ သွားပါဦးခင်ဗျာ”

ခန့်မှန်းထားသည့်အတိုင်းပင် ယွီနျန့်၏ ဗီဒီယိုတင်ပြီး နှစ်နာရီအတွင်းမှာပင် မှတ်ချက်အရေအတွက်မှာ သိသိသာသာ မြင့်တက်လာပြီး Ghostwriting နှင့် ပတ်သက်သည့် ဆွေးနွေးမှုများက ပိုမို အရှိန်ရလာသည်။

မှတ်ချက်အများစုမှာ ယွီနျန့်အား Ghostwriter သုံးသည်ဟု ဝေဖန်နေကြပြီး အချို့မှာမူ လူရှေ့ထွက်မလာသေးသည့် ‘စီနင်း’ ကို ယွီနျန့်နှင့် ယွီချင်းတို့ မောင်နှမက ထိန်းချုပ်ထားခြင်းဖြစ်နိုင်သည်ဟု ပူးပေါင်းကြံစည်မှုသီအိုရီများ ထုတ်နေကြသည်။ အချို့ကမူ ၎င်းတို့ကို အာဏာပိုင်များထံ တိုင်ကြားသင့်သည်အထိ ဆွေးနွေးနေကြသည်။

မုန့်ယွမ်က ကြည့်နေရင်းမှ သူ၏ အပြုံးများ မှေးမှိန်သွားသည်။

“အကောင့်တုတွေ ဝယ်ပြီး မှတ်ချက်တွေကို ကစားနေတာပဲ။ ငါ မုန့်ယွမ်ကတော့ ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးဖို့ အတော်လေး ရွံရှာမိတယ်!”

ယွီနျန့်သည် သူ၏ ရေနွေးဗူးကိုဖွင့်ပြီး ရေငတ်ပြေစေရန် သောက်လိုက်သည်။

“အစ်ကိုမုန့်... သူတို့ရဲ့ ကပြမှုကိုပဲ ထိုင်ကြည့်နေမယ်လို့ အစ်ကိုပဲ ပြောခဲ့တာ မဟုတ်လား။”

“အဲဒီလို ပြောခဲ့သော်လည်း ကြည့်ရတာတော့ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်!”

မုန့်ယွမ်က သူ၏ ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။

“မမြင်ရရင် စိတ်ချမ်းသာတာပေါ့!”

ရှီရို့သည် စာရွက်တစ်ရွက်ကို ကိုင်ကာ အနားသို့ ချဉ်းကပ်လာသည်။

“အစ်ကိုမုန့်... Tomato Forum မှာ Ghostwriting သက်သေတွေကို တင်နေတဲ့ အကောင့်တော်တော်များများဟာ ယောင်ယန်ရဲ့ IP address နဲ့ အတူတူပဲဖြစ်နေတာကို ကျွန်မတို့ ရှာတွေ့ခဲ့တယ်။ ဒါက တစ်ယောက်တည်းပဲ ဖြစ်နိုင်ခြေ များတယ်”

မုန့်ယွမ်က လက်ခုပ်တီးပြီး ရယ်မောလိုက်သည်။

“ကောင်းတယ်၊ ဒါက အောင်မြင်မှု ခြေလှမ်းတစ်ရပ်ပဲ။”

ညနေ ငါးနာရီခန့်တွင် ဖျော်ဖြေရေးအကောင့်တစ်ခုမှ ပထမဆုံး သက်သေကို ထုတ်ပြန်လိုက်သည်။

“အင်တာနက် အသုံးပြုသူတွေဟာ ယွီနျန့်ရဲ့ Ghostwriting သက်သေတွေကို Tomato Forum မှာ တင်နေတဲ့သူတွေဟာ တစ်ယောက်တည်းဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ @SongwriterYaoYang ရေ... တကယ်ကို အထင်ကြီးစရာကောင်းတဲ့ ကစားကွက်ပဲဗျာ!”

[ယောင်ယန်က သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ဒီလိုလုပ်တာ ဖြစ်ရမယ်။ နားလည်ပေးလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ယွီနျန့်ရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ ကုမ္ပဏီရှိနေတာလေ။ ယောင်ယန်က လူသာမန်တစ်ယောက်ပဲ။ သူက အမှောင်ထုကို ဖော်ထုတ်ပြီး ကံမကောင်းတဲ့ လူအများကြီးအတွက် ရှင်းပြချင်ရင်တောင် သူ့ရဲ့ အထောက်အထားအမှန်ကို ထုတ်ပြဖို့ စိုးရိမ်မှာပဲပေါ့။]

[ယွီနျန့်ကို Ghostwriting နဲ့ စွပ်စွဲဖို့အတွက် အကောင့်တုတွေ အများကြီးနဲ့ အပုပ်ချပြီးမှ အကောင့်အစစ်နဲ့ လူထုသဘောထားကို ဆွဲဆောင်တာပေါ့။ ယောင်ယန်... မင်း တကယ်ကို ညစ်ပတ်တာပဲ! ဘယ်လောက်တောင် သေသေချာချာ စီစဉ်ထားတဲ့ ဗျူဟာလဲ!]

[ယောင်ယန်က ဘာလို့ နောက်ကွယ်မှာ ပုန်းနေရတာလဲ။ သူ လူရှေ့ထွက်ပြီး ရင်ဆိုင်သင့်တယ်လေ! သူ့လိုလူမျိုးကို အပြတ်အသတ် တိုက်ခိုက်ရမယ်! ငါတို့ ရှင့်ဘက်မှာ ရှိပါတယ်!]

မကြာမီမှာပင် နာမည်ကြီး မားကတ်တင်းအကောင့်များနှင့် ဖျော်ဖြေရေးအကောင့်များက ယောင်ယန်၏ Weibo ပို့စ်အရှည်ကြီးကို ပြန်လည်မျှဝေကြပြီး #ယောင်ယန်ဖွင့်ချပြီ# ဆိုသည့် Hashtag မှာ Trending အမြန်ဖြစ်သွားသည်။ ယောင်ယန်က သူသည် စီနင်းနှင့် လူကိုယ်တိုင် ဆက်သွယ်ခဲ့ပြီး ရှင်းလင်းချက်တစ်ခု ရှိလာလိမ့်မည်ဟု ဖော်ပြထားသည်။ ယွီနျန့်နှင့် သူ၏အဖွဲ့မှာ အချိန်မီ တောင်းပန်လိမ့်မည်ဟု သူ မျှော်လင့်ပြီး မတောင်းပန်ပါက နောင်တရလိမ့်မည်ဟုလည်း ဆိုသည်။ ထို Hashtag ကြောင့် ယွီနျန့်နှင့် မုန့်ယွမ်တို့အပေါ် လူထု၏ ဖိအားပေးမှုမှာ ပိုမို ပြင်းထန်လာပါတော့သည်။

မုန့်ယွမ်က ဖတ်ပြီးနောက် ရယ်မောလိုက်သည်။

“အိုး... အထင်ကြီးစရာပဲ။ နျန့်နျန့်... သူ မင်းဆီ ဆက်သွယ်သေးလား။”

ယွီနျန့်က ပြုံးလျက် ခေါင်းခါပြသည်။

“ဟင့်အင်း”

“အထင်ကြီးစရာပဲ၊ တကယ်ကို အထင်ကြီးစရာပဲ။ ငါ မုန့်ယွမ်တစ်ယောက် ဒီလောက် ဇာတ်ကောင်စုံတဲ့ သရုပ်ဆောင်တွေကို မတွေ့ရတာ ကြာပြီ!”

သိပ်မကြာမီမှာပင် ထိပ်တန်း မားကတ်တင်းအကောင့်များနှင့် ဖျော်ဖြေရေးအကောင့် အသီးသီးက ယောင်ယန်၏ Weibo ပို့စ်ကို ပြန်လည်မျှဝေကြသည်။ #ယောင်ယန်ဖွင့်ချပြီ# ဆိုသည့် Hashtag မှာလည်း ထိုးတက်သွားပါတော့သည်။ ယောင်ယန်က သူသည် စီနင်းနှင့် လူကိုယ်တိုင် ဆက်သွယ်ခဲ့ပြီး အဖြေတစ်ခု ထွက်လာလိမ့်မည်ဟု ဖော်ပြထားသောကြောင့် လူအများအပြားသည် ယွီနျန့်၏ Weibo သို့ စုပြုံရောက်ရှိလာပြီး သူ၏ EP အသစ်ကို အပြတ်အသတ် သပိတ်မှောက်မည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရေးသားကြသည်။

အွန်လိုင်းပေါ်တွင် မုန်တိုင်းထန်နေသော်လည်း သူတို့၏ အလုပ်များကတော့ ထိခိုက်မှု မရှိပေ။ MV ရိုက်ကူးရေး ပြီးဆုံးသွားသောအခါ ယွီနျန့်သည် မိတ်ကပ်များကို ဖျက်လိုက်ပြီး မုန့်ယွမ်ထံ ခွင့်တောင်းလိုက်သည်။

"အစ်ကိုမုန့်... ကျွန်တော် အခု အိမ်ပြန်လို့ ရပြီလားခင်ဗျာ"

မုန့်ယွမ်က ယောင်ယန်၏ Weibo ပေါ်က မှတ်ချက်များကို ဖတ်ပြီး သဘောကျနေသည်။

"ရတာပေါ့၊ ကောင်းကောင်း အနားယူထားပါ။ မနက်ဖြန် မနက် ၁၁ နာရီမှာ ပွဲစမှာဆိုတော့ စောင့်ကြည့်ဖို့ မမေ့နဲ့ဦး!"

မုန့်ယွမ်က သူ့ဒေါသကို အောင့်ထားပြီး အကွက်ဆင်နေသည်ကို သိသဖြင့် ယွီနျန့်က အလေးအနက် ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော် အချိန်မှန် ကြည့်လိုက်ပါ့မယ်"

အိမ်ရောက်သောအခါ ယွီနျန့်သည် ရေချိုးပြီး ရေချိုးဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ရှဲ့ယို့ထံသို့ 'ဝမ်အန်း' ဟု မက်ဆေ့ချ်ပို့ရန် ပြင်နေစဉ်မှာပင် ရှဲ့ယို့ထံမှ မက်ဆေ့ချ်က အရင်ရောက်လာသည်။

ရိုးရှင်းသော စကားတစ်လုံးတည်းသာ ဖြစ်သည်။

"ဝမ်းအန်း"

ယွီနျန့်သည် စခရင်ကို ခေတ္တမျှ ငေးကြည့်နေပြီးမှ တစ်ခုခုကို သတိရသွားကာ ကင်မရာကို ဖွင့်လိုက်သည်။ ထို့နောက် သူ၏ လက်မနှင့် လက်ညှိုးကို သုံးကာ နှလုံးသားပုံစံလေးပြုလုပ်ပြီး ဓာတ်ပုံရိုက်ကာ ရှဲ့ယို့ထံ ပို့လိုက်သည်။

မိနစ်အနည်းငယ် ကြာသောအခါ ရှဲ့ယို့ထံမှ ပြန်စာနှင့်အတူ ဓာတ်ပုံတစ်ပုံ ရောက်လာသည်။ ထိုပုံမှာ စာကြည့်ခန်း သို့မဟုတ် ရုံးခန်းတစ်ခုထဲတွင် ရိုက်ထားခြင်းဖြစ်ပြီး ရှဲ့ယို့၏ လက်ချောင်းလေးများကို ထပ်ကာ နှလုံးသားပုံစံလေး လိုက်လုပ်ထားသည်။

ယွီနျန့်က ချက်ချင်းပင် စာပြန်လိုက်သည်။

"ဝမ်အန်း။ မင်းရဲ့ လက်ချောင်းလေးတွေက တကယ်လှတာပဲ"

ရုံးခန်းထဲတွင် ထိုင်ရင်း ပြန်စာကို စောင့်နေသော ရှဲ့ယို့သည် ထိုမက်ဆေ့ချ်ကို မြင်သောအခါ စာကြောင်း၏ နောက်ဆုံးအပိုင်းကိုသာ အာရုံရောက်သွားသည်။ သူ၏ နားရွက်ဖျားလေးများမှာ ရုတ်တရက် ပူထူသွားပါတော့သည်။

နျန့်နျန့်က ငါ့လက်ချောင်းလေးတွေ လှတယ်လို့ ချီးကျူးလိုက်တယ်!

***




နောက်တစ်နေ့ မနက် ၁၁ နာရီတွင် ယွီနျန့်မှာ MV ရိုက်ကူးရေး လုပ်နေစဉ်မှာပင် 'Today Morning News' ၏ ဖျော်ဖြေရေးကဏ္ဍတရားဝင် Weibo အကောင့်မှ သတင်းဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်လိုက်သည်။

"...ကျွန်ုပ်တို့၏ သတင်းထောက်သည် ယနေ့နံနက်တွင် မူပိုင်ခွင့်အသင်းသို့ သွားရောက်ခဲ့ပြီး မှတ်ပုံတင်ထားသော အချက်အလက်များအရ အံ့ဩဖွယ်ရာ သတင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

သီချင်းရေးဆရာ စီနင်း ၏ အမည်ရင်းမှာ ယွီနျန့် ဖြစ်ပြီး နင်ချန်မြို့သား တစ်ဦး ဖြစ်ပါသည်။ သူသည် ‘Nothing to Lose’ (စာသားနှင့် တေးသံ)၊ ‘Distant Star’ (စာသားနှင့် တေးသံ)၊ ‘Wild’ (စာသားနှင့် တေးသံ) စသည့် သီချင်းများ၏ မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါသည်..."

တစ်ချိန်တည်းမှာပင် 'Today Morning News' ၏ တရားဝင်အကောင့်မှ မူပိုင်ခွင့်အသင်း၏ တရားဝင် အချက်အလက်များကိုပါ ပူးတွဲဖော်ပြလိုက်သည်။ ထိုအထဲတွင် စီနင်း၏ ကိုယ်ရေးအချက်အလက် ပုံစံစာရွက်ပါဝင်ပြီး အမည်ရင်းနေရာတွင် 'ယွီနျန့်' ဟု ရှင်းလင်းစွာ ရေးသားထားကာ ညာဘက်အပေါ်ထောင့်တွင် ယွီနျန့်၏ မှတ်ပုံတင်ဓာတ်ပုံကိုပါ ကပ်ထားသည်။

ယွီနျန့်၏ လက်ရှိဓာတ်ပုံများနှင့် နှိုင်းယှဉ်ပါက မှတ်ပုံတင်ဓာတ်ပုံထဲတွင် သူက ပို၍ပင် ငယ်ရွယ်နေပြီး ဆံပင်ပုံစံမှာလည်း ကွဲပြားနေသည်။

သတင်းထွက်လာသည်နှင့် တပြိုင်နက် အွန်လိုင်းပေါ်တွင် အကြီးအကျယ် ပျံ့နှံ့သွားပါတော့သည်။

[ဘာကြီးလဲဟ! ယွီနျန့်က စီနင်းတဲ့လား။ သူတို့က တစ်ယောက်တည်းပဲလား။]

[အား... သူက စီနင်းတဲ့လား။ ဘုရားရေ... ဒါက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ဖွင့်ချမှုပဲ! ငါ့ခေါင်းထဲကို ထည့်ဖို့ အချိန်ခဏလောက် ပေးပါဦး!]

[ဒါက ယောင်ယန်ရဲ့ ဗျူဟာပဲဆိုတာ အားလုံး မရိပ်မိကြဘူးလား။ သူက လီယင်ကို ဖွင့်ချပြီး လူအများအာရုံစိုက်အောင် လုပ်ခဲ့တယ်။ လီယင် Ghostwriter သုံးတာကတော့ သနားစရာမရှိပါဘူး။ ဒါပေမဲ့ ယောင်ယန်က အရှိန်ကျလာတော့ ရွှီယာလင်ကို ပစ်မှတ်ပြောင်းလိုက်တယ်။ အဲဒါမအောင်မြင်တော့မှ ယွီနျန့်ကို ရန်ရှာတာပေါ့။ ကံဆိုးတာက သူက သူမြင်ရတဲ့ အတိုင်းအတာလေးကိုပဲ တစ်ကမ္ဘာလုံးစာလို့ ထင်နေတာပဲ။ တစ်ယောက်က Ghostwriter သုံးရင် ကျန်တဲ့သူတွေလည်း သုံးမယ်လို့ သူယုံကြည်နေတာ။ တချို့လူတွေက ကိုယ့်ပါရမီတစ်ခုတည်းနဲ့တင် တခြားသူတွေထက် အဆပေါင်းများစွာ သာလွန်နိုင်တဲ့ ပါရမီရှင်တွေရှိတယ်ဆိုတာ သူ မသိဘူးထင်တယ်!]

[တို့ရဲ့ နျန့်နျန့်လေးခမျာ အနိုင်ကျင့်ခံရတာပဲ။ သူက အေးအေးဆေးဆေးပဲ နေချင်တာကို အခုတော့ သူ့အထောက်အထားကို အတင်းထုတ်ဖော်ခိုင်းသလို ဖြစ်သွားပြီ။ သနားစရာလေး!]

မွန်းတည့်ချိန်တွင်တော့ တစ်ချိန်လုံး တိတ်ဆိတ်နေသော ယွီချင်းက Weibo ပေါ်တွင် စာတင်လာပါတော့သည်။

“ယွီချင်း ကျွန်မက ရိုက်ကွင်းထဲမှာ ဖုန်းပိတ်ပြီး ဇာတ်ကားရိုက်နေတာ။ အွန်လိုင်းတက်လိုက်တာနဲ့ ပြဿနာတွေ တက်နေပြန်ပြီ! နျန့်နျန့်က သီချင်းရေးရတာ ဝါသနာပါတယ်၊ ဒါပေမဲ့ ကျောင်းစာကို ထိခိုက်မှာစိုးလို့ ကျွန်မကပဲ အရမ်းမရေးဖို့ တားခဲ့ရတာ။ ယောင်ယန်... ရှင်က အသက် ၃၅ နှစ်မှ ‘Love’ ဆိုတဲ့ စာလုံးလေး ရေးနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဂီတပါရမီရှင်လို့ ထင်နေတာလား။ ကြွားတာမဟုတ်ဘူးနော်။ နျန့်နျန့်ရဲ့ အမှိုက်ပုံးထဲက လွှင့်ပစ်ထားတဲ့ မူကြမ်းတစ်ခုကို ကောက်ယူပြီး ယှဉ်လိုက်ရင်တောင် ရှင့်ကို အေးဆေး အနိုင်ယူနိုင်တယ်! ကျွန်မကို အခုချက်ချင်း တောင်းပန်လိုက်စမ်း!!!”

မှတ်ချက်များတွင်လည်း ရယ်သံများဖြင့် ပြည့်နှက်သွားသည်။

[ဟားဟားဟား မောင်လေးကို ကာကွယ်ဖို့ ထွက်လာပြီ။ ယွီချင်း တကယ် စိတ်တိုနေပြီ!]

[ဟားဟားဟား ယွီချင်းက စာကြောင်းနောက်မှာ အာမေဍိတ် သုံးခုတောင် သုံးထားတာ၊ သူ တကယ် ဒေါသထွက်နေတာပဲ။ ယောင်ယန်ရေ @SongwriterYaoYang... အမြန်တောင်းပန်လိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် ယွီချင်း ရှင့်ကို ဆေးရုံရောက်အောင် ကန်ပစ်လိမ့်မယ်!]

မုန့်ယွမ်ကလည်း Today Morning News ရဲ့ Weibo ပို့စ်ကို ချက်ချင်းပဲ “ဟူး” ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ပြန်လည်မျှဝေလိုက်သည်။

[ဒါကို သရော်တာလို့ ခေါ်တယ်! ယောင်ယန်ရဲ့ ပို့စ်ကို ပြန်ပြီး လှောင်ပြောင်လိုက်တာပဲ! တို့ရဲ့ အစ်ကိုမုန့်ကတော့ အခုမှ ပွဲလယ်တင့်တော့တယ်!]

[ဟားဟားဟား ရယ်ရလွန်းလို့ မေ့တောင်လဲတော့မယ်! ‘ဟူး... ငါ့အနုပညာရှင်က ဘာလို့ ဒီလောက်တောင် တော်နေရတာလဲ။ ဟူး... ဂုဏ်ယူလွန်းလို့ ခေါင်းတောင် ကြီးလာပြီ!’]

[ဟူး... ငါ့အိုင်ဒေါက တကယ်ကို မယုံနိုင်လောက်အောင် တော်တာပဲ! တခြားအရာတွေ (ပါရမီ၊ အသံ၊ ကခုန်မှု စတာတွေ) နဲ့ ယှဉ်လိုက်ရင် ရုပ်ရည်က တန်ဖိုးအနည်းဆုံးအရာ ဖြစ်သွားပြီ!]

ယွီနျန့် MV ရိုက်ကူးရေး ပြီးဆုံးချိန်တွင် #ဟူး_ရုပ်ရည်ကတန်ဖိုးအနည်းဆုံးအရာ# ဆိုသည့် Hashtag မှာ Trending စာရင်းကို သိမ်းပိုက်ထားပြီ ဖြစ်သည်။ ထိုအရှိန်ကို အသုံးချပြီး ယွီနျန့်၏ လှုပ်ရှားသက်ဝင်ပုံများ၊ ကဗီဒီယိုတိုများနှင့် သီချင်းဗီဒီယိုများကိုပါ လူမှုကွန်ရက်က အကြံပြုဖော်ပြပေးလာသည်။ ယောင်ယန်၏ Weibo မှာမူ တိတ်ဆိတ်လျက်ရှိပြီး လူအများအပြားမှာ သူတို့ကို လှည့်စားခဲ့သည်ဟု ခံစားရသဖြင့် သူ့ကို ထွက်ရှင်းရန် မှတ်ချက်များတွင် ဝိုင်းဝန်းတောင်းဆိုကြသည်။ ရွှီယာလင်၏ အဖွဲ့ကလည်း ဤအခွင့်အရေးကို အသုံးချပြီး Ghostwriting မရှိကြောင်းနှင့် ယောင်ယန်သည် နာမည်ကြီးချင်ဇောဖြင့် အပုပ်ချခဲ့ခြင်းသာဖြစ်ကြောင်း ထပ်မံအတည်ပြုလိုက်သည်။

မုန့်ယွမ်မှာ ရလဒ်ကို အလွန်ကျေနပ်နေသည်။ သူသည် ယွီနျန့်အတွက် ဝက်နံရိုးချိုချဉ်ကို ခပ်ပေးရင်း ပြုံးကာ

“ခဏလေးအတွင်းမှာတင် မင်းဆီမှာ သီချင်းအပ်ချင်လို့ဆိုပြီး ဖုန်းတွေ ခုနစ်ခါ၊ ရှစ်ခါလောက် ဝင်လာတယ်။ ငါ..”

“ကျွန်တော် ရေးပေးနိုင်ပါတယ်”

မုန့်ယွမ် အံ့ဩသွားသည်ကို မြင်သောအခါ ယွီနျန့်က ပြုံးလျက် ဆိုသည်။

“ကျွန်တော့်မှာ ရေးထားတဲ့ သီချင်းတွေ အတော်များများ ရှိပါတယ်။ အရင်က ‘Sound of Nature’ ကြောင့် အလုပ်ရှုပ်နေလို့ ပြီးတော့ ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက်နေလို့ပါ။ အခု အချိန်ရတုန်း အဲဒါတွေကို ပြန်စီစဉ်ပြီး ရောင်းလို့ရတာပေါ့။ လက်တွဲမယ့်သူတွေကိစ္စကိုတော့ အစ်ကိုမုန့်ပဲ ကူညီပေးပါဦး”

“ဒါပေါ့ အဲဒါ ငါ့အလုပ်ပဲလေ။”

မုန့်ယွမ်သည် ယွီနျန့်၏ ပိုက်ဆံသုံးနှုန်းမှုကို သတိရမိပြီး ထိုလူငယ်လေး၏ သိက္ခာကို မထိခိုက်စေလိုသဖြင့် လိမ္မာပါးနပ်စွာ ဆိုသည်။

“သီချင်းရေးပြီး ပိုက်ဆံရှာတာ ကောင်းတာပေါ့။ အနည်းဆုံးတော့ ဆောင်းတွင်းမှာ ဝတ်ဖို့ အနွေးထည်အထူကြီးတွေ ဝယ်လို့ရတာပေါ့!”

ယွီနျန့်၏ မျက်ဝန်းလေးများမှာ ပြုံးရိပ်သန်းသွားသည်။

“ဟုတ်ကဲ့ပါ၊ ဒါဆို အစ်ကိုမုန့်ကိုပဲ အားကိုးပါရစေ”

ထိုစဉ် Trending များကို စောင့်ကြည့်နေသော ရှီရို့က အော်လိုက်သည်။

“ဟင်... ဒါ ဘာကြီးလဲ။ ဥက္ကဋ္ဌရှဲ့က Trending တစ်ခုကို ဝယ်လိုက်တယ်!”

မုန့်ယွမ်က မျက်မှောင်ကြုတ်ပြီး စဉ်းစားခန်းဖွင့်သည်။

“သူက နျန့်နျန့်ကို ထပ်ပြီး တိုက်ခိုက်ပြန်ပြီလား။ ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ။”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီတစ်ခါတော့ မတူဘူး။ သူဝယ်လိုက်တဲ့နေရာက ယွီနျန့်ရဲ့ Trending သုံးခုရဲ့ အောက်တည့်တည့်မှာ အဆင့် ၄ နေရာမှာ။”

ရှီရို့လည်း အံ့ဩနေသည်။

“Hashtag က စကားလုံး နှစ်လုံးတည်းပဲ... နှလုံးသားချင်း ဖလှယ်မယ်တဲ့။”

ယွီနျန့်က ရှဲ့ယို့၏ Weibo ကို နှိပ်ကြည့်လိုက်ရာ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။ ပုံ၏ အလယ်တွင် နှင်းဆီပွင့်ဖတ်လေးများဖြင့် ပြုလုပ်ထားသော အမှတ်တရပစ္စည်းလေး ရှိပြီး ဘေးထောင့်တွင်တော့ ရှဲ့ယို့၏ ထင်ရှားသော လက်ချောင်းလေးများဖြင့် နှလုံးသားပုံစံ ပြုလုပ်ထားသည်။

ယွီနျန့် ပြုံးလိုက်ပြီး စခရင်ကို နှိပ်ကာ ထိုဓာတ်ပုံကို ဖုန်းထဲသို့ သိမ်းလိုက်ပါတော့သည်။











Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...