အခန်း (၅၀) နျန့်နျန့်ယိုယွီ လို့ အမည်ရတဲ့ အဲဒီသူငယ်ချင်း
ယွီနျန့်သည် မျက်စိမှိတ်ရန်ပင် တွန့်ဆုတ်နေမိသည်။ သူသည် နံရံကို အသာမှီရင်း မော့ကြည့်လိုက်ရာ သူ၏ လည်တိုင်အလှမှာ အနည်းငယ် နုနယ်အားငယ်ဟန် ပေါ်လွင်နေသည်။ သေးငယ်သော ခရစ္စတယ် ပေါင်းများစွာဖြင့် ဖန်တီးထားသော ထိုကြယ်တာရာ ဂလက်ဆီကြီးကို ငေးကြည့်ရင်း အတန်ကြာမှ ယွီနျန့်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရှဲ့ယို့... ကျွန်တော် အဘွားကို တအားသတိရတာပဲ"
သူ၏ အကြည့်များမှာ တစ်နေရာတည်းတွင် စုစည်းမနေပေ။
"အဘွား ဆုံးခါနီးတုန်းက ကျွန်တော့်လက်ကို ကိုင်ပြီး အထီးကျန်မှာကို မကြောက်နဲ့လို့ ပြောခဲ့တယ်။ သူက ကြယ်တစ်ပွင့်ဖြစ်သွားပြီး ကျွန်တော့်ဘေးမှာ အမြဲရှိနေမှာပါတဲ့... ကျွန်တော်က ကလေးမဟုတ်တော့ပေမဲ့ အဲဒီစကားတွေကိုပဲ အခုထိ ယုံကြည်နေမိတုန်းပဲ"
ရှဲ့ယို့၏ အသံမှာ ဖုန်းထဲမှတစ်ဆင့် ထွက်ပေါ်လာသည်။ အသံမှာ ပုံမှန်ထက် နူးညံ့နေသည်။
"အင်း... ငါတို့သာ မမေ့သရွေ့ သူတို့က ငါတို့ရဲ့ အမှတ်တရတွေထဲမှာ ဆက်ပြီး ရှင်သန်နေမှာပါ"
"အဲဒါ အမှန်ပဲ၊"
ယွီနျန့်၏ မျက်ဝန်းလေးများမှာ ပြုံးရိပ်သန်းသွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူက ရယ်မောလျက်
"ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ကြယ်လေးတွေက ဘယ်နှစ်ခုလဲဆိုတာ မေးလို့ရမလားဟင်။" ဟု မေးလိုက်သည်။
ရှဲ့ယို့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေး ပြန်ဖြေသည်။
"ကိုးရာ ကိုးဆယ် ကိုးပွင့်"
ကိုးရာ ကိုးဆယ် ကိုးပွင့်။
သူ့ခေါင်းထဲတွင် တစ်ခုခုကို သတိရသွားပြီး ယွီနျန့်၏ မျက်ဝန်းထဲမှ အပြုံးများမှာ လျှံထွက်တော့မတတ် ဖြစ်လာသည်။ သူက ရှဲ့ယို့ကို မေးလိုက်သည်။
"မင်းမှာ Qinghai Live အကောင့် ရှိလား။"
ရှဲ့ယို့က ချက်ချင်းပင် ငြင်းဆိုလိုက်သည်။
"မရှိပါဘူး"
"တကယ်လား။ မရှိဘူးပေါ့။"
"... ရှိပါတယ်"
ယွီနျန့်သည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆက်ပြောသည်။
"ဒါဆိုရင် Qinghai က မင်းရဲ့ Username လေးကို ကျွန်တော် သိခွင့်ရှိမလား။"
ရှဲ့ယို့သည် အတန်ကြာအောင် စဉ်းစားပြီးမှ "... အဲဒီမေးခွန်းကိုတော့ ငါ မဖြေနိုင်ဘူး" ဟု ဆိုသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ။ မဖြေနိုင်ဘူးဆိုရင်လည်း ကျွန်တော် ထပ်မမေးတော့ပါဘူး၊"
ယွီနျန့်က ဆက်ပြီး အတင်းအကျပ် မမေးတော့ပေ။ သူသည် မျက်တောင်လေးများကို ခတ်လိုက်ပြီး
အပြုံးရိပ်ပါသော အသံဖြင့်
"ဒါပေမဲ့ ကျွန်တော် သိလောက်တယ်လို့ ထင်တာပဲ" ဟု ဆိုသည်။
ရှဲ့ယို့ကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။
ကောင်းကင်ယံမှ တိမ်တိုက်များ ကင်းစင်သွားသကဲ့သို့ပင် ယွီနျန့်၏ စိတ်အခြေအနေမှာလည်း ရုတ်တရက်ဆိုသလို နေရောင်ခြည်ဖြာသန်းကာ ကြည်လင်တောက်ပသွားပါတော့သည်။
ရှီရို့သည် ယွီနျန့်တစ်ယောက် ရက်အတော်ကြာ ဆက်တိုက်ဆိုသလို စိတ်အခြေအနေ ကောင်းမွန်နေသည်ကို သတိထားမိနေသည်။ နောက်နှစ်ရက်အတွက် အလုပ်အစီအစဉ်များကို ဖတ်ပြပြီးနောက် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"နျန့်နျန့်... ဒီရက်ပိုင်း ကြည့်ရတာ တစ်ခုခုကို အရမ်းပျော်နေသလိုပဲနော်"
ယွီနျန့်သည် ရေနွေးဓာတ်ဘူးကို ကိုင်ကာ ရေတစ်ငုံသောက်လိုက်သည်။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးများ လှိုက်ခနဲ ပြန့်လွင့်သွားရင်း
"ဒါက သိသာနေလို့လား။" ဟု ပြန်မေးသည်။
"သိသာတာပေါ့၊ဖုံးကွယ်ထားလို့မရတဲ့... ထိန်းမရသိမ်းမရ ပျော်ရွှင်နေတဲ့ ပုံစံမျိုးလေ"
ယွီနျန့်က ရေနွေးဓာတ်ဘူးကို ချလိုက်သည်။
"အင်း... ကျွန်တော် တကယ်ကို ပျော်နေတာ။ ဒီနေ့ နေ့လယ် ၃ နာရီမှာ Oumu နဲ့ စာချုပ်ချုပ်ရမယ်။ ဟုတ်တယ်မလား။"
"ဟုတ်တယ်။ ဒီနေ့ နေ့လယ်ကတော့ အဓိက အဲဒါပါပဲ။ မနက်ဖြန်ကျရင်တော့ Funa Poetry သောက်ရေသန့်ရဲ့ ဘရန်းဒါရိုက်တာနဲ့ တွေ့ရမယ်။ သူတို့က အချိန်တိကျလွန်းတဲ့အတွက် မိနစ် ၂၀ ကြိုရောက်နေဖို့ လိုတယ်နော်။ စက္ကန့် ၃၀ လောက် နောက်ကျတာကိုတောင် သူတို့က လက်မခံဘူး"
စကားပြောရင်း ရှီရို့က မကျေမနပ် ညည်းညူလိုက်သည်။
"ဒါနဲ့... နျန့်နျန့် ဒီကြော်ငြာကို လက်မခံခင်အထိ သောက်ရေသန့်က ဒီလောက်ဈေးကြီးနိုင်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး! ဖန်ပုလင်းပေါ်က ပုံစံဖော်ထားတာတွေက ခရစ္စတယ်တွေနဲ့ လုပ်ထားတာတဲ့။ ပုလင်းအဖုံးမှာဆိုလည်း စိန်တွေစီထားတဲ့ သရဖူလေး ပါသေးတယ်! ဘုရားရေ... ၃၀၀ မီလီလီတာ တစ်ဗူးကို ဒေါ်လာ ၁၀၀ တဲ့။ ကျွန်မရဲ့ တစ်လစာ လစာနဲ့ အတူတူပဲ!"
မုန့်ယွမ်သည် ရှီရို့၏ ညည်းညူသံကို ကြားလိုက်သည်နှင့် အခန်းထဲသို့ ဝင်လာကာ
"အဲဒါက အကန့်အသတ်နဲ့ ထုတ်တဲ့ Limited Edition လေ။ တစ်လကို ပုလင်းသုံးထောင်ပဲ ရောင်းတာ။ ငါတို့က အဲဒါကို သောက်မှာမဟုတ်ဘူး။ ပုံမှန်ဗားရှင်းကိုပဲ သောက်မှာ။ မဟုတ်ရင် တစ်ငုံသောက်တိုင်း ဆယ်ဒေါ်လာလောက် ကုန်နေမှာဆိုတော့ မင်းရဲ့ ရင်ဘတ်ထဲက သွေးစိမ်းရှင်ရှင် ထွက်နေလိမ့်မယ်"
ရှီရို့က လက်ကို အကြိမ်ကြိမ် ယမ်းပြရင်း
"သွေးထွက်ရုံတင် ဘယ်ကမလဲ၊ သွေးတွေ ပန်းထွက်မှာပေါ့။ ဒါတောင် ပုံမှန်ဗားရှင်းက ၃၀၀ မီလီလီတာ တစ်ပုလင်းကို ၆၁ ယွမ်တောင် ရှိတာ။ မတတ်နိုင်ပါဘူး။ လုံးဝ မတတ်နိုင်ပါဘူး"
မုန့်ယွမ်က စားပွဲပေါ်သို့ စာရွက်စာတမ်းများ တင်လိုက်ပြီး ယွီနျန့်ကို ပြောလိုက်သည်။
"အဆင်ပြေသွားပြီ။ အိုးမူက ငါတောင်းဆိုတဲ့ ဈေးကို သဘောတူလိုက်ပြီ။ ဒီနေ့ နေ့လယ် စာချုပ်ချုပ်မယ်။ စာချုပ်ချုပ်ပြီးတာနဲ့ ပိုက်ဆံတွေ စီးဝင်လာတော့မှာပဲ။ ဒါ့အပြင် သူတို့ပြောပုံအရဆိုရင် ဒီကြော်ငြာသာ အောင်မြင်သွားရင် အိုးမူရဲ့ Galaxy Watch စီးရီးတင်မကဘူး၊ Silver Axis စီးရီးကိုပါ မင်းကို ကြော်ငြာခိုင်းဖို့ ရှိတယ်။ အဲဒါကြောင့် လူငယ်လေး... ကြိုးစားထားဦး!"
ယွီနျန့်သည် ပြင်ဆင်ထားသော စာချုပ်ကို ဖတ်ပြီးနောက် မော့ကြည့်ကာ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်"
"ပင်ပန်းတာ မဟုတ်ပါဘူး။ စကားပြောရတာတင်ပါ။ ပြီးတော့ Ri Yao မိုဘိုင်းလ်ဖုန်းလည်း ရှိသေးတယ်။ မင်း နောက်ပိုင်း တော်တော် အလုပ်ရှုပ်တော့မယ်။ ဘရန်းသုံးခုလုံးရဲ့ ဓာတ်ပုံရိုက်ရမယ့် ရက်တွေက တစ်ရက်နဲ့တစ်ရက် တအားနီးနေတယ်"
"ရပါတယ်။ ကျွန်တော် တောင့်ခံနိုင်ပါတယ်။ ဒါနဲ့... ကြော်ငြာထားတဲ့ ဖုန်းနဲ့ နာရီတွေကိုလည်း ကျွန်တော် ကိုယ်တိုင် သုံးရမှာလား။"
"သုံးရမှာပေါ့။ Weibo မှာ စာတင်ရင်လည်း အဲဒီဖုန်းကို သုံးပြီး တင်ရမယ်၊"
မုန့်ယွမ်က မျက်မှောင်ကြုတ်ရင်း
"တကယ်တော့ မင်းလည်း ဖုန်းလဲဖို့ အချိန်တန်ပါပြီ။ ရှီရို့တောင် မင်းထက် ကောင်းတဲ့ဖုန်းကို သုံးနေတာ။ ဒီလောကထဲက အဆင့်အနိမ့်ဆုံး အနုပညာရှင်တောင် မင်းလို ဈေးပေါတဲ့ ဘရန်းကို မသုံးဘူး"
သို့သော် ယွီနျန့်က အမြဲတမ်း ပိုက်ဆံပြတ်လပ်နေသည်ကို သတိရသွားသောအခါ မုန့်ယွမ်က ပြန်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းအကြောင်း ထပ်မပြောတော့ပါဘူး။ သနားစရာလေး။ အစ်ကိုမုန့်က မင်းအတွက် ကြော်ငြာတွေ အများကြီး ထပ်ရှာပေးပြီး လူနေမှုဘဝ မြင့်မားလာအောင် ကူညီပေးပါ့မယ်"
ယွီနျန့်က မျက်လုံးလေးတွေ မှိတ်သည်အထိ ပြုံးလိုက်သည်။
"ကြိုပြီး ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်"
နောက်ပိုင်း ရက်သတ္တပတ်ဝက်ခန့်တွင် ယွီနျန့်၏ အချိန်ဇယားမှာ အလွန်ကျပ်ညပ်နေပါတော့သည်။ EP ၏ နောက်ဆုံးတည်းဖြတ်မှုများကို ဂရုစိုက်ရသည်။ သီချင်းများ ရေးရသည်။ ထို့ပြင် စတူဒီယိုတွင် ကြော်ငြာဓာတ်ပုံများ ရိုက်ကူးရသဖြင့် တစ်ခါတစ်ရံ မနက်စောစောအထိ အလုပ်လုပ်ရတတ်သည်။ သို့သော် အိမ်ပြန်ရောက်တိုင်း မော့ကြည့်လိုက်လျှင် မြင်တွေ့ရသည့် ကြယ်တာရာ ကောင်းကင်ကြီးကြောင့် သူ၏ ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်းပင် လွင့်ပျယ်သွားစေသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ ညဉ့်နက်ပိုင်းတွင် ယွီချင်းက ဖုန်းဆက်လာသည်။
"နျန့်နျန့်... ပိုက်ဆံ လောက်ရဲ့လား။"
ယွီနျန့် အိမ်ရောက်ကာစပင် ရှိသေးသည်။ သူသည် ဆိုဖာပေါ်တွင် ထိုင်ရင်း ပင်ပန်းနွမ်းနယ်မှုကို မဖုံးကွယ်နိုင်ဘဲ နားထင်ကို ပွတ်ကာ
"ဟုတ်ကဲ့၊ အတော်လေး လောက်နေပါပြီ။ အစ်ကိုမုန့်က ကျွန်တော့်အတွက် ကြော်ငြာသုံးခု ဆက်တိုက် ရအောင် လုပ်ပေးထားတော့ ကြော်ငြာခတွေက တော်တော်လေး များတယ်လေ။ ကုမ္ပဏီကို ခွဲပေးပြီးတာတောင် ကျွန်တော့်ဆီမှာ အများကြီး ကျန်ပါသေးတယ်။ ပြီးတော့ မူပိုင်ခွင့်အသင်းကလည်း မူပိုင်ခွင့်ကြေး ပေးလိုက်သေးတယ်လေ"
“ဟုတ်ပါပြီ။ ဒီနေ့ပဲ သတင်းက အတည်ဖြစ်သွားပြီ။ လေလံပွဲက နောက်ငါးရက်နေရင် ရဲ့ချန်မှာ ကျင်းပမှာ။ မင်းရဲ့ အလုပ်ချိန်တွေကို ကြိုညှိထားပြီး လေယာဉ်လက်မှတ်လည်း ကြိုတင်ဘိုကင်လုပ်ထားလိုက်တော့။”
“ဟုတ်ကဲ့၊ ဒီရက်ပိုင်း အလုပ်တွေ ဖြတ်လိုက်ရင် အချိန်ရမှာပါ၊”
ယွီနျန့် လည်ချောင်းအဆင်ပြေသွားအောင် ရေနွေးနွေးလေးတစ်ငုံ သောက်လိုက်ရင်း ပြက္ခဒိန်ကို ကြည့်လိုက်မိသည်။ ထိုစဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး
“နှစ်သစ်ကူးဖို့လည်း နီးနေပြီပဲ။ အစ်မ ဒီနှစ် ဘယ်လိုဖြတ်သန်းဖို့ စိတ်ကူးထားလဲ။”
“ငါကတော့ ဘာရှိမှာလဲ။ ရိုက်ကူးရေးဇယားက အရမ်းကျပ်နေတော့ ရိုက်ကွင်းမှာပဲ ဖြတ်သန်းရမှာပေါ့။ အဲ့ဒါအပြင် ငါတို့အဖေကလည်း ဘယ်ဘက်တစ်ယောက်၊ ညာဘက်တစ်ယောက်နဲ့ အချစ်သစ်တွေနဲ့ ရှုပ်နေတာလေ။ လွန်ခဲ့တဲ့ နှစ်ရက်က သတင်းထဲမှာ တွေ့လိုက်သေးတယ်။ ငါ့ထက် နှစ်နှစ်တောင်ငယ်တဲ့ မော်ဒယ်မလေးတဲ့။ မြက်နုလေးကို စားချင်နေတဲ့ နွားအိုကြီးပေါ့။ အဲဒါကို မြင်ရတာနဲ့တင် တစ်ယောက်ယောက်ကို ထိုးပစ်ချင်စိတ် ပေါက်လာတယ်။ ငါ့ရဲ့ သိက္ခာရှိတဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ငါတော့ အိမ်ပြန်မှာ မဟုတ်ဘူး။”
ယွီချင်းက စိတ်တိုတိုနှင့် ပြောဆိုပြီးနောက် ယွီနျန့်ကို ပြန်မေးသည်။
“မင်းကော ဘယ်လိုလဲ။ ငါတို့ရဲ့ မျိုးရိုးစဉ်ဆက် အိမ်ဟောင်းကို ပြန်မလို့လား။”
“ပြန်ဖြစ်မယ် ထင်တာပဲ။ အခြေအနေကို ကြည့်ရဦးမှာပေါ့။”
“အေးပါ၊ တကယ်လို့ မင်း အထီးကျန်တယ်လို့ ခံစားရရင် ရိုက်ကွင်းကို လာခဲ့ပြီး ငါနဲ့အတူ နှစ်သစ်ကူးပါ။ မင်းရဲ့ အသွားအပြန် လေယာဉ်ခကို ငါ အကုန်ကျခံပါ့မယ်!”
“ကောင်းသားပဲ!”
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ယွီနျန့်သည် မုန့်ယွမ်နှင့် အလုပ်ကိစ္စများ ညှိနှိုင်းပြီးနောက် မနက်စောစော လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ နေ့လယ်ပိုင်းတွင် ရဲ့ချန်မြို့သို့ ရောက်ရှိလာသည်။
ရဲ့ ချန်မြို့တွင် မိုးဖွဲဖွဲရွာနေပြီး မြူနှင်းများနှင့်အတူ တစ်ကိုယ်လုံး စိမ့်တက်နေအောင် အေးစက်စိုစွတ်နေသည်။ ယွီနျန့်သည် အနက်ရောင် အနွေးထည်အထူကြီးကို ဝတ်ဆင်ထားပြီး ဦးထုပ်နှင့် maskပါ တပ်ထားသဖြင့် လူအများကြားတွင် သိပ်မသိသာလှပေ။ လေလံပွဲကျင်းပရာ နေရာသို့ ရောက်ရှိသောအခါ ဧည့်ကြိုက ဖိတ်စာကို စစ်ဆေးပြီးနောက် သူ့ကို အတွင်းခန်းမထဲသို့ လိုက်ပို့ပေးသည်။
သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကူရိယန် ထံမှ ဖုန်းဝင်လာသည်။
“အဘိုးကူ။”
ကူရိယန်က တဟားဟား ရယ်မောလိုက်ပြီး “မင်း ပွဲကျင်းပတဲ့နေရာကို ရောက်ပြီလား။”
လူမရှိသည့် ထောင့်တစ်နေရာတွင် ရပ်ရင်း ယွီနျန့်က ပြုံးလျက် ပြန်ဖြေသည်။
“ကျွန်တော် ဒီရောက်နေတာကို အဘိုး ဘယ်လိုသိတာလဲဟင်။”
“ငါက ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း မင်း ဝတ်မှုံကဗျာ ကျောက်စိမ်းပန်းအိုး လေလံပွဲမှာ ရှိနေခဲ့တာပဲ။ အခု ‘နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး’ ပန်းချီကား လေလံပွဲမှာ မင်း ရှိမနေဘူးဆိုမှ ထူးဆန်းမှာပေါ့၊”
ကူရိယန်က သက်ပြင်းချရင်း
“ရှို့နင်က ဒီရတနာတွေကို နိုင်ငံထဲ ပြန်သယ်လာဖို့ သစ္စာဆိုခဲ့တာ။ ကံမကောင်းစွာနဲ့ သူ ဆန္ဒမပြည့်ဝခဲ့ပေမဲ့ ကံကောင်းတာကတော့ သူ့မှာ မင်းလို မြေးကောင်းတစ်ယောက် ရှိနေတာပဲ!”
ယွီနျန့် အနည်းငယ် အားနာသွားပြီး “အဘိုးကူကလည်း ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ”
“ငါ အပိုပြောနေတာ မဟုတ်ပါဘူး။ ဒါနဲ့ ငါ့မှတ်ဉာဏ်ကလည်း အရင်လို မကောင်းတော့ဘူး။ မင်းကို ဒါရိုက်တာ ကန်းဆီ သွားတွေ့ဖို့ ပြောဖို့ ဖုန်းဆက်တာ။”
“နင်ချန် ပြတိုက်က ဒါရိုက်တာ ကန်းကို ပြောတာလားခင်ဗျာ။ သူလည်း ရောက်နေတာလား။”
“အေး... ဟုတ်တယ်။ အချိန်ရပါသေးတယ်၊ သွားပြီး သူနဲ့ စကားခေတ္တ ပြောလိုက်ပါဦး။”
ကူရိယန် ပေးလိုက်သည့် အခန်းနံပါတ်အတိုင်း ယွီနျန့် သွားရှာပြီး တံခါးခေါက်လိုက်သည်။ မျက်မှန်တပ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး တံခါးဖွင့်ပေးပြီး ယဉ်ကျေးစွာ မေးမြန်းသည်။
“မင်းက ယွီနျန့်လား။”
ယွီနျန့်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး
“ဟုတ်ကဲ့ပါ၊ အဘိုးကူက ကျွန်တော့်ကို လာတွေ့ဖို့ ပြောလိုက်လို့ပါ”
အခန်းထဲသို့ ဝင်လိုက်သောအခါ တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြုံးလျက် နှုတ်ဆက်သည်။
“မင်းက ယွီနျန့်လား။”
သူက အနည်းငယ် ပိန်သော်လည်း သူ့အကြည့်တွေက နူးညံ့သိမ်မွေ့သဖြင့် မြင်မြင်ချင်း ခင်မင်စရာ ကောင်းလှသည်။ ယွီနျန့်က အနားသို့ ချဉ်းကပ်ကာ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ အခုလို ဝင်လာမိတဲ့အတွက် တောင်းပန်ပါတယ်”
“မလိုပါဘူး၊ ထိုင်ပါ။”
ယွီနျန့် ထိုင်လိုက်ပြီးနောက် ဒါရိုက်တာကန်းသည် လက်ဖက်ရည်ကို အသေအချာ ဖျော်ပြီး ကမ်းပေးသည်။
လက်ဖက်ရည် သောက်ပြီးနောက် ဒါရိုက်တာကန်းက တိုက်ရိုက်ပင် စကားစလိုက်သည်။
“ငါ အပွင့်လင်းဆုံးပဲ ပြောပါ့မယ်။ ဒီလေလံပွဲမှာ လေလံတင်မယ့် ကြေးထည်ပစ္စည်းတစ်ခု ရှိတယ်။ မင်းလည်း ဒါကို သိမှာပါ။ ဒါက ရှေးဟောင်း နတ်ပူဇော်တဲ့ ပစ္စည်းတွေထဲမှာ တကယ့်ကို ထင်ရှားတဲ့ လက်ရာတစ်ခုပဲ။”
ယွီနျန့်၏ မျက်လုံးများမှာ အနည်းငယ် ဝိုင်းစက်သွားပြီး
“နောက်ခံမှာ တိမ်တိုက်နဲ့ မိုးကြိုးပုံစံတွေပါပြီး အပြင်ဘက်မှာ ခွေဝန်နဂါးရုပ်ပုံစံတွေ ထင်ထင်ရှားရှား ပါတဲ့ ကြေးအိုးကို ပြောတာလားခင်ဗျာ။”
ဒါရိုက်တာကန်းက ပြုံးလျက် ခေါင်းညိတ်သည်။
“မင်း တကယ် သိတာပဲ။ ဟုတ်တယ်၊ အဲဒါပဲ။”
ယွီနျန့်က ဒါရိုက်တာကန်းအတွက် လက်ဖက်ရည် ပြန်ငှဲ့ပေးရင်း
“ကျွန်တော့်အဘိုးက ဒီအကြောင်း ပြောပြဖူးပါတယ်။ ဒါပေမဲ့ ဒါက လေလံပွဲမှာ ပေါ်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားခဲ့ဘူး”
“ဟုတ်တယ်၊”
ဒါရိုက်တာကန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သက်ပြင်းချရင်း ဆက်ပြောသည်။
“အရင်က ငါ ဆရာရှို့နင်နဲ့ ဒီကြေးအိုးအကြောင်း ဆွေးနွေးဖူးတဲ့ အခွင့်အရေး ရခဲ့တယ်။ သူက ဒါကို နိုင်ငံရဲ့ အကြီးမြတ်ဆုံး ရတနာလို့ မှတ်ချက်ပေးခဲ့ဖူးပေမဲ့ ကံဆိုးစွာနဲ့ပဲ ဒါက ပြည်ပကို ရောက်သွားပြီး အိမ်ကို ပြန်မလာနိုင်ခဲ့ဘူး။”
ဒါရိုက်တာကန်းသည် နံ့သာတိုင်မှ ထွက်ပေါ်နေသော မီးခိုးငွေ့လေးများကို ငေးကြည့်ရင်း လေသံမှာ
ပိုမိုလေးနက်လာသည်။
“ဒီပစ္စည်းက ငါတို့အတွက် တကယ်ကို အရေးကြီးပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ရှေးဟောင်းပစ္စည်း အရောင်းအဝယ်သမားတွေက ပြည်ပကို ရောင်းပစ်ခဲ့လို့ လက်ပြောင်းလက်လွှဲတွေ အများကြီး ဖြစ်ခဲ့တာ။ ဒီလေလံပွဲက ဒီကြေးအိုးကို ပြန်ရဖို့ နှစ်ငါးဆယ်အတွင်းမှာ တစ်ခုတည်းသော အခွင့်အရေးပဲ။ တကယ်လို့ ဒီတစ်ခါသာ ငါတို့ လက်လွတ်လိုက်ရရင် ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး။”
ယွီနျန့်သည် သူ၏လက်ချောင်းများကို တင်းတင်းဆုပ်ထားရင်း မေးလိုက်သည်။
"ဒါဆို ဒါရိုက်တာ့မှာ ဒါကို ရနိုင်ဖို့ အခွင့်အရေးကောင်း ရှိလားဟင်။"
"ငါ ၈၀ ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိပါတယ်။ နေရာအနှံ့ကနေ ရန်ပုံငွေ အတော်များများ စုဆောင်းထားပြီးပြီဆိုတော့ အောင်အောင်မြင်မြင် ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ၊"
ဒါရိုက်တာကန်းက ယွီနျန့်၏ မျက်လုံးများကို စိုက်ကြည့်ကာ
"ဒါပေမဲ့ တစ်ခုရှိတာက... ဒီအတွက် ပိုက်ဆံတွေ အကုန်သုံးလိုက်ရမှာဆိုတော့ ‘နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး’ ပန်းချီကား လေလံဆွဲဖို့ ငါတို့ဆီမှာ ပိုလျှံတဲ့ ရန်ပုံငွေ ကျန်တော့မှာ မဟုတ်ဘူး"
ယွီနျန့်သည် ဒါရိုက်တာကန်း ဆိုလိုသည်ကို နားလည်သွားသည်။
"ဆိုလိုတာက တခြားတစ်ယောက်ယောက်က ဒါကို လာပြိုင်လိမ့်မယ်လို့ ထင်နေတာလား။"
"ဟုတ်တယ်။ ပြင်သစ်က စုဆောင်းသူတစ်ယောက်က ဒီပန်းချီကားကို ရအောင်ယူမယ်လို့ ဆန္ဒပြင်းပြနေတယ်လို့ သတင်းရထားတယ်။ ဒါက ဘယ်လောက်အထိ မှန်ကန်လဲဆိုတာ အတည်မပြုနိုင်ပေမဲ့ မင်းဘက်ကတော့ ကြိုတင်ပြင်ဆင်ထားသင့်တယ်"
"ဟုတ်ကဲ့ပါ၊"
ယွီနျန့်က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
"စိတ်ချပါ၊ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
ဒါရိုက်တာကန်းက ဘာမှမပြောတော့ဘဲ ယွီနျန့်၏ ပုခုံးကိုသာ အသာအယာ ပုတ်ပေးလိုက်သည်။
သူ့အတွက် သီးသန့်ပေးထားသော အခန်းသို့ ပြန်ရောက်သောအခါ ယွီနျန့် ခဏမျှ စဉ်းစားပြီးနောက် ယွီချင်းထံ မက်ဆေ့ချ်ပို့လိုက်သည်။
"လေလံပွဲက ချောချောမောမော ဖြစ်မယ့်ပုံမပေါ်ဘူး။ တကယ်လို့ ဈေးနှုန်းက အရမ်းမြင့်သွားရင် အစ်မ ကျွန်တော့်ကို ပိုက်ဆံခဏလောက် ချေးပေးနိုင်မလား။"
ယွီချင်းက ချက်ချင်းပင် ပြန်စာပို့လာသည်။
"မင်းဘာသာမင်း စိတ်ကြိုက်သာ ဆွဲပါ။ ပိုက်ဆံမလောက်ရင် ငါ့ကိုပြော"
ယွီနျန့် သက်ပြင်းတစ်ချက်ကို အဝဝချလိုက်ပြီး "ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အစ်မ" ဟု ပြန်ပို့လိုက်သည်။
ဒါရိုက်တာကန်း ခန့်မှန်းထားသည့်အတိုင်းပင် ‘နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး’ လေလံပွဲမှာ မချောမွေ့ခဲ့ပေ။ ပွဲ၏ ထက်ဝက်ကျော်ကုန်ဆုံးသွားမှသာ ၎င်းကို စတင်လေလံတင်ပြီး အဖွင့်ဈေးမှာ ၈.၁၁ သန်း ဖြစ်သည်။ လေလံနှစ်ချီအတွင်းမှာတင် ဈေးနှုန်းက ဆယ်သန်းဂဏန်းအထိ တက်သွားသည်။
လေလံ လေးချီအပြီးတွင်တော့ ယွီနျန့်နှင့် ပြင်သစ်စုဆောင်းသူသာ ကျန်တော့သည်။
ယွီနျန့်သည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရာ လျှာဖျားတွင် ခါးသက်သက် အရသာကို ခံစားလိုက်ရသည်။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့်ပင် ပြိုင်ဘက်က ဈေးခေါ်ပြီးတိုင်း ဆိုင်းဘုတ်ကို မြှောက်ကာ တစ်သန်းချင်း မတိုးဘဲ တိုက်ရိုက် သုံးသန်းစီ တိုး၍ ခေါ်လိုက်သည်။
ဤတစ်ကြိမ်တွင် တူနှစ်ချက်ထုပြီးနောက် ပြိုင်ဘက်က နှစ်သန်းထပ်တိုးကာ ပြန်ခေါ်သည်။
ယွီနျန့်၏ ခေါင်းထဲတွင် ကိန်းဂဏန်းများစွာ ဝဲပျံနေပြီး သူကိုယ်တိုင်လည်း တွေးမိသည်
"ဒီတစ်ခါတော့ ငါအောင်မြင်သွားနိုင်ပေမဲ့၊ တော်တော်ကြာကြာတော့ အသားဝယ်စားနိုင်မှာ မဟုတ်တော့ဘူး"
သို့သော် သူသည် တွန့်ဆုတ်မနေဘဲ ဆိုင်းဘုတ်ကို ထပ်မံမြှောက်ကာ နောက်ထပ် သုံးသန်း ထပ်တိုးလိုက်သည်။
နောက်ဆုံးတွင်တော့ တူသုံးချက်ထုပြီးနောက် လေလံပွဲ ပြီးဆုံးသွားသည်။ သူ အနိုင်ရခဲ့ပြီ။
ယွီနျန့်သည် ထိုင်ခုံတွင် မှီလိုက်ပြီး သက်ပြင်းကို အသာအယာ ချလိုက်မိသည်။
တိမ်တိုက်၊ မိုးကြိုးနှင့် နဂါးရုပ်ပုံစံ ကြေးအိုးမှာတော့ ပွဲ၏ အပိတ်ပစ္စည်းအဖြစ် နောက်ဆုံးမှ လေလံတင်သည်။ ၎င်းကို သန်း ၈၀ ဖြင့် စတင်ခေါ်ယူပြီး ပြင်းထန်သော အားပြိုင်မှုများအပြီးတွင် သန်း ၁၄၀ ဆိုသည့် မယုံနိုင်လောက်သော ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည်။ ဒါရိုက်တာကန်း အနိုင်ရသွားသည်ကို သိလိုက်ရသောအခါမှသာ ယွီနျန့် စိတ်အေးသွားရသည်။
လေလံပွဲအပြီးတွင် ယွီနျန့်သည် ဒါရိုက်တာကန်း၏ အခန်းသို့ သွားခဲ့သည်။ ဒါရိုက်တာကန်းမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ တုန်ယင်နေသော လက်များဖြင့် လက်ဖက်ရည်ကြမ်းကို သောက်ရင်း မျက်ဝန်းများမှာပင် ရဲတက်နေသည်။
"ငါတို့ ဝယ်နိုင်ခဲ့ပြီ!"
ယွီနျန့်က ပြုံးလျက် "ဟုတ်ကဲ့၊ ကျွန်တော်တို့ ဝယ်နိုင်ခဲ့ပြီ" ဟု ပြန်ဖြေသည်။
သူတို့နှစ်ဦးကြားတွင် အသက်အရွယ် ၃၀ နီးပါး ကွာခြားသော်လည်း ထိုအချိန်တွင်တော့ တူညီသော
အပြုံးတစ်ခုကို မျှဝေခဲ့ကြသည်။
အပြန်လမ်းတွင် ယွီနျန့်သည် ယွီချင်းထံ ဖုန်းဆက်သည်။ သူ၏ လေသံမှာ ပေါ့ပါးနေသည်ကို ကြားသောအခါ ယွီချင်းက
"မင်းမှာ အကြွေးပုံကြီး တင်နေတာကိုတောင် ဒီလောက်အထိ ပျော်ပျော်ကြီး ရယ်နိုင်သေးတယ်ပေါ့။" ဟု စနောက်သည်။
"ဟုတ်ကဲ့၊ စိတ်ထဲမှာ တကယ်ကို နေလို့ကောင်းနေတာပါ။"
ယွီနျန့်သည် ပြတင်းပေါက်အပြင်ဘက်က မိုးရေစက်များကို ငေးကြည့်ရင်း အနွေးထည်ကို ပြန်ပြင်ဝတ်ကာ အေးအေးဆေးဆေးပင် ဆိုသည်။
"ကျွန်တော် အိမ်ပြန်ပြီး ပစ္စည်းတွေ ပြန်စီလိုက်ဦးမယ်။ အန်ကယ်ရုံကို ရောင်းလို့ရတာလေးတွေ ရောင်းခိုင်းပြီး အလုပ်တွေ အများကြီး လိုက်ရှာရမယ်။ ဒါမှ အစ်မဆီက ချေးထားတဲ့ ပိုက်ဆံတွေကို အမြန်ဆုံး ပြန်ဆပ်နိုင်မှာ"
"ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ သိပ်ပင်ပန်းအောင် မလုပ်ပါနဲ့။ ငါ့အတွက်တော့ ဒီပိုက်ဆံက ပြိုင်ကားနှစ်စီးလောက် လျှော့ဝယ်လိုက်ရင် ရတဲ့ပမာဏပါ၊ အလောတကြီး မလိုဘူး"
"ဟုတ်ကဲ့၊ နားလည်ပါပြီ။ စိတ်မပူပါနဲ့ အစ်မ"
ယွီနျန့်၏ စိတ်ထဲတွင်တော့ သံယောဇဉ်ကို ငွေကြေးနှင့် မရောထွေးလိုပေ။ အစ်မ၏ ပိုက်ဆံများမှာလည်း လွယ်လွယ်နှင့် ရလာသည်မဟုတ်မှန်း သူသိသည်။
နောက်တစ်နေ့တွင် ယွီနျန့် ကုမ္ပဏီသို့ သွားပြီး မုန့်ယွမ်အား ကိစ္စအားလုံး အဆင်ပြေသွားပြီဖြစ်ကြောင်း ပြောပြသည်။ မုန့်ယွမ်က အများကြီး မမေးသော်လည်း သူ နေမကောင်းသလို ဖြစ်နေသည်ကို သတိပြုမိသည်။
"ညက ကောင်းကောင်းမအိပ်ရဘူးလား။ ဆိုဖာပေါ်မှာ ခဏလောက် မှေးလိုက်ဦးမလား။"
"မလိုပါဘူး၊" ယွီနျန့်သည် မျက်လုံးကို ပွတ်ရင်း "ကျွန်တော် အဆင်ပြေပါတယ်။ အိပ်လည်း မငိုက်ပါဘူး"
တကယ်တော့ မနေ့ညက ပန်းချီကားကို လုံခြုံသောနေရာတွင် သိမ်းပြီးနောက် သူ အိပ်မပျော်နိုင်ခဲ့ပေ။ သန်းခေါင်ယံအချိန်တွင် ထိုင်ကာ သူပိုင်ဆိုင်သော ပစ္စည်းများကို စာရင်းပြုစုနေခဲ့သည်။
နောက်ဆုံးတွင်တော့ ပစ္စည်းခုနစ်ခုကို ရွေးချယ်ခဲ့ပြီး စိတ်ထဲမှ ရေရွတ်မိသည်။
"ဘိုးဘွားတွေကို တောင်းပန်ပါတယ်၊ အဘိုးတို့ သုံးခဲ့တဲ့ မှင်ခံကျောက်တုံး နှစ်ခုနဲ့ အဘိုးတို့ စုဆောင်းခဲ့တဲ့ ရှေးဟောင်းစာအုပ် ငါးစုံကိုတော့ ကျွန်တော် ရောင်းရပါတော့မယ်"။
ထိုသို့ သုံးကြိမ်တိုင်တိုင် တောင်းပန်ပြီးနောက် ရုံယွဲ ထံ ဆက်သွယ်ကာ တန်ဖိုးဖြတ်ရန် ချိန်းဆိုလိုက်သည်။
မုန့်ယွမ်က ခေါင်းညိတ်ပြီး
"အေးပါ၊ ဒါနဲ့ မမေ့နဲ့ဦး... ညနေပိုင်းမှာ Live လွှင့်ဖို့ ရှိတယ်။ ပရိသတ်တွေနဲ့ ဆယ်မိနစ်လောက်
စကားပြောပေးရမယ်"
ညနေ ၃ နာရီတွင် ယွီနျန့်သည် ကားထဲမှနေ၍ Live လွှင့်သည်။ ကြည့်ရှုသူဦးရေမှာ ပြီးခဲ့သည့်အကြိမ်ထက် နှစ်ဆနီးပါး များနေပြီး အရေအတွက်မှာလည်း တရိပ်ရိပ် တက်နေသည်။ သူသည် အသေးစိတ်များကို ဂရုမစိုက်ဘဲ ကင်မရာကို ပြုံးပြနှုတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အခု ကြော်ငြာဓာတ်ပုံရိုက်ဖို့ သွားနေတာပါ"
မှတ်ချက်များတွင် ကြော်ငြာအကြောင်း မေးနေကြသဖြင့် ယွီနျန့်က
"ဒါက Funa Poetry သောက်ရေသန့် ကြော်ငြာအတွက်ပါ။ ပုံစံကိုတော့ အခုလောလောဆယ် လျှို့ဝှက်ထားရဦးမှာမို့ ကြော်ငြာထွက်လာမှပဲ ကြည့်ပေးကြပါဦးနော်။"
ကင်မရာကို ပြတင်းပေါက်ဘက်သို့ ခေတ္တလှည့်ပြပြီးမှ မိမိဘက်သို့ ပြန်လှည့်သည်။
"ဒါနဲ့... ဒီရက်ပိုင်း ရာသီဥတုက သိပ်မကောင်းဘူးနော်၊ တော်တော်လည်း အေးလာပြီ။ အားလုံးပဲ အနွေးထည် ထူထူဝတ်ကြဖို့ မမေ့နဲ့ဦးနော်"
ထိုစဉ် သူ၏ဖုန်းစခရင်ပေါ်တွင် အရောင်စုံစာသားလေး တစ်ကြောင်း ပေါ်လာသည် ‘အသုံးပြုသူ NianNianYouYu က Host ယွီနျန့်ထံသို့ စိန်ပွင့် ၁၀၀ ပေးပို့လိုက်သည်’ ဟူ၍ ဖြစ်ပြီး နောက်ထပ် ဆက်တိုက်ဆိုသလို တက်လာပြန်သည်။
[တောက်... ဒီနတ်ဘုရားလို သူဌေးကြီးက ဘယ်သူလဲ။ Live လွှင့်တိုင်း လာလာပြီး ကြွနေတာပဲ! ငါ့ဒူးတွေ တုန်နေပြီ၊ ထပ်ပြီး ဒူးထောက်လိုက်ပါဦးမယ်!]
[အား... နောက်ထပ် စိန် ၉၉၉ ပွင့်တဲ့! အား... ငါတော့ ရူးတော့မှာပဲ!]
[တို့တွေအားလုံးက အိုင်ဒေါကို အားပေးနေကြတာပဲ၊ ရှင်ကတော့ ဘာလို့ ဒီလောက်တောင် လက်ဖွာရတာလဲ။! သူဌေးကြီး... ကျွန်မရဲ့ ဒူးထောက်တဲ့ ပုံစံလေး မှန်ရဲ့လားလို့ ကြည့်ပေးပါဦး။]
ယွီနျန့်သည် ရှဲ့ယို့ ဖုန်းထဲတွင် ပြောခဲ့သော "အဲဒီမေးခွန်းကိုတော့ ငါမဖြေနိုင်ဘူး" ဆိုသည့် စကားကို သတိရသွားပြီး သူ၏ နှုတ်ခမ်းနှင့် မျက်ဝန်းများတွင် အလိုလို အပြုံးများ ပေါ်လာတော့သည်။
"‘နျန့်နျန့်ယိုယွီ’ ဆိုတဲ့ ဒီသူငယ်ချင်း... ဒီရက်ပိုင်း ရာသီဥတု အေးလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး၊
ဖျားမနေနဲ့ဦးနော်"
Comments
Post a Comment