Skip to main content

53

 

အခန်း (၅၃) - သူ မင်းကို ဘယ်လိုမျိုး တိုက်ကျွေးခဲ့တာလဲ။


ယွီနျန့်သည် ကုတင်ဘေးသို့ တိုးသွားကာ အသာအယာ ငုံ့ကိုင်းပြီး တိုးတိုးလေး မေးလိုက်သည်။

"တစ်နေရာရာက နေလို့မကောင်းတာမျိုး ရှိလားဟင်"

ရှဲ့ယို့၏ မျက်နှာအမူအရာမှာ တစ်ခဏမျှ တုန့်ဆိုင်းသွားသည်။ သူ၏ မျက်ဝန်းအိမ်များမှာ အနည်းငယ် ကျုံ့သွားပြီး ယွီနျန့်ကို ကြည့်နေသည့် အကြည့်များမှာ အကူအညီတောင်းခံနေသကဲ့သို့ တုန်လှုပ်ခြောက်ခြားနေဟန် ရှိသည်။

"မင်းရဲ့ ညာဘက်လက်မှာ ဒဏ်ရာအနက်ကြီး ရထားတယ်၊ သွေးတွေလည်း အများကြီး ထွက်ခဲ့တာ။ ဒါပေမဲ့ ဆရာဝန်ကတော့ အာရုံကြောတွေ မထိခိုက်ဘူးလို့တော့ ပြောတယ်"

ထိုစကားကို ကြားလိုက်ရသည့် နောက်တစ်စက္ကန့်တွင် ရှဲ့ယို့၏ တင်းမာနေသော မျက်နှာကြွက်သားများမှာ ရုတ်တရက်ဆိုသလို ပြေလျော့သွားပါတော့သည်။ ယွီနျန့်သည် နူးညံ့တည်ငြိမ်သော အသံဖြင့် ရှင်းပြသည်။

"မင်း ကားအက်စီးဒင့်ဖြစ်ပြီး ဒုတိယမြောက်ညကို ရောက်နေပြီ။ မင်း ခွဲစိတ်ခန်းထဲ ဝင်သွားပြီး သိပ်မကြာခင်မှာပဲ မင်းရဲ့မေမေ ရောက်လာတယ်။ ပြီးတော့ ပြန်သွားတယ်။ နေ့လယ်ပိုင်းမှာ ဒါရိုက်တာအဖွဲ့ အစည်းအဝေး လုပ်ခဲ့ပေမဲ့ ရလဒ်ကတော့ အခုထိ မသိရသေးဘူး။ ချွိရှောက်ရန် ပြောတာကတော့ မင်းရဲ့ဒရိုင်ဘာက ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့တာတဲ့။ တင်းကျောက်ရှန်းနဲ့ သူ့လူတွေလည်း ဆေးရုံမှာပဲ။ ချွိရှောက်ရန်ရဲ့အစ်ကိုက သူတို့ကို စောင့်ကြည့်နေပါတယ်။ ချွိရှောက်ရန် ကိုယ်တိုင်ကတော့ အက်စီးဒင့်ဖြစ်ကတည်းက မအိပ်ရသေးလို့ အခုပဲ မှေးခနဲ အိပ်ပျော်သွားတာ"

ယွီနျန့်၏ စကားများကို နားထောင်ပြီးနောက် ရှဲ့ယို့၏ အသက်ရှူသံမှာ ငြိမ်ကျသွားပြီး မျက်ခွံများမှာလည်း ပင်ပန်းနွမ်းနယ်မှုကြောင့် မှေးကျလာသည်။ ယွီနျန့်က စောင်ကို သေချာ ပြန်ခြုံပေးလိုက်ပြီး

"အခုတော့ အိပ်လိုက်ပါတော့၊ အားလုံး အဆင်ပြေသွားမှာပါ"

နောက်တစ်နေ့ မနက်စောစောတွင် ယွီနျန့် မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လက်နှစ်ဖက်ကို ယှက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော ချွိရှောက်ရန်ကို မြင်လိုက်ရသည်။

"မင်း နိုးပြီလား။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ! လာဘ်လာဘတွေ ပေါများပါစေ! နေ့တိုင်း ချမ်းသာပါစေ!"

ယွီနျန့်မှာ ခေါင်းနည်းနည်း ကိုက်နေသဖြင့် ထထိုင်လိုက်ရင်း ဆေးရုံကုတင်ဘက်သို့ မသိစိတ်ဖြင့် လှည့်ကြည့်မိသည်။ ရှဲ့ယို့ သတိရနေပြီဖြစ်ပြီး ဆရာဝန်က စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ရှဲ့ယို့သည် ခေါင်းအုံးကို မှီကာ ထိုင်နေသည်။ ဆေးရုံဝတ်စုံနှင့် ဖြစ်သော်လည်း မတ်မတ်ထိုင်တတ်သည့် အလေ့အထကြောင့် သူ၏ အရှိန်အဝါမှာ မှေးမှိန်မသွားပေ။ ဖြူဖျော့နေသော သူ၏ မျက်နှာပေးမှာ အားနည်းနေသည့်တိုင် ဆွဲဆောင်မှု ရှိနေဆဲပင်။

ချွိရှောက်ရန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် စကားများနေသည်။

"ရှဲ့ရှောက်ယို့ နိုးနိုးချင်း မင်းကို နှိုးမလို့ပဲ။ ဒါပေမဲ့ သူက ခွင့်မပြုဘူး။ မင်းကို နောက်ထပ် ခဏလောက် ပိုအိပ်စေချင်တယ်တဲ့။ ဆရာဝန် လာစစ်တုန်းကတောင် မင်းနိုးသွားမှာစိုးလို့ အားလုံးကို တိုးတိုးလုပ်ဖို့ သူက မှာနေသေးတာ"

ရှဲ့ယို့သည် ချွိရှောက်ရန်ကို တားချင်သော်လည်း အခွင့်အရေး မရသဖြင့် လွှတ်ထားလိုက်ရသည်။ သူက ခေါင်းကို တစ်ဖက်သို့ လွှဲထားပြီး ယွီနျန့်ကို တည့်တည့်မကြည့်ရဲပေ။

ယွီနျန့် ရင်ထဲတွင် နွေးထွေးသွားပြီး အိပ်ရာမှထကာ စောင်ကို သေသေချာချာ ခေါက်လိုက်သည်။

"ကောင်းကောင်း အိပ်ပျော်ရဲ့လား"

ချွိရှောက်ရန်က ပြုံးလျက် မေးသည်။

"ဟုတ်ကဲ့၊ အတော်လေး နေလို့ကောင်းသွားပါပြီ"

ယွီနျန့် စကားဆက်ရန် ပြင်စဉ်မှာပင် သူ၏ ဖုန်းမြည်လာသည်။ ချွိရှောက်ရန်က ဘေးခန်းဘက်ကို လက်ညှိုးညွှန်ပြရင်း ဖုန်းသွားဖြေရန် အချက်ပြသည်။ ယွီနျန့် ခေါင်းညိတ်ပြီး ဘေးခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။

"အစ်ကိုမုန့်... နှစ်သစ်မှာ ပျော်ရွှင်ပါစေ!"

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ! အချိန်မဖြုန်းတော့ဘူး။ တိုက်ရိုက်ပဲ ပြောမယ်၊"

မုန့်ယွမ်က ဆိုသည်။

"ဒီလ ၁၃ ရက်နေ့၊ မင်း ငါနဲ့ အလုပ်ကိစ္စတွေ ရက်ရွှေ့ထားတဲ့နေ့မှာ ရဲ့ချန်က လေလံပွဲကို တက်ခဲ့သေးလား"

"ဟုတ်ကဲ့၊ တက်ခဲ့ပါတယ်။ အဲဒီနေ့က ကိုယ်ရေးကိုယ်တာ ကိစ္စလေး ရှိလို့ပါ"

"အဲဒါဆို ကိုက်ညီသွားပြီ။ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်ချန်ပြတိုက်က လေလံပွဲမှာ ကြေးထည်ပစ္စည်းတစ်ခု ဝယ်လိုက်တယ်မလား။ သူတို့က ပုံတွေအများကြီး တင်လိုက်တဲ့အခါမှာ အင်တာနက်အသုံးပြုသူ တချို့က နောက်ခံပုံထဲမှာ ပါနေတဲ့ မင်းကို ရှာတွေ့သွားကြတာ။"

မုန့်ယွမ်က သက်ပြင်းချရင်း

"ငါကိုယ်တိုင်တောင် အဲဒီပုံထဲမှာ မင်းပါနေတာကို သတိမထားမိဘူး"

ယွီနျန့်မှာ ဓာတ်ပုံထဲ ပါသွားလိမ့်မည်ဟု မထင်ထားပေ။

"အဲဒီအတွက်ကြောင့် ပြဿနာ တစ်ခုခု ဖြစ်လာနိုင်လားဟင်"

"မဖြစ်နိုင်ပါဘူး၊ အလွန်ဆုံးရှိရင်တော့ လူတွေ ခန့်မှန်းပြောဆိုကြမှာပေါ့။ လေလံပွဲတက်တာက ရှက်စရာမှ မဟုတ်တာ။"

မုန့်ယွမ်က စပ်စုချင်စိတ်ဖြင့် ထပ်မေးသည်။

"ဒါပေမဲ့ အဆင်ပြေမယ်ဆိုရင် ငါ့ကို တစ်ခုလောက် ပြောပြပါဦး။ မင်း အဲဒီပွဲမှာ ဘာဝယ်ခဲ့တာလဲ။"

ယွီနျန့် ပြုံးလိုက်သည်။

"ကျွန်တော် အမြဲလိုချင်နေတဲ့ ပန်းချီကားတစ်ချပ် ဝယ်ခဲ့တာပါ။ ပိုက်ဆံမလောက်လို့ အစ်မဆီက အများကြီး ချေးလိုက်ရတယ်"

မုန့်ယွမ် ခဏမျှ တိတ်သွားသည်။

"နေဦး!"

နှစ်စက္ကန့်အကြာတွင် သူက ဆက်ပြောသည် ။

"ကဲ... ငါ အဆင်သင့်ဖြစ်ပြီ။ ပြောပါဦး၊ မင်း အကြွေး ဘယ်လောက် တင်သွားပြီလဲ။"

"ငါးသန်းကျော်ပါ"

"ဪ... အဲဒါဆိုရင်တော့ ရပါတယ်။ ရပါတယ်။ ငါ့မှာ လန့်သွားတာပဲ။ ကြိုးစားပမ်းစား အလုပ်လုပ်ရင် မကြာခင် ပြန်ဆပ်နိုင်မှာပါ။"

မုန့်ယွမ် စိတ်အေးသွားဟန်ဖြင့် ဆက်ပြောသည်။

"နျန့်နျန့်... မင်းကို အပြစ်ပြောတာ မဟုတ်ပေမဲ့ တချို့လူတွေက တောင်ပြိုသလို ပိုက်ဆံရှာပြီး အပ်ချည်မျှင် ဆွဲသလို ခြွေတာသုံးကြတာ။ မင်းကတော့ မိုးသည်းသလို ပိုက်ဆံရှာပြီး ရေကြီးသလို သုံးပစ်တာပဲ။ အဓိက ပြဿနာက အဲဒီရေတွေ ဘယ်ကို စီးသွားမှန်း ဘယ်သူမှ မသိတာပဲ!"

ယွီနျန့် နှာခေါင်းလေးကို ပွတ်လိုက်သည်။ ထိုဖော်ပြချက်မှာ လုံးဝမှားသည်ဟု မဆိုနိုင်ပေ။

စကားအနည်းငယ် ထပ်ပြောပြီးနောက် သူ ဖုန်းချလိုက်သည်။ ဘေးခန်းတံခါးကို အသာအယာ ဟလိုက်စဉ်မှာပင် ရှဲ့ယို့တစ်ယောက် ဖုန်းပြောနေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ယို့မှာ လုပ်ဆောင်စရာ အစီအစဉ်များစွာ ရှိနေဦးမည်ကို တွေးမိသဖြင့် ယွီနျန့် ချက်ချင်း အပြင်မထွက်တော့ပေ။ သူ တံခါးကို အသာပြန်ပိတ်ပြီး နံရံကိုမှီကာ Weibo ကို ပေါ့ပေါ့ပါးပါး ပွတ်နေမိသည်။ တရုတ်နှစ်သစ်ကူး ကာလဖြစ်၍ Trending ခေါင်းစဉ်အများစုမှာ ပွဲတော်နှင့် ပတ်သက်နေသည်။ အောက်သို့ ဆွဲချကြည့်လိုက်သောအခါ ယွီချင်းနှင့် မင်ရှီးတို့၏ Hashtags များကို တွေ့ရသည်။

နံပါတ် ၁၁ နေရာတွင် #ယွီချင်းရိုက်ကူးရေးအဖွဲ့က_အန်ပေါင်းအကြီးကြီးပေး# နှင့် နံပါတ် ၁၂ နေရာတွင် #ရှမင်ရှီးက_သားအရင်းမဟုတ်ဘူး# ဆိုသည့် ခေါင်းစဉ်များ ဖြစ်သည်။

သူ နှိပ်ကြည့်လိုက်သောအခါ ရှမင်ရှီးမှာ ရိုက်ကွင်းမှ ပြန်လာပြီး မိဘများနှင့်အတူ နှစ်သစ်ကူးရန် အိမ်ပြန်ခဲ့သော်လည်း အိမ်တွင် ဘယ်သူမှ မရှိကြောင်း တွေ့ခဲ့ရသည်။ သူ၏ မိဘများဖြစ်သော ရှယွမ်နှင့် ကျန်းလန်တို့မှာ သားဖြစ်သူကို မေ့ပြီး ပြည်ပသို့ အပန်းဖြေခရီး ထွက်သွားကြခြင်း ဖြစ်သည်။ ရှမင်းရှီးက ဘာလို့ ကြိုမပြောတာလဲဟု မေးသောအခါ သူ၏ဖခင်က "မေ့သွားလို့" ဟု တိုတိုတုတ်တုတ် ပြန်ဖြေခဲ့သည်။

ရှမင်းရှီးမှာ အလွန်ဒေါသထွက်သွားပြီး သူ၏ဖခင်ကို အပြစ်တင်သည့် ပို့စ်သုံးခုကို Weibo တွင် တင်လိုက်ရာ ပရိသတ်များက မှတ်ချက်များတွင် ရယ်မောခဲ့ကြပြီး ၎င်းမှာ Trending ဖြစ်သွားခြင်း ဖြစ်သည်။

ယွီနျန့်သည် ရှမင်းရှီး၏ ပို့စ်ကို Like ပေးပြီး ဆက်ကြည့်လိုက်ရာ နောက်ဆုံးတွင် သူ၏အမည်ကို တွေ့လိုက်ရသည် ။ #ယွီနျန့်ကို_လေလံပွဲမှာတွေ့ရ#။

[ပုံက သိပ်မရှင်းပေမဲ့ အဲဒါ သေချာပေါက် နျန့်နျန့်ပဲ! အား... ပုံက ဝေဝါးနေပြီး ဘေးတိုက်ပုံဖြစ်နေတာတောင် နျန့်နျန့်က ပန်းချီကားတစ်ချပ်လို လှနေတုန်းပဲ! သူ့ရုပ်ရည်ကိုတော့ တကယ်ပဲ အရှုံးပေးပါတယ်!]

[ဘုရားရေ... ငါ လိုက်ရှာကြည့်လိုက်တာ အဲဒါက အတွင်းလူတွေပဲ တက်ရတဲ့ လေလံပွဲတဲ့။ ပစ္စည်းတွေက ဂျပန်က ပုဂ္ဂလိက ပြတိုက်တစ်ခုကလာတာဖြစ်ပြီး ဖိတ်စာရှိမှ ဝင်လို့ရတာ! တကယ်ကို အဆင့်မြင့်တာပဲ! နျန့်နျန့်က ဒီလောက်တောင် ချမ်းသာတာလား။]

[သူမှန်းတောင် အတည်မပြုရသေးဘူး၊ ပရိသတ်တွေက ရူးနေကြပြီလား။ ပြီးတော့ ဘယ်သူသိမှာလဲ၊ ဒီလူက အထဲကို ပတ်ကြည့်ရုံသက်သက် ဝင်သွားတာလည်း ဖြစ်နိုင်တာပဲလေ!]

ယွီနျန့် ဖတ်နေစဉ်မှာပင် သူ၏ဖုန်း ထပ်မြည်လာသည်။

"ဒါရိုက်တာကန်း။ နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျာ!"

ဒါရိုက်တာကန်း၏ အသံမှာ တက်ကြွနေသည်။

"ရှောက်ယွီ... နှစ်သစ်မှာ ပျော်ရွှင်ပါစေ! အခု ဆက်သွယ်လိုက်တာက မင်းရဲ့ သဘောထားကို တစ်ခုလောက် မေးချင်လို့ပါ"

ယွီနျန့် ပြုံးလျက်

"ဟုတ်ကဲ့၊ ပြောပါခင်ဗျာ"

"ဒီလိုပါ၊ တို့ပြတိုက်က နိုင်ငံတော် ရှေးဟောင်းသုတေသန ဦးစီးဌာနနဲ့ ပေါင်းပြီး ပြတိုက်က ပစ္စည်းတွေကို ပြသတဲ့ ပရိုမိုးရှင်း လတစ်လ ကျင်းပမလို့လေ။ မင်းသိတဲ့အတိုင်း အခုခေတ် လူငယ်တော်တော်များများက ဒီသမိုင်းဝင် ပစ္စည်းတွေရဲ့ အရေးပါပုံကို သိပ်နားမလည်ကြတော့ဘူး။ အဲဒါကြောင့် အမျိုးသား ယဉ်ကျေးမှုကို ဘယ်တော့မှ မမေ့သင့်ဘူးဆိုတာကို ပညာပေးတဲ့အနေနဲ့ ပရိုမိုးရှင်း လုပ်ချင်တာပါ"

ယွီနျန့် နားလည်သွားသည်။

"ဆိုလိုတာက ပရိုမိုးရှင်း သံတမန်လုပ်ပေးရမှာပေါ့နော်။"

"ဟုတ်တယ်။ ဒါပေမဲ့ ဒီအလုပ်အတွက် ပေးနိုင်တဲ့ အနုပညာကြေးက အရမ်းနည်းနေလို့ မင်းကို အရင်တိတ်တိတ်လေး လာမေးတာ။ တကယ်လို့ မင်းဘက်က အဆင်မပြေဘူးဆိုရင်လည်း ရပါတယ်"

"မဟုတ်တာ၊ ဘာလို့ အဆင်မပြေရမှာလဲခင်ဗျာ။ အနုပညာကြေးမရရင်တောင် ကျွန်တော် တကယ် လုပ်ပေးချင်ပါတယ်။ အဘိုးတို့က ကျွန်တော့်ကို မဖိတ်မှာကိုတောင် စိုးရိမ်နေတာပါ"

"ဟားဟားဟား... ကောင်းတယ်၊ ကောင်းတယ်! ဒါဆိုရင်တော့ အခုလောလောဆယ် အနှောင့်အယှက် မပေးတော့ပါဘူး။ နှစ်သစ်ကူးပြီးရင် ငါတို့ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့!"

ယွီနျန့်က သဘောတူလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အခုလို ဖိတ်ခေါ်ပေးတာကို တကယ် ကျေးဇူးတင်ပါတယ်!"

ယွီနျန့် ဘေးခန်းမှ ထွက်လာစဉ် ချွိရှောက်ရန်က အသံကို တမင်မြှင့်ပြီး ပြောနေသည်ကို ကြားလိုက်ရသည်။

"ဒုက္ခပဲ၊ ကုမ္ပဏီမှာ ကိစ္စတစ်ခု ပေါ်လာလို့ ငါအခု ပြန်သွားဖြေရှင်းရမယ်။ ညနေပိုင်းမှ အားမယ်ထင်တယ်။ သက်တော်စောင့်တွေ ရှိပေမဲ့ မင်းတစ်ယောက်တည်း ထားခဲ့ရမှာကို ငါ စိတ်မချဘူး! ထားလိုက်ပါတော့... ဒါဆိုရင်"

"ဥက္ကဋ္ဌချွိ၊"

ယွီနျန့်က ပြုံးလျက် ကြားဖြတ်ပြောလိုက်သည်။

"ကျွန်တော် ဒီနှစ်ရက်အတွင်း အားပါတယ်။ ဆေးရုံမှာ ကျွန်တော် နေပေးလို့ ရပါတယ်"

"တကယ်လား။ အား... အဲဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့!"

ချွိရှောက်ရန် လက်ခုပ်တီးပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ ယွီနျန့် စိတ်ပြောင်းသွားမှာ စိုးသဖြင့်

"ဒါဆို မင်းကိုပဲ အားကိုးရတော့မယ်။ ရှဲ့ရှောက်ယို့ကို မင်းလက်ထဲ အပ်ခဲ့ပြီနော်!"

ချွိရှောက်ရန်မှာ အလျင်အမြန်ပင် ပြန်ထွက်သွားသည်။ ထိုအခါ ဆေးရုံခန်းထဲတွင် ယွီနျန့်နှင့် ရှဲ့ယို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

ယွီနျန့်သည် ကုတင်ဘေးက ဆိုဖာခုံတွင် ထိုင်လိုက်သည်။ စားပွဲပေါ်ရှိ စာအုပ်များကို မြင်သောအခါ

"စာအုပ်တစ်အုပ်လောက် ဖတ်ပြရမလား။" ဟု မေးလိုက်သည်။

ရှဲ့ယို့က ယွီနျန့် လုပ်ပေးသမျှ အရာအားလုံးကို သဘောကျသဖြင့် ခေါင်းညိတ်ပြသည်။

ယွီနျန့်သည် ကဗျာစာအုပ်တစ်အုပ်ကို ယူပြီး အဆင်ပြေသည့် စာမျက်နှာတစ်ခုကို ဖွင့်ကာ ဖြည်းဖြည်းချင်း ဖတ်ပြနေပါတော့သည်။ ရှဲ့ယို့မှာ လူက အားနည်းနေသဖြင့် ယွီနျန့်ကို ကြည့်နေရန် အတင်းကြိုးစားသော်လည်း ပင်ပန်းနွမ်းနယ်မှုကြောင့် မသိလိုက်ဘဲ အိပ်ပျော်သွားသည်။

ယွီနျန့်သည် ရှဲ့ယို့၏ အခြေအနေကို စောင့်ကြည့်နေသည်ဖြစ်ရာ သူအိပ်ပျော်သွားသည်နှင့် စာဖတ်ခြင်းကို ရပ်လိုက်ပြီး စာအုပ်ကို ပြန်တင်လိုက်သည်။

နေ့လယ်ပိုင်းတွင် သူနာပြုက စွပ်ပြုတ်နှင့် ဆန်ပြုတ် လာပို့သည်။ ရှဲ့ယို့မှာ ညာဘက်လက် ဒဏ်ရာရထားသဖြင့် ယွီနျန့်က စွပ်ပြုတ်ခွက်ကို ကြည့်ပြီး

"ဒါဆို... ကျွန်တော် တိုက်ရမလား။"

ရှဲ့ယို့၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တိုးတိုးလေး ပြန်ဖြေသည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်"

ယွီနျန့်သည် ရှဲ့ယို့၏ ခေါင်းအုံးကို အဆင်ပြေအောင် ပြန်ပြင်ပေးပြီး

"ဘာအရင် စားချင်လဲဟင်။" ဟု မေးသည်။

"ဆန်ပြုတ်လေး အရင်စားလို့ ရမလား။"

"ရတာပေါ့။"

ယွီနျန့်သည် ဆန်ပြုတ်ကို ဇွန်းဖြင့်ခပ်ပြီး အေးသွားအောင် သေချာမှုတ်ပေးကာ ရှဲ့ယို့၏ နှုတ်ခမ်းသို့ ခွံ့ကျွေးသည်။ တစ်ဇွန်းပြီးတစ်ဇွန်းနှင့် ဆန်ပြုတ်ရော စွပ်ပြုတ်ပါ ကုန်သွားပါတော့သည်။

"မင်း အစား ဒီလောက်ဝင်မယ်လို့ ကျွန်တော် မထင်ထားဘူး၊"

ယွီနျန့် အံ့ဩသွားသည်။

ရှဲ့ယို့က မျက်တောင်လေးများ ချလိုက်ပြီး "ဒါက... အရသာ အရမ်းရှိလို့ပါ" ဟု ပြန်ဖြေသည်။

"အင်း... အစားဝင်မှ လူက အမြန်ကျန်းမာလာမှာလေ။"

ယွီနျန့် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီးနောက်

"တစ်ခုခု လုပ်ချင်တာ ရှိလား။ ဒါမှမဟုတ် ကဗျာတွေပဲ ဆက်ဖတ်ပြရမလား။"

ရှဲ့ယို့က ခေတ္တတုံ့ဆိုင်းပြီးမှ "ကဗျာပဲ ဖတ်ပြပါ" ဟု ဆိုသည်။ သူသည် ယွီနျန့်၏ အသံကို နားထောင်ရသည်ကို အလွန်နှစ်သက်သည်။

ချွိရှောက်ရန်မှာ မိုးချုပ်မှ ဆေးရုံကို ပြန်ရောက်လာသည်။ သူသည် ယွီနျန့်ကို ပြန်လွှတ်ပြီးနောက် ရှဲ့ယို့အနားသို့ သွားကာ

"တစ်နေ့ကုန် ဘာတွေလုပ်ကြလဲ။"

ရှဲ့ယို့၏ အမူအရာမှာ နူးညံ့နေသည်။

"သူ ငါ့ကို ကဗျာတွေ ဖတ်ပြတယ်"

"ကဗျာ ဖတ်ပြတယ်။ အဲဒါပြီးတော့။"

"နေ့လယ်စာကိုလည်း သူကိုယ်တိုင် ကျွေးတယ်"

"သူက ဇွန်းနဲ့ ကျွေးတာလား။"

"အင်းလေ၊ ဇွန်းနဲ့ မဟုတ်ရင် ဘာနဲ့ ကျွေးရမှာလဲ။"

ရှဲ့ယို့က နားမလည်သလို ပြန်မေးသည်။ ချွိရှောက်ရန်ကတော့ စိတ်ထဲမှ

ပုံမှန်ဆိုရင် တီဗွီထဲမှာ ပါသလိုမျိုး ပါးစပ်ချင်းတေ့ပြီး တိုက်ကျွေးရမှာ မဟုတ်ဘူးလား။ ဟု တွေးနေသော်လည်း ထုတ်မပြောရဲပေ။

"နောက်ထပ် ဘာရှိသေးလဲ။"

"ဒါပါပဲ"

"ဒါပဲလား။"

ချွိရှောက်ရန် အံ့ဩသွားသည်။

"ကဗျာဖတ်ပြတယ်၊ အစားကျွေးတယ်၊ အဲဒါနဲ့ပဲ ပြီးသွားတာလား။"

ရှဲ့ယို့ ခေါင်းညိတ်ပြသည်။

"..."

ကောင်လေးရာ... အဖေတော့ မင်းကို တကယ် စိတ်ပျက်မိတယ်! ဒီလောက် အခွင့်အရေးကောင်းကို လက်လွတ်လိုက်ရတယ်လို့! ဒဏ်ရာက နာနေတယ်လို့ ဟန်ဆောင်ပြီး သူ့ကို မှုတ်ပေးခိုင်းရင်တောင် တစ်ခုခု ထူးဦးမှာပဲကို!

ချွိရှောက်ရန် သက်ပြင်းချလိုက်သည်။

"ကဲ... နောက်ကျနေပြီ။ ညစာ ဘာစားချင်လဲ။"

ရှဲ့ယို့က ခေါင်းခါပြရင်း နားရွက်လေးများ နီရဲသွားသည်။

"နေ့လယ်က အများကြီး စားလိုက်လို့ အခုတော့ မစားနိုင်တော့ဘူး"

ယွီနျန့်သည် မူလက အိမ်ပြန်ရန် စိတ်ကူးထားသော်လည်း လမ်းခုလတ်တွင် စိတ်ပြောင်းကာ မုန့်ယွမ်၏အိမ်သို့ သွားခဲ့သည်။ မုန့်ယွမ်က ယွီနျန့်ကို အထဲခေါ်လိုက်သည်။

"မနေ့က မိသားစုနဲ့ နှစ်သစ်ကူးခဲ့တာ။ မင်းသိတဲ့အတိုင်း အလုပ်တွေနဲ့ပဲ နေသားကျနေတော့

ရုတ်တရက်ကြီး အားနေတာက တစ်မျိုးပဲ"

သူတို့ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။

"ဒါနဲ့... မင်း နင်ချန်ပြတိုက်က ဒါရိုက်တာနဲ့ ဘယ်လိုသိတာလဲ။ သူတို့က မင်းကိုပဲ အထူးတလည် လာရှာနေကြတာ"

"လေလံပွဲမှာ တွေ့ခဲ့တာပါ။ ဒီမနက်တင် ဒါရိုက်တာကန်းက ကျွန်တော့်ကို သံတမန်လုပ်ပေးဖို့ လာမေးလို့ ကျွန်တော် သဘောတူလိုက်ပါတယ်။ သူ ကုမ္ပဏီကို ဆက်သွယ်လိမ့်မယ်လို့ ပြောတယ်"

ယွီနျန့်က မုန့်ယွမ်ကို ကြည့်ပြီး

"သူတို့ အစ်ကို့ဆီ ဒီလောက်မြန်မြန် ဆက်သွယ်လာတာလား။"

"အင်း၊"

မုန့်ယွမ်က အေးအေးလူလူပင် ဆိုသည်။

"ငါလည်း ခဏတော့ အံ့ဩသွားတာပေါ့။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ပိုက်ဆံအများကြီး မရပေမဲ့ ဒါက မင်းရဲ့ ပုံရိပ်အတွက်တော့ တကယ်ကို အကျိုးရှိပါတယ်"

"ဟုတ်ကဲ့၊ ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်"

"ဘယ်သူက မင်းကို အလုပ်မရှိဘူးလို့ ပြောလဲ။"

မုန့်ယွမ်က တက်ဘလက်ကို ထုတ်လိုက်သည်။

"မင်းကို ခေါ်လိုက်တာက ကိစ္စနှစ်ခု ရှိလို့။ တစ်ခုက 'My Day' ဆိုတဲ့ Reality show ပဲ။ အနုပညာရှင်တစ်ယောက်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုကို ပရိသတ်တွေ မြင်တွေ့ရအောင် လုပ်တဲ့ အစီအစဉ်ပေါ့။ ငါ ဖတ်ကြည့်ရသလောက်တော့ မင်းအတွက် အဆင်ပြေမှာပါ။ အဲဒါကို လက်ခံဖို့ ငါ စဉ်းစားထားတယ်"

ယွီနျန့်လည်း ထိုအစီအစဉ်ကို စိတ်ဝင်စားသည်။

"နောက်တစ်ခုက 'Let Me Sing' ဆိုတဲ့ သီချင်းပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဖိတ်ခေါ်တာ"

"ဒိုင်လူကြီး။ ကျွန်တော်ကလား။"

ယွီနျန့် သူ့ကိုယ်သူ လက်ညှိုးညွှန်ပြသည်။

"ဟုတ်တယ်လေ။ မင်းရဲ့ EP ထွက်ပြီးရင် မင်းရဲ့ ဂီတပါရမီကို အားလုံး မြင်သွားကြမှာဆိုတော့ မင်း ဒိုင်လုပ်တာကို ဘယ်သူမှ ကန့်ကွက်ရဲမှာ မဟုတ်ဘူး"

ယွီနျန့်လည်း သူ၏ EP အပေါ် ယုံကြည်မှု ရှိသည်ဖြစ်ရာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ငါ အဲဒီနှစ်ခုလုံးကို လက်ခံလိုက်မယ်။ မတ်လမှာ မင်းရဲ့ EP ထွက်မယ်၊ 'Ancient Road' ပရိုမိုးရှင်းတွေ စမယ်။ အလုပ်တွေ တအားများလာတော့မှာမို့ ဒီရက်ပိုင်းလေးမှာ ကောင်းကောင်း အနားယူထားဦး"

သို့သော် ယွီနျန့်မှာမူ အားမနေပေ။ ရှဲ့ယို့ အစားဝင်သည်ကို မြင်ရသဖြင့် သူသည် နေ့တိုင်း စွပ်ပြုတ် သို့မဟုတ် ဟင်းပွဲလေးများ ကိုယ်တိုင်ချက်ပြီး ဆေးရုံသို့ သွားပို့ပေးနေသည်။ မတ်လ ၆ ရက်နေ့တွင် ယွီနျန့် မနက်စောစော နိုးရန် အချက်ပေးနာရီ ပေးထားသည်။ သူ ရှဲ့ယို့ထံ မက်ဆေ့ချ်ပို့လိုက်သည်။

"ဒီနေ့တော့ ဆေးရုံကို မလာနိုင်တော့ဘူးနော်"

ဆယ်မိနစ်အကြာတွင် သူ၏ အိမ်တံခါးခေါက်သံ ကြားလိုက်ရပါတော့သည်။

'My Day' အစီအစဉ်အတွက် ရိုက်ကူးရေးအဖွဲ့ ရောက်လာခြင်း ဖြစ်သည်။ ယွီနျန့်သည် ကင်မရာရှေ့တွင် နေသားကျနေပြီ ဖြစ်သည်။

"ဟုတ်ကဲ့၊ ဒါက ကျွန်တော့်အိမ် မဟုတ်ပါဘူး။ ကုမ္ပဏီက စီစဉ်ပေးထားတဲ့ အခန်းပါ။ ကုမ္ပဏီနဲ့ နီးတာကတော့ အားသာချက်ပေါ့"

သူ ကြက်ဥကြော်နေရင်း အဝတ်အစားလဲရန် အခန်းထဲ ဝင်သွားသည်။ သူ ပြန်ထွက်လာသောအခါ ရိုက်ကူးရေးအဖွဲ့က နံရံထောင့်ရှိ သစ်ကိုင်းခြောက်လေးများ ထည့်ထားသည့် ကြွေအိုးလေးကို ရိုက်ကူးနေသည်ကို တွေ့ရသည်။

အဖွဲ့သားတစ်ဦးက ထိုအိုး၏ တန်ဖိုးကို သိသဖြင့် အံ့ဩတကြီး ပြောသည်။

"ဝင်လာကတည်းက ဒါကိုပဲ ကြည့်နေမိတာ။ ဒါက 'ကွမ်းဝဲ'ကြွေအိုးပဲ။ ဆောင်းဦးလေလံပွဲတုန်းက ဒီလိုမျိုး တစ်လုံးကို ယွမ် ၃.၃ သန်းနဲ့ ရောင်းထွက်ခဲ့တာနော်!"

ယွီနျန့်က တည်ငြိမ်စွာပင်

"အိမ်က အိုးကတော့ အတုပါခင်ဗျာ။ တန်ဖိုး သိပ်မရှိပါဘူး။ ဒါပေမဲ့ အိမ်မှာ ရှိနေတာတော့ ကြာပါပြီ။ ကျွန်တော့်အဘိုး ငယ်ငယ်တုန်းက ဒီအိုးထဲမှာ ပန်းတွေ ထည့်လေ့ရှိသလို၊ ကျွန်တော် ငယ်ငယ်တုန်းကလည်း အဘွားက ဒီထဲမှာ နှင်းဆီပွင့်လေးတွေ ထည့်တာကို သဘောကျခဲ့တာ"
_________________________________________________________________________

TN // အဲ့လောက် ဣ‌နြေိသိက္ခာကြီး နဲ့ သူကချည်း ရှက်နေတဲ့ အထက်လူကို အခုမှပဲ တွေ့ဖူးတော့တယ်။ ဒီတစ်ခုကို ဘာလို့ pick လိုက်လဲဆို ရှဲ့ယို့ရဲ့ အဲ့ဒီ့ အမူအပြုတွေကြောင့်ပဲ ။ ရှက်တတ်တဲ့ ကောင်လေးတွေကတော့ weakness လေးတွေပဲ ဟိ

Comments

  1. ရှဲယိုကို သနားလည်း သနား ပိုလည်းချစ်မိတယ်

    ReplyDelete
  2. ရှဲယိုကို သနားလည်း သနား ပိုလည်းချစ်မိတယ် တကယ့်ကို အေးစက်လေး

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...