အခန်း (၅၄) - အင်း... ကျွန်တော် ဒီမှာ ရှိပါတယ်
အဝတ်အစားလဲပြီးနောက် ယွီနျန့် ကြက်ဥမျကြော်များကို ကြွပ်ကြွပ်ရွရွ ဘေကွန် ၊ သစ်သီးဖျော်ရည်တို့နှင့် တွဲဖက်ကာ မနက်စာအဖြစ် သုံးဆောင်လိုက်သည်။ ရိုက်ကူးရေးအဖွဲ့က ထိုမြင်ကွင်းများကို အမိအရ ရိုက်ကူးရင်း
"ယွီနျန့်... မင်းက ဘေကွန်ကြော်တာ တော်တော်ကျွမ်းကျင်တာပဲ။ အားတဲ့အခါ ကိုယ်တိုင်ချက်စားလေ့ရှိလား" ဟု မေးမြန်းသည်။
"ဟုတ်ကဲ့၊ ချက်စားဖြစ်ပါတယ်။ တက္ကသိုလ်တက်တုန်းက ချက်ပြုတ်နည်းကို သင်ယူခဲ့တာပါ။ နောင်တစ်ချိန်မှာ ကျွန်တော်ချစ်ရတဲ့သူအတွက် ကိုယ်တိုင်ချက်ကျွေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်"
နံနက်စာစားပြီး ပန်းကန်ခွက်ယောက်များ သိမ်းဆည်းပြီးနောက် လက်ဆေးကာ သူ၏ စာရေးစားပွဲနောက်တွင် ရပ်လိုက်သည်။ စက္ကူကို ဖြန့်ခင်း၊ စုတ်တံကို အသာအယာကိုင်ကာ ကဗျာစာသားများကို စတင်ရေးသားပါတော့သည်။ စာမျက်နှာတစ်ခု ပြီးသွားသောအခါ စုတ်တံကို ချလိုက်ပြီး ရိုက်ကူးရေးအဖွဲ့၏ မေးခွန်းကို ဖြေကြားသည်။
"ဒီလို စာလုံးအလှရေးတဲ့ အလေ့အထက ငယ်ငယ်ကတည်းက ရှိခဲ့တာပါ။ မူလတန်းမတက်ခင်ကတည်းက ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော်က အရမ်းပုတော့ စားပွဲကို မမီလို့ ခုံလေးတစ်ခုပေါ် တက်ရပ်ပြီး ရေးခဲ့ရတာ။"
သူ၏ အရပ်အကြောင်း ပြောရင်း ယွီနျန့် ရုတ်တရက် အတွေးပေါက်သွားသည်။
"ဒါနဲ့... ကျွန်တော် ဒီရက်ပိုင်း အရပ်နည်းနည်း ထပ်ရှည်လာသလားလို့ စဉ်းစားနေတာ"
"မင်းရဲ့ တရားဝင်အချက်အလက်တွေထဲမှာ အရပ်က ၁၇၉ စင်တီမီတာလို့ ဖော်ပြထားတယ်မလား"
ယွီနျန့်က အနည်းငယ် အားနာဟန်ဖြင့် -
"ဟုတ်ကဲ့၊ ဒါပေမဲ့ အမှန်တကယ်က ၁၇၉ မဟုတ်ပါဘူး၊ ၁၇၉.၅ စင်တီမီတာပါ။ မကြာခင်ကပဲ ၀.၅ စင်တီမီတာ ထပ်ရှည်လာတာ"
ယွီနျန့်၏ အလေးအနက်ထား ပြောဆိုပုံကို ကြည့်ပြီး ရိုက်ကူးရေးအဖွဲ့သားများ အားလုံး တဟားဟား ရယ်မောကြပါတော့သည်။
ယွီနျန့် ကိရိယာတစ်ခုကို ရှာပြီး သူ၏အရပ်ကို တိုင်းကြည့်ရင်း
"ဒီရက်ပိုင်း ကျွန်တော် အရပ်နည်းနည်း ထပ်ရှည်လာသလို ခံစားနေရတာ။ ဒါက စိတ်ထင်လို့လား၊ တကယ်ပဲ ၁၈၀ စင်တီမီတာ ကျော်သွားပြီလားဆိုတာ သိချင်မိလို့ပါ"
"အခုဆို ၁၈၀ အတိပါပဲ၊ နောက်ထပ် ၂ မီလီမီတာတောင် ပိုသေးတယ်"
အဖွဲ့သားတစ်ဦးက ပြုံးလျက် ဝမ်းသာအားရပြောပေး၏။
"မင်းကတော့ မှတ်တိုင်အသစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီပဲ!"
"ကျွန်တော် တကယ်ပဲ အရပ်ရှည်လာတာလား"
"ဟုတ်ပါတယ်။ အခုဆိုရင် တရားဝင်အချက်အလက်တွေကို ပြောင်းလဲလိုက်လို့ ရပါပြီ"
ရိုက်ကူးရေးအဖွဲ့က တိုင်းတာမှုများကို ရပ်လိုက်ပြီး ယွီနျန့်နှင့် ဆက်လက်ဆွေးနွေးသည်။
"နံနက်စာမြင်ကွင်းအပြင် မင်းရဲ့ သီချင်းဖန်တီးမှု လုပ်ငန်းစဉ်တချို့ကိုလည်း ရိုက်ကူးချင်တယ်။ ဒါက ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြတာ ဖြစ်မှာပါ။ မင်းဘက်က အဆင်ပြေရဲ့လား"
ယွီနျန့်က တက်တက်ကြွကြွပင် ပူးပေါင်းပေးသည်။
"ရတာပေါ့၊ အဆင်ပြေပါတယ်"
ရိုက်ကူးရေးအဖွဲ့သည် ယွီနျန့် သီချင်းရေးသည့် အခန်းထဲသို့ ဝင်ခဲ့ကြသည်။ ထိုအခန်းထဲတွင် ပစ္စည်းများစွာ ရှိနေသဖြင့် အဖွဲ့သားများက တစ်ခုခုနှင့် တိုက်မိမှာစိုး၍ ဂရုတစိုက် လှုပ်ရှားနေကြ၏။ ယွီနျန့် အလုပ်စားပွဲရှေ့တွင် ထိုင်လိုက်ပြီး စက်ပစ္စည်းများကို ဖွင့်လိုက်သည်။ ကင်မရာတွေ အဆင်သင့် ဖြစ်သည်နှင့် သူက ပြုံးလျက်
"ဒီမနက် အပြင်သွားစရာ မရှိတော့ အိမ်မှာပဲ သီချင်းရေးဖို့ စိတ်ကူးထားပါတယ်။ အလုပ်တွေကလည်း တော်တော်လေး စုနေပြီလေ... အခု ကျွန်တော်လုပ်နေတာက ဒါရိုက်တာချွိရဲ့ ရုပ်ရှင်အသစ် 'Back to the Past' အတွက် ပရိုမိုးရှင်း သီချင်းပါ။ ပြောရရင် ဒီအခွင့်အရေးက မင်ရှီးကြောင့် ရလာတာပါ"
အခြားအနုပညာရှင်တစ်ဦး၏ အမည်ကို ကြားလိုက်ရသောအခါ အဖွဲ့သားများက
"ရှမင်ရှီးကို ပြောတာလား" ဟု အမြန်မေးကြသည်။
"ဟုတ်ကဲ့၊ သူပါပဲ။ သူ ရိုက်ကွင်းက ပြန်လာရင်တော့ ကျွန်တော် သူ့ကို ထမင်းတစ်နပ်တော့ ကောင်းကောင်း ကျွေးရမယ်"
သီချင်းရေးသည့် လုပ်ငန်းစဉ်အကြောင်း ပိုပြောပေးရန် ရိုက်ကူးရေးအဖွဲ့က တောင်းဆိုထားသည်ကို သတိရသဖြင့် ယွီနျန့်သည် စာသားမူကြမ်းများကို ကင်မရာရှေ့တွင် ပြလိုက်သည်။
"သီချင်းရေးတဲ့အခါ စိတ်ကူးသာ ရရင် စာသားတွေကို ၁၀ မိနစ်လောက်နဲ့ အပြီးရေးနိုင်တယ်။ တီးလုံးကိုတော့ တစ်နာရီ၊ နှစ်နာရီလောက်နဲ့ ပြီးနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ကူးမထွက်တဲ့ အခါမျိုးမှာတော့ တစ်နေကုန် ထိုင်နေရင်တောင် တစ်စက်မှ ထွက်မလာတာမျိုးလည်း ရှိတတ်ပါတယ်"
သူသည် မူကြမ်းများကို ပြန်ချလိုက်ပြီး
"ဒီတစ်ခါတော့ ဒါရိုက်တာချွိရဲ့ ဇာတ်ညွှန်းကို သုံးခေါက်လောက် ဖတ်ပြီးတဲ့နောက်မှာ စိတ်ကူးတချို့ ရလာတာကြောင့် အတော်လေး ချောချောမောမော ရှိပါတယ်။ Music ပိုင်းကိုတော့ အပြီးသတ်ပြီးပြီ၊ ဒီနေ့ကတော့ စာသားတွေကို ထည့်သွင်းမှာပါ"
ယွီနျန့်အနေဖြင့် သူ၏ သီချင်းဖန်တီးမှု အတွေ့အကြုံကို လူသိရှင်ကြား ပြောပြခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အဖွဲ့သားများကလည်း လက်မလွတ်ဘဲ
"အရင်က သီချင်းတွေ ရေးတုန်းကလည်း ဒီလိုပဲလား" ဟု မေးကြပြန်သည်။
"အတော်လေး တူပါတယ်။ 'Nothing to Lose' ကို ရေးတုန်းကဆိုရင် ကျွန်တော် ကျောင်းက နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေတာ။ ရှေ့မှာ စာအုပ်အထူကြီးတွေ ရှိနေပြီး ဘေးမှာတော့ စာသားမူကြမ်း စာရွက်လေးတွေ ရှိနေတာ။ စာတွေဖတ်နေရင်းနဲ့ ရုတ်တရက် စိတ်ကူးရလာတာနဲ့ ဘောပင်ကို ချက်ချင်းကောက်ကိုင်ပြီး ရေးချလိုက်တာ။ တကယ်ကို စီးဆင်းသွားသလိုပါပဲ"
"'Nothing to Lose' သီချင်းက ဇယားတွေမှာ လပေါင်းများစွာ ထိပ်ဆုံးကရှိခဲ့ပြီး နောက်ပိုင်းမှာ Annual Golden Song ဆုကို ရခဲ့တုန်းက မင်းအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့လဲ"
ယွီနျန့်သည် ပီယာနိုခလုတ်များကို လက်ချောင်းလေးများဖြင့် အသာအယာ တောက်ရင်း ပြုံးလျက် ပြန်ပြောင်းပြောပြသည်။
"အကြီးမားဆုံး သက်ရောက်မှုကတော့ ကျွန်တော့်အစ်မက အရမ်းပျော်သွားပြီး ကျွန်တော့်ကို အန်ပေါင်းအကြီးကြီး ပေးခဲ့တာပါပဲ။ အဲဒီတုန်းက ယွမ် ၆၆,၆၆၆ လောက် ရခဲ့တာထင်တယ်။ တစ်ညတည်းနဲ့ သူဌေးဖြစ်သွားသလိုမျိုး ခံစားခဲ့ရတာပေါ့!"
လိုအပ်သော မြင်ကွင်းအချို့ကို ရိုက်ကူးပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် ယွီနျန့်၏ ရိယောင် မိုဘိုင်းလ်ဖုန်း ပွဲတက်မည့် မြင်ကွင်းများကို ရိုက်ကူးရန် ထပ်မံချိန်းဆိုကာ ပြန်လည်ထွက်ခွာသွားသည်။ ယွီနျန့်သည် သူတို့ကို တံခါးအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
အချိန်ကို ကြည့်ပြီးနောက် ယွီနျန့်သည် ရေတစ်ခွက်သောက်၊ ပစ္စည်းများကို သိမ်းဆည်းပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရှီရို့မှာ ရောက်နှင့်နေပြီ ဖြစ်သည်။
ကားပေါ်ရောက်သောအခါ ရှီရို့က
"အစ်ကိုမုန့်က ပြတိုက်ကို အရင်သွားနှင့်ပြီ။ လမ်းမပိတ်ရင်တော့ ငါတို့ ၁၀ မိနစ်လောက် ကြိုရောက်လိမ့်မယ်" ဟု ဆိုသည်။
နင်ချန်ပြတိုက်သို့ ရောက်သောအခါ ၁၁ နာရီကျော်နေပြီ။ ယွီနျန့်သည် ဓာတ်ပုံဆရာနှင့် နှုတ်ဆက်ပြီးနောက် ယာယီမိတ်ကပ်ခန်းထဲသို့ ဝင်ခဲ့သည်။
မုန့်ယွမ်မှာ အထဲတွင် စောင့်နေသည်။ ယွီနျန့် ဝင်လာသည်ကို မြင်သောအခါ သူက တိုးတိုးလေး ကပ်ပြောသည် ။
"မင်း သတိထားမိလား။ ဒီဓာတ်ပုံဆရာက စရိုက် သိပ်မကောင်းဘူး"
ယွီနျန့်က ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့။ သတိထားမိပါတယ်။ သူ ကျွန်တော့်ကို သိပ်ပြီး သဘောမကျသလိုပဲ"
"ဖြစ်နိုင်ပါတယ်။ ဒီဓာတ်ပုံဆရာ ကျိချောင်တယ်က သူ့ကိုယ်သူ အထင်ကြီးလွန်းတယ်လေ။ သူက ဖျော်ဖြေရေးလောကထဲက ပညာမတတ်တဲ့ ပါရမီမရှိတဲ့ အနုပညာရှင်တွေကို အထင်သေးတယ်ဆိုပြီး ထုတ်ဖော်ပြောဖူးတဲ့သူပဲ"
မုန့်ယွမ်က ယွီနျန့် စိတ်မကောင်းဖြစ်မှာစိုးသဖြင့်
"ဒါပေမဲ့ သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာကတော့ တကယ်ကို ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က ဓာတ်ပုံရိုက်ဖို့ လာတာဆိုတော့ ပြီးတာနဲ့ ပြန်ကြတာပေါ့" ဟု အားပေးသည်။
"ဟုတ်ကဲ့ အစ်ကိုမုန့်၊ စိတ်မပူပါနဲ့။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီး သူ အပြစ်ရှာစရာ မရှိအောင် နေပါ့မယ်"
သို့သော်လည်း ဓာတ်ပုံဆရာ၏ အစွဲအလမ်းမှာ သူတို့ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းနေသည်။ မတ်လမှာ အေးနေဆဲဖြစ်ပြီး အပူချိန်မှာ ၂-၃ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိသည်။ ယွီနျန့်မှာ အင်္ကျီပါးပါးလေးကို ဝတ်ဆင်ကာ အပြင်ဘက် လှေကားထစ်များပေါ်တွင် လေတိုက်ခံရင်း ရပ်နေရသည်။ နှစ်နာရီဆက်တိုက် ရိုက်ကူးပြီးနောက် သူသည် တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပြီ။
ရှီရို့ ကမ်းပေးသော ရေနွေးဓာတ်ဘူးလေးကို ယူကာ ရေနွေးနွေးလေးကို အသာအယာ သောက်လိုက်သည်။ယွီနျန့် အေးလွန်း၍ တုန်နေသည်ကို မြင်သောအခါ ရှီရို့မှာ ငိုချင်စိတ်ပင် ပေါက်လာသည်။
"ဒီဓာတ်ပုံဆရာက ဘာဖြစ်နေတာလဲ။ ကျွန်မ နောက်ကနေကြည့်တာ ပုံတွေက အရမ်းလှနေတာကို... သူကတော့ မင်းရဲ့အပြုံးက အရမ်းလွန်နေတယ်။ တည်ငြိမ်မှုမရှိဘူး။ ဒါမှမဟုတ် မင်းရဲ့ ကိုယ်ဟန်က တောင့်တင်းနေတယ်ဆိုပြီး ခဏခဏ ပြောနေတာ။ ပြီးတော့ အင်္ကျီတွန့်နေတာတို့၊ ခြေထောက်အနေအထား မမှန်တာတို့ဆိုတာလည်း ဘာအခြေအမြစ်မှ မရှိဘဲ ပြောနေတာ။ သူက ဘယ်လိုလူမျိုးလဲ"
ယွီနျန့်သည် ရေနွေးဘူးအဖုံးကို ပြန်ပိတ်ပြီး ရှီရို့ထံ ပြန်ပေးလိုက်သည်။ သူ၏ မျက်နှာမှာ အေးစက်တောင့်တင်းနေပြီ ဖြစ်ရာ ပြုံးရန်ပင် ခက်ခဲနေသည်။
"ရပါတယ်၊ ကျွန်တော် နောက်ထပ် ခဏလောက် ထပ်တောင့်ခံနိုင်ပါတယ်"
ယွီနျန့်သည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ကင်မရာရှေ့တွင် ပြန်လည်ရပ်လိုက်သည်။ သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ကျိချောင်တယ်က
"မင်းက ကြော်ငြာခတွေ အများကြီး ရနေတာပဲ၊ ပညာရှင်ဆန်ဆန် လုပ်စမ်းပါ! ငါက မင်းကို ပိုက်ဆံလွယ်လွယ်ရှာဖို့ ခေါ်ထားတာ မဟုတ်ဘူး။ ဪ... မေ့သွားလို့၊ မင်းတို့လို လူမျိုးတွေက…"
ယွီနျန့်သည် လှည့်ကြည့်လိုက်သည်။ သူသည် လှေကားထစ်ပေါ်တွင် ရပ်နေရင်း ကျိချောင်တယ်ကို အထက်စီးမှ ငုံ့ကြည့်ကာ မေးကို အသာပင့်လိုက်သည်။
"မင်း မသိသေးတာ တစ်ခုရှိတယ်။ အခု အလုပ်အတွက် ကျွန်တော် တစ်ပြားမှ မရပါဘူး။ ကျွန်တော့်ရဲ့ လမ်းစရိတ်ရော၊ အကုန်အကျအားလုံးကိုပါ ကိုယ်တိုင်ပေးထားတာပါ"
"ပိုက်ဆံမရလို့ အလုပ်ကို သေချာမလုပ်တာလား။ ငါ မင်းတို့လို လူမျိုးတွေကို တွေ့ဖူးပါတယ်"
"ကျွန်တော့်လို လူမျိုးဆိုတာ... ပရိသတ်တွေက မြှောက်ပေးတိုင်း ကိုယ့်အရည်အချင်းကိုယ် မေ့ပြီး ပိုက်ဆံလွယ်လွယ်ရှာဖို့ပဲ ကြိုးစားနေတဲ့၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့၊ ပညာရှင်ဆန်တဲ့ စံနှုန်းတွေ မရှိတဲ့ လူငယ်အနုပညာရှင်တွေကို ပြောတာလား"
ယွီနျန့်သည် စကားကို တစ်ဆက်တည်း ပြောချလိုက်သည်။ သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ဆိုသည် ။
"ဆရာကျိ... ကျွန်တော့်မှာ ပညာရှင်ဆန်တဲ့ ကျင့်ဝတ်ရှိပါတယ်။ အဲဒါကြောင့်လည်း ဆရာ နှစ်နာရီကျော်ကြာအောင် အပြစ်ရှာနေတာကို ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော် သည်းခံပူးပေါင်းဆောင်ရွက်ပေးနေတာ။ ဆရာ့ဘက်ကလည်း ပညာရှင်ဆန်တဲ့ ကျင့်ဝတ်လေး နည်းနည်းလောက် ရှိလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
"မင်း"
ကျိချောင်တယ်မှာ ထင်မှတ်မထားသော တုံ့ပြန်မှုကြောင့် အံ့ဩပြီး အရှက်ရသွားသည်။ သူ ဘာမှပြန်မပြောနိုင်ခင်မှာပင် ယွီနျန့်က ရှီရို့ထံမှ သူ၏ဖုန်းကို ယူလိုက်ပြီး ဒါရိုက်တာကန်းထံသို့ ကျိချောင်တယ်၏ ရှေ့မှာတင် ဖုန်းဆက်လိုက်ပါတော့သည်။
"ဒါရိုက်တာကန်း... ကျွန်တော် ဒီဓာတ်ပုံရိုက်ကူးရေးကို ဆက်လုပ်ဖို့ အဆင်မပြေတော့ပါဘူး"
ဒါရိုက်တာကန်းက အလျင်အမြန် ရောက်လာသည်။ သူသည် အခြေအနေအားလုံးကို သိထားဟန်ရှိသည်။ ကျိချောင်တယ်ကို ကျော်ဖြတ်သွားပြီး ယွီနျန့်ကို တောင်းပန်စကား ဆိုသည်။
"တောင်းပန်ပါတယ် ရှောင်ယွီ"
ယွီနျန့်သည် အနွေးထည်ကို ပတ်ထားရင်း အေးခဲနေသော လက်များကို ပွတ်ကာ အတင်းပြုံးလျက်
"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တကယ်ကို အေးလွန်းလို့ သည်းမခံနိုင်တော့လို့ပါ။ အဘိုးကို အားနာပေမဲ့ ဖုန်းဆက်လိုက်ရတာ။ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်"
ယွီနျန့်၏ ဖြူဖျော့နေသော မျက်နှာနှင့် တုန်ယင်နေသော အသံကို မြင်လိုက်ရသောအခါ ဒါရိုက်တာကန်းက
"ငါက မင်းကို ဖိတ်ခေါ်ခဲ့တာကို အခုတော့ မင်းကို ဒုက္ခပေးသလို ဖြစ်သွားပြီ။ မင်းသာ ဖျားသွားရင် ငါ့အပြစ်ပဲ ဖြစ်မှာပါ" ဟု စိုးရိမ်တကြီး ဆိုသည်။
ယွီနျန့်ကတော့ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့နေသည်။
ဒါရိုက်တာကန်းက ဆက်ပြောသည်။
"ငါ ဓာတ်ပုံဆရာကို လဲဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်း ဘယ်လိုထင်လဲ"
ထိုအခါမှ ယွီနျန့်က မော့ကြည့်ပြီး
"အလုပ်တွေ နောက်ကျကုန်မလားဟင်"
"မနောက်ကျပါဘူး၊ အရန်ဓာတ်ပုံဆရာတွေ ရှိပါတယ်။ မင်း ခဏလောက် ထပ်စောင့်ပေးရုံပါပဲ"
ယွီနျန့်၏ မျက်ဝန်းလေးများတွင် အပြုံးရိပ် သန်းသွားသည်။
"ရပါတယ်၊ ကျွန်တော် စောင့်နိုင်ပါတယ်။ ဒီနှစ်ရက်အတွက် ကျွန်တော် အချိန်သီးသန့် ဖယ်ထားတာပါ"
ဒါရိုက်တာကန်းက ပိုပြီး အားနာသွားသည်။
"အင်း... ငါ့အပြစ်ပါပဲ။ ဆရာရှို့နင်သာ ရှိသေးရင် မင်းကို ဒီလိုဖြစ်တာမြင်ပြီး တအား စိတ်ပူနေမှာ သေချာတယ်!"
"အဘိုးကတော့ အဲဒီလို မဖြစ်ပါဘူး။ သူက 'ဟက်... မင်းက ငယ်ငယ်လေးရှိသေးတာကို ဒီလောက်တောင် အေးတာ ကြောက်နေရတာလား။ သွား... မင်းအဘွားကို အားရှိတဲ့ စွပ်ပြုတ်တစ်ခွက်လောက် လုပ်ခိုင်းလိုက်ဦး!' လို့ပဲ ပြောမှာ။"
ယွီနျန့်က နှာခေါင်းလေးကို ရှုံ့ပြီး ညည်းလိုက်သည်။
"ဒါပေမဲ့ အဲဒီစွပ်ပြုတ်က တကယ်ကို အရသာဆိုးတာ!"
ဒါရိုက်တာကန်းမှာ တဟားဟား ရယ်မောပါတော့သည်။ အထဲတွင် ခေတ္တအနားယူပြီး ရေနွေးအိတ်လေးကို ကိုင်ထားမှသာ ယွီနျန့် ကိုယ်အနည်းငယ် ပြန်နွေးလာသည်။မုန့်ယွမ်က သူ ဖျားမှာစိုးသဖြင့် အအေးမိပျောက်ဆေး လာတိုက်သည်။
"မင်း ခုနက ကျိချောင်တယ်ကို ပြောလိုက်တာ တကယ်ကို ကောင်းတယ်။ သူ့မျက်နှာကို ကြည့်လို့ တအားကောင်းတာ။ တော်သေးတာပေါ့ ဒါရိုက်တာကန်းက အကျိုးအကြောင်း သိတတ်တဲ့သူမို့လို့၊ မဟုတ်ရင် ဒီဓာတ်ပုံတွေ ရိုက်နေရတာ တကယ် မတန်ဘူး!"
ယွီနျန့် ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်၊ ကျန်တဲ့ ရိုက်ကူးရေးတွေလည်း ချောချောမောမော ဖြစ်ဖို့ မျှော်လင့်ပါတယ်"
သိပ်မကြာမီ ဟွမ်လီချင်း ဆိုသည့် ဓာတ်ပုံဆရာမအသစ် ရောက်လာသည်။ ဆရာမက အလုပ်လုပ်ရာတွင် သေသပ်ပြီး ယွီနျန့်၏ အမူအရာတိုင်းကို ဂရုတစိုက် ရိုက်ကူးသည်။ ညမိုးချုပ်ချိန်တွင်မှ ရိုက်ကူးရေး ပြီးဆုံးသွားသည်။
"တကယ်ကို ကောင်းပါတယ်။ မင်းရဲ့ ကင်မရာရှေ့က အရှိန်အဝါက တကယ်ကို ဆွဲဆောင်မှုရှိတယ်။ ဒီပြတိုက်နဲ့လည်း တစ်သားတည်း ဖြစ်နေတာပဲ။ ပုံတွေက တကယ် လှမှာပါ"
ယွီနျန့်က ကျေးဇူးတင်စကား ဆိုပြီးနောက် ကားပေါ်သို့ တက်ခဲ့သည်။ သူသည် ရေနွေးဓာတ်ဘူးလေးကို ကိုင်ရင်း ရှဲ့ယို့ကို သတိရသွားသည်။
"အစ်ကိုမုန့်... ကျွန်တော် အိမ်မပြန်သေးဘူး။ အန်းရန် ဆေးရုံကို လိုက်ပို့ပေးလို့ ရမလား"
မုန့်ယွမ်က စိုးရိမ်တကြီး "မင်း နေလို့မကောင်းလို့လား" ဟု မေးသည်။
"မဟုတ်ပါဘူး၊ သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေလို့ သွားတွေ့ချင်လို့ပါ"
ယွီနျန့် ဆေးရုံသို့ ရောက်တော့ ရှဲ့ယို့တစ်ယောက် ကုတင်ပေါ်တွင် ထိုင်ရင်း စာရွက်စာတမ်းများ ဖတ်နေသည်။ ယွီနျန့်ကို မြင်သောအခါ မျက်ဝန်းများမှာ တောက်ပသွားသည်။
"ဒီနေ့ မလာတော့ဘူးဆို"
ယွီနျန့်သည် သူ၏ အနွေးထည်ကို ချိတ်လိုက်ပြီး ပြုံးလျက်
"အိမ်အပြန်လမ်းမှာ မင်းကို သတိရတာနဲ့ပဲ ဝင်လာခဲ့တာ"
ရှဲ့ယို့က ယွီနျန့်ကို မျက်မှောင်ကြုတ်ကြည့်ပြီး "ဒီကို လာခဲ့ဦး" ဟု ခေါ်လိုက်သည်။
ယွီနျန့် အနားသို့ သွားသောအခါ ရှဲ့ယို့က သူ၏လက်ကို မြှောက်ပြီး ယွီနျန့်၏ နဖူးကို စမ်းကြည့်လိုက်သည်။ နဖူးမှာ တအားကို ပူနေသည်။
"ယွီနျန့်... မင်း ဖျားနေတာပဲ"
နာရီဝက်လောက် ကြာသောအခါ ရှဲ့ယို့၏ ကုတင်ဘေးတွင် အပိုကုတင်တစ်လုံး ရောက်လာသည်။ ယွီနျန့်သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း
"မင်း သတိမပေးရင် ကျွန်တော်တောင် သတိမထားမိဘူး။ အခု ၄၀လောက်နီးပါးတောင် ရှိနေပြီပဲ" ဟု ဆိုရင်း တုန်ယင်လာသည်။
"ကျွန်တော်က ဖျားခဲပါတယ်။ ဒီနေ့ အေးသွားလို့ ဖြစ်မှာပါ။ မနက်ဖြန် နိုးလာရင်တော့ သက်သာသွားမှာပါ"
သို့သော်လည်း ယွီနျန့် ထင်ထားသလို ဖြစ်မလာပေ။ နောက်တစ်နေ့ ညနေပိုင်းအထိ ကိုယ်ပူမှာ မကျပေ။ ယွီနျန့် ကိုယ်ပူကြောင့် မျက်နှာရဲနေသည်ကို ကြည့်ရင်း ရှဲ့ယို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်နေသည်။ ယွီနျန့်သည် ဝေဝေဝါးဝါးဖြင့် မျက်လုံးဖွင့်ကြည့်ပြီး
"စိတ်မပူပါနဲ့... ခဏလောက် အိပ်လိုက်ရင် သက်သာသွားမှာပါ" ဟု အတင်းပြုံးပြီး ဆိုသည်။
သန်းခေါင်ယံအချိန်တွင် ယွီနျန့်သည် အိပ်မပျော်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေသည်။
"အဘွား..."
ယွီနျန့်၏ ယောင်ယမ်းနေသော အသံကို ရှဲ့ယို့ ကြားလိုက်ရသည်။ ယွီနျန့်၏ လက်ကလေးမှာ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ကုတင်အစွန်းတွင် လှုပ်ရှားနေသည်။
ရှဲ့ယို့သည် ကုတင်ပေါ်မှ ဆင်းပြီး ယွီနျန့်၏ လက်ကို စောင်အောက်ထဲသို့ ဂရုတစိုက် ပြန်ထည့်ပေးရန် ကြိုးစားသည်။ သို့သော် ယွီနျန့်၏ ပူကျစ်နေသော လက်ကလေးက ရှဲ့ယို့၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပါတော့သည်။
ရှဲ့ယို့မှာ ကြောင်အသွားမိသည်။ သူ၏လက်ကို ပြန်ရုပ်ရန် ကြိုးစားသော်လည်း ယွီနျန့်၏ နှုတ်ခမ်းဖျားမှ "ရှဲ့ယို့..." ဟု ခေါ်သံကို ကြားလိုက်ရသောအခါ သူ၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားပါတော့သည်။
ရှဲ့ယို့သည် ယွီနျန့်၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"အင်း... ငါ ဒီမှာ ရှိပါတယ်"
______________________________________________________________
Comments
Post a Comment