အခန်း (၅၅) - သူက မင်းနှိပ်စက်ချင်တိုင်း နှိပ်စက်လို့ရတဲ့သူလား
ယွီနျန့် နိုးလာသောအခါ ခန္ဓာကိုယ်မှာ အတော်လေး ပေါ့ပါးသွားပြီး ကြွက်သားများ အနည်းငယ် နာကျင်နေသည်မှလွဲ၍ ကျန်သည်မှာ အဆင်ပြေပါသည်။ ဝေဝါးနေသော စိတ်အာရုံများလည်း ကြည်လင်လာသည်။
သူ ခေါင်းကိုအသာစောင်းလိုက်ပြီး မျက်တောင်ခတ်ရန်ပင် ခဏတာ မေ့လျော့နေမိသည်။ ရှဲ့ယို့ကတော့ သူ၏ကုတင်ဘေးတွင် ငြိမ်သက်စွာ အိပ်ပျော်နေသည်။ ဒဏ်ရာမရထားသော သူ၏ဘယ်ဘက်လက်က ယွီနျန့်၏လက်ကို အသာအယာ ဆုပ်ကိုင်ထားသည်။
မဟုတ်သေးဘူး... ရှဲ့ယို့၏လက်ကို သူက အတင်းဆုပ်ကိုင်ထားခြင်း ဖြစ်ရမည်။
အားနည်းနေသည့်ကြားမှ သူ့ကို စောင့်ရှောက်ပေးခဲ့သော ရှဲ့ယို့ကို ကြည့်ပြီး ယွီနျန့်၏ ရင်ထဲတွင် လှိုက်ခနဲ နွေးထွေးသွားရ၏။ သူက စိုးရိမ်စိတ်ဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။
"ရှဲ့ယို့"
တုံ့ပြန်မှုတစ်ခုလိုပင် ရှဲ့ယို့က ဝေဝေဝါးဝါးဖြင့် ပြန်ထူးသည် ။
"အင်း... ဒီမှာ ရှိပါတယ်"
အရင်က အကြိမ်ကြိမ် ဖြေခဲ့ဖူးသလိုပင်။
ယွီနျန့် တွေးမိသည်မှာ... ရှဲ့ယို့၏ စရိုက်အရ သူ အိပ်မက်ထဲတွင် ရှဲ့ယို့နာမည်ကို ခေါ်ပြီး လက်ကို အတင်းဆုပ်ကိုင်ထားခဲ့၍သာ ရှဲ့ယို့တစ်ယောက် ကုတင်ဘေးမှာ ဒီလိုမျိုး အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ခဏအကြာတွင် ရှဲ့ယို့ မျက်လုံးပွင့်လာပြီး ယွီနျန့်နှင့် အကြည့်ချင်းဆုံသည်။ သူ၏ အမူအရာက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်လေးနှင့်။
"နိုးပြီလား။ သက်သာရဲ့လား"
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး လက်ချင်းဆုပ်ကိုင်ထားမိဆဲ ဖြစ်သည်ကို သတိထားမိသွားကြပြီး တစ်ပြိုင်နက်တည်း လွှတ်လိုက်ကြသည်။ ယွီနျန့်၏ လက်ချောင်းထိပ်လေးများက ရှဲ့ယို့၏ လက်ဖဝါးကို မတော်တဆ ပွတ်တိုက်သွားသည်။
"အင်း... အများကြီး သက်သာသွားပါပြီ။ ကိုယ်ပူလည်း ကျသွားပြီ"
ထိုအခါ ရှဲ့ယို့က သူ၏လက်ကို အမြန်ပင် နောက်သို့ ပို့လိုက်သည်ကို ယွီနျန့် သတိထားမိလိုက်သည်။
"သက်သာသွားရင်တော့ တော်ပါသေးတယ်"
"ကျွန်တော့်ကို အကြာကြီး စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ မင်းကလည်း လူမမာပဲရှိသေးတာဆိုတော့... ကုတင်ပေါ် ပြန်တက်ပြီး ခဏလောက် အနားယူဦးမလား"
လက်ဖဝါးထဲမှ ထုံကျဉ်ကျဉ် ခံစားချက်လေးက အာရုံကြောများမှတစ်ဆင့် နှလုံးသားဆီသို့ တစ်လက်မချင်း ပြန့်နှံ့သွားသလို ရှဲ့ယို့ ခံစားလိုက်ရသည်။ သူ တစ်ခုခု ပြန်ပြောရင်း စောင်ထဲသို့ ပြန်ဝင်လှဲလိုက်သော်လည်း သူ၏ အကြည့်များကတော့ ယွီနျန့်ဆီမှ မခွာနိုင်သေးပေ။
အချိန်ကို ကြည့်လိုက်ရာ
"မနက် ခုနစ်နာရီခွဲတောင် ရှိပြီပဲ"
ယွီနျန့်က ရှဲ့ယို့ကို ကြည့်ကာ
"ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား အိပ်ရေးပျက်သွားရင် ခဏလောက် ထပ်အိပ်လိုက်ပါဦးလား"
ရှဲ့ယို့က မျက်စိမှိတ်ရန် တွန့်ဆုတ်နေပုံရသည် ။
"ကျွန်တော် မအိပ်ချင်ပါဘူး"
ရှဲ့ယို့၏ ကလေးဆန်ဆန် ဇွတ်တရတ်နိုင်မှုကို မြင်ရသဖြင့် ယွီနျန့် ပြုံးလိုက်သည် ။
"ကျွန်တော်လည်း အတူတူပဲ။ ဒီနှစ်ရက်လုံးလုံး တစ်ချိန်လုံး အိပ်နေခဲ့တာဆိုတော့ အခု ကိုယ်ပူကျသွားတဲ့အခါ လူက တော်တော်လေး လန်းဆန်းနေပြီ"
ရှဲ့ယို့က မျက်မှောင်ကြုတ်လျက် "မင်း ဘယ်လိုဖြစ်ပြီး ဖျားရတာလဲ"
"နင်ချန်ပြတိုက်ရဲ့ သံတမန်အဖြစ် ကြော်ငြာရိုက်တာ အဝတ်အစားက ပါးတော့ အေးမိသွားတာပါ။ အအေးမိပျောက်ဆေး သောက်ပြီး ရေနွေးတွေ အများကြီး သောက်ထားလို့ ဘာမှမဖြစ်ဘူး ထင်နေတာ။ အခုတော့ ၄၀ ဒီဂရီအထိ ဖျားသွားတော့တာပဲ၊"
ယွီနျန့် ခေါင်းအုံးကို မှီရင်း အားနာစွာ ဆိုသည်။
"အစ်ကိုမုန့်ကိုတောင် ကျွန်တော် လုံးဝ မဖျားဘူးလို့ အာမခံထားတာ၊ အခုတော့ အရှက်ကွဲတာပေါ့"
မုန့်ယွမ်အကြောင်း ပြောနေစဉ်မှာပင် မုန့်ယွမ်ထံမှ ဖုန်းဝင်လာသည်။ ယွီနျန့်က ရှဲ့ယို့ရှေ့မှာတင် ဖုန်းလက်ခံဖြေကြားလိုက်သည်။ မုန့်ယွမ်က ယွီနျန့်၏ ကျန်းမာရေးကို စိုးရိမ်နေသည် ။
"ကိုယ်ပူကျသွားပြီလား သက်သာရဲ့လား"
"ကျသွားပါပြီ၊"
ယွီနျန့် ရက်စွဲကို တွက်ချက်ကြည့်ပြီး
"ဒီနေ့ ပြတိုက်ကနေ တရားဝင် သတင်းထုတ်ပြန်မှာ မဟုတ်လား"
ကိုယ်ပူကျသွားပြီဆိုသောကြောင့် မုန့်ယွမ် စိတ်အေးသွားသည်။
"အေး... တော်သေးတာပေါ့။ ထပ်ပြီး အနားယူလိုက်ဦးနော်။ အလုပ်တွေကို ငါ အကုန် ရက်ရွှေ့ထားပေးတယ်။ ကျန်းမာရေးက အဓိကပဲ။ ပြတိုက်က Weibo မှာ စာတင်ပြီးရင် မင်းလည်း ချက်ချင်း ပြန်တင်ဖို့ မမေ့နဲ့ဦးနော်"
"ဟုတ်ကဲ့ အစ်ကိုမုန့်၊ စိတ်ချပါ။ ကျွန်တော် မှတ်ထားပါ့မယ်"
အတိအကျ မနက် ၈ နာရီတွင် နင်ချန်ပြတိုက်၏ Weibo အကောင့်မှ သတင်းတင်လိုက်ပြီး ပထမဆုံး စာကြောင်းမှာပင် ယွီနျန့်နှင့် ဓာတ်ပုံဆရာမ ဟွမ်လီချင်းတို့ကို အထူးဖော်ပြထားသည်။ မကြာမီ သူတို့နှစ်ဦးစလုံးကလည်း ပြန်လည် မျှဝေခဲ့ကြသည်။
[ယွီနျန့်က နင်ချန်ပြတိုက်ရဲ့ သံတမန် ဖြစ်သွားတာကို ပိုပျော်ရမလား၊ ဒါမှမဟုတ် ဆရာမ ဟွမ်လီချင်းနဲ့ လက်တွဲတာကို ပိုပျော်ရမလား မသိတော့ဘူး! ဘယ်လိုတောင် အံဝင်ခွင်ကျဖြစ်တဲ့ အတွဲအစပ်လဲ! အရမ်းလှတာပဲ!]
[ဒီပုံကတော့ ပေါက်ကွဲထွက်သွားမှာပဲ! ပုံတိုင်းကို Wallpaper လုပ်ထားလို့ ရတယ်။ အရောင်စပ်ပုံတွေက ယွီနျန့်ရဲ့ ပုံစံနဲ့ ပြတိုက်ရဲ့ ရှေးဟောင်းအရှိန်အဝါနဲ့ တကယ်ကို လိုက်ဖက်လွန်းတယ်!]
[ဆရာမ ဟွမ်လီချင်းရဲ့ လက်ရာက တကယ်ကို လေးနက်တယ်။ ပြတိုက်ရဲ့ ခန့်ညားထည်ဝါမှုကို အမိအရ ဖမ်းယူနိုင်ခဲ့တာပဲ!]
မွန်းတည့်ချိန်တွင် #ယွီနျန့်နှင့်နင်ချန်ပြတိုက်# နှင့် #ဟွမ်လီချင်း# ဆိုသည့် Hashtags များမှာ Trending ဇယား၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။ အခြားတစ်ဖက်တွင်တော့ နင်ချန်ပြတိုက်မှ တင်လိုက်သည့် ပုံများနှင့် ချီးကျူးစကားများကို မြင်လိုက်ရသောအခါ ဓာတ်ပုံဆရာ ကျိချောင်တယ် သည် သူ၏ တက်ဘလက်ကို စားပွဲပေါ်သို့ ဒေါသတကြီး ရိုက်ချလိုက်သည်။
ဒီချီးကျူးမှုတွေက သူ့အတွက် ဖြစ်သင့်တာ! ယွီနျန့်နဲ့ ဟွမ်လီချင်းအတွက် မဟုတ်ဘူး!
သူ ရိုက်ကွင်းတုန်းက အဖြစ်အပျက်ကို ပြန်သတိရမိသည်။ ဒါရိုက်တာ ကန်းကျိုး ရောက်လာသောအခါ ယွီနျန့်ကို ဆူလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အမှန်တကယ်တွင် ဒါရိုက်တာက ယွီနျန့်ကို အောက်ကျို့ပြီး တောင်းပန်နေခဲ့ခြင်း ဖြစ်နေ၏။ ထို့နောက် သူ့ကိုပါ ဖြုတ်ပြီး ဟွမ်လီချင်းနှင့် အစားထိုးခဲ့သည်။
ကျိချောင်တယ်၏ လက်ထဲမှ ခဲတံလေးမှာ ကျိုးထွက်သွားပါတော့သည်။
တစ်ချိန်တည်းမှာပင် ယွီနျန့်သည် ကားနောက်ခန်းတွင် ထိုင်ကာ ဖျော်ရည်သောက်ရင်း မုန့်ယွမ်ပြောသည်ကို အသေအချာ နားထောင်နေသည်။
"မင်းရဲ့ EP အယ်လ်ဘမ် စစ်ဆေးတဲ့ကိစ္စပဲ။ မင်းနေမကောင်းဖြစ်နေတုန်းက စိတ်မရှုပ်စေချင်လို့ မပြောခဲ့တာ၊ အခု သက်သာပြီဆိုတော့ ကြိုပြောထားတာ ပိုကောင်းမယ် ထင်လို့ပါ၊"
မုန့်ယွမ်က သက်ပြင်းချရင်း
"အယ်လ်ဘမ်တစ်ခု အောင်မြင်ဖို့ဆိုတာ ကံတရားပေါ်မှာလည်း မူတည်တယ်ဆိုတာ မင်းသိမှာပါ"
ယွီနျန့်က ပုလင်းဖုံးကို ပိတ်ရင်း
"ကျွန်တော် သိပါတယ်။ အစ်မရဲ့ အယ်လ်ဘမ်တုန်းကလည်း သီချင်းတစ်ပုဒ်က ဘာသာရေး၊ လောကီရေးရာနဲ့ ငြိစွန်းတယ်ဆိုပြီး ဖြုတ်ခံလိုက်ရဖူးတယ်လေ။ ဒါပေမဲ့ ကျွန်တော့် EP ထဲက သီချင်းတွေကို ကျွန်တော် တအား သတိထားပြီး ရေးထားတာပါ။ အဲဒါတွေက ပြဿနာမရှိနိုင်ဘူး မဟုတ်လား ဘယ်နေရာမှာ တစ်နေလို့လဲ"
"အယ်လ်ဘမ်ကို တင်လိုက်ရင် ကျွမ်းကျင်ပညာရှင် တစ်ယောက်က အရင်စစ်တယ်။ အဲဒီနောက် လစဉ်အစည်းအဝေးမှာ အဖွဲ့ဝင်တွေ အကုန်လုံးက စုပေါင်းစစ်ကြတာ။ အဲဒီမှာ တစ်ယောက်ယောက်က ကန့်ကွက်ရင် အယ်လ်ဘမ်က မအောင်မြင်တော့ဘူး။ နျန့်နျန့်... မင်းက အဲဒီ နောက်ဆုံးအဆင့်မှာ တစ်နေတာ"
"အယ်လ်ဘမ်ကို ပြန်ပို့လိုက်ပြီလား"
"မပို့သေးဘူး၊"
မုန့်ယွမ်၏ မျက်နှာမှာ အေးစက်နေသည်။
"အဲဒီပညာရှင်ရဲ့ သဘောထားက... မရေမရာ ဖြစ်နေတာ"
ယွီနျန့် ချက်ချင်း နားလည်သွားသည် ။
"သူတို့က ပိုက်ဆံ လိုချင်နေတာလား"
"ပိုက်ဆံတင် မဟုတ်ဘူး၊"
မုန့်ယွမ်က ခါးသီးစွာ ပြုံးသည်။
"အဲဒီလူရဲ့ နာမည်က လင်းရွှန်းယာတဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ရာထူးတက်လာတာ။ သူက ပိုက်ဆံထက် အနုပညာရှင် အသစ်တွေကို နှိပ်ကွပ်ရတာ၊ သူတို့က သူ့ကို လာပြီး ဖားရတာကို ပိုသဘောကျတဲ့သူ"
နားထောင်နေသော ရှီရို့က ဝင်ပြောသည်။
"နာမည်ကြီးတဲ့သူတွေကိုတော့ မနှိပ်စက်ရဲဘဲ အသစ်တွေကိုမှ ရွေးပြီး နှိပ်စက်တာလား ဒါက မတရားဘူးလေ၊ သူ့ကို တိုင်လို့မရဘူးလား"
"ဘယ်လိုတိုင်မလဲ လာဘ်စားတာဆိုရင် သက်သေပြလို့ ရပေမဲ့၊ သူက ‘ပညာပေး’ ချင်လို့ဆိုပြီး ထမင်းအတူစား၊ ဝိုင်အတူသောက်ပြီး ဆုံးမစကား ပြောချင်တာပါဆိုရင် ဘာနဲ့ သွားတိုင်မလဲ"
မုန့်ယွမ်က ယွီနျန့်ဘက် လှည့်ကာ "နျန့်နျန့်... မင်း ဘယ်လိုထင်လဲ"
"အယ်လ်ဘမ်က နောက်ဆုံးအဆင့် ရောက်နေပြီဆိုတော့ အကြာကြီး တစ်နေရင် အခက်တွေ့လိမ့်မယ်။ အခုလောလောဆယ် ကျွန်တော့်မှာ အရှိန်အဝါ မရှိသေးလို့ သူက ဒီလိုလုပ်နေတာပါ။ ကျွန်တော်သာ နာမည်ကြီးသွားရင် သူ ဘယ်လိုမှ လုပ်ရဲမှာ မဟုတ်တော့ဘူး"
ဆေးရုံခန်းအတွင်း။
တင်းကျောက်ရှန်း၏ အခြေအနေကြောင့် ချွိရှောက်ရန်မှာ ဒီရက်ပိုင်း စိတ်ကြည်နေသည်။ သူက ဂိမ်းဆော့ရင်း
"တင်းကျောက်ရှန်းကတော့ ဒီတစ်ခါ တကယ် တွက်ကိန်းမှားသွားတာပဲ။ သူ သတိရလာတဲ့အချိန်မှာ အရာအားလုံးက ပြောင်းလဲကုန်ပြီ။ သူက မင်းကို ကားအက်စီးဒင့်နဲ့ ခဏခဏ လာနှောင့်ယှက်ခဲ့တာ၊ အခုတော့ သူကိုယ်တိုင် အလှည့်ပြန်ရောက်သွားတာပေါ့!"
ရှဲ့ယို့က ဗီဒီယိုကွန်ဖရင့် လုပ်နေသဖြင့် ဘာမှပြန်မပြောပေ။
ရှဲ့ယို့ အလုပ်ပြီးသွားသောအခါ ချွိရှောက်ရန်က အချိန်ကိုကြည့်ပြီး
"ဒီနေ့ ယွီနျန့် မင်းဆီ လာဦးမှာလား" ဟု မေးသည်။
ရှဲ့ယို့သည် ခြောက်နာရီ၊ ခုနစ်နာရီကြာ အစည်းအဝေးလုပ်ထားသဖြင့် မျက်လုံးများ ညောင်းညာနေကာ နားထင်ကို အသာဖိရင်း
"သူ ဒီနေ့ ညစာစားပွဲတစ်ခု ရှိလို့ မလာနိုင်တော့ဘူးတဲ့၊ သူ့ကို မစောင့်နဲ့လို့ ပြောထားတယ်"
"ဟင်... သူက သူ့ရဲ့ အလုပ်အစီအစဉ်တွေကိုတောင် မင်းကို လာသတင်းပို့နေရတာလား" ချွိရှောက်ရန်က မေးလေးကို ပွတ်ရင်း
"နေဦး... ညစာစားပွဲတဲ့လား"
သူ ခဏစဉ်းစားပြီးမှ မတ်မတ်ထိုင်လိုက်သည်။
"တောက်... အဲဒါ ဟိုပညာရှင်ခေါ်တဲ့ ညစာစားပွဲ မဟုတ်လား"
ရှဲ့ယို့က အလုပ်လုပ်နေရာမှ ရပ်လိုက်ပြီး "ဘယ်ပညာရှင်လဲ"
"ဒီလောကထဲမှာတော့ အဲဒါကို ‘ပညာပေး ညစာစားပွဲ’ လို့ ခေါ်ကြပေမဲ့၊ တကယ်တော့ အသစ်တွေကို နှိပ်ကွပ်ပြီး အနိုင်ကျင့်တဲ့ နေရာပဲ! တောက်!"
ရှဲ့ယို့၏ အမူအရာမှာ အေးစက်သွားသည် ။
"မင်း သေချာလား"
"၈၀၊ ၉၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။ မုန့်ယွမ်က ယွီနျန့်ကို သူ့ကလေးလို ဂရုစိုက်တာ၊ ဘာမှမဟုတ်တဲ့ ညစာစားပွဲဆိုရင် လုံးဝ ခေါ်သွားမှာ မဟုတ်ဘူး။ ပြီးတော့ ယွီနျန့်ရဲ့ EP က စစ်ဆေးတဲ့နေရာမှာ တစ်နေတာလေ။ အဲဒါကြောင့် ဒီညစာစားပွဲကလွဲရင် တခြားမဖြစ်နိုင်ဘူး"
ရှဲ့ယို့ စောင်ကို ဖယ်ကာ ကုတင်ပေါ်မှ ဆင်းရန် ပြင်သောအခါ ချွိရှောက်ရန် မျက်လုံးပြူးသွားသည်။
"မင်း ဘာလုပ်မလို့လဲ"
ရှဲ့ယို့က ဖိနပ်စီးရင်း "သူ့ဆီ သွားမလို့"
"တောက်... ရှဲ့ရှောက်ယို့၊ မင်းက ဒဏ်ရာက မပျောက်သေးဘူးလေ! မင်း အရင်က သွေးတွေ အများကြီး ထွက်ထားတာကို ခရမ်းချဉ်သီးအရည်တွေလို့ ထင်နေတာလား"
ရှဲ့ယို့သည် အနက်ရောင် အပေါ်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်သောအသံဖြင့်
"သူ အနိုင်ကျင့်ခံနေရတာကို ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ဘူး"
"အေးပါကွာ... တော်ပြီ!" ချွိရှောက်ရန် လက်လျှော့လိုက်ပြီး
"မင်းကို ငါပဲ ကားမောင်းပို့ပေးမယ်!"
ညစာစားပွဲ အခန်းအတွင်းတွင် ယွီနျန့်သည် ဝိုင်ငှဲ့ပေးရန် ထရပ်လိုက်သည်။
အသက် ၅၀ နီးပါးရှိသော လင်းရွှန်းယာသည် စားပွဲတွင် ထိုင်ကာ ပါးစပ်ဘေးက အရေးအကြောင်းများမှာပင် မောက်မာမှုများ ပေါ်လွင်နေသည်။ ဆေးလိပ်ကြောင့် လက်ချောင်းများမှာ ဝါထိန်နေပြီး သူက အေးအေးဆေးဆေးပင် ဆိုသည်။
"လူငယ်လေး... မင်းက အလုပ်ကို သေသေချာချာ လုပ်ဖို့ပဲ အာရုံစိုက်သင့်တာ၊ ကောင်းကင်ပေါ်ကို ချက်ချင်း ပျံတက်ဖို့ပဲ မစဉ်းစားနဲ့။ မင်းကိုယ်မင်း ပါရမီပါလှပြီလို့ တကယ် ထင်နေတာလား"
ယွီနျန့်က မျက်လွှာလေးတွေ ချထားပြီး ဘာမှ ပြန်မပြောပေ။
လင်းရွှန်းယာက ဆက်ပြောသည်။
"ယွီနျန့်... မင်းရေးတဲ့ သီချင်းတွေကို ငါ နားထောင်ပြီးပြီ၊ တကယ်ကို ကောင်းပါတယ်။ မင်းအရွယ်နဲ့ဆိုရင် အနာဂတ်က တောက်ပနေတာပဲ။ ဒါပေမဲ့ ငါပြောမယ်... ငါ့ဘဝမှာ ပါရမီရှင် လူငယ်လေးတွေ အများကြီး ပျက်စီးသွားတာကို ငါ မြင်ဖူးတယ်"
ထိုသို့ပြောပြီးနောက် လင်းရွှန်းယာက ယွီနျန့်အား သူ၏ ဖန်ခွက်ထဲက ဝိုင်ကို သောက်ရန် အချက်ပြလိုက်သည်။
ထိုအခိုက်အတန့်မှာပင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။
အနက်ရောင် ဝတ်စုံအရှည်ကြီးကို ဝတ်ထားသော ရှဲ့ယို့သည် အေးစက်စက် အရှိန်အဝါများဖြင့် ဝင်လာသည်။ သူ၏ ဒဏ်ရာမရထားသော လက်တစ်ဖက်က ယွီနျန့်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ကာကွယ်ပေးထားသည့်အလား ရှေ့တွင် မတ်မတ် ရပ်လိုက်သည်။
ရှဲ့ယို့၏ အေးစက်စက် အကြည့်များက လင်းရွှန်းယာအပေါ် ကျရောက်သွားသည်။ သူ၏ အသံမှာ ရေခဲစိုင်များပမာ အေးစက်စူးရှနေသည် ။
"သူက မင်းနှိပ်စက်ချင်တိုင်း နှိပ်စက်လို့ရတဲ့သူလား"
ထိုစကားလုံးများက ယွီနျန့်၏ ရင်ထဲသို့ လှိုက်ခနဲ စီးဝင်သွားသည်။ ရှဲ့ယို့၏ နောက်ကျောပြင်က သူ့ကို ကာကွယ်ပေးထားသည်ကို ခံစားရသောအခါ သူ၏ လက်ချောင်းလေးများမှာ အလိုလို ကွေးညွတ်သွားမိသည်။ သူ ရှဲ့ယို့၏ ဖြူဖျော့နေသော ဘေးတိုက်မျက်နှာလေးကို မော့ကြည့်ရင်း တစ်ခဏမျှ ကြောင်အသွားပြီးနောက် လုံခြုံအေးချမ်းသည့် ခံစားချက်ကြီး တစ်ခုကို ရရှိလိုက်သည်။
သူ ခေါင်းငုံ့ကာ နှုတ်ခမ်းလေးတွေ အသာအယာ ကွေးညွတ်ပြီး ပြုံးလိုက်မိသည်။
ရှဲ့ယို့သည် စားပွဲပေါ်က ဝိုင်ခွက်အပြည့်ကို လင်းရွှန်းယာ၏ ရှေ့မှာတင် စားပွဲပေါ်သို့ သွန်ချလိုက်ပြီး တစ်လုံးချင်း ဆိုသည် ။
"ကြည့်ရတာ... ဒီရာထူးက မင်းနဲ့ မထိုက်တန်တော့ဘူး ထင်တယ်"
ရှဲ့ယို့ နောက်ထပ် ဘာမှမပြောတော့ဘဲ ယွီနျန့်၏ လက်ကို ထပ်မံဆုပ်ကိုင်လိုက်သည်။ ယွီနျန့်ကို ကြည့်လိုက်သောအခါ သူ၏ အကြည့်များမှာ နူးညံ့သွားပြီး လေသံမှာလည်း အများကြီး ပျော့ပျောင်းသွားသည်။
"လာ... သွားကြရအောင်"
______________________________________________________________________
ရှဲ့ယို့ အရမ်းရွှိုက်ဟေ့!!!!
ReplyDelete