အခန်း (၅၆) ဒီဆန်းကြယ်လှတဲ့ ကမ္ဘာကြီး
ရှဲ့ယို့နှင့် ယွီနျန့်တို့နောက်မှ ကားပါကင်သို့ လိုက်လာခဲ့သော မုန့်ယွမ်မှာမူ လုံးဝကို ဇဝေဇဝါ ဖြစ်နေပါတော့သည်။ရှဲ့ယို့က ယွီနျန့်ကို မက်ခ် အသေအချာ တပ်ပေးပြီးနောက် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း မုန့်ယွမ်ခမျာ သူများ ဇာတ်ညွှန်းအမှားကြီးကို ကိုင်ပြီး ရိုက်ကွင်းထဲ ရောက်နေသလို ခံစားလိုက်ရသည်။
ဒါနဲ့... ရှဲ့ယို့က ဘာလို့ ဒီကို ရောက်လာတာလဲ ကြည့်ရတာ... သူက ယွီနျန့်ကို ကာကွယ်ပေးနေတာလား
ဒီလို ဆန်းကြယ်လှတဲ့ အဖြစ်အပျက်က သူ့ကို အရင်က ကြည့်ဖူးသည့် သွေးပျက်စရာ အချစ်ဒရာမာ ဇာတ်လမ်းတွေဆီ အာရုံရောက်သွားစေသည်။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးချင်ယောင်ဆောင်ပြီး အစပိုင်းမှာ ကောင်းပြကာ အချစ်ကြီးချစ်မိအောင်၊ အားကိုးလာအောင် လုပ်ပြီးမှ နောက်ဆုံးကျမှ နှိပ်စက်ပြီး နာကျင်မှုတွေ ပေးတတ်သည့် ဇာတ်လမ်းမျိုးပေါ့။
ရှေ့ကနေ အေးစက်စက် အရှိန်အဝါတွေ ထုတ်ပြီး လျှောက်သွားနေသည့် ရှဲ့ယို့ကို ကြည့်ရင်း
"ဒါလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး..." ဟု မုန့်ယွမ် တစ်ယောက်တည်း တွေးနေမိသည်။
ချွိရှောက်ရန် ကားပေါ်ကဆင်းလာပြီး ယွီနျန့်ကို မြင်သည်နှင့် တန်းပြီး ပြစ်တင်ဝေဖန်တော့သည်။
"အချို့သောသူကတော့ သူ့ရဲ့ သွေးက အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း ပြည့်နေတယ်လို့ ထင်နေတာလား မသိဘူး။ အဝတ်အစားလေး ဝတ်ပြီး ဆေးရုံကနေ ဒီအတိုင်း ပြေးထွက်လာရရော့လား။ သူက နောက်ထပ်တစ်ခါ ဦးနှောက်ထိတာကို ကြုံချင်လို့လား။ ဒါမှမဟုတ် ပြီးခဲ့တဲ့အပတ်က သွေးထွက်တာ နည်းသေးတယ်လို့ ထင်လို့လား။ ငါ့ကိုတော့ တကယ် စိတ်ပူအောင် လုပ်တာပဲ!"
ရှဲ့ယို့ကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်သူက ယွီနျန့်ကို ခေါ်ထုတ်လာပြီးကတည်းက လက်ကို လုံးဝမလွှတ်သေးသလို သူ့ကိုလည်း စိုက်မကြည့်ရဲပေ။ ယွီနျန့်သည် သူတို့၏ အင်္ကျီလက်စကွယ်၌ ဆုပ်ကိုင်ထားကြသော လက်ကလေးများကို တစ်ချက်ငုံ့ကြည့်ပြီး ချွိရှောက်ရန်ကို ပြုံးပြလိုက်သည် ။
"ဒီကားကို ဥက္ကဋ္ဌ မောင်းလာတာလားဟင်"
"အေးပေါ့။ မဟုတ်ရင် ရှဲ့ရှောက်ယို့ကို ကိုယ်တိုင်မောင်းခိုင်းရမလား"
ချွိရှောက်ရန် မျက်လုံးပြူးသွားပြီး
"နေဦး၊ မင်းပြောပုံက ငါက သူ့ကို ကူညီပြီး ဆေးရုံကနေ ထွက်ပြေးအောင် လုပ်ပေးတဲ့ အလိုတော်ပါးလို့ ပြောချင်တာလား။ တကယ့်ကို စိတ်ဆိုးဖို့ကောင်းလိုက်တာ! ငါက ငယ်ငယ်တုန်းက အတူတူ သစ်ပင်တက်ဖူးတဲ့ သံယောဇဉ်နဲ့ ကူညီပေးတာပါ! ဒါပေမဲ့... ကြည့်ရတာတော့ အဲဒီအတိုင်း ဖြစ်နေတာပဲလား"
ယွီနျန့်က ခေါင်းလေးအသာစောင်းကာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။
ယွီနျန့်က ရှဲ့ယို့ဘက်ကနေ ကာကွယ်ပေးနေသည်ကို မြင်သောအခါ ချွိရှောက်ရန် ပိုပြီး စိတ်တိုသွားသည်။ သူက အချိန်ကိုကြည့်ပြီး အလောတိုက်တော့သည်။
"ကဲ သွားကြစို့၊ ငါ မင်းကို ဆေးရုံ ပြန်ခေါ်သွားရမယ်။ ဒီည မင်းနောက်ထပ်တစ်ခါ စစ်ဆေးမှု ခံယူရဦးမှာ ဆေးလည်း မသောက်ရသေးဘူး! ငါ့မှာတော့ ရူးတော့မှာပဲ!"
ယွီနျန့်က ထိုစကားကို ကြားပြီးနောက် ရှဲ့ယို့ကို ပြုံးပြလိုက်သည်။
"ကဲ... ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ မင်းပဲ အရင်ပြန်နှင့်ပါ။ ကျွန်တော် မနက်ဖြန် မင်းဆီ လာခဲ့ပါ့မယ်။"
ရှဲ့ယို့က သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်ကို မြင်တော့ ထပ်ပြီး နှစ်သိမ့်ပေးသည်။
"စိတ်မပူပါနဲ့၊ အခု ကိုယ်ပူလည်း ကျသွားပြီဆိုတော့ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဆေးသောက်ဖို့လည်း မမေ့ပါဘူး။ မနက်ဖြန် မင်းဆေးစစ်ဖို့ လာတဲ့အချိန်ကျရင် တွေ့ကြတာပေ့ါ…နော်"
ထိုအခါမှ ရှဲ့ယို့က ယွီနျန့်၏ လက်ကို လွှတ်ပေးလိုက်သည်။
"အင်း... ဒါဆိုလည်း ပြန်ပြီ။ တခြားကိစ္စတွေကို မင်းဘာမှ စိတ်ပူမနေနဲ့ ။ ငါ အကုန်ဖြေရှင်းလိုက်မယ်"
ရှဲ့ယို လင်းရွှန်းယာ၏ ကိစ္စကို ပြောနေခြင်းမှန်း ယွီနျန့် နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ အမြန်ပြန်ပြီး အနားယူပါဦးနော်။ အလုပ်တွေကိုလည်း အရမ်းနောက်ကျတဲ့အထိ မလုပ်ပါနဲ့ဦး"
ရှဲ့ယို့က ယွီနျန့်ကို နောက်ထပ်တစ်ချက် စိုက်ကြည့်ပြီးနောက် ချွိရှောက်ရန်နှင့်အတူ ကားထဲ ဝင်သွားပါတော့သည်။
ချွိရှောက်ရန်၏ ကား ထွက်ခွာသွားပြီးနောက် ယွီနျန့်နှင့် မုန့်ယွမ်တို့လည်း သူတို့လာခဲ့သည့် ကားပေါ်သို့ တက်ခဲ့ကြသည်။ မုန့်ယွမ်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ယွီနျန့်က စကားစလိုက်သည်။
"အစ်ကိုမုန့်... မေးချင်တာရှိရင် မေးလို့ရပါတယ်ခင်ဗျာ"
မုန့်ယွမ်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်
"ငါ အချက်အလက်တွေကို ပြန်စီကြည့်ရသလောက်တော့... ဒါက ‘ငါမုန်းတဲ့သူကို ငါကလွဲလို့ တခြားဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့်မပေးဘူး!’ ဆိုတဲ့ သဘောလား။ ပြီးတော့ အဲဒီလူကို အကြီးအကျယ် နာကျင်အောင် လုပ်ဖို့အတွက် အစပိုင်းမှာ တအားကောင်းပြပြီး သူ့ကို ကိုယ့်အပေါ် အချစ်ကြီးချစ်မိအောင် အားကိုးလာအောင် လုပ်ပြီးမှ ရက်ရက်စက်စက် စွန့်ပစ်မယ့် ဇာတ်လမ်းမျိုးလား"
ယွီနျန့် မအောင့်နိုင်ဘဲ ရယ်မောမိတော့သည်။
"အစ်ကိုမုန့်ရာ... အဲဒီလို ဆန်းပြားတဲ့ စိတ်ကူးတွေကို ဘယ်ကနေ သွားရလာတာလဲ"
"ငါ အရင်က စုဆောင်းထားတဲ့ ဇာတ်ညွှန်းတွေထဲကလေ။ ဇာတ်ညွှန်း ဆယ်စောင်မှာ ကိုးစောင်လောက်က ဒီလို သွေးပျက်စရာ အချစ်ဇာတ်လမ်းတွေချည်းပဲ။ မင်းသာ လိုချင်ရင် ငါ ဗားရှင်းပေါင်း တစ်ရာ့ရှစ်ဆယ်လောက် ထုတ်ပေးလို့ရတယ်"
မုန့်ယွမ်က လူအူဝဲ မဟုတ်ပါ။ သူ အခြေအနေကို တဖြည်းဖြည်း ရိပ်မိလာသည်။
"ကဲ ပြောစမ်းပါဦး။ မင်းနဲ့ ဥက္ကဋ္ဌရှဲ့နဲ့က ဘာပတ်သက်မှု ရှိလို့လဲ။ ဥက္ကဋ္ဌချွိရဲ့ အမူအရာကို ကြည့်ရတာ သူက မင်းဆီမှာ ဥက္ကဋ္ဌရှဲ့အကြောင်းကို လာပြီး တိုင်တောနေသလိုပဲနော်"
အဓိကအချက်က ရှဲ့ယို့က ထိုနေရာမှာတင် ရပ်ပြီး ချွိရှောက်ရန် ညည်းညူသမျှကို ငြိမ်ခံနေခြင်း ဖြစ်သည်။ နောက်ပိုင်းကျမှ သူ့ကို ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။ ကြည့်ရတာ သူက လိမ္မာတဲ့ ခွေးပေါက်လေးတစ်ကောင် ပူးကပ်ခံထားရသလိုမျိုး ဖြစ်နေတာပဲ!
တကယ့်ကို ကြောက်စရာကောင်းလိုက်တာ!
"ကျွန်တော်နဲ့ ရှဲ့ယို့နဲ့က အမြဲတမ်း ဆက်ဆံရေးကောင်းပါတယ်"
မုန့်ယွမ် မယုံမှာစိုး၍ သူက သက်သေအချို့ ထုတ်ပြသည်။ "Red Carpet တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံက သူ ဝယ်ပေးတာပါ။ ပြီးတော့ ရွှီရွှမ်ကိစ္စတုန်းကလည်း အဲဒီသူဌေးသားကို ဆေးမှတ်တမ်း တင်ခိုင်းခဲ့တာ သူပဲလေ။ နောက်ပြီး Qinghai Live မှာ ‘နျန့်နျန့်ယိုယွီ’ ဆိုပြီး တစ်ခါပစ်ရင် ယွမ် ကိုးသိန်းကိုးသောင်း ပစ်ပစ်သွားတဲ့သူကလည်း သူပါပဲ"
မုန့်ယွမ် မျက်လုံး ပြူးသွားသည်။
"ဘုရားရေ... ကမ္ဘာကြီးက တကယ်ကို ဆန်းကြယ်လွန်းတာပဲ..."
အိမ်ပြန်ရောက်သည့်တိုင်အောင် မုန့်ယွမ်တစ်ယောက် ကြောင်တောင်တောင် ဖြစ်နေဆဲ။ သူ ခေတ္တစဉ်းစားပြီးနောက် ဖုန်းကိုထုတ်ကာ Weibo ထဲဝင်ပြီး ရှဲ့ယို့၏ ပို့စ်များကို လိုက်ဖတ်ကြည့်မိသည်။ ထိုအခါမှ သူ သတိပြုမိသည်မှာ အခြားရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ရှဲ့ယို့၏ Weibo မှာ ယွီနျန့်နှင့် ပတ်သက်သည့်အရာမှလွဲ၍ ကျန်သည်မှာ အေးစက်စက်နှင့် လေးနက်လှသည့် စီးပွားရေး ဗဟုသုတများချည်း ဖြစ်နေခြင်းပင်။
ဒါဆို... ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာမှာက မျက်နှာနှစ်မျိုး ရှိတာပေါ့ ။ အပြင်ပန်းမှာတော့ မင်းကို တိုက်ခိုက်ဖို့ အားမွေးနေသလိုလိုနဲ့၊ ကွယ်ရာမှာတော့ မင်းအတွက် ကြယ်တွေ၊ လတွေကိုပါ ဆွတ်ခူးပေးချင်နေတာလား။
သူ အောက်သို့ ဆက်ပြီး ဖတ်ကြည့်လိုက်ရာ ရှဲ့ယို့က ယွီနျန့်ကို ဝေဖန်ထားသည့် မကြာသေးမီက ပို့စ်အောက်တွင် အဆိုးမြင်မှတ်ချက် တစ်ခုမှ မရှိတော့သည်ကို တွေ့ရသည်။ အံ့ဩစရာကောင်းသည်မှာ အဲဒီထဲတွင် ရှားရှားပါးပါး CP fans အချို့ကိုပါ တွေ့လိုက်ရခြင်းပင်။
[ငါ့ခံစားချက်ကို ဘယ်သူနားလည်လဲ! ငါက ဥက္ကဋ္ဌရှဲ့ရဲ့ Weibo မှာ ယွီနျန့်ကို သွားပြီး ဆဲဖို့ အကောင့်အသစ် ဖွင့်ခဲ့တာ။ ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာတင် အကောင့် ပိတ်ခံရ၊ ဘလော့ခံရပြီးreport အလုပ်ခံလိုက်ရတယ်! ဒါဟာ အချစ်မဟုတ်ရင် ဘာလဲ!]
[တကယ့်ကို လှပတဲ့ ဇာတ်ကွက်ပဲ! ဥက္ကဋ္ဌရှဲ့ရဲ့ အေးစက်စက် Weibo ပေါ်မှာ ယွီနျန့်က တစ်ခုတည်းသော တက်ကြွတဲ့ အစိတ်အပိုင်းပဲ! ငါတော့ ဒီ CP ကို အားပေးတယ်! တစ်ခါဝင်ပြီးရင် ဘယ်တော့မှ ပြန်ထွက်လို့မရတော့ဘူး! တခြားရှုထောင့်ကကြည့်ရင် အားလုံးက အချစ်ချိုချိုတွေချည်းပဲ! တကယ့်အချစ်စစ်! ငါ့ကို ဒါပဲ ပေးစားပါ၊ လာမနှိုးကြနဲ့ဦး!]
[ဒီအချက်ကို လက်ခံပြီးတဲ့နောက်မှာ ငါ နေ့တိုင်း ဖုန်းကြည့်ပြီး လူအလိုလို ရယ်နေမိတော့တာပဲ!]
မုန့်ယွမ် နောက်ထပ်တစ်ခါ အံ့ဩမိပြန်သည်။
ဟူး... တကယ့်ကို ဆန်းကြယ်လှတဲ့ ကမ္ဘာကြီးပါပဲ!
နောက်တစ်နေ့ မနက်တွင် မုန့်ယွမ်ထံသို့ သတင်းတစ်ခု ရောက်လာသည်မှာ အယ်လ်ဘမ် စစ်ဆေးရေးကော်မတီ၏ ကျွမ်းကျင်ပညာရှင်အဖွဲ့တွင် အပြောင်းအလဲ ရှိခဲ့ပြီး လင်းရွှန်းယာကို ရာထူးမှ ဖယ်ရှားကာ အခြားသူတစ်ဦးနှင့် အစားထိုးလိုက်ပြီဟူ၍ ဖြစ်သည်။ လင်းရွှန်းယာ ရာထူးကပြုတ်သွားသည်ကို လုပ်ဖော်ကိုင်ဖက်များက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်ကို ကြားရသောအခါ မုန့်ယွမ်၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး
"ဒါကိုပဲ ခေတ်ကာလရဲ့ ပြောင်းလဲခြင်း အရှိန်အဝါလို့ ခေါ်တာနေမှာပေါ့" ဟု တစ်ယောက်တည်း ရေရွတ်မိသည်။
ဘေးတွင်ရပ်နေသော ရှီရို့က နားမလည်နိုင်ဖြစ်ကာ
"အစ်ကိုမုန့်... ခေတ်ကာလရဲ့ ပြောင်းလဲခြင်း အရှိန်အဝါဆိုတာ ဘာကို ပြောတာလဲဟင်"
"ဘာမှမဟုတ်ပါဘူး။ လင်းရွှန်းယာ မရှိတော့ရင် နျန့်နျန့်ရဲ့ EP စစ်ဆေးတဲ့နေရာမှာ ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူးလို့ တွေးမိလို့ပါ။ အဲဒါ ကောင်းတဲ့အချက်ပဲပေါ့၊"
မုန့်ယွမ်က စပ်စုချင်စိတ်ဖြင့် ထပ်မေးသည်။
"ဒါနဲ့ ရို့ရို့... မင်း ရှဲ့ယို့အပေါ် ဘယ်လို မြင်လဲ"
"ရှဲ့ယို့လား" ရှီရို့ ခဏမျှ စဉ်းစားပြီး
"သူက ဥက္ကဋ္ဌချွိရဲ့ ငယ်သူငယ်ချင်းလေ။ အရမ်းအေးစက်ပြီး ကြောက်ဖို့ကောင်းတယ်။ လူတွေက သူ့မျက်လုံးကို တည့်တည့်တောင် မကြည့်ရဲကြဘူး၊ ဒါပေမဲ့ သူက တကယ်တော့ ရုပ်ချောပါတယ်။ သူက နျန့်နျန့်ကို အမြဲတမ်း အကြောင်းပြချက်မရှိဘဲ လာလာဆဲနေတော့ သူ့ရဲ့ အကြီးဆုံး Hater ပေါ့"
Hater တဲ့လား။ မနေ့က သူ ယွီနျန့်ကို ရတနာတစ်ခုလို ဘယ်လောက်တောင် ကာကွယ်ပေးခဲ့လဲဆိုတာ မင်းတို့ မမြင်ကြဘူးပဲ။ ဒါပေမဲ့ မုန့်ယွမ် စိတ်အေးသွားသည်ကြည့်ရတာ အခြေအနေကို သေသေချာချာ မမြင်နိုင်တာ သူတစ်ယောက်တည်း မဟုတ်ပုံရသည်။
သူ အတွေးများကို ဘေးဖယ်လိုက်သည်။
"ထားလိုက်ပါတော့။ ကဲ... ငါ့ကို စာရွက်နဲ့ ဘောပင်ပေး။ အယ်လ်ဘမ် ပရိုမိုးရှင်းအတွက် ငါ စဉ်းစားရမယ်"
လင်းရွှန်းယာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် အယ်လ်ဘမ် စစ်ဆေးမှုရလဒ်မှာ ဘာပြဿနာမှ ထပ်မရှိဘဲ အလျင်အမြန်ပင် ထွက်ပေါ်လာခဲ့သည်။ ယွီနျန့် အယ်လ်ဘမ် အောင်မြင်ကြောင်း သတင်းရရှိချိန်တွင် သူသည် နင်ချန်ပြတိုက်၌ ပရိုမိုးရှင်း ဗီဒီယိုတို ရိုက်ကူးနေခြင်း ဖြစ်သည်။ ဒါရိုက်တာကန်ကျိုးက အားလုံးအဆင်ပြေရဲ့လားဟု လာရောက်ကြည့်ရှုပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။
မိတ်ကပ်ခန်းထဲမှ ထွက်လာသောအခါ ယွီနျန့်သည် သူ၏ စစ်ဝတ်စုံကို ချွတ်ကာ နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံရှည်ကြီးကို လဲလှယ်ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်များကိုလည်း တိမ်တိုက်ပုံစံဖြင့် သေသေချာချာ စည်းနှောင်ထားသဖြင့် တကယ့်ကို ကျော့ရှင်းလှပသော စာပေပညာရှင်လေးတစ်ဦးအသွင် ပေါ်လွင်နေသည်။
ဒါရိုက်တာက မီးအလင်းအမှောင် စမ်းသပ်နေစဉ် ယွီနျန့်က ဘေးတွင် ရပ်စောင့်နေသည်။ ရှီရို့က စိတ်လှုပ်ရှားစွာဖြင့် အနားသို့ တိုးလာသည်။
"ခုနတင် ဒါရိုက်တာကန်းက မင်းကို တအားချီးကျူးနေတာ။ ပရိုမိုးရှင်းက တကယ်ကို အောင်မြင်တယ်တဲ့။ သတင်းထုတ်ပြန်ပြီးကတည်းက ပြတိုက်ကို လာလည်တဲ့သူတွေရော ဟောပြောပွဲတက်တဲ့သူတွေပါ ပိုများလာတယ်လေ။ ဒီဗီဒီယိုတိုလေးသာ ထွက်လာရင်တော့ လူထုစိတ်ဝင်စားမှုက နှစ်ဆလောက် ဖြစ်သွားမှာ သေချာတယ်!"
ယွီနျန့်က နှုတ်ခမ်းလေးအသာကွေးကာ ပြုံးလိုက်သည်။
"သူက တကယ်ပဲ အဲဒီလို ပြောတာလား"
"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ"
ရှီရို့ စိတ်ကြည်နေသည်။
"ဒါပေမဲ့ တကယ်ပြောတာနော်။ ဒီဗီဒီယိုတိုလေးသာ ထွက်လာရင် အင်တာနက်ပေါ်မှာ ပေါက်ကွဲထွက်သွားမှာ သေချာတယ်။ မင်းက နတ်ဆရာပဲလုပ်လုပ်၊ စစ်ဗိုလ်ချုပ်ပဲလုပ်လုပ်၊ စာပေပညာရှင်ပဲလုပ်လုပ်၊ ဒါမှမဟုတ် ဂီတပညာရှင်ပဲလုပ်လုပ်၊ တကယ့်လူအတိုင်းပဲ! မင်း ဟိုအဖြူရောင် ဝတ်စုံကိုဝတ်ပြီး ဆံပင်တွေချ၊ မိတ်ကပ်အထူကြီးနဲ့ လုပ်တုန်းက တကယ့်ကို ရင်သပ်ရှုမောစရာပဲ! ပြီးတော့ အနီရောင်ပုံစံပါတဲ့ ဝတ်စုံဝတ်ပြီး qin ကို ကိုင်ပြီး လှေကားထစ်အတိုင်း တစ်လှမ်းချင်း တက်သွားပြီးမှ ကြမ်းပြင်ပေါ်ထိုင် တီးခတ်လိုက်တဲ့ မြင်ကွင်းကတော့ တကယ့်ကို အံ့မခန်းပဲ!"
"မမရို့ရို့ကလည်း ကျွန်တော့်ကို မြှောက်နေပြန်ပြီ။ နောင်ကျရင် ကျွန်တော် ဘဝင်မြင့်သွားရင် ဘယ်လိုလုပ်မလဲ"
ရှီရို့ ပြန်ပြောရန် ပြင်စဉ်မှာပင် ဝတ်စုံအကူအဖွဲ့သားတစ်ဦးက ဖုန်းတစ်လုံးကို ကိုင်ကာ အပြေးအလွှား ရောက်လာသည်။
ဖုန်းစခရင်ပေါ်က စာသားများကို မြင်လိုက်ရပြီးနောက် ရှီရို့ ချက်ချင်းပင် ဒေါသပေါက်ကွဲတော့သည်။
"တောက်... ငါတော့ ဆဲမိတော့မယ်။ ကျိချောင်တယ်က ဘယ်လောက်တောင် အရှက်မရှိတာလဲ"
ကျိချောင်တယ်ဟူသော အမည်ကို ကြားလိုက်ရသဖြင့် ယွီနျန့်၏ အပြုံးမှာ မှေးမှိန်သွားသည်။
"ကျွန်တော်နဲ့ ပတ်သက်နေလို့လားဟင်"
ရှီရို့က ဝတ်စုံအကူအဖွဲ့သားကို ကျေးဇူးတင်စကားဆိုကာ ဖုန်းကိုယူ၍ ယွီနျန့်ကို ပြလိုက်သည်။
"သူက မင်းကို တမင်သက်သက် ဒုက္ခပေးခဲ့တာလေ။ အဝတ်အစားပါးပါးလေးနဲ့ နှစ်နာရီကျော်အောင် ထားခဲ့လို့ မင်း ၄၀ ဒီဂရီအထိ ဖျားခဲ့ရတာကို... အခုကျတော့ မင်းမှာ အနုပညာကျင့်ဝတ် မရှိဘူးဆိုပြီး Weibo ပေါ်မှာ လာဆဲနေသေးတယ်! ဒီကြော်ငြာအကောင့်တွေ တင်ထားတာကို ကြည့်ဦး။ နာမည်ကြီး ဓာတ်ပုံဆရာက ယွီနျန့်ကို ဝေဖန်လိုက်တယ်။ သူက အနုပညာကျင့်ဝတ်မရှိဘူး။ နာမည်ကြီးလို့ ဘဝင်မြင့်နေတယ်။ အခြေခံယဉ်ကျေးမှု မရှိဘူး။ တရုတ်ရိုးရာ ယဉ်ကျေးမှုအကြောင်းကို ဘာမှမသိဘဲ နင်ချန်ပြတိုက်ရဲ့ သံတမန်လုပ်ဖို့ မထိုက်တန်ဘူးတဲ့။ ဟက်... သူက သူ့ကိုယ်သူ လစန္ဒာလို့ ထင်နေတာလား"
ကျိချောင်တယ်၏ မူရင်းပို့စ်ကို နှိပ်ကြည့်လိုက်ရာ မှတ်ချက်အရေအတွက်မှာ သောင်းဂဏန်းအထိ ကျော်လွန်နေပြီ။
ကျိချောင်တယ် အခုခေတ် အိုင်ဒေါတွေက ပညာမတတ်တာကို ဝန်ခံဖို့ ဒီလောက်တောင် ခက်ခဲနေရတာလား။ သီချင်းအနည်းငယ် ပေါက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ထင်နေကြတာ။ အဲဒီအစား စာအုပ်တွေ ပိုဖတ်ဖို့ အချိန်ပေးကြစမ်းပါဦး။
[ကျွန်တော်ကတော့ ဒီသတင်းကို ယုံတယ်။ ဆရာကျိရဲ့ အသိပညာနဲ့ စရိုက်က သက်သေပဲလေ။ ဖျော်ဖြေရေးလောကထဲမှာ ကိုးချက်မက ကိုးကို ရွတ်နိုင်ရင်တင် ပညာတတ်လို့ သတ်မှတ်နေကြတာမလား ဆရာကျိ... ဒီလိုကိစ္စသေးသေးလေးတွေကို စိတ်ထဲ ထည့်မထားပါနဲ့။ တို့တွေက အပေါ်ယံ hater တွေနဲ့ အားပြိုင်မနေပါဘူး!]
[အခုခေတ် လူငယ်အိုင်ဒေါတွေကတော့ ပရိသတ်တွေနဲ့ ဘရန်းတွေ မြှောက်ပေးလို့ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အလယ်လို့ ထင်နေကြတာ။ တစ်ဖက်မှာတော့ ဆရာကျိလို ဝါရင့်ပညာရှင်ကြီးတွေက ခံစားချက်တွေကို အောင့်အီးပြီး အနစ်နာခံနေရတယ်။ ပရိသတ်တွေရဲ့ တိုက်ခိုက်တာကိုလည်း ခံရသေးတယ်။ တကယ်ကို သနားစရာကောင်းတဲ့ ခေတ်ပါပဲ!]
[သူတို့က ပရိုမိုးရှင်း ပုံတွေထဲမှာ ယွီနျန့် ဘယ်လောက်ခန့်လဲဆိုတာကိုပဲ ချီးကျူးနေကြတာ။ နင်ချန်ပြတိုက်လို လေးနက်တဲ့နေရာက ဘာလို့ နာမည်ကြီးအဆိုတော်တစ်ယောက်ကို သံတမန်ခန့်ရတာလဲ သူတို့ ရူးသွားကြပြီလား]
[ယွီနျန့်ကို ပညာမတတ်ဘူးလို့ ပြောနေတဲ့သူတွေက သူရေးတဲ့ သီချင်းတွေကို မကြားဖူးကြဘူးလား။ သူ ဘယ်လောက် ပါရမီပါလဲဆိုတာကို မျက်စိမှိတ်ထားကြတာလား ယွီနျန့်က ဘယ်နေရာမှာ နင်ချန်ပြတိုက်ရဲ့ သံတမန်လုပ်ဖို့ မထိုက်တန်တာလဲဆိုတာ ထောက်ပြစမ်းပါဦး!]
သိပ်မကြာမီမှာပင် #ကျိချောင်တယ်က_ယွီနျန့်ကိုဝေဖန်# ဆိုသည့် ခေါင်းစဉ်မှာ အရှိန်အဟုန်ဖြင့် Trending ဖြစ်လာပြီး၊ အနုပညာရှင်တစ်ဦးအတွက် ယဉ်ကျေးမှုနှင့် ပညာရေးအဆင့်အတန်းက အရေးကြီးသလား။ မရေးကြီးဘူးလားဆိုသည့် ငြင်းခုံမှုများဖြင့် အင်တာနက်တစ်ခုလုံး ပြည့်နှက်သွားပါတော့သည်။
သို့သော်လည်း ယွီနျန့်ဘက်က ဘာမှမလုပ်ရသေးခင်မှာပင် နင်ချန်တက္ကသိုလ် သမိုင်းဌာန၏ ပရော်ဖက်ဆာ၊ ရှေးဟောင်းသုတေသန ပညာရှင်နှင့် ပါရဂူဘွဲ့ကြီးကြပ်သူအဖြစ် အတည်ပြုထားသော Weibo အကောင့်တစ်ခုက ကျိချောင်တယ်၏ စွပ်စွဲချက်များကို အလျင်အမြန် ပြန်လည်ချေပလိုက်ပါတော့သည်။
#သဲနဲ့မြေကြီးကို_တူးဆွခြင်း_ဇင်ဟုန်ရင်း ယွီနျန့်မှာ တရုတ်ရိုးရာ ယဉ်ကျေးမှု ဗဟုသုတ လုံးဝမရှိဘူးလို့ ပြောတာက တကယ့်ကို တာဝန်မဲ့လွန်းတဲ့ လုပ်ရပ်ပဲ။ ပထမဆုံးအနေနဲ့ ယွီနျန့်ဟာ နိုင်ငံအတွင်း အဆင့် ၃ အတွင်းရှိတဲ့ နင်ချန်တက္ကသိုလ် သမိုင်းဌာနကနေ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတက်ခဲ့တဲ့ ၄ နှစ်လုံးလုံး သူဟာ အတန်းထဲမှာ အမြဲတမ်း ထိပ်တန်းအဆင့်မှာ ရှိခဲ့ပြီး ဘွဲ့နှင်းသဘင်တုန်းက ‘ထူးချွန်ကျောင်းသား’ ဆုကို ငါကိုယ်တိုင် ပေးအပ်ခဲ့တာပါ။ ဒုတိယအနေနဲ့ ငါက ဇင်ဟုန်ရင်း ဖြစ်ပြီး ယွီနျန့်ရဲ့ ဆရာ ။ ငါက ဘယ်သူလဲဆိုတာကိုတော့ ရှာဖွေရေး အင်ဂျင်တွေမှာ သေသေချာချာ ရှာကြည့်လိုက်ကြပါ။ တတိယအနေနဲ့ ယွီနျန့်ဟာ အသက် ၂၀ အရွယ်မှာတင် ဂေါ်ပြားလေးကိုကိုင်ပြီး ရှေးဟောင်းသုတေသန ကွင်းဆင်းနယ်ပယ်တွေအထိ လိုက်ခဲ့ဖူးသလို၊ အဆင့်မြင့် ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ စာတမ်းတွေ ထုတ်ဝေခဲ့ဖူးတယ်။ နှီးနှောဖလှယ်ပွဲတွေမှာလည်း အစီရင်ခံစာတွေ တင်သွင်းခဲ့ဖူးတယ်။ တကယ်လို့ သူ့ရဲ့ ဗဟုသုတက သုညပဲဆိုရင် အဲဒီစာတမ်းတွေကို ဖတ်ပြီး အစီရင်ခံစာတွေကို နားထောင်ခဲ့ကြတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပညာရှင်ကြီးတွေအားလုံးက စာမတတ်တဲ့သူတွေ ဖြစ်ကုန်မှာပေါ့။ နောက်ဆုံးအနေနဲ့ @ကျိချောင်တယ်... မင်းကိုယ်မင်း တရုတ်ရိုးရာ ယဉ်ကျေးမှုကို သိပါတယ်ဆိုတာ သက်သေပြဖို့နဲ့၊ ယွီနျန့်ကို ဝေဖန်ပြီး နင်ချန်ပြတိုက်မှာ ဓာတ်ပုံရိုက်ခွင့်ရတဲ့ အရည်အချင်း ရှိပါတယ်ဆိုတာ သက်သေပြဖို့အတွက် ရှေးဟောင်း သမိုင်းဝင် စကားလုံးသုံးလုံးဖြစ်တဲ့ ‘ကျုံးဗျောက်ဗု’ ၊ ‘ဖန်းကော်ဟု’ နဲ့ ‘ထျန်လီဗုယွီ’ ဆိုတာ ဘာလဲဆိုတာကို ရိုးရိုးရှင်းရှင်းလေး ရှင်းပြပေးစမ်းပါ။
"ဒီပြန်လည်ချေပချက်က တကယ့်ကို အားရစရာကောင်းလိုက်တာ!"
ရှီရို့က သူမ၏ ရင်ဘတ်ကို ပုတ်ရင်း စပ်စုမိသည်။
"ဒါနဲ့ နျန့်နျန့်... ဒီပရော်ဖက်ဆာဇင်က မင်းရဲ့ ဆရာအစစ်လား"
ယွီနျန့်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်ကဲ့၊ ကျွန်တော့်ဆရာက အစက ကျွန်တော့်ကို သူ့ရဲ့ နောက်ဆုံးပိတ် တပည့်ရင်းအဖြစ် မွေးစားချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော် ဘွဲ့ရတော့ အဆိုတော်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူက အရမ်းစိတ်ဆိုးသွားတယ်လေ။ အခုထိ ကျွန်တော့်ကို သူ့တပည့်လို့ အသိအမှတ်မပြုသေးဘူး"
"သူက မင်းကို အခုထိ စိတ်ဆိုးနေတုန်းပဲလား"
"ဟုတ်ကဲ့။ သူက ကျွန်တော့်ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်လို့ ပြောပေမဲ့ တကယ်တော့ ရင်ထဲမှာ တော်တော်ခံစားလိုက်ရတာ။ ညဆိုရင်လည်း အိပ်မပျော်ဘူး။ အစားလည်း မဝင်ဘူးဆိုပြီး အခုထိ ကျွန်တော့်ကို စိတ်ကောက်နေတုန်းပဲ"
ယွီနျန့် စာမျက်နှာကို ပေါ့ပေါ့ပါးပါး refreshလိုက်သောအခါ ဇင်ဟုန်ရင်းက နောက်ထပ် ပို့စ်တစ်ခု တင်ထားသည်ကို တွေ့လိုက်ရသည် ။
@ယွီနျန့် မင်း သင်ထားတာတွေကိုသာ မေ့ရဲကြည့်စမ်း။ သမိုင်းကျမ်းကြီး ၂၄ စောင်ကို အကုန်လုံး လက်ရေးနဲ့ ကူးပြီး ငါ့ဆီလာအပ်ရမယ်!
Comments
Post a Comment