အခန်း (၅၇) မင်း ဘာစားချင်လဲ၊ ငါ ချက်ကျွေးမယ်
ရှီရို့မှာ ဆွံ့အသွားပြီး
"ပြန်ကူးရမယ်ဟုတ်လား ဒါနဲ့... သမိုင်းကျမ်းကြီး ၂၄ စောင် မှာ စုစုပေါင်း စာလုံးအရေအတွက် ဘယ်လောက်ရှိလဲဟင်" ဟု မေးမိသည်။
ယွီနျန့်က သက်ပြင်းချလျက် "စာလုံးရေ သန်း ၄၀ ရှိပါတယ်" ဟု ပြန်ဖြေသည်။
ရှီရို့ အသက်ရှူပင် မှားသွားသည်။
အလိုလေး... မင်းတို့ ပညာတတ်တွေရဲ့ ကမ္ဘာက ဒီလောက်တောင် ကြောက်စရာကောင်းတာလား
မကြာမီမှာပင် အခြေအနေကို ရိပ်မိသွားကြသော ပရိသတ်အုပ်စုကြီး ရောက်ရှိလာကြပြီး ဇင်ဟုန်ရင်း၏ Weibo အကောင့်ရှိ မှတ်ချက်များနှင့် ပြန်လည်မျှဝေမှုများမှာ တဟုန်ထိုး မြင့်တက်သွားပါတော့သည်။
[ဟားဟားဟား... နျန့်နျန့်လေး ဗဟုသုတတွေအကုန်မေ့သွားပြီး ‘သမိုင်းကျမ်းကြီး ၂၄ စောင်’ ကို ငိုယိုပြီး လိုက်ကူးနေတာကို ဘာလို့ ငါက တကယ်မြင်ချင်နေရတာလဲ။ ဟားဟား... ငါတော့ တကယ့် မိစ္ဆာပဲ!]
[ဟားဟား... ဆရာကြီးဇင်ကတော့ လုံးဝ အလန်းစားပဲ! ဒီလို ပြန်ချေပတာ တကယ့်ကို အားရစရာပဲ! @ကျိချောင်တယ်... ထွက်လာပြီး မေးခွန်းတွေကို ဖြေစမ်းပါဦး! မင်းမှာ အရည်အချင်းရှိရင် ယွီနျန့်ကို ဆက်ဝေဖန်လေ! မဖြေနိုင်ရင်တော့ ယွီနျန့်ကို အမြန်ဆုံး တောင်းပန်လိုက်တော့!]
[ဆရာကြီးခင်ဗျာ... တပည့်တွေ ထပ်လိုသေးလားဟင် ကျွန်မ ဂေါ်ပြားလေးကိုကိုင်ပြီး သဲတွေ လိုက်တူးပေးနိုင်ပါတယ်! ဆရာကြီးရဲ့ လမ်းညွှန်မှုအောက်မှာ ပါရဂူဘွဲ့ တက်ခွင့်ရဖို့ အိမ်မက်မက်နေတာပါ!]
[ဘုရားရေ... တို့ရဲ့ နျန့်နျန့်က တကယ့်ကို ထိပ်တန်းကျောင်းသားစစ်စစ် ဖြစ်နေတာလား အို... မန်နေဂျာအဖွဲ့က ဘာလုပ်နေတာလဲ ဒါကို ပရိုမိုးရှင်း အကျယ်ကြီး မလုပ်ဘူးလား ဒါနဲ့... ငါကျောင်းတက်တုန်းက ဘာလို့ ဒီလိုမျိုး ရုပ်လည်းချော၊ ပညာလည်းတတ်၊ ပါရမီလည်းရှိတဲ့ ကောင်လေးမျိုးနဲ့ မဆုံခဲ့ရတာလဲ]
ကျိချောင်တယ်တစ်ယောက် ဆွံ့အပြီး တိတ်ဆိတ်နေချိန်တွင် ယွီနျန့်၏ ပရိသတ်များနှင့် ဘေးကနေ စပ်စုသူများသည် ကျိချောင်တယ်၏ Weibo သို့ သွားရောက်ကာ မှတ်ချက်ကဏ္ဍတွင် ပျော်ပျော်ပါးပါး စကားနာထိုးကာ ဗုံးကြဲကြပါတော့သည်။
[#ကျိချောင်တယ်_ထွက်လာပြီး_မေးခွန်းဖြေစမ်း# ဓာတ်ပုံတွေ ဆက်မရိုက်နဲ့တော့။ Weibo ပေါ်မှာ စာတွေ ဆက်မတင်နဲ့တော့။ ခိုးကြည့်မနေနဲ့တော့။ ထွက်လာပြီး မေးခွန်းတွေကို ဖြေစမ်းပါဦး! မင်းရဲ့ တကယ့် အသိပညာအဆင့်အတန်းကို ထုတ်ပြရမယ့် အချိန်ရောက်ပြီ!]
[#ကျိချောင်တယ်_ထွက်လာပြီး_မေးခွန်းဖြေစမ်း# ဟူး... တချို့လူတွေကတော့ အပြင်ပန်းမှာ မောက်မာပြပြီး သူများကို အလွယ်တကူ စော်ကားတတ်ပေမဲ့ စကားလုံးသုံးလုံးကိုတောင် ဘယ်လိုရှင်းပြရမှန်း မသိဘူး။ တကယ်ကို သနားစရာကောင်းပါတယ်!]
[#ကျိချောင်တယ်_ထွက်လာပြီး_မေးခွန်းဖြေစမ်း# ယွီနျန့်ကို ဝေဖန်တုန်းကတော့ စကားတွေ တရစပ် ပြောနေခဲ့တာ မဟုတ်လား။ အခုကျမှ ဘာလို့ ဆွံ့အအဖြစ်သွားရတာလဲ အား... တကယ်ကို စိုးရိမ်မိပါတယ်! မင်းအတွက် ‘ရွှေအော်သံ’ လည်ချောင်းနာပျောက်ဆေးတစ်ဘူးလောက် ရန်ပုံငွေရှာပြီး ပို့ပေးချင်စိတ်ပေါက်လာပြီ!]
#ကျိချောင်တယ်_ထွက်လာပြီး_မေးခွန်းဖြေစမ်း# ဆိုသည့် ခေါင်းစဉ်မှာ Trending ဖြစ်လာသည့်တိုင်အောင် ကျိချောင်တယ်၏ Weibo မှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ရှီရို့က ကျိချောင်တယ်တစ်ယောက် သတင်းအေးသွားသည့်အထိ ငြိမ်နေလိမ့်မည်ဟု ထင်ထားသော်လည်း သူ၏ မျက်နှာအသားအရေက သူမထင်ထားသည်ထက် ပိုမိုထူထဲနေသည်ကို တွေ့လိုက်ရသည်။
"သူက သူ့ကိုယ်သူ သနားစရာကောင်းတဲ့ သားကောင်အဖြစ် ဟန်ဆောင်ပြီး... သူက အမှန်တရားကိုပဲ ပြောခဲ့တာပါဆိုပြီးတော့၊ ယွီနျန့်ရဲ့ အသိဉာဏ်မရှိတဲ့ ပရိသတ်တွေက သူ့ရဲ့ Weibo ကို ဝိုင်းပြီး တိုက်ခိုက်နေကြပါတယ်လို့ အရှက်မရှိ ရေးထားသေးတယ်! အခုခေတ် ပရိသတ်တွေက တကယ်ကို ကြောက်ဖို့ကောင်းတယ်တဲ့။ ပိုပြီး ကြောက်စရာကောင်းတာက နာမည်ကြီး အနုပညာရှင်တွေရဲ့ အရည်အချင်းက စံမမီတာ၊ ရုပ်ရည်ကလည်း မိတ်ကပ်နဲ့ ဓာတ်ပုံပြင်တာကိုပဲ အားကိုးနေရတာ၊ ဘာလက်ရာကောင်းမှ မရှိဘဲနဲ့ ပရိသတ်တွေရဲ့ ကိုးကွယ်တာကို ခံနေရတာတဲ့။ သူ့လိုမျိုး လက်ရှိအခြေအနေကို စိတ်ပျက်မိတဲ့သူက အမှန်တရားလေး နည်းနည်းပြောမိတာနဲ့ အင်တာနက် အကြမ်းဖက်မှုကို ခံနေရပါတယ်လို့ ရေးထားတယ်"
ရှီရို့ ဒေါသတကြီး မျက်လုံးပြူးသွားသည်။
"သူက ဘယ်သူ့ဆီက သနားကရုဏာကို လာပြီး တောင်းခံနေတာလဲ"
ယွီနျန့် မိတ်ကပ်ဖျက်နေစဉ် ရှီရို့ ဖတ်ပြသော ကျိချောင်တယ်၏ ပို့စ်အသစ်ကို နားထောင်ပြီးနောက်
"သူက လိမ္မာပါးနပ်ပါတယ်။ သူကိုယ်တိုင် စွပ်စွဲခံထားရတဲ့ မေးခွန်းတွေကို တိုက်ရိုက်မဖြေဘဲ... အများပြည်သူ စိတ်ဝင်စားပြီး ဆွေးနွေးလေ့ရှိတဲ့ အနုပညာရှင်တွေရဲ့ အရည်အချင်းကိစ္စ၊ ပရိသတ်တွေရဲ့ အစွန်းရောက်မှုကိစ္စတွေကို ဆွဲထည့်ပြီး လူအများရဲ့ စာနာမှုကို ရအောင်လုပ်နေတာလေ"
ရှီရို့ ခဏမျှ စဉ်းစားကြည့်သည်။
"သူကိုယ်တိုင်ကလည်း ဓာတ်ပုံပြိုင်ပွဲတွေမှာ ရွှေဆု၊ ငွေဆုတွေ အများကြီး ရထားတဲ့သူဆိုတော့ သူ့မှာ ပါရမီရှိတယ်လို့ အများက သတ်မှတ်ထားကြတာကိုး။ အဲဒါကြောင့် သူက ‘အရည်အချင်းမရှိတဲ့ အနုပညာရှင်’၊ ‘အသိဉာဏ်မရှိတဲ့ ပရိသတ်’ နဲ့ ‘အင်တာနက် အကြမ်းဖက်မှု’ ဆိုတဲ့ အချက်တွေကို ရွေးပြီး ပြန်တိုက်ခိုက်တာပေါ့နော်"
"ဟုတ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူက လူတွေရဲ့ အာရုံစိုက်မှုကို တခြားဘက်ကို လွှဲပြောင်းလိုက်ပြီး စာနာမှုတွေကို ရယူလိုက်တာ။ သူပြောခဲ့တဲ့ စကားတွေက မှားသလား မှန်သလား၊ မေးခွန်းတွေကို ဖြေနိုင်သလား မဖြေနိုင်ဘူးလားဆိုတာက အဓိက အချက် မဟုတ်တော့ဘူးလေ"
ရှီရို့ ဖုန်းကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"
"လွယ်လွယ်လေးပါ၊ အာရုံစိုက်မှုကို ကျွန်တော်တို့ဘက် ပြန်လှည့်လာအောင် လုပ်ရုံရပါတယ်၊"
ယွီနျန့်က ပါးနပ်စွာ ပြုံးလိုက်သည်။
"အဲဒီတုန်းက ဓာတ်ပုံရိုက်နေစဉ်မှာ အစ်ကိုမုန့်က ဗီဒီယိုတချို့ တိတ်တဆိတ် ရိုက်ထားခဲ့တယ်မလား ပြီးတော့ ကျွန်တော့်ရဲ့ ဆေးမှတ်တမ်းလည်း ရှိနေတာပဲ။ ဒီကိစ္စက မူလကတည်းက ငါတို့ဘက်က အမှန်တရားရှိတာပဲ။ ကျွန်တော်တို့က ဘာလို့ အပုပ်ချတာနဲ့ လှောင်ပြောင်တာကို ခံနေရမှာလဲ"
ယွီနျန့်မက်ခ်နှင့် ဦးထုပ်ကို ဆောင်းကာ အန်းရန်ဆေးရုံသို့ ရောက်ရှိချိန်တွင်influencerတစ်ဦးက ဗီဒီယိုတစ်ခုကို ချပြလိုက်ပြီ ဖြစ်သည်။
"ဒါက ရိုက်ကွင်းက တကယ့်ဗီဒီယိုအစစ်လို့ ပြောပါတယ်။ ဒါကို ပေးတဲ့သူကလည်း ဆက်ပြီး မကြည့်ရက်တော့လို့ ကျွန်တော့်ဆီကို တိတ်တဆိတ် ပို့ပေးလာတာပါ။ ကျွန်တော် ကြည့်ကြည့်တယ်... တောက်! ငါသာ ယွီနျန့်နေရာမှာဆိုရင် လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူး။ ကျိချောင်တယ်ရဲ့ လုပ်ရပ်က တကယ်ကို စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး! "
[ငါတော့ ကြည့်ရင်းနဲ့ ငိုတောင်ငိုမိတယ်! အဆုံးထိတောင် မကြည့်ရသေးဘူး! ဒီလောက်အေးတဲ့ ရာသီဥတုမှာ အပြင်ဘက်မှာ ဝတ်စုံပါးပါးလေးနဲ့ နှစ်နာရီကျော်အောင် ရိုက်တာကို ဘာတစ်ခွန်းမှ မညည်းဘဲ ကူညီပေးခဲ့တာကို... အခုကျမှ အနုပညာကျင့်ဝတ်မရှိဘူးလို့ ပြောရဲရော့လား @ကျိချောင်တယ်... မင်းမှာ ပညာရှင်ဆန်တဲ့ စံနှုန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုခု အထင်မှားနေတာလား။ မင်းသာ အဲဒီလိုလုပ်နိုင်ရင် အနွေးထည်ချွတ်ပြီး သွားရပ်ကြည့်စမ်းပါ!]
[အား... ငါတော့ တကယ် စိတ်တိုမိတယ်! ထမင်းတောင် ဆက်စားလို့မရတော့ဘူး! ယွီနျန့်က တစ်ပြားမှမရဘဲ အစအဆုံး သေချာလုပ်ပေးခဲ့တာကို ကျေးဇူးတင်ရမယ့်အစား ဒီလိုမျိုး အနိဋ္ဌာရုံတွေ လုပ်ပြတာလား! ယွီနျန့်က စိတ်ကောင်းလွန်းလို့ပါ။ ငါသာဆိုရင် အဲဒီကျိဆိုတဲ့လူကို အနုပညာကျင့်ဝတ်မရှိတာ ဘာလဲဆိုတာ ကောင်းကောင်းကြီး ပြလိုက်မှာ!]
[ဖက်ထားပေးမယ်နော် တို့ရဲ့ ကလေးလေး! မေမေတော့ တကယ် ရင်နာမိတယ်! ငါ ဒီဓာတ်ပုံဆရာရဲ့ အရင်က ပို့စ်တွေကို လိုက်ကြည့်တော့ နာမည်ကြီး အနုပညာရှင်တွေကိုချည်းပဲ လိုက်ဆဲနေတာ။ တကယ့်ကို စိတ်သဘောထား သေးသိမ်ပြီး နာမည်ကြီးတဲ့သူတိုင်းက ပရိသတ်တွေကြောင့်ပဲ ကြီးလာတာလို့ ထင်နေတာလား မျှော်မှန်းချက် အရမ်းတိုတောင်းတဲ့သူပဲ!]
သက်တော်စောင့်များ ရပ်နေသည့် စင်္ကြံလမ်းကို ဖြတ်ကျော်ပြီးနောက် ယွီနျန့်သည် ဆေးရုံခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရင်ဆုံး ပြုံးပြလိုက်မိသည်။ သူက ရှဲ့ယို့ကို
"ညစာ စားပြီးပြီလားဟင်" ဟု မေးလိုက်သည်။
ယွီနျန့်ကို မြင်လိုက်ရသောအခါ ရှဲ့ယို့၏ စိတ်အခြေအနေမှာ လျော့ပါးသွားပြီး စာရိုက်နေရာမှ ရပ်လိုက်သည်။
"အင်း... စားပြီးပါပြီ"
ထို့နောက် သူက စမ်းသပ်သည့်အနေဖြင့် ထပ်ဖြည့်ပြောသည် ။
"ဒါပေမဲ့ ဝက်နံရိုးစွပ်ပြုတ်က အရသာ မရှိဘူး"
ယွီနျန့်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
"ကျွန်တော်ချက်တုန်းကကျတော့ အရသာရှိတယ်မလား"
"အင်း..."
ရှဲ့ယို့ မျက်နှာလွှဲလိုက်ပြီး ယွီနျန့်ကို တည့်တည့်မကြည့်ရဲပေ။
"မင်းချက်တာက ပိုပြီး အရသာရှိတယ်"
သူ၏ အနွေးထည်အထူကြီးနှင့် ဦးထုပ်၊ မက်ခ်ကို ချိတ်ဆွဲလိုက်ရင်း ယွီနျန့်က ရိုးရိုးလေးပင် သဘောတူလိုက်သည်။
"ဒါဆိုရင် မနက်ဖြန်ကျရင် ကျွန်တော် စွပ်ပြုတ်ချက်ပြီး ယူလာခဲ့ပါ့မယ်၊ ဟုတ်ပြီလား"
ရှဲ့ယို့၏ မျက်ဝန်းများ တောက်ပသွားသည်။
"ဟုတ်ကဲ့။"
သူက ယွီနျန့်၏ အမူအရာကို အကဲခတ်ရင်း
"ဒီနေ့ စိတ်အခြေအနေ ကောင်းပုံရတယ်နော်"
"ကျိချောင်တယ်ရဲ့ ကိစ္စကို ပြောတာလား"
ယွီနျန့်သည် ကုတင်ဘေးက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
"ကျွန်တော် အစ်ကိုမုန့်နဲ့ တိုင်ပင်ပြီးပါပြီ၊ ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ သူပြောသမျှကို ချေပဖို့ ကျွန်တော့်မှာ သက်သေတွေ အပြည့်ရှိပါတယ်။ အစ်ကိုမုန့်ကလည်း အရမ်းပျော်နေတယ်... ဒါက ကျွန်တော့်ရဲ့ EP ပရိုမိုးရှင်း ကာလနဲ့ တိုက်ဆိုင်နေတော့ ဒီကိစ္စကို သုံးပြီး ကြော်ငြာလို့ ရတယ်လို့ ပြောတယ်"
"EP က ပရိုမိုးရှင်း ကာလထဲ ဝင်တော့မှာလား"
ယွီနျန့် ခေါင်းညိတ်ပြသည်။ ရှဲ့ယို့တစ်ယောက် အတွေးပွားနေသည်ကို မြင်တော့ ပန်းသီးတစ်လုံးကို အသာအယာ ခွာပြီး ထက်ဝက်စီ ခွဲကာ နှစ်ယောက်သား တစ်ယောက်တစ်ဝက်စီ စားလိုက်ကြသည်။
"ဒီနေ့ ဆရာဝန်က ဘာပြောလဲဟင်"
"နောက်ထပ် နှစ်ရက်နေရင် ဆေးရုံက ဆင်းလို့ရပြီတဲ့။"
ရှဲ့ယို့သည် ယွီနျန့် ကမ်းပေးသော ပန်းသီးကို စားရင်း ယွီနျန့်၏ မျက်ဝန်းထဲက စိုးရိမ်စိတ်ကို မြင်သောကြောင့် အသံကိုနှိမ့်ကာ ပုံမှန်ထက် ပိုပြီး အသေးစိတ် ရှင်းပြသည်။
"အဆင်ပြေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ တင်းကျောက်ရှန်းရဲ့ သြဇာလွှမ်းမိုးမှုတွေကို ရှဲ့မိသားစုရဲ့ အင်တာနက် ဘဏ္ဍာရေး၊ နည်းပညာမြင့်၊ ဘဏ်လုပ်ငန်း၊ သတ္တုတွင်းနဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး ကဏ္ဍတွေကနေ အကုန်လုံး ဖယ်ရှားပစ်ခဲ့ပြီးပြီ။ အိမ်ခြံမြေကဏ္ဍကတော့ အမြစ်တွယ်နေသေးပေမဲ့ ဖြေတော့ ဖြေရှင်းနေပါပြီ။ အခု ဆေးရုံဆင်းရင် ဘာပြဿနာမှ မရှိတော့ဘူး"
ဒီကိစ္စ ဖြစ်ပွားခဲ့ကတည်းက ယွီနျန့်သည် တင်းကျောက်ရှန်း ဘယ်မှာလဲ သို့မဟုတ် ဒဏ်ရာ ဘယ်လောက်ပြင်းထန်သလဲဆိုတာကို တစ်ခါမှ မမေးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ တိုက်ပွဲမှာ ရှဲ့ယို့က အနိုင်ရခဲ့ပြီလေ။ ကားအက်စီးဒင့် ဖြစ်ပွားချိန်တွင် ရှဲ့ယို့က တင်းကျောက်ရှန်းကို တမင်သက်သက် ဒေါသထွက်အောင် ဆွဖို့အတွက် သူ့အသက်ကို လောင်းကြေးထပ်ခဲ့သလား၊ မထပ်ခဲ့ဘူးလားဆိုတာကလည်း အခုအချိန်မှာ မရေးကြီးတော့ပေ။
သမိုင်းဆိုတာ အမြဲတမ်း အနိုင်ရတဲ့သူကပဲ ရေးရတာလေ။
ယွီနျန့်က စကားလမ်းကြောင်းကို ပြောင်းကာ ပြုံးလျက် သူ့ သတင်းကောင်းကိုလည်း ဝေမျှပေး၏။
"ဒါနဲ့... ဒီနေ့ သတင်းရတာကတော့ ကျွန်တော့်ရဲ့ EP က ဘာပြဿနာမှမရှိဘဲ စစ်ဆေးမှု အောင်မြင်သွားပြီတဲ့ခင်ဗျာ"
"အဲဒါ ကောင်းတာပေါ့။"
ရှဲ့ယို့သည် လက်ထဲက ပန်းသီးကို နှမြောတသစွာဖြင့် စားရင်း ခေတ္တတုံ့ဆိုင်းကာ
"ဆရာဝန်က... သစ်သီးတွေ အများကြီး စားခိုင်းထားတယ်" ဟု ဆိုသည်။
ယွီနျန့်သည် သူ၏ မျက်ဝန်းထဲမှ လျှံထွက်တော့မည့် အပြုံးကို ဖုံးကွယ်ထားလိုက်သည်။ သူက ပန်းသီးခွံများကို သိမ်းဆည်းပြီးနောက် ရှဲ့ယို့ထံ နောက်ထပ် တစ်ဖတ် ကမ်းပေးရင်း
"အများကြီး စားပါ၊ ဒါပေမဲ့ တစ်ခါတည်း အများကြီးတော့ မစားနဲ့ဦးနော်" ဟု သတိပေးလိုက်သည်။
"ဟုတ်ကဲ့"
ယွီနျန့် ဆေးရုံမှ ထွက်ခွာပြီး အိမ်ပြန်ရောက်သောအခါ အပြင်ဘက်တွင် မှောင်နေခဲ့ပြီ။ သူ မီးဖိုချောင်ထဲဝင်ကာ ရေခဲသေတ္တာကို ဖွင့်ပြီး မနက်ဖြန် ဝက်နံရိုးစွပ်ပြုတ်ချက်ရန်အတွက် အမွှေးအကြိုင်များ လုံလောက်မှု ရှိမရှိ ကြည့်လိုက်သည်။ ရက်အတော်ကြာ အိမ်မှာ ဟင်းမချက်ဖြစ်သဖြင့် ဂျင်း၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူများ ကုန်နေခဲ့ပြီလေ။ ဝယ်ရမည့် ပစ္စည်းစာရင်းကို ရေးသားပြီး မနက်ဖြန် ဝယ်လာပေးရန် ရှီရို့ထံ ပို့လိုက်သည်။
မကြာမီမှာပင် မုန့်ယွမ်ထံမှ ဖုန်းဝင်လာသည်။
"ငါ့အမြင်ကတော့ အချိန်ကိုက်ပဲ။ ငါတို့ နောက်ထပ် ထင်းအနည်းငယ် ထပ်ထည့်လို့ ရပြီ။"
မုန့်ယွမ်က တရစပ် ပြောတော့သည်။
"ဟူး... ပြောရရင် ဒီကျိချောင်တယ်က ဘာအောင်မြင်မှုမှ မရှိဘဲနဲ့ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ။ အရာအားလုံးကို သူ့စံနှုန်းနဲ့ပဲ တိုင်းတာပြီး မောက်မာနေတာက တကယ့်ကို ရယ်စရာပဲ! သူသာ မင်းကို မဆဲခင်မှာ အိမ်စာလေး နည်းနည်းလောက် ကြိုလုပ်ခဲ့ရင် သူ့ကိုယ်သူ ဒီလောက်နက်တဲ့ တွင်းထဲ ပြုတ်ကျအောင် လုပ်မှာ မဟုတ်ဘူး"
"အစွဲအလမ်းတွေက လူတွေရဲ့ မျက်စိကို ကွယ်စေပြီး အတွေးအခေါ်တွေကို ကန့်သတ်တတ်တာပဲလေ၊"
ယွီနျန့် ရေခဲသေတ္တာကို ရှင်းလင်းရင်း မေးလိုက်သည်။
"အစ်ကိုမုန့်... မနက်ဖြန် နေ့လယ်ပိုင်းမှာ ရိယောင် မိုဘိုင်းလ်ဖုန်း အဖွဲ့က ရိုက်ကူးရေးအတွက် လာမှာ မဟုတ်လားဟင်"
"ဟုတ်တယ်၊ မင်းရဲ့ အယ်လ်ဘမ်အကြောင်းကိုလည်း စကားထဲမှာ နှစ်ခေါက်၊ သုံးခေါက်လောက် ထည့်ပြောဖို့ မမေ့နဲ့ဦး။ အဲဒါ ကြော်ငြာဖို့ အခွင့်အရေးကောင်းပဲ။"
မုန့်ယွမ် ခဏမျှ တိတ်သွားပြီးမှ
"ဒါနဲ့... ဒီနေ့ အလုပ်ပြီးတော့ ဆေးရုံကို သွားခဲ့သေးလား" ဟု မေးသည်။
သူ ဘာကို မေးချင်မှန်း သိသဖြင့် ယွီနျန့်က အမှန်အတိုင်း ပြန်ဖြေသည်။
"ဟုတ်ကဲ့၊ ရှဲ့ယို့ကို သွားတွေ့ခဲ့ပါတယ်"
မုန့်ယွမ် လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။
"ဟို... နျန့်နျန့်၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်း တကယ်ပဲ ရှဲ့ယို့နဲ့ သူငယ်ချင်း ဖြစ်သွားတာလား။ အရင်က သူ မင်းကို ဆဲခဲ့လို့ မင်းက မကျေနပ်တာနဲ့ တမင်တကာ သူ့အနားကို ချဉ်းကပ်ပြီးတော့"
"အစ်ကိုမုန့်..."
ယွီနျန့် မုန့်ယွမ်၏ အတွေးများ ဘေးချော်နေသည်ကို တားရန် ရယ်မောလိုက်သည်။
"အစ်ကို့ရဲ့ အတွေးတွေက အရမ်းကို ရှုပ်ထွေးလွန်းနေပါပြီ။ တကယ့်လက်တွေ့ဘဝက ဇာတ်လမ်းတွဲတွေလို သွေးပျက်စရာ မဟုတ်ပါဘူးခင်ဗျာ"
"အေးပါ၊ အေးပါ၊ ငါ ထပ်မပြောတော့ပါဘူး။"
မုန့်ယွမ်က ဆက်ပြောသည်။
"ခဏနေရင် ငါ ဆေးမှတ်တမ်းတွေနဲ့ ဓာတ်ပုံတွေကို ချပြလိုက်မယ်။ မင်း စိတ်ဝင်စားရင် အခြေအနေကို ဝင်ကြည့်လိုက်ဦး"
ည ၁၁ နာရီကျော်တွင် မုန့်ယွမ်သည် ကြော်ငြာအကောင့်များမှတစ်ဆင့် သတင်းကို ချပြလိုက်ရာ၊ ဓာတ်ပုံရိုက်သည့်ညက ယွီနျန့်မှာ ၄၀ ဒီဂရီအထိ ပြင်းထန်စွာ ဖျားခဲ့ရကြောင်း ပေါ်ထွက်လာပြီးနောက် အင်တာနက်ပေါ်တွင် နောက်ထပ် ငြင်းခုံမှုလှိုင်းလုံးကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာပါတော့သည်။
ယွီနျန့်က ၎င်းကို အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် သီချင်းရေးရန်အတွက် ဖုန်းကို ချရန်ပြင်စဉ် တစ်ခုခု ထူးဆန်းနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
#စာအုပ်ကူးရမှာကို_စိတ်မဝင်စားတဲ့_လင်းချင်းဟယ် @ယွီနျန့်လေး ဖျော်ဖြေရေးလောကက ပျင်းစရာကောင်းပါတယ်။ ကဲ... မင်းရဲ့ ဂေါ်ပြားလေးကို ကိုင်ပြီး စီနီယာနဲ့အတူ ဘီလန်မြစ်မှာ ရှေးဟောင်းသုတေသန သွားတူးရအောင်! သူတို့နဲ့ မဆော့နဲ့တော့!]
#အပ်ချုပ်တာကို_စွဲလမ်းနေတဲ့_ရွှီလျန်ရန် @ယွီနျန့် ညီလေး... စီနီယာအစ်ကိုကြီး ပြောတာကို မနားထောင်နဲ့။ ဘီလန်မြစ်မှာ လေနဲ့သဲတွေ အရမ်းများတယ်။ အဲဒီ ရှေးဟောင်းမြို့ဟောင်းကို တူးဖို့ နှစ်အကြာကြီး စောင့်ရမှာ။ စီနီယာနဲ့အတူ ရှေးဟောင်း ပန်းချီကားတွေကို ပြန်လည် ပြုပြင်ရအောင်! မင်းရဲ့ လက်ရာက အရမ်းညင်သာတာဆိုတော့ မင်းရှိရင် စီနီယာ စိတ်အေးရတယ်!]
#လူမှုဆက်ဆံရေးကို_ငြင်းပယ်တဲ့_ကျန်းရှောက်မင် @ယွီနျန့်... မိုယန်မှာ ရှာတွေ့ခဲ့တဲ့ ရှေးဟောင်း ဂူဗိမာန်တချို့နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိနေတယ်။ သူတို့က မင်းကို မောက်မာတယ်။ အနုပညာကျင့်ဝတ်မရှိဘူး။ ပညာမတတ်ဘူး။ အဆိုတော် မလုပ်သင့်ဘူးလို့ ပြောနေကြတာဆိုတော့... မင်း စီနီယာ့ဆီလာပြီး ဒီဂူဗိမာန်တွေက ဘယ်မင်းဆက်ကလဲ။ ဂူဗိမာန်ပိုင်ရှင်က ဘယ်သူလဲဆိုတာကို လာပြီး ဆုံးဖြတ်ပေးစမ်းပါဦး]
#လိုင်းမရှိတဲ့_ချိုးချူယွဲ အရင်က အရမ်းကျန်းမာတဲ့ ငါ့ရဲ့ ညီလေးက အခုတော့ အဖျားတက်နေရတယ်တဲ့! ညီအစ်ကိုတို့... ငါတို့ သူ့ကို ပြန်လည် လုယူကြမလား။ ဘာပဲဖြစ်ဖြစ် သူ အဆိုတော် သွားလုပ်ကတည်းက တို့ရဲ့ ဆရာကြီးက တို့တွေကို နေ့တိုင်း ဆူနေတာ ရင်နာစရာကြီး!]
ဤ Weibo ပို့စ်များအောက်တွင် အခြား စီနီယာများ၏ သဘောတူညီသည့် မှတ်ချက်များ တစ်ခုပြီးတစ်ခု တက်လာပါတော့သည်။
ယွီနျန့်၏ ပရိသတ်များမှာ ခေတ္တမျှ ကြောင်အသွားကြသည်။
[တောက်... သူတို့တွေက လူ လာလုနေကြတာလား ရုတ်တရက်ကြီး ရင်ခုန်လာပြီ!]
[ဒါက... တစ်ဖွဲ့လုံးရဲ့ အချစ်တော် ဖြစ်နေတာပေါ့၊ ဟုတ်တယ်မလား]
[ငါ ဒီနာမည်တွေကို လိုက်ရှာကြည့်တာ အားလုံးက ပညာရပ်ပိုင်းဆိုင်ရာ ပညာရှင်ကြီးတွေချည်းပဲ! သမိုင်းဌာနက ကျောင်းသားတွေတော့ ဒူးထောက်လိုက်ပါပြီ။ ဒီလို စိန်စီထားတဲ့ စီနီယာ အစ်ကိုကြီးများအဖွဲ့ မျိုး ရှိထားတာ တကယ်ကို တန်တယ်!]
ယွီနျန့် ရင်ထဲတွင် နွေးထွေးသွားသည်။ သူသည် စာမျက်နှာကို ပြောင်းပြီး သူ၏ စီနီယာများထံ စာပို့ကာ အားတဲ့အခါ အတူတူ ထမင်းစားကြရန် ဖိတ်ခေါ်လိုက်သော်လည်း စီနီယာအားလုံးက
"အလုပ်ရှုပ်တယ်၊ အချိန်မရှိဘူး" ဟု တညီတညွတ်တည်း ပြန်စာ ပို့လာကြသည်။
ထိုစဉ် မုန့်ယွမ်ထံမှ screenshot တစ်ခုနှင့်အတူ "ကျိချောင်တယ်တော့ သွေးအန်တော့မယ်" ဆိုသည့် မက်ဆေ့ချ် ရောက်လာသည်။
ထိုစခရင်ရှော့မှာ ဓာတ်ပုံဆရာများ အသင်း၏ ထုတ်ပြန်ချက် ဖြစ်သည်။ ၎င်းတွင် ကျိချောင်တယ်အပေါ် တိုင်ကြားချက် ရရှိပြီးနောက် တစ်ညလုံး အရေးပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၊ တိုင်ကြားသူ တင်ပြသည့် သက်သေများမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ဟု ရေးသားထားသည်။ ထို့ကြောင့် ကျိချောင်တယ်သည် ၆၁ ကြိမ်မြောက်၊ ၆၅ ကြိမ်မြောက်နှင့် ၆၆ ကြိမ်မြောက် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် လက်ရာများမှာ သူကိုယ်တိုင် ရိုက်ကူးခဲ့ခြင်း မဟုတ်ကြောင်း ဆုံးဖြတ်ချက် ချလိုက်သည်။
[ ဒီလိုမျိုး အလှည့်အပြောင်းကြီးလား။ သူများလက်ရာတွေကို ခိုးပြီး ကိုယ့်နေရာကိုယ် တည်ဆောက်ထားတာဖြစ်ပြီးတော့၊ တစ်ဖက်မှာကျတော့ တကယ့်ပညာတတ် ပါရမီရှင်ကို လာပြီး စွပ်စွဲနေရော့လား။ မျက်နှာအသားအရေ ထူတဲ့နေရာမှာတော့ မင်းကို အလေးပြုပါတယ်! ယခုနှစ်၏ မျက်နှာအထူဆုံးဆုကို မင်း ရသင့်တယ်!]
[တရားဝင် ထုတ်ပြန်ချက် ထွက်လာပြီလား ကြားရတာ အရမ်း ဝမ်းသာပါတယ်။ @ကျိချောင်တယ်... မင်းတော့ ဒုက္ခလှလှတွေ့ပြီ!]
[သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ဆုတွေအားလုံးက ခိုးထားတာဆိုတော့ တခြားသူတွေအားလုံးကလည်း သူ့လိုပဲ အရည်အချင်းမရှိဘူးလို့ ထင်နေတာ ဖြစ်မှာပေါ့။ စိတ်မရှိပါနဲ့... တို့တွေရဲ့ ယွီနျန့်ကတော့ တကယ့် ပညာနဲ့ ပါရမီအစစ်ရှိတာမို့ မင်းလိုလူနဲ့ ကစားဖို့ အချိန်မရှိပါဘူး။]
သတင်းအားလုံးကို ဖတ်ပြီးနောက် ယွီနျန့်သည် ထိုနေရာတွင် ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေမိသည်။ ထို့နောက် သူသည် တွန့်ဆုတ်မနေဘဲ ရှဲ့ယို့၏ ဖုန်းနံပါတ်ကို တိုက်ရိုက် ခေါ်ဆိုလိုက်ပါတော့သည်။
"မင်း လုပ်လိုက်တာလားဟင်"
ရှဲ့ယို့က ချက်ချင်း ငြင်းဆိုသည်။
"ငါ မဟုတ်ပါဘူး"
ယွီနျန့် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ သူ၏ အပြုံးများ ပိုမိုကျယ်ပြန့်သွားပြီး၊ အသံထဲတွင်လည်း ဖုံးကွယ်မရသော ရယ်မောသံများ ပါဝင်နေသည်။
"ကျွန်တော် ဘာအကြောင်း မေးမှန်း မင်း ဘယ်လိုသိလဲ။ ပြီးတော့ ဘာလို့ ဒီလောက်တောင် အလောတကြီး ငြင်းနေရတာလဲ"
ရှဲ့ယို့ကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။
ဖုန်းထဲမှတစ်ဆင့် တစ်ဖက်လူ၏ အသက်ရှူသံသဲ့သဲ့ကိုသာ ကြားနေရစဉ်၊ ယွီနျန့်သည် ကြမ်းပြင်ပေါ်ရှိ သူ၏ စောင်းနေသော အရိပ်ကလေးကို ငေးကြည့်ရင်း နူးညံ့စွာ မေးလိုက်သည်။
"မနက်ဖြန် ဝက်နံရိုးစွပ်ပြုတ်အပြင် တခြား ဘာစားချင်တာ ရှိသေးလဲဟင်"
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်မှသာ ရှဲ့ယို့က တိုးတိုးလေး ပြန်လည် တောင်းဆိုလိုက်ပါတော့သည်။
"မင်းချက်တဲ့... ငါးပေါင်းဟင်း လေးလည်း စားချင်သေးတယ်..."
ချစ်လိုက်တာ တို့အချစ်တော်လေးရယ်
ReplyDelete