Skip to main content

59




အခန်း (၅၉) ဥက္ကဋ္ဌကြီးက ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာနီရဲမလာပါဘူး


နောက်တစ်နေ့ မနက်စောစောတွင် မုန့်ယွမ်သည် သူ၏တာဝန်အတိုင်း ဖုန်းဆက်၍ သတိပေးလာပါသည်။

"Weibo မှာ တင်ရမယ့် စာသားကို မင်းဆီ ပို့ပေးထားတယ်။ အချိန်မှန် တင်ဖို့ မမေ့နဲ့ဦးနော်။ ငါ့ဘက်ကတော့ အကုန်လုံး စီစဉ်ပြီးပြီ။ ပြီးတော့ ၁၀ နာရီကျရင် ငါ မင်းကို လာခေါ်မယ်။ ဗီဒီယိုဝဘ်ဆိုက်နဲ့ အင်တာဗျူးကိစ္စ ညှိပြီးပြီ။ မေးခွန်းတွေကိုလည်း ငါ စစ်ပြီးပြီ။ ထိလွယ်ရှလွယ် ကိစ္စမျိုး ဘာမှမပါဘူး။ ဒါပေမဲ့ မင်းလည်း တစ်ချက်ကြည့်ပြီး ဘယ်လိုဖြေမလဲဆိုတာ ကြိုစဉ်းစားထားဦး"

ယွီနျန့်သည် ကြေးဝါ ပန်းညှပ်ကတ်ကြေးကို ချလိုက်ပြီး၊ လက်ပေါ်က မြေကြီးများကို စိုစွတ်သော တစ်ရှူးဖြင့် သုတ်ရင်း ခေါင်းကို အသာစောင်းကာ ဖုန်းကို လည်ပင်းနှင့် ပုခုံးကြားတွင် ညှပ်လိုက်သည်။

"ဟုတ်ကဲ့ အစ်ကိုမုန့်... စိတ်ချပါ၊ ကျွန်တော် မမေ့ပါဘူး"

မုန့်ယွမ်က တဟားဟား ရယ်မောလျက် "ဒါပေါ့၊ ငါ မင်းကို ယုံတာပေါ့!"

ထို့နောက် သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် "ဒါနဲ့... ဟို ‘၁၈၆’ နဲ့ကော ဘယ်လိုလဲ" ဟု မေးသည်။

ယွီနျန့်၏ လေသံမှာ သဘာဝအတိုင်းပင် နူးညံ့သွားသည်။

"ကျွန်တော် သတိထားမိတာကတော့... သူနဲ့ ပိုပြီး ပတ်သက်ခွင့်ရလေလေ၊ သူ့ကို ပိုပြီး သဘောကျလာလေလေပဲခင်ဗျာ"

"ဟူး... လေသံကလည်း တအားကို ချိုမြိန်နေတာပဲ၊ ငါ့မှာ ကြက်သီးတွေတောင် ထလာပြီ!"

မုန့်ယွမ်က စနောက်သည့် အမူအရာဖြင့် ဆိုလိုက်ပြီး

"ဒါပေမဲ့ ဒီလိုဖြစ်တာလည်း ကောင်းပါတယ်။ အနီးကပ် သိခွင့်ရသွားတဲ့အခါ ကိုယ့်ရင်ထဲက သူ့ရဲ့ပုံရိပ်က ရုတ်တရက်ကြီး ပြိုလဲသွားတာမျိုး မဖြစ်တော့ဘူးပေါ့"

"အစ်ကိုမုန့်က ကျွန်တော် ချစ်သူရည်းစားထားတာကို စိတ်မရှိဘူးပေါ့"

"ငါက ဘာလို့ စိတ်ရှိရမှာလဲ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုရင် အနုပညာရှင်တွေကို ရည်းစားမထားရဘူးလို့ ဘယ်လောက်ပဲ တင်းတင်းကြပ်ကြပ် တားတား... သူတို့ကတော့ ကွယ်ရာမှာ တိတ်တဆိတ် တွဲဖြစ်ကြတာပဲ။ နောက်ဆုံးကျမှ ပါပါရာဇီ ဓာတ်ပုံတွေထဲကနေ ငါက လိုက်သိရတာမျိုးလေ။ အို... ငါ့အနုပညာရှင်က တကယ်တော့ ရည်းစားရနေတာကိုးဆိုပြီးတော့! အဲဒီအချိန်ကျမှ ငါက အသည်းအသန် လိုက်ဖြေရှင်းနေရတာထက်စာရင် မင်းတို့ရဲ့ အခြေအနေကို အစကတည်းက ကြိုသိထားတာက ပိုကောင်းပါတယ်။ အဲဒါမှ ‘ကြိုတင်ပြင်ဆင်မှုရှိပြီး တည်ငြိမ်နေတာ’ လို့ ခေါ်တာပေါ့!"

မုန့်ယွမ်က စကား ဖြတ်လိုက်သည်။

"ကဲ... တော်ပြီ၊ အချိန်ကို သတိထားပြီး Weibo မှာ စာသွားတင်တော့!"

ဖုန်းချပြီးနောက် ယွီနျန့်သည် ရှဲ့ယို့ ဆေးရုံဆင်းမည့်အကြောင်းကို တွေးမိသည်။ အချိန်အလုံအလောက် ရှိသေးသည်ကို မြင်သဖြင့် သူ ရှဲ့ယို့ထံသို့ စာတစ်စောင် အရင်ပို့လိုက်ပြီးမှ Weibo ထဲဝင်ကာ အချိန်ကိုက် ပို့စ်တင်လိုက်ပါတော့သည်။

ယွီနျန့် [ စောင့်ဆိုင်းပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး အယ်လ်ဘမ် ‘Elegant’ ပါ။ အားလုံးပဲ လောကကြီးရဲ့ ကျော့ရှင်းလှပမှုတွေနဲ့ ဆုံတွေ့နိုင်ကြပါစေ။ လမ်းခရီးမှာရှိတဲ့ လှပတဲ့ မြင်ကွင်းတွေကိုလည်း လက်မလွတ်ပါစေနဲ့ဦးနော်။ ]

မှတ်ချက်ကဏ္ဍမှာ စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲထွက်သွားပါတော့သည်။

[အား... ယွီနျန့်ရဲ့ အယ်လ်ဘမ် Cover ကြီး! အား... ငါ ဘာတွေ မြင်လိုက်ရတာလဲ!]

[အကုန်အပြတ်ပဲ!! Cover ပေါ်မှာ ယွီနျန့် နောက်လှည့်ကြည့်နေတဲ့ ပုံစံလေးက... ငါတော့ မေ့လဲတော့မှာပဲ! နောက်ခံက အဖြူအမည်းဖြစ်ပြီး အရှေ့ကတော့ အရောင်စုံနဲ့၊ တကယ့်ကို နတ်ဘုရားဆန်တဲ့ Cover ပဲ!]

[တအား ရင်ခုန်ဖို့ကောင်းတယ်! အယ်လ်ဘမ် နာမည်နဲ့ Cover တောင် ထွက်လာပြီဆိုတော့ သီချင်းအသစ်တွေ ထွက်ဖို့က အဝေးကြီး လိုတော့မှာ မဟုတ်ဘူး! ရင်ခုန်လွန်းလို့ ငိုတောင် ငိုချင်တယ်!]

[ယွီနျန့် x စီနင်း၊ မင်းတို့ရဲ့ အာရုံခံစားမှုတွေကို လှုပ်ခတ်သွားစေမယ့် အစွမ်းထက်တဲ့ လက်တွဲမှုကြီးပဲ! ဟားဟား... ဒီဟာသ memeကတော့ ပျောက်မှာ မဟုတ်တော့ဘူး! ငါကတော့ ယွီနျန့်ကို အားပေးတယ်! အယ်လ်ဘမ်အသစ်ကို မျှော်လင့်နေပါတယ်!]

မကြာမီမှာပင် ယွီချင်း၊ ရှမင်ရှီး၊ ဟော်ချိုးပိုင်နှင့် ရွှီယာလင်တို့အားလုံးက ပြန်လည်မျှဝေခဲ့ကြသည်။ ရက်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ဒါရိုက်တာ ရုရှန့်လန် ကပင်

"မင်းရဲ့ ဂီတလက်ရာတွေကို မျှော်လင့်နေပါတယ်!" ဟု မှတ်ချက်ပေးကာ ပြန်လည်မျှဝေခဲ့သည်။


အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများ တဟုန်ထိုး မြင့်တက်လာခြင်းက မုန့်ယွမ်၏ စိတ်အခြေအနေကို ပိုမိုကြည်လင် တောက်ပသွားစေပါတော့သည်။ ကားပေါ်တွင် ထိုင်ခုံခါးပတ်ပတ်ရင်း ယွီနျန့်က မမေးဘဲ မနေနိုင်တော့ပေ။

"အစ်ကိုမုန့်... ကားပေါ်တက်ကတည်းက အစ်ကို တစ်ချိန်လုံး ပြုံးနေတာ မညောင်းဘူးလားဟင်"

"နည်းနည်းမှ မညောင်းဘူးနော်”

မုန့်ယွမ်က ပြုံးလျက်ပင် ပြတ်ပြတ်သားသား ပြန်ဖြေသည်။ ထို့နောက် သူက

"ငါ တကယ်ကို စိတ်ကြည်နေတာလေ! ဒါနဲ့... ပိုင်ယန်က အန်ပေါင်းအကြီးကြီး ပို့လိုက်တယ်နော်"

"ပိုင်ယန်" ယွီနျန့် ပြန်စဉ်းစားကြည့်သည်။

"‘Floating Flowers’ (လွင့်ပျံနေတဲ့ ပန်းလေးများ) သီချင်းကို ဆိုခဲ့တဲ့ အမျိုးသမီးအဆိုတော် မဟုတ်လားဟင်"

"သူပဲလေ။ သူက အရင်တုန်းက တကယ့် Megastar ဖြစ်ခဲ့ဖူးသလို အခုထိလည်း ပါရမီရှိတုန်းပဲ။ ဒါပေမဲ့ ဖျော်ဖြေရေးလောကထဲမှာ ရေရှည် နာမည်ကြီးဖို့က မလွယ်ဘူးလေ။ ဒီတစ်ခါ သူ အယ်လ်ဘမ်အသစ်အတွက် ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံထားပြီး မင်းရဲ့ သီချင်းနှစ်ပုဒ်ကို ပထမဆုံးနဲ့ ဒုတိယမြောက် Single သီချင်းတွေအဖြစ် ဝယ်ခဲ့တာ။ အယ်လ်ဘမ်ထွက်တာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ သီချင်းနှစ်ပုဒ်လုံးက ဇယားတွေမှာ ထိပ်ဆုံးကချည်းပဲ။ သူ သီချင်းပြိုင်ပွဲ အစီအစဉ်တစ်ခုမှာလည်း ပါဝင်ဖို့ စာရင်းသွင်းထားတော့ နာမည်ပြန်ကြီးလာမယ့် အလားအလာ ရှိနေတာပေါ့။ အဲဒါကြောင့် မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ အန်ပေါင်း ပို့လိုက်တာ"

ယွီနျန့်သည် သူ၏လက်ရာများ အောင်မြင်သည့်အတွက် ဝမ်းသာမိသော်လည်း စိုးရိမ်စိတ်လေးလည်း ရှိနေသည်။

"ကျွန်တော့်ရဲ့ အယ်လ်ဘမ်အသစ်ကရော ဘယ်လို အခြေအနေ ရှိမလဲ မသိဘူး"

"ဟား ဟား ဘာလို့ စိုးရိမ်နေရတာလဲ။ ငါ့အမြင်ကတော့ အဲဒါက တွေးနေစရာတောင် မလိုပါဘူး။ ကျို့မင်က တကယ့်ကို အမြင်စူးရှတဲ့ ပရိုဂျူဆာလေ။ သူက ပြောတယ်... ဒါက သူ ဒီနှစ်ပိုင်းအတွင်း ကိုင်တွယ်ခဲ့ရတဲ့ အကောင်းဆုံး အရည်အသွေးရှိတဲ့ အယ်လ်ဘမ်ပဲတဲ့။ သူ့ရဲ့ အာမခံချက် ရှိနေတာမို့ မင်း စိတ်အေးအေးထားလို့ ရပါတယ်"

ဝဘ်ဆိုက်နှင့် အင်တာဗျူးတွင်လည်း ယွီနျန့်သည် ထိုမေးခွန်းကိုပင် မေးမြန်းခြင်း ခံခဲ့ရသည်။

"ဒါက မင်းရဲ့ ပထမဆုံး တရားဝင် EP အယ်လ်ဘမ် ဖြစ်တယ်ဆိုတော့... ဒီအယ်လ်ဘမ်ရဲ့ အောင်မြင်မှုအပေါ် စိုးရိမ်စိတ် ရှိလားခင်ဗျာ"

ယွီနျန့်သည် အရုပ်လေးကို ကိုင်ထားရင်း ၎င်း၏နားရွက်လေးကို မသိစိတ်ဖြင့် ဆွဲဆော့ကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့၊ တကယ်ကို စိုးရိမ်မိပါတယ်။ ဒီအယ်လ်ဘမ်အတွက် ကျွန်တော်တို့ တအား ကြိုးစားအားထုတ်ခဲ့ရတယ်လေ။ ပြည့်စုံမှုရှိစေဖို့အတွက် အသံသွင်းတာကို ထပ်ခါတလဲလဲ လုပ်ခဲ့ရလို့ တစ်ခါတရံ ကိုယ့်ရဲ့ သီဆိုမှုစွမ်းရည်ကိုတောင် ကိုယ်တိုင် သံသယဝင်မိတဲ့အထိပါပဲ။ ပြီးတော့ ဒီဇိုင်းပိုင်းတွေရော သီချင်းဗီဒီယို ရိုက်ကူးရေးတွေမှာပါ အစီအစဉ်တွေကို ဖျက်ပြီး အစကနေ ပြန်ပြန်စခဲ့ရတာ။ အဖွဲ့သားတွေအားလုံး တကယ်ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ကြတာမို့... ရလဒ်ကောင်းတွေ ထွက်လာဖို့နဲ့ လူအများကြီးက ကျွန်တော့်သီချင်းတွေကို နားထောင်ပေးကြဖို့ မျှော်လင့်မိပါတယ်"

သတင်းထောက်က ဆက်မေးသည်။

"ကျိချောင်တယ်က ဆုခိုးမှု ကိစ္စကြောင့် ဓာတ်ပုံဆရာများအသင်းကနေ ဆုတွေ ပြန်လည်ရုပ်သိမ်းခံရရုံတင်မကဘဲ အသင်းရဲ့ Blacklist ထဲကိုပါ ရောက်သွားပြီလို့ သတင်းတွေ ထွက်နေတယ်။ ဒီကိစ္စအပေါ် မင်းရဲ့ သဘောထားက ဘယ်လိုရှိလဲခင်ဗျာ"

ယွီနျန့်က ခေါင်းခါပြသည်။

"ကျွန်တော့်မှာတော့ သီးသန့် သဘောထား မရှိပါဘူး။ ဒါပေမဲ့ လူတိုင်းက ကိုယ်ပြောတဲ့ စကားနဲ့ ကိုယ်လုပ်တဲ့ လုပ်ရပ်အပေါ် ကိုယ်တိုင် တာဝန်ယူရမယ်လို့ပဲ ယူဆပါတယ်"

"နားလည်ပါပြီ။ ဒီ EP အယ်လ်ဘမ်ထဲမှာ သီချင်းစုစုပေါင်း ငါးပုဒ် ပါဝင်ပြီး လေးပုဒ်ကတော့ မင်းကိုယ်တိုင် စာသား၊ တေးသံနဲ့ စီစဉ်မှုတွေကို လုပ်ထားတာလို့ သိရပါတယ်။ အဲဒီလေးပုဒ်ထဲမှာ မင်း အကြိုက်ဆုံး သီချင်းက ဘယ်သီချင်းလဲဟင်"

"ကုမ္ပဏီကတော့ လူကြိုက်များနိုင်မယ့် အခြေအနေကို ကြည့်ပြီး ‘Elegant’ ကို ပရိုမိုးရှင်း သီချင်းအဖြစ် ရွေးချယ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီသီချင်းကို အရမ်းကျေနပ်ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်တော် စိတ်ထဲက အကြိုက်ဆုံး သီချင်းကတော့ ‘Mountain Snow’ ပါ။"

ယွီနျန့် ထိုင်ခုံတွင် မှီလိုက်ရင်း ပြုံးလျက်

"ကျွန်တော် ဒီသီချင်းကို အသံသွင်းလို့ ပြီးခါစတုန်းက ဆရာကျို့မင်က ကျွန်တော့်ကို ဂုဏ်ပြုစကား ပြောတယ်လေ။ သူက ပြောတယ်... မင်းက တကယ့်ကို အမိုက်စား သီချင်းတစ်ပုဒ်ကို ဖန်တီးလိုက်တာပဲ၊ ဒါပေမဲ့ ဒီသီချင်းက မင်းကို အမောဆို့စေလိမ့်မယ်။ နောင်ကျရင် ဘယ်သူမှလည်း ဒီသီချင်းကို လာပြီး Cover ဆိုရဲမှာ မဟုတ်ဘူးတဲ့။ ပြီးတော့ သူက ကျွန်တော် ‘Mountain Snow’ ကို Live ဆိုရင်း အသံတွေကွဲပြီး အသက်ရှူကျပ်ပြီး သေသွားမှာကိုတောင် စိုးရိမ်နေသေးတယ်လို့ စနောက်ခဲ့ဖူးပါတယ်"

သတင်းထောက်က ရယ်မောလျက် "အဲဒီလောက်တောင် ဆိုရခက်တာလားခင်ဗျာ"

ယွီနျန့် ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့၊ ‘Mountain Snow’ က ကျွန်တော် တကယ်ကို ဂုဏ်ယူရတဲ့ လက်ရာတစ်ခုပါ။ စာသားရော ဂီတပုံစံပါ ခန့်ညားထည်ဝါပေမဲ့ ဆိုရတာတော့ တကယ် စိန်ခေါ်မှုကြီးပါပဲ။ အရင်က ကျွန်တော် သီချင်းတချို့ ရောင်းခဲ့ဖူးပေမဲ့ ‘Mountain Snow’ ကတော့ ဘယ်သူမှ ဝယ်ပြီး မဆိုချင်ကြတဲ့ အမျိုးအစားမို့ ကျွန်တော်ကိုယ်တိုင်ပဲ ဆိုဖို့ ဆုံးဖြတ်လိုက်တာ။ ကိုယ်တိုင်ရေးတဲ့ သီချင်းမို့လို့ နောက်ဆုံး အသက်ရှူရပ်တဲ့အထိ တောင့်ခံပြီး အဆုံးထိ ဆိုရမှာပေါ့ဗျာ"

ဧပြီလ ၉ ရက်နေ့တွင် ယွီနျန့်၏ ပထမဆုံး အယ်လ်ဘမ် "Elegant" ကို အွန်လိုင်းရော၊ physical album ပုံစံပါ တစ်ပြိုင်နက်တည်း ဖြန့်ချိခဲ့သည်။ ရုံးခန်းအတွင်းတွင် ယွီနျန့်သည် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သစ်သီးဖျော်ရည်ခွက်ကို ကိုင်ထားသည်။ မုန့်ယွမ်နှင့် ရှီရို့တို့မှာ ခဏလေးမျှ မနားဘဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသည်ကို မြင်သောအခါ သူက ပြုံးလျက်

"အစ်ကိုမုန့်... မမရို့ရို့၊ ထိုင်ပြီး မနားကြဘူးလားဟင် လမ်းလျှောက်နေကြတာ တော်တော်ကြာနေပြီလေ"

"အင်း...။"

ရှီရို့သည် နာရီကိုသာ စိုက်ကြည့်နေပြီး ယွီနျန့်၏ စကားကို အာရုံမရဘဲ ဝေဝေဝါးဝါးပင် ပြန်ဖြေသည်။ သိပ်မကြာမီ သူမက စိုးရိမ်တကြီးဖြင့် ရေတွက်တော့သည်။

"၅၊ ၄၊ ၃၊ ၂ — ၁၊ ရှစ်နာရီ ထိုးပြီ! ဖြန့်ချိလိုက်ပြီ!"

မုန့်ယွမ်သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ လက်ချောင်းများကို တင်းတင်းဆုပ်လျက် အချက်အလက်များကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ အဖွဲ့၏ Group chat တွင်လည်း မက်ဆေ့ချ်များမှာ ပေါက်ကွဲမတတ် တက်လာနေသည်။

ရှီရို့မှာ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ လက်သည်းကို ကိုက်ရင်း တစ်ယောက်တည်း ရေရွတ်နေသည်။

"ယွီနျန့်ရဲ့ အယ်လ်ဘမ် Cover ထွက်တုန်းက HS ရဲ့ နံပါတ်သုံးနေရာမှာ Trending ဖြစ်ခဲ့တာဆိုတော့ လူပြောများဖို့က ပြဿနာမရှိဘူး။ အဲဒီနောက် သီချင်းအစိတ်အပိုင်းတိုလေး ချပြတုန်းကလည်း အားလုံးက သဘောကျကြတယ်။ ပရိုမိုးရှင်းကလည်း ကောင်းတယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။ အရာအားလုံးက ချောချောမောမော ဖြစ်ခဲ့တာပဲ!"

ထိုသို့ပြောပြီးနောက် သူမက ရုတ်တရက်

"အား... အစ်ကိုမုန့်၊ အားလုံး အဆင်ပြေမှာ မဟုတ်လားဟင်" ဟု အော်မေးပြန်သည်။

မုန့်ယွမ်မှာ ရှီရို့၏ ဂနာမငြိမ်မှုကြောင့် ခေါင်းပင် မူးလာသည်။

"ရှီရို့... ကျေးဇူးပြုပြီး ထိုင်ပါအုံး။ မင်း ဒီလိုလုပ်နေတာက ပတ်ဝန်းကျင်ကို ပိုပြီး တင်းမာအောင် လုပ်နေမှန်း သိလား"

ရှီရို့က ပြန်ပြောသည်။

"ဒါပေမဲ့ အစ်ကိုမုန့်က ကျွန်မထက်တောင် ပိုပြီး ရင်ခုန်နေတာလေ။ မနေ့ညက အစ်ကို အိပ်တောင် မအိပ်ရဘူး မဟုတ်လား!"

သူတို့ စကားပြောနေကြစဉ် ယွီနျန့်က ဘေးမှ နားထောင်ရင်း ရှဲ့ယို့ထံသို့ မက်ဆေ့ချ် အနည်းငယ် ပို့နေမိသည်။ ရှဲ့ယို့သည် ဆေးရုံဆင်းကတည်းက အလုပ်များနေခဲ့ပြီး ပြည်ပသို့ပင် နှစ်ခေါက်ခန့် ခရီးထွက်ခဲ့ရသည်။ သို့သော် ကံကောင်းသည်မှာ သူ၏လက်က ဒဏ်ရာမှာ ဘာနောက်ဆက်တွဲ ပြဿနာမှ မရှိဘဲ ကောင်းမွန်စွာ အနာကျက်သွားခြင်းပင်။

ယွီနျန့်သည် ရှဲ့ယို့ သတိရလာစတုန်းက သူ၏ညာဘက်လက် ဒဏ်ရာကို မြင်ပြီး ပျာယာခတ်သွားခဲ့သည့် မျက်နှာပေးကို ပြန်လည် သတိရမိသည်။ ရှဲ့ယို့သည် ပီယာနိုတီးရသည်ကို တကယ်ကို မြတ်နိုးရှာတာပဲ။

ရှစ်နာရီ ဆယ်မိနစ်တွင် ဖုန်းမြည်သံများ အခန်းထဲ၌ ပြည့်နှက်သွားရာ ရှီရို့ ပိုပြီး ရင်ခုန်လာသည်။ သူမ အသက်ပင် မရှူရဲတော့ဘဲ စိုးရိမ်တကြီး မေးသည်။

"အစ်ကိုမုန့်... ဘယ်လိုလဲ ဘယ်လိုလဲ"

မုန့်ယွမ် ကွန်ပျူတာစခရင်ကို စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့်

"ရှီရို့... ဒီကိုလာပြီး ကြည့်စမ်းပါဦး။ ငါ မျက်စိမှားနေတာလား"

ရှီရို့ အပြေးအလွှား သွားကြည့်ပြီး သုံးကြိမ်တိုင်တိုင် ရေတွက်ကြည့်သည်။

"ဒါ... ဒါက ကျွန်မတို့ စိတ်ထင်တာ မဟုတ်ဘူးထင်တယ်!"

မုန့်ယွမ်က တဟားဟား ရယ်မောပါတော့သည်။

"တောက်... မိနစ်တစ်ဆယ်အတွင်းမှာတင် digital copy သုံးသိန်းတောင် ရောင်းလိုက်ရတာလား!"

ယွီနျန့် မော့ကြည့်လိုက်သည်။ ဤအောင်မြင်မှုကြောင့် သူကိုယ်တိုင်လည်း အံ့ဩသွားမိသည်

"သုံးသိန်းတောင်လား"

"ဟုတ်တယ်၊ အတိအကျပဲ၊ သုံးသိန်း!"

ရှီရို့က "ဒါဆို physical ကော ဘယ်လိုလဲဟင်"

"အခွေကလည်း တကယ့်ကို အခြေအနေ ကောင်းပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် တစ်နာရီကို တစ်သောင်းနှုန်း ရောင်းရမှာ သေချာတယ်၊"

မုန့်ယွမ် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ စားပွဲကို ရိုက်လိုက်သည်။

"တောက်... အစ်ကိုမုန့်တစ်ယောက် ဒီညတော့ ကောင်းကောင်း အိပ်ပျော်ရပါတော့မယ်!"

ရှီရို့က ပါးစပ်ကလေးပိတ်ကာ ရယ်မောသည်။

"အစ်ကိုမုန့်ကတော့ စိတ်လှုပ်ရှားပြီး အိပ်ပျော်မှာ မဟုတ်ဘူး ထင်တယ်!"

ယွီနျန့်လည်း သက်ပြင်းကို အသာအယာ ချလိုက်မိပါတော့သည်။

မုန့်ယွမ်က ခြေထောက်ကို စားပွဲပေါ်တင်ရင်း ပြုံးဖြဲဖြဲဖြင့်

"ဒီအခြေအနေအတိုင်းဆိုရင် တစ်နာရီအတွင်းမှာ ကော်ပီ လေးသိန်းကျော်ဖို့က သေချာသလောက်ပဲ! ဒီနှစ်ပိုင်းမှာ အခွေဈေးကွက်က သိပ်မကောင်းပေမဲ့... ဒီကိန်းဂဏန်းတွေအရဆိုရင် ယွီနျန့်ရဲ့ နေရာကတော့ လုံးဝကို ခိုင်မာသွားပြီ"

မန်နေဂျာအဖွဲ့သည် အယ်လ်ဘမ်ကို ကြော်ငြာရန်အတွက် Trending ခေါင်းစဉ်များ ဝယ်ယူရန် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း၊ မျှော်လင့်မထားဘဲ ပရိသတ်များနှင့် သာမန်လူများ၏ အားပေးမှုကြောင့် 
#ယွီနျန့်_MountainSnow# ဆိုသည့် Hashtag မှာ ထိပ်ဆုံးသို့ တိုက်ရိုက် ရောက်ရှိသွားပါတော့သည်။

[#ယွီနျန့်_MountainSnow# အား... အခုထိ ဒီသီချင်းကိုပဲ ထပ်ခါတလဲလဲ နားထောင်နေတုန်းပဲ! ဘယ်လိုတောင် နတ်ဘုရားဆန်တဲ့သူက သီချင်းဆိုနေတာလဲ ပထမဆုံးအကြိမ်လည်း အမိုက်စား၊ ဒုတိယအကြိမ်လည်း အမိုက်စား၊ တတိယအကြိမ်လည်း အမိုက်စားပဲ! တကယ့်ကို အနုပညာဆန်တယ်၊ ယွီနျန့်ရဲ့ အသံက တောင်ထိပ်ပေါ်က တစ်နှစ်ပတ်လုံး အရည်မပျော်တဲ့ နှင်းပွင့်တွေကို တကယ် သတိရစေတယ်!]

[#ယွီနျန့်_MountainSnow# ‘Elegant’ က ကောင်းပါတယ်။ ကျွန်မအမေက အခန်းဘေးက ဖြတ်သွားရင်းနဲ့ ဘာသီချင်းလဲ၊ အရမ်းနားထောင်လို့ ကောင်းတာပဲလို့ လာမေးသေးတယ်! ဒါပေမဲ့ ‘Mountain Snow’ ကတော့ တကယ့်ကို ထူးခြားဆန်းပြားတယ်၊ ငါ့နှလုံးသားကို ဖမ်းစားသွားတာပဲ! တအားကို လှလွန်းတယ်!]

[#ယွီနျန့်_MountainSnow# Fan အသစ်လေး ရောက်ပါပြီ! ကျွန်မ သူငယ်ချင်းနဲ့ ရန်ဖြစ်နေတယ်။ သူက ‘Elegant’ ကို ကြိုက်တယ်။ ကျွန်မက ‘Mountain Snow’ ကို ကြိုက်တယ်။ တို့တွေ စက္ကန့်ပိုင်းလောက် လမ်းခွဲလိုက်ကြတယ်! တစ်ခါပြန်ပြီး ဝန်ခံချင်တာကတော့ ဒီအယ်လ်ဘမ်က တကယ်ကို အမိုက်စားပဲ။ အထူးသဖြင့် ‘Twilight’ ကို နားထောင်တိုင်း မျက်ရည်တွေ ကျမိတယ်! နျန့်နျန့်... ငါ့မျက်ရည်တွေကို ပြန်ပေး!]

မကြာမီမှာပင် ဆွေးနွေးမှုများ မြင့်တက်လာသည်နှင့်အမျှ အရင်က ပြုလုပ်ခဲ့သော အင်တာဗျူးများလည်း ထွက်ပေါ်လာပြီး၊ #နောက်ဆုံးအသက်ရှူချက်အထိ_တောင့်ခံပြီးဆိုရမယ်# ဆိုသည့် ခေါင်းစဉ်မှာ အလျင်အမြန်ပင် Trending ဖြစ်လာပါတော့သည်။

[ဟားဟားဟား... နောက်ပိုင်းကျရင် ဘယ်သူမဆို ငါ့ကို မျက်စိမှိတ်ပြီး Lipsync လုပ်တယ်လို့ လာပြောရဲရင်၊ ‘Mountain Snow’ နဲ့ ‘Sparkling’ (တောက်ပခြင်း) သီချင်းတွေကို သူတို့မျက်နှာတည့်တည့် ပစ်ပေးလိုက်မယ်။ တကယ့် ထိပ်တန်း သီဆိုမှုစွမ်းရည်က ဘာလဲဆိုတာ နားထောင်ကြည့်လိုက်ကြဦး! ပြီးရင် ဒီ EP တစ်ခုလုံးကို ပစ်ပေးပြီး တကယ့် ထိပ်တန်း တေးရေးသူဆိုတာ ဘာလဲဆိုတာကို ပြလိုက်မယ်!]

[ဟားဟား... ဒီစကားက တကယ်မှန်တယ်။ ယွီနျန့်ရဲ့ Live ဖျော်ဖြေမှုကို ကြည့်ပြီး အမောဆို့သွားမယ့် မြင်ကွင်းကို ငါ မစောင့်နိုင်တော့ဘူး! တကယ့် မိစ္ဆာဆန်တဲ့ ဆန္ဒပဲ!]

ရက်အတော်ကြာ ဆက်တိုက်ဆိုသလို မုန့်ယွမ် စိတ်အခြေအနေ တအား ကောင်းနေသည်။ သူက ဖုန်းကို ယွီနျန့်အနားသို့ တမင်ယူလာပြီး အံ့ဩချင်ယောင်ဆောင်ကာ

"အိုး... နျန့်နျန့်၊ မင်း ထပ်ပြီး Trending ဖြစ်ပြန်ပြီ! Tag က #ယွီနျန့်ရဲ့သီချင်းများ# တဲ့။ အဓိက ဂီတပလက်ဖောင်း သုံးခုရဲ့ သီချင်းအသစ်ဇယားတွေမှာ ထိပ်ဆုံး ခုနစ်နေရာလုံးက မင်းဆိုထားတဲ့ သီချင်း ဒါမှမဟုတ် မင်းရေးထားတဲ့ သီချင်းတွေချည်းပဲတဲ့။ မင်း ဇယားတစ်ခုလုံးကို စိုးမိုးထားတာပဲ!"

ယွီနျန့်က ဘာလုပ်ရမှန်းမသိဖြစ်ကာ

"အစ်ကိုမုန့်... ဒီမနက်တင် အစ်ကို အဲဒီစကားကိုပဲ ပြောခဲ့တာလေ။ လေသံရော၊ အသားပေးပုံရော အကုန်လုံး ထပ်တူပဲ"

မုန့်ယွမ် လည်ချောင်းတစ်ချက် ရှင်းပြီး နှစ်ချက်မျှ ရယ်မောသည်။

"ဟား ဟား တကယ်လား ငါ ပြောပြီးပြီလား အိုစ်!"

ယွီနျန့် နှာခေါင်းစည်းနှင့် ဦးထုပ်ဆောင်းနေသည်ကို မြင်သောအခါ မုန့်ယွမ်က သတိရှိသွားသည်။

"ဘယ်သွားမလို့လဲ"

ယွီနျန့်က အမှန်အတိုင်း ဝန်ခံလိုက်သည်။

"ရှဲ့ယို့က ကျွန်တော့်ရဲ့ အယ်လ်ဘမ် အောင်မြင်မှုကို ဂုဏ်ပြုဖို့အတွက် တွေ့ကြရအောင်လို့ ဖိတ်ထားလို့ပါ"

"ဪ... ရှဲ့ယို့နဲ့ တွေ့မလို့ကိုး၊" မုန့်ယွမ်က ယွီနျန့်ကို အထက်အောက် ကြည့်ပြီး

"မင်း ပုံစံက အသေအချာ ပြင်ဆင်ထားတော့ ငါက ဟို ‘၁၈၆’ နဲ့ ချိန်းတွေ့မလို့ ထင်နေတာ။ သွား... သွား... လမ်းမှာ ဘေးကင်းအောင် သတိထားဦးနော်!"

ဓာတ်လှေကားထဲမှ ထွက်လာစဉ် ယွီနျန့်သည် ရှဲ့ယို့၏ အနက်ရောင် SUV ကားကြီးကို ချက်ချင်း မြင်လိုက်ရသည်။ သူ ခပ်သွက်သွက် လျှောက်သွားပြီး ကားတံခါးဖွင့်ကာ နောက်ခန်းတွင် ပြုံးလျက် ဝင်ထိုင်လိုက်သည်။

"မတွေ့ရတာ ကြာပြီနော်!"

ကားထဲတွင် နွေးထွေးနေသဖြင့် ယွီနျန့်သည် သူ၏ အနွေးထည်အထူကြီးကို အလွယ်တကူပင် ချွတ်လိုက်သည်။ သူ ဝတ်ဆင်ထားသည်မှာ ပုခုံးဟိုက် အဖြူရောင် ဆွယ်တာအပွလေးဖြစ်ရာ နှင်းကဲ့သို့ ဖြူစင်သော အရေပြားနှင့် လှပသော ညှပ်ရိုးလေးများမှာ အထင်အရှား ပေါ်လွင်နေလျက်…

ရှဲ့ယို့၏ အကြည့်များမှာ ထိုနေရာတွင် ခေတ္တမျှ ဝဲပျံသွားပြီးနောက် အလျင်အမြန်ပင် မျက်နှာလွှဲလိုက်မိသည်။ သူ၏ မျက်နှာလေးမှာလည်း အနည်းငယ် နီရဲလာသည်။

သူ စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။

ဒါက ကားထဲက လေအေးပေးစက် အပူရှိန်ကြောင့် ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်... ဥက္ကဋ္ဌကြီးတစ်ယောက်ကတော့ ဒီအတိုင်းကြီး ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာနီရဲမလာပါဘူး!












Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...