Skip to main content

60




အခန်း (၆၀) - နှစ်သစ်ကူး အထူးပိုင်း

ရှန့်လင်ယီသည် ဇာပန်းခက်ပုံဖော် ထုဆစ်ထားသော သစ်သားသေတ္တာထဲမှ အဝတ်အစားသစ်များကို ထုတ်ယူလိုက်ရင်း ယွီနျန့်ကို လှမ်းခေါ်လိုက်သည်။

"နျန့်နျန့်လေး... ဒီကိုလာဦး။ ဒီနှစ်အတွက် မင်းရဲ့ ဝတ်စုံသစ်တွေကို မင်းရဲ့ အဘိုးပိုင် ဆီကနေ ယူလာခဲ့တာ။ တော်မတော် လာပြီး ဝတ်ကြည့်စမ်းပါဦး"

ယွီနျန့်သည် ရှန့်လင်ယီ၏ ရှေ့တွင်ရပ်ကာ သူ၏လက်မောင်းလေးကို လိမ္မာပါးနပ်စွာ မြှောက်ပေးလိုက်သည်။

"အဘွား... အဘိုးကော နေကောင်းရဲ့လားဟင်"

"နေကောင်းပါတယ်။ အဘွား အဝတ်အစားတွေ သွားယူတုန်းက မင်းအတွက် ဇီးပွင့်ရနံ့သင်းတဲ့ အမွှေးနံ့သာအိတ်လေးတောင် ထည့်ပေးလိုက်သေးတယ်။ ကောင်လေးတွေနဲ့ လိုက်ဖက်အောင် အရောင်ဖျော့ဖျော့လေးကို သူက သေသေချာချာ ရွေးပေးထားတာ။ ကြည့်လို့ တအားကောင်းတာပဲ။"

ရှန့်လင်ယီသည် ယွီနျန့်၏ အင်္ကျီကြယ်သီးများကို တပ်ပေးပြီးနောက် နောက်သို့ တစ်လှမ်းဆုတ်ကာ ပြုံးလျက်

"ကြည့်လို့ အရမ်းကောင်းတာပဲ! ဒီနှစ်သစ်ကူးပြီးရင် တို့မြေးလေးလည်း တစ်နှစ်ကြီးသွားပြန်ပြီပေါ့" ဟု ဆိုသည်။

ထိုသို့ပြောပြီးနောက် သူမသည် မုန့်ဖိုးများ ထည့်ထားသည့် အနီရောင် အန်ပေါင်းစာအိတ်များကို ထုတ်ကာ ယွီနျန့်၏ လွယ်အိတ်အသေးလေးထဲသို့ ထည့်ပေးလိုက်သည်။

"နှစ်သစ်မှာ ဘေးကင်းလုံခြုံပြီး ကျန်းမာပါစေ၊ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပါစေကြောင်း အဘွား ဆုတောင်းပေးပါတယ်"

"ကျွန်တော်လည်း အဘွားကို ဘေးကင်းလုံခြုံပြီး ကျန်းမာပါစေလို့ ပြန်ပြီး ဆုတောင်းပေးပါတယ်ခင်ဗျာ။"

ယွီနျန့်သည် ဖြူစင်သော အရေပြားနှင့် တောက်ပသော မျက်ဝန်းအိမ်များ ရှိပြီး သူ၏ မျက်စိသူငယ်အိမ်မှာ နက်မှောင်နေသည်။ သူက ခေါင်းလေးကို အသာစောင်းကာမေးသေး၏။

"အဘွား... အဘိုးက စာကြည့်ခန်းထဲ ဝင်သွားတာ သုံးရက်တောင် ရှိပြီနော်။ ကျွန်တော်တို့ သွားခေါ်သင့်လားဟင်"

ရှန့်လင်ယီက ယွီနျန့်၏ လက်ကလေးကို ဆုပ်ကိုင်ကာ

"သွားမနှောင့်ယှက်ပါနဲ့ဦး။ မင်းအဘိုးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွှေ့ပြောင်းခြင်း ပန်းချီကားကို ပြန်ယူလာပြီး အဲဒီထဲမှာပဲ အာရုံတွေ အကုန်ရောက်နေတာ။ အိပ်ဖို့၊ စားဖို့တောင် မေ့နေတာလေ။ သူပြီးရင်တော့ သူ့ဘာသာသူ ထွက်လာလိမ့်မယ်"

ယွီနျန့်သည် အဘွား၏ နွေးထွေးသော လက်ကို ကိုင်ထားရင်း ခဏမျှ စဉ်းစားကြည့်သည်။ ထို့နောက် သူက အလေးအနက် အမူအရာဖြင့်

"အဘွား... ကျွန်တော် အခု အသက် ခုနစ်နှစ် ရှိပြီလေ။ လူကြီးလေး ဖြစ်နေပြီမို့ အဘွား ကျွန်တော့်လက်ကို မကိုင်လည်း ရပါပြီ"

ရှန့်လင်ယီက ယွီနျန့်၏ နှာခေါင်းလေးကို အသာအယာ ညှစ်ရင်း လှပစွာ ပြုံးလိုက်သည်။

"အေးပါ... အေးပါ။ ငါတို့ မြေးလေးက နှစ်တိုင်း ကြီးလာတာပဲ။ ဒါပေမဲ့ အဘွားက တို့ရဲ့ နျန့်နျန့်လေးရဲ့ လက်ကို ကိုင်ချင်လို့ပါဆို။ အဲဒါဆိုရင်ရော ဖြစ်မလားဟင်"

ယွီနျန့် နှုတ်ခမ်းလေး စုကာ ပြုံးလိုက်သည် ။

"ဒါပေါ့... ဖြစ်တာပေါ့ခင်ဗျာ!"

သူတို့သည် ယွီနျန့်၏ ကိုယ်ပိုင် စာကြည့်ခန်းအသေးလေးထဲသို့ လမ်းလျှောက် ဝင်လာခဲ့ကြသည်။ ရှန့်လင်ယီက နှစ်သစ်ကူး စာသားတွဲများရေးသားမည့် အနီရောင်စာရွက်ကို စက္ကူဖိကျောက်တုံးအောက်တွင် အသာညှပ်ပေးလိုက်သည်။

"နှစ်တိုင်းလိုပဲ... တို့တွေ ကဗျာစာသားတွဲတွေကို အတူတူ ရေးကြတာပေါ့"

"ဟုတ်ကဲ့။"

ယွီနျန့်မှာ အရပ်မမီသေးသဖြင့် ခုံအသေးလေးတစ်ခုပေါ် တက်ရပ်လိုက်သည်။ သူ စုတ်တံကို မနည်းကိုင်ရင်း၊ မှင်တို့ကာ ခေါင်းလေးစောင်းလျက် မေးလိုက်သည် ။

"အဘွား... ဒီနှစ်တော့ ဘာစာသား ရေးကြမလဲဟင်"

ရှန့်လင်ယီသည် စားပွဲဘေးတွင် ရပ်နေသည်။ သူမ၏ ဆံပင်များကို သေသေချာချာ ထုံးဖွဲ့ထားပြီး၊ သေးသွယ်သော လက်ကောက်ဝတ်နှင့် ဖြူစင်သော အရေပြားပေါ်တွင် ကျောက်စိမ်းလက်ကောက်လေးက တင့်တယ်စွာ တောက်ပနေသည်။ သူမ ဆံပင်ကို သပ်ရင်း ပြုံးလျက် "မြေး ရေးချင်တာသာ ရေးစမ်းပါ" ဟု ဆိုသည်။

ယွီနျန့် အများကြီး စဉ်းစားမနေဘဲ ခေါင်းညိတ်ကာ ရေးချလိုက်သည်။

"နွေဦးလေ၊ နွေဦးမိုး၊ နွေဦးအလှ၊ နှစ်သစ်၊ သက်တမ်းသစ်၊ ရှုခင်းသစ်။"

"မဆိုးဘူး။ နျန့်နျန့်ရဲ့ လက်ရေးက ပိုပိုပြီး လှလာတာပဲ"

ချီးကျူးခံရသဖြင့် ယွီနျန့် အနည်းငယ် အားနာသွားသည်။

"ကျွန်တော့်ရဲ့ စုတ်ချက်တွေက လိုပါသေးတယ်ခင်ဗျာ။ စုတ်ချက်တွေက ပွနေပြီး တည်ဆောက်ပုံက အားနည်းနေသေးလို့ပါ"

"အဲဒါက မင်း ငယ်သေးလို့ အင်အား မရှိသေးလို့ပါ။ ဒီအရွယ်နဲ့ ဒီလောက် ရေးနိုင်တာကိုတင် တကယ့်ကို အံ့ဩဖို့ကောင်းနေပါပြီ။"

ရှန့်လင်ယီသည် ရေးသားပြီးစ ကဗျာစာသားတွဲများနှင့် ‘ကံကောင်းခြင်း’ စာလုံးကို ယူပြီး ယွီနျန့်ကို ခြံရှေ့တံခါးကြီးဆီ ခေါ်သွားကာ ဘေးတစ်ဖက်တစ်ချက်စီတွင် ကပ်လိုက်ပါတော့သည်။

"အင်း... ဒီစာသားတွဲတွေနဲ့ ကံကောင်းခြင်း စာလုံးလေး ရှိနေမှ နှစ်သစ်ကူးရဲ့ ပွဲတော်အရှိန်အဝါက ချက်ချင်း ပေါ်လာတာပဲ!"

ရှန့်လင်ယီက ပြုံးလျက်

"ဒီနှစ်တော့ အိမ်ကို ဘယ်သူမှ လာမယ့်ပုံမပေါ်ဘူးဆိုတော့... တို့တွေ ဒီစာသားတွဲတွေကို တိတ်တဆိတ် ပြန်ခွာပြီး အိမ်ထဲမှာပဲ သိမ်းထားကြမလား" ဟု မေးသည်။

ယွီနျန့်က သဘောတူ ခေါင်းညိတ်ပြသည်။

အရင်တုန်းက အဘိုးဖြစ်သူ ကိုယ်တိုင် ဤစာသားတွဲများကို ရေးလေ့ရှိကြောင်း အဘွားပြောပြ၍ သူ ကြားဖူးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အဘိုးကို ကြည်ညိုလေးစားကြသူများက နှစ်တိုင်း အိမ်ရှေ့သို့ လာရောက်ကာ ထိုစာသားတွဲများကို အမှတ်တရ ရတနာအဖြစ် တိတ်တဆိတ် ခွာယူသွားတတ်ကြသဖြင့် အဘိုးမှာ တစ်နှစ်လျှင် စာသားတွဲပေါင်း ခုနစ်စုံ၊ ရှစ်စုံခန့် အပိုထပ်ရေးပေးရတတ်သည်။ ယွီနျန့် စုတ်တံကို စတင် ကိုင်နိုင်သည့် အချိန်မှစ၍ အဘိုးဖြစ်သူက စာရေးခြင်းကို ရပ်လိုက်ပြီး မြေးဖြစ်သူကိုသာ စိတ်ကြိုက် ရေးခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ၎င်းစာသားတွဲများသည် မီးထွန်းပွဲတော်အထိ ဘေးကင်းလုံခြုံစွာ တည်ရှိနေနိုင်ခဲ့သည်။

ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ရှန်ဝေ မီးဖိုချောင်ထဲမှ ထွက်လာသည် ။

"သခင်မကြီး... သခင်လေး၊ ဘိုးဘွားပူဇော်ပွဲအတွက် ဟင်းပွဲတွေ အဆင်သင့်ဖြစ်ပါပြီ၊ စွပ်ပြုတ်လည်း တည်ထားပါပြီ။ ဒီနေ့ နေ့လယ်စာအတွက် ဆရာကြီးယွီရဲ့ ပန်းကန်ခွက်ယောက်တွေကိုပါ ပြင်ဆင်ထားရမလားခင်ဗျာ"

ရှန့်လင်ယီက ငြင်းပယ်ရန် ပြင်စဉ်မှာပင် အဝေးမှ ယွီရှို့နင်၏ အသံကို ကြားလိုက်ရသည်။

"ငါ စာကြည့်ခန်းထဲက ထွက်လာပြီပဲ။ ဒါပေါ့... ငါ့အတွက် ပန်းကန်ခွက်ယောက်တွေကို ပြင်ဆင်ထားရမှာပေါ့"

ထိုအသံကို ကြားလိုက်ရသဖြင့် ယွီနျန့်၏ မျက်န်းများ တောက်ပသွားသည် ။

"အဘိုး"

ယွီရှို့နင် လျှောက်လာပြီး အောက်သို့ ငုံ့ကာ ယွီနျန့်ကို အထက်သို့ မြှောက်ချီလိုက်ရင်း တဟားဟား ရယ်မောသည် ။

"အလိုလေး... နျန့်နျန့်လေးက တော်တော်လေး လေးလာပြီပဲ!"

ယွီနျန့်သည် ယွီရှို့နင်၏ အင်္ကျီလက်စကို တင်းတင်းဆုပ်ကိုင်ရင်း တိုးတိုးလေး ဆိုသည်။

"အဘိုး... ကျွန်တော် အခု အသက် ခုနစ်နှစ် ရှိပြီလေ"

"ငါ အဲဒါကို မေ့သွားတာပဲ!" ယွီရှို့နင်က သူ၏ဦးခေါင်းကို ပုတ်ရင်း ရယ်မောသည်။

"အေးပါ... အေးပါ၊ နျန့်နျန့်က ကြီးလာပြီပဲ။ မင်းက အသက် ခုနစ်နှစ်အရွယ် သူငယ်ချင်းလေး ဖြစ်နေပြီကိုး"

ယွီနျန့်သည် ယွီရှို့နင်၏ လက်ကို ဆွဲကိုင်ရင်း စပ်စုချင်စိတ်ဖြင့်

"အဘိုး... အဘွားပြောတာတော့ အဘိုးက ရွှေ့ပြောင်းခြင်း ပန်းချီကားကို ကြည့်နေတာဆို။ အဲဒါက ဘာအကြောင်းလဲဟင်" ဟု မေးလိုက်သည်။

သူက ယွီနျန့်ကို ချီလျက် စာကြည့်ခန်းဘက်သို့ လျှောက်လှမ်းရင်း စိတ်ရှည်လက်ရှည်ပင် ပြန်ဖြေသည်။

"နာမည်အတိုင်းပါပဲ၊ လူတွေ အိမ်ပြောင်းရွှေ့ကြတဲ့ မြင်ကွင်းကို ရေးဆွဲထားတဲ့ ပန်းချီကားပေါ့"

"အိမ်ပြောင်းတာလား"

"ဟုတ်တယ်၊ အိမ်ပြောင်းတာ။ ဒါပေမဲ့ ဒီပန်းချီကားထဲမှာ ပြောင်းရွှေ့နေတဲ့သူက သာမန်လူ မဟုတ်ဘူး၊ သူက ဧကရာဇ် ဘုရင်တစ်ပါး ဖြစ်တယ်"

ယွီနျန့် ချက်ချင်းပင် ရိပ်မိသွားသည် ။

"ဧကရာဇ် ချီဝန် မဟုတ်လားဟင်"

"ဟုတ်တယ်၊ သူပဲ။ ဧကရာဇ်ချီဝန်က နိုင်ငံတော်အရေးကို ပစ်ပယ်ပြီး လာဘ်စားတဲ့ အရာရှိတွေကိုပဲ အားကိုးခဲ့တာကြောင့်... နောက်ဆုံးမှာတော့ သူပုန်တပ်တွေက နန်းတော်ကို လာရောက်တိုက်ခိုက်ကြတယ်။ အဲဒီမှာ သူက အလျင်အမြန် ထွက်ပြေးခဲ့ရတာ။ ဒီပန်းချီကားကတော့ ဧကရာဇ်ချီဝန် နန်းတော်ထဲကနေ အသည်းအသန် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြင်ကွင်းကို သရုပ်ဖော်ထားတာ ဖြစ်တယ်"

စားပွဲအနားသို့ ရောက်သောအခါ ယွီရှို့နင်က ယွီနျန့်ကို ကုလားထိုင်ပေါ်တွင် တင်ပေးလိုက်ပြီး၊ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် ရွှေ့ပြောင်းခြင်း ပန်းချီကားကို အားရပါးရ ငေးကြည့်ခွင့် ပေးလိုက်သည်။

"ဒီပန်းချီကားကို ဘယ်သူရေးလဲ မင်းသိလား၊ ဧကရာဇ်ဝန်မင်းဆက်ရဲ့ နောက်ဆုံးကာလတုန်းက ထင်ရှားတဲ့ ‘မဟာပညာရှင်ကြီး လေးဦး’ ထဲက တစ်ဦးဖြစ်တဲ့ ဝမ်မန်ရေးဆွဲခဲ့တာ။ သူ့ရဲ့ လက်ကျန်လက်ရာတွေက ကမ္ဘာပေါ်မှာ အရမ်းရှားပြီး တစ်ခုချင်းစီက တအားကို အဖိုးတန်တယ်။ ဒါ့အပြင် ဒီပန်းချီကားပေါ်က စာတမ်းတွေကို ကြည့်လိုက်ရင်... နှစ်ပေါင်း ရာချီအတွင်းမှာရှိတဲ့ ဧကရာဇ်တွေနဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ လက်မှတ်တွေ၊ တံဆိပ်တွေ ပါရှိနေတာကို တွေ့ရလိမ့်မယ်။ အဲဒါကြောင့် သမိုင်းတန်ဖိုးလည်း အရမ်းကြီးတယ်လေ"

ယွီရှို့နင်၏ အမြတ်တနိုး တန်ဖိုးထားမှုကို ကြည့်ရင်း ယွီနျန့်က အကုန်လုံး နားမလည်သေးသော်လည်း

"ဒါဆိုရင် အဘိုး အရင်က ပြောဖူးသလိုမျိုး... ပန်းချီကားတွေကို သုံးပြီး သမိုင်းကို မှတ်တမ်းတင်တာဖြစ်ပြီး၊ အဲဒီပေါ်က စာတမ်းတွေကို သုံးပြီး သမိုင်းကို ပြန်ပြောပြတာပေါ့နော်"

"ဟုတ်တယ်၊ အတိအကျပဲ။ ငါကလည်း စိတ်လိုက်မာန်ပါနဲ့ ဒါကို ဝယ်ခဲ့တာ။ အိမ်ပြန်ရောက်တော့ မင်းအဘွားက သိသွားပြီး ငါ့ကို ပိုက်ဆံလက်ဖွာတယ်ဆိုပြီး ဆူတော့တာပဲ။ ပြီးတော့ ပြစ်ဒဏ်အနေနဲ့ ငါ့ကို သုံးရက်တိတိ အသားမစားရဘူးလို့ အမိန့်ထုတ်ထားတယ်။ တကယ်ကို သနားစရာကောင်းပါတယ်ကွာ!"

"အဘွားက အဘိုးကို ပြစ်ဒဏ်ပေးတာ မှန်တာပဲ။"

ယွီနျန့်က အသံကိုနှိမ့်ကာ အဘိုးဖြစ်သူကို နှစ်သိမ့်ပေးသည်။

"အဘိုး... စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်တော် အဘိုးအတွက် ကြက်ပေါင်တွေကို တိတ်တိတ်လေး ဝှက်ပေးထားပါ့မယ်!"

ယွီရှို့နင်မှာ တဟားဟား ရယ်မောပါတော့သည်။

"ကောင်းတယ်၊ ကောင်းတယ်! ဒါဆိုရင်တော့ ဒီရက်ပိုင်း ငါ့ဘဝက မင်းရဲ့ ကြက်ပေါင်တွေပေါ်မှာပဲ မူတည်တော့မှာပေါ့"

သူက ပန်းချီကားဆီသို့ အာရုံပြန်သွင်းရင်း ယွီနျန့်က မေးသည်။

"ဒါဆိုရင်... အဲဒီအချက်ကြောင့်ပဲ ဒီပန်းချီကားက ဒီလောက်တောင် ဈေးကြီးရတာလားဟင်"

"အဲဒီအချက်တင် မကသေးဘူး။ ငါ မင်းကို မေးရစေဦး... တို့အိမ်မှာရှိတဲ့ ဒီပုလင်းတွေ၊ အိုးတွေ၊ စာအုပ်မူကြမ်းတွေ၊ မှတ်စုတွေ၊ ပြီးတော့ ပန်းချီကားတွေ၊ စစ်တုရင်ကျမ်းတွေနဲ့ တခြား စာအုပ်အစုံအလင်က ဘာအတွက် သုံးတာလဲ မင်းသိလား"

"ဒါတွေကို နေ့စဉ်ဘဝမှာ သုံးလို့ရသလို၊ တို့ရဲ့ ဘိုးဘွားတွေအကြောင်းကို ပိုပြီး နားလည်အောင်လည်း ကူညီပေးနိုင်ပါတယ်ခင်ဗျာ၊"

ယွီနျန့်၏ မျက်ဝန်းလေးများ ပြုံးလျက် ကွေးညွတ်သွားသည်။

"ပြီးခဲ့တဲ့ရက်က ကျွန်တော် စာကြည့်ခန်းထဲမှာ စာအုပ်အဟောင်းတစ်အုပ် တွေ့ခဲ့တယ်။ အဲဒီပေါ်မှာ ကျွန်တော်တို့ရဲ့ ဘိုးဘွားကြီး ရေးထားတဲ့ မှတ်ချက် ပါတယ်လေ။ သူက ပြောထားတာက... ဒီစာအုပ်ကို ရေးတဲ့သူက စကားတွေပဲ လျှောက်ပြောနေတာ၊ ဘာမှလည်း နားမလည်ဘူးတဲ့"

ယွီရှို့နင် အားရပါးရ ဆက်ပြီး ရယ်မောသည်။

"ဟုတ်တယ်၊ မင်းရဲ့ ဘိုးဘွားကြီးက တကယ်ကို ပွင့်လင်းပြီး အေးအေးဆေးဆေး နေတတ်တဲ့သူ။ သူက ဘာမဆို ထုတ်ပြောတတ်ပေမဲ့ သူ့ရဲ့ အသိပညာကတော့ ထိပ်တန်းပဲ"

ယွီနျန့်၏ ခေါင်းကို အသာပုတ်ရင်း ယွီရှို့နင်က ဆက်ပြောသည်။

"အဲဒါကြောင့်ပဲ... မင်းရဲ့ ဘိုးဘွားကြီးက နွေရာသီမှာ စိမ်းလန်းတဲ့ ဝါးပင်လေးတွေကို ‘ကွမ်း’ကြွေအိုးထဲမှာ ထည့်တာကို သဘောကျခဲ့တာတို့၊ သူက စာအုပ်တွေပေါ်မှာ မှတ်ချက်တွေ လိုက်ရေးပြီး ကိုယ့်အမြင်ကို ထုတ်ဖော်ရတာ ဝါသနာပါတာတို့ကို အခု တို့တွေ သိနိုင်တာပေါ့။ ဒီလိုမျိုး ထိန်းသိမ်းရခက်တဲ့ ယဉ်ကျေးမှု ရတနာတွေကတစ်ဆင့် တို့တွေဟာ ဘိုးဘွားတွေရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ လူနေမှုဘဝ၊ သူတို့ ကမ္ဘာကြီးကို ဘယ်လိုမြင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အကဲခတ်ခဲ့တယ်ဆိုတာတွေကို နားလည်နိုင်တာ ဖြစ်တယ်"

"ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်မျိုးရဲ့ အမြစ်အဆွဲပဲလေ။"

ယွီနျန့် ခေါင်းညိတ်ပြသည်။

"ဒါကြောင့် အဘိုးက ဒီပန်းချီကားကို ဝယ်ဖို့အတွက် သုံးရက်တင်မကဘူး၊ သုံးနှစ် ဒါမှမဟုတ် တစ်သက်လုံး အသားမစားရရင်တောင် ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပေါ့နော်"

"ဟုတ်တယ်၊ တကယ်လို့ သုံးရက်၊ သုံးနှစ် ဒါမှမဟုတ် တစ်သက်လုံး အသားမစားရရင်တောင်... အဘိုးကတော့ တကယ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပဲ!"

ယွီနျန့်သည် ယွီရှို့နင်၏ လက်ညှိုးလေးကို ဆုပ်ကိုင်ရင်း ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်လည်း အဲဒီလိုပဲ လက်ခံမှာပါခင်ဗျာ"









Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...