အပိုင်း(၆၁) Fan Support
ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် ယွီနျန့်၏ အကြည့်က ရှဲ့ယို့၏ ညာဘက်လက်ဆီသို့ ကျရောက်သွားသည်။
"ဒဏ်ရာ ဘယ်လိုနေလဲဟင်"
"အများကြီး သက်သာသွားပါပြီ။ အားသိပ်မထည့်နိုင်တာကလွဲရင် တခြားပြဿနာမရှိတော့ဘူး။"
ရှဲ့ယို့ ခေတ္တတုံ့ဆိုင်းသွားပြီး သူ၏စိုးရိမ်စိတ်ကို ထိန်းချုပ်ရင်း
"မင်းကော... အလုပ်ရှုပ်နေလား" ဟု မေးလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် cedarရနံ့များ သင်းပျံ့နေသဖြင့် ယွီနျန့်တစ်ယောက် မသိစိတ်ဖြင့် စိတ်လက်ပေါ့ပါးသွားရသည်။ သူသည် ခေါင်းကိုတစ်ဖက်သို့စောင်းကာ ရှဲ့ယို့ကို ကြည့်လိုက်သည်။
"တော်တော်လေး အလုပ်ရှုပ်နေတာ။ အယ်လ်ဘမ်က ပရိုမိုးရှင်းကာလထဲ ရောက်နေတော့ အလုပ်ဇယားတွေက ကျပ်ညပ်နေတာပဲလေ။ ပြီးခဲ့တဲ့ ရက်ထဲမှာတင် မဂ္ဂဇင်းတွေရော၊ အွန်လိုင်းဗီဒီယို ပလက်ဖောင်းတွေအတွက်ပါ အင်တာဗူး လေးခုလောက် ဖြေခဲ့ရတယ်။ မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်တာရော၊ Variety show နှစ်ခုမှာ ပါဝင်တာရောဆိုတော့ လုံးဝကို မနားတမ်းပဲ။ မနက်ဖြန်ကျရင်တော့ လက်မှတ်ရေးထိုးပွဲအတွက် ရဲ့ချန်ကို လေယာဉ်နဲ့ သွားရမယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာ Funa Poetry သောက်ရေသန့်ရဲ့ ဘရန်းပရိုမိုးရှင်းပွဲကို တက်ရမှာလည်း ရှိသေးတယ်"
ရှဲ့ယို့သည် ယွီနျန့်၏ မျက်မှောင်နှစ်ခုကြားက ပင်ပန်းနွမ်းနယ်မှုများကို အတိုင်းသား မြင်တွေ့လိုက်ရသဖြင့် နူးညံ့သောအသံဖြင့် ဆိုလိုက်သည်။
"ခဏလောက် မှေးလိုက်ဦးမလား။ တို့တွေ သွားမယ့်နေရာကို ရောက်ဖို့ အချိန်နည်းနည်း လိုသေးတယ်လေ။"
ယွီနျန့်လည်း မငြင်းတော့ပေ။ သူ အမှန်တကယ်ပင် အားအင်ကုန်ခမ်းနေခဲ့ပြီ။ သူ၏အပေါ်အင်္ကျီကို ကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်ရင်း စကားပြောနေစဉ်မှာပင် မျက်လုံးလေးများက ဖြည်းဖြည်းချင်း မှေးကျလာပြီး အသံမှာလည်း ဝေဝေဝါးဝါး ဖြစ်သွားသည်။
"ဒါဆိုရင် ရောက်တဲ့အခါကျရင် ကျွန်တော့်ကို နှိုးပေးပါဦးနော်၊ ဟုတ်ပြီလား"
ရှဲ့ယို့သည် ယွီနျန့်၏ နဖူးပေါ်သို့ ဝဲကျနေသော ဆံနွယ်လေးများကို အသာအယာ သပ်တင်ပေးချင်မိသည်။ သူ လက်ကို မြှောက်လိုက်သော်လည်း ပြန်ချလိုက်ပြီး "အင်း... ရပါတယ်" ဟုသာ ခပ်အေးအေး ပြန်တုံ့ပြန်လိုက်သည်။
ယွီနျန့် နိုးလာသောအခါ ကားလေးသည် မြစ်ကမ်းဘေးက အမြင့်ပိုင်းတစ်နေရာတွင် ရပ်တန့်ထားနှင့်ပြီ။ သူတို့နှစ်ဦးသည် နွေးထွေးအေးချမ်းသော မီးရောင်စုံများဖြင့် ပြင်ဆင်ထားသည့် ပြင်သစ်စားသောက်ဆိုင်လေးတစ်ခု အတွင်းသို့ ဝင်ခဲ့ကြသည်။ အင်္ကျီရင်စိ ဝတ်ဆင်ထားသော စားပွဲထိုးအမျိုးသားမှလွဲ၍ ဆိုင်အတွင်း၌ ဘယ်သူမှ ရှိမနေ။ ဆိုင်၏ နံရံတစ်ခုလုံးကို မှန်ချပ်ကြီးများဖြင့် လှပစွာ ကာရံထားပြီး၊ စိမ်းလန်းသော သစ်ကိုင်းသစ်ရွက်လေးများကြားမှတစ်ဆင့် မြစ်ပြင်ပေါ်က လျှံထွက်နေသည့် အလင်းရောင်များနှင့် မျက်နှာချင်းဆိုင်ရှိ ဘဏ္ဍာရေးဗဟိုဌာနက မိုးပျံတိုက်ကြီး ငါးလုံး၏ မီးရောင်စုံများကို အတိုင်းသား မြင်တွေ့နေရသည်။
စားပွဲထိုးထံသို့ မီနူးကို ပြန်ကမ်းပေးလိုက်ရင်း ယွီနျန့်က wet tissue ဖြင့် လက်ကို သုတ်နေစဉ် ရှဲ့ယို့တစ်ယောက် သူ၏လက်ပတ်နာရီကို နှစ်ကြိမ်တိုင်တိုင် ငုံ့ကြည့်နေသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် ယွီနျန့်က "တစ်ခုခု အဆင်မပြေတာ ရှိလို့လားဟင်" ဟု မေးလိုက်သည်။
ရှဲ့ယို့က ခေါင်းခါပြသည်။
"မရှိပါဘူး။"
သို့သော် သူ၏မျက်ဝန်းထဲတွင် တုံ့ဆိုင်းရိပ်များ ဖြတ်ပြေးသွားပြီးနောက် "ရှိပါတယ်" ဟု ထပ်မံဖြည့်စွက်ပြောဆိုသည်။
ယွီနျန့် ပြုံးလိုက်သည်။
"ဟူတ်ပြီ ဒါဆို... ရှိတာလား၊ မရှိတာလားဟင်"
ရှဲ့ယို့ သူ၏လက်ပတ်နာရီကို နောက်ထပ်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။ သူသည် နာရီထဲက စက္ကန့်လက်တံကို စိုက်ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေမိသည်... ၄... ၃... ၂... ၁...
"နျန့်နျန့်... ဒီဘက်ကို ကြည့်လိုက်ပါဦး"
ရှဲ့ယို့ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ယွီနျန့် ခေါင်းကိုအသာလှည့်၍ ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများမှာ အံ့ဩလွန်း၍ ဝိုင်းစက်သွားပြီး အသက်ရှူပင် မှားသွားပါတော့သည်။
မြို့ပြ၏ နီယွန်မီးရောင်စုံ နောက်ခံကားချပ်ကြီးထဲတွင် ဘဏ္ဍာရေးဗဟိုဌာနရှိ မိုးပျံတိုက်ကြီး ငါးလုံး၏ အပြင်ဘက်နံရံများပေါ်၌ "အယ်လ်ဘမ် အရောင်းရဆုံးဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် ယွီနျန့်!" ဆိုသည့် စာသားကြီးများ ပေါ်ထွက်လာသည်။ ၎င်းစာသားများသည် မီးရောင်များနှင့်အတူ ပုံစံများ၊ အရောင်များ အသွင်ပြောင်းလဲနေပြီးနောက်၊ ယွီနျန့်၏ အယ်လ်ဘမ်မျက်နှာဖုံးပုံရိပ်များအဖြစ်သို့ ဆက်တိုက်ဆိုသလို ပြောင်းလဲသွားပါတော့သည်။
"ရှဲ့ယို့... မင်းက..."
နောက်တစ်ခဏတွင် ယွီနျန့်၏အသံမှာ ဆက်တိုက်မြည်ဟီးလာသော ဗျောက်အိုးသံများကြောင့် ပြတ်တောက်သွားရသည်။ မရေမတွက်နိုင်သော မီးရှူးမီးပန်းများသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားပြီး ကြယ်ပွင့်များအလား တလက်လက်ပေါက်ကွဲထွက်နေပုံမှာ တကယ့်ကို ဂလက်ဆီကြီးတစ်ခုလုံး မြေပြင်သို့ သက်ဆင်းလာသည့်အလား။ မြစ်ပြင်ပေါ်တွင် အလင်းနှင့် အရိပ်တို့ ထိုးဟပ်လျက် အပြိုင်အဆိုင် တောက်ပနေကြသည့်မြင်ကွင်းမှာ လူတို့ကို အသက်ရှူရန်ပင် မေ့လျော့သွားစေလောက်သည်။
မီးရှူးမီးပန်းများသည် နှစ်မိနစ်ကျော်ကြာအောင် ဆက်တိုက်တောက်လောင်နေပြီးမှ ဖြည်းဖြည်းချင်း ငြိမ်းသက်သွားသည်။ ယွီနျန့် လှည့်ကြည့်လိုက်သောအခါ သူ့ထံသို့သာ စူးစိုက်ကြည့်နေသည့် ရှဲ့ယို့၏ အကြည့်များနှင့် ဆုံမိပါတော့သည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားစဉ် ရှဲ့ယို့တစ်ယောက် စိတ်ထဲ အနေရခက်သွားသဖြင့် မျက်နှာကိုအသာလွှဲကာ တွန့်ကြေခြင်းမရှိသည့် သူ၏ရှပ်အင်္ကျီကို ပြန်လည်ပြင်ဝတ်လိုက်သည်။
"အထင်ကရ အဆောက်အအုံ ၂၅ လုံးရဲ့ LED စခရင်တွေပေါ်မှာ တစ်ပြိုင်နက်တည်း ဂုဏ်ပြုပေးတာ... မင်း သဘောကျရဲ့လား"
မေးခွန်းအဆုံးတွင်တော့ ယွီနျန့်တစ်ယောက် သူ၏ ရင်ခုန်စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။ ရှဲ့ယို့သည် သူ့အပေါ်တွင် ထုံပေပေ၊ အူကြောင်ကြောင်နိုင်စွာဖြင့် အကောင်းဆုံး ဖြည့်ဆည်းပေးနေခဲ့ခြင်း။
"တကယ် သဘောကျပါတယ်၊ အရမ်း... အရမ်းကို သဘောကျပါတယ်ခင်ဗျာ"
ယွီနျန့်၏ လေးလေးနက်တက် ပြောစကားကို ကြားလိုက်ရမှသာ ရှဲ့ယို့တစ်ယောက် အသက်ဝဝ ရှူနိုင်သွားဟန်ဖြင့် စိတ်သက်သာရာရသွားသည်။
ထိုအခိုက်အတန့်မှာပင် ယွီနျန့်၏ဖုန်း မြည်လာသည်။ စခရင်ပေါ်တွင် ပေါ်နေသည့် အမည်ကို မြင်လိုက်ရသဖြင့် ယွီနျန့် ပြုံးလိုက်မိသည်။ တစ်ဖက်လူ ဘာပြောချင်နေသည်ကို သူ ကြိုတင်ရိပ်မိနေပြီ ဖြစ်သည်။
"အစ်ကိုမုန့်..."
မုန့်ယွမ်တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ အော်တော့သည်။
"လခွမ်း... ခုနလေးတင် ဘဏ္ဍာရေးဗဟိုဌာနက တိုက်ကြီးတွေရဲ့ အပြင်ဘက်နံရံပေါ်မှာ ‘အယ်လ်ဘမ် အရောင်းရဆုံးဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် ယွီနျန့်!’ ဆိုတဲ့ စာသားအကြီးကြီးတွေ ပေါ်လာတာကွ! ငါ အွန်လိုင်းမှာ လိုက်စစ်ကြည့်တော့ အဲဒါထက်တောင် ပိုသေးတယ်။ တခြာမြို့က အထင်ကရနေရာ အနည်းဆုံး ၂၀ လောက်မှာ အဲဒီစာသားတွေကို တစ်ပြိုင်နက်တည်း ပြသခဲ့တာတဲ့၊ နေရာတိုင်းမှာလည်း နောက်ခံအနေနဲ့ နှစ်မိနစ်၊ သုံးမိနစ်စာ မီးရှူးမီးပန်းတွေပါ ဖောက်ပေးခဲ့တာ! ဒါက တကယ့်ကို အကြီးအကျယ် fan support တာကြီးလေ။ သူတို့က ပိုက်ဆံတွေကို ဒီအတိုင်း လျှောက်ဖြုန်းနေကြတာလား။ ပိုပြီး ရယ်ရတာက... ငါ ဖန်ဂရုတွေဆီ လိုက်မေးကြည့်တော့ ဘယ်သူကမှ သူတို့လုပ်တာပါလို့ ဝန်မခံကြဘူး။ ဒီ Support ကို ဘယ်သူက နောက်ကွယ်ကနေ စီစဉ်ပေးခဲ့မှန်း ဘယ်သူမှ မသိကြဘူးဖြစ်နေတာ!"
ယွီနျန့်သည် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှဲ့ယို့ကို ကြည့်ကာ ပြုံးလိုက်သည်။
"ဘယ်သူမှ ဝန်မခံဘူးပေါ့"
မုန့်ယွမ်က သက်ပြင်းချရင်း
"ဟူး... ဒီလောက်အထိ အကြီးအကျယ် လုပ်ပေးတာကို နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာ ငါတောင် တကယ် စပ်စုချင်လာပြီ!"
ဖုန်းချပြီးနောက် ယွီနျန့်သည် Weibo ထဲဝင်ကာ Trending ခေါင်းစဉ်များကို စစ်ဆေးကြည့်လိုက်သည်။ ခန့်မှန်းထားသည့်အတိုင်းပင် သူက "မင်းလည်း Trending စာရင်းထဲ ဝင်နေပြီနော်" ဟု ဆိုကာ ဖုန်းစခရင်ကို ရှဲ့ယို့ဘက်သို့ လှည့်ပြလျက် မျက်တောင်လေး တစ်ချက်ခတ်ပြလိုက်သည်။
"ကြည့်ဦး... နံပါတ် ၅ နေရာကလေ၊ ‘ယွီနျန့်ရဲ့ အယ်လ်ဘမ်အသစ်ကို ကူညီပေးခဲ့တဲ့ လျှို့ဝှက်ဆန်းပြားသူ’ တဲ့။ ဒီလျှို့ဝှက်ဆန်းပြားသူကို တကယ်ပဲ ကျေးဇူးတင်ရမှာပဲနော်"
ရှဲ့ယို့၏ နားရွက်လေးများ အနည်းငယ် နီရဲသွားပြီး စကားလမ်းကြောင်းလည်း လွှဲလိုက်သေးသည်။
"ကျေးဇူးတင်နေစရာ မလိုပါဘူး။ သီချင်းအသစ်တွေအားလုံး နားထောင်လို့ အရမ်းကောင်းပါတယ်"
ယွီနျန့်က ဝိုင်ကို တစ်ငုံအသာသောက်ရင်း "တကယ်လားဟင် မင်း အကြိုက်ဆုံးက ဘယ်သီချင်းလဲ"
ရှဲ့ယို့၏ စိတ်ထဲတွင်တော့ ‘မင်းဆိုတဲ့ သီချင်းမှန်သမျှကို ငါအကုန်ကြိုက်တယ်’ ဟု တွေးနေမိသော်လည်း ထုတ်ပြောလိုက်သည်ကတော့
"ငါကတော့ ‘Mountain Snow’ နဲ့ ‘Twilight’ ကို အကြိုက်ဆုံးပဲ။ ချွိရှောက်ရန်ကတော့ ‘Elegant’ ကို ကြိုက်တယ်တဲ့။ အဲဒီသီချင်းက သေချာပေါက် ပေါက်လိမ့်မယ်လို့ သူကတော့ အာမခံနေတာပဲ"
"ကျွန်တော့်မန်နေဂျာကလည်း အဲဒီအတိုင်းပဲ ပြောတာ။ ‘Elegant’ က သေချာပေါက် ပေါက်လိမ့်မယ်တဲ့။ ဒီနေ့ အဓိက ဂီတပလက်ဖောင်း သုံးခုရဲ့ အချက်အလက်တွေကို စစ်ကြည့်တော့လည်း တကယ်ပဲ ‘Elegant’ က နားထောင်သူ အရေအတွက် အများဆုံးဖြစ်နေတာ။ တခြားသီချင်းတွေကို တရိပ်ရိပ်နဲ့ ကျော်တက်နေပြီလေ"
"သီချင်းတစ်ပုဒ်ချင်းစီက တကယ်ကို ပြည့်စုံကောင်းမွန်လှပါတယ်"
ယွီနျန့်သည် ဝိုင်ခွက်ကို မြှောက်ကာ ရှဲ့ယို့၏ခွက်နှင့် အသာအယာ ထိခတ်လိုက်သည်။
"မင်းရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"
***
အမှန်တကယ်ပင် "Elegant" သီချင်းမှာ အကြီးအကျယ် ပေါက်သွားခဲ့ပါတော့သည်။
အစီအစဉ်တစ်ခု ရိုက်ကူးနေစဉ် နားနားနေနေ အချိန်အတွင်းမှာပင် မိတ်ကပ်ဆရာမက စကားစလာသည်။
"နျန့်နျန့်... လူတိုင်းက ပြောနေကြတယ်။ မင်းက EP အယ်လ်ဘမ် တစ်ခုတည်းနဲ့တင် တဟုန်ထိုး နာမည်ကြီးလာတာပဲတဲ့"
ယွီနျန့်သည် အဖြူရောင် ဟူဒီအပေါ်တွင် အနီရောင်အကျီကို ထပ်ဝတ်ထားပြီး၊ ဂျင်းဘောင်းဘီအနွမ်းလေးနှင့် ထိုင်နေရင်း သူ၏မျက်လုံးမိတ်ကပ်ကို ပြန်လည်ပြုပြင်ခြင်း ခံနေသည်။
မိတ်ကပ်ဆရာမက လက်ကိုငြိမ်အောင်ထားကာ မိတ်ကပ်ဆက်လိမ်းပေးရင်း
"တကယ်လည်း Elegant က နေရာတိုင်းမှာ ပေါက်နေတာပဲလေ။ ဒီမနက်တင် ငါ ကော်ဖီဆိုင်ကို ကော်ဖီသွားဝယ်တော့ ဆိုင်ထဲဝင်ဝင်ချင်း အဲဒီသီချင်း ဖွင့်ထားတာကို ကြားရတယ်။ ပြီးတော့ ငါငှားလာတဲ့ ကားပေါ်ရောက်တော့လည်း ဒရိုင်ဘာက အသက် ၄၀ ကျော် အန်ကယ်ကြီးဖြစ်နေတာတောင် အဲဒီသီချင်းကိုပဲ နားထောင်နေတာကွ! ငါက သူ့ကို မေးကြည့်တော့... သူက ဘယ်သူဆိုလဲဆိုတာ မသိပေမဲ့ သီချင်းက တအားနားထောင်လို့ကောင်းတယ်လို့ ပြောတယ်။ ကားပေါ်တက်တဲ့ ခရီးသည်တော်တော်များများကလည်း ဒီသီချင်းက အရမ်းမိုက်တယ်လို့ ပြောကြတယ်တဲ့"
ယွီနျန့်၏ ရေနွေးဓာတ်ဘူးကို ကိုင်ထားသော ရှီရို့ကလည်း ဘေးမှဝင်ကာ စိတ်လှုပ်ရှားစွာဖြင့်
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ကျွန်မလည်း ခုနတင် ကြည့်နေတာ။ ပုံမှန်ဆိုရင် အခွေ ရောင်းအားက ပထမဆုံး သုံးရက်အတွင်းမှာပဲ အရှိန်အဟုန်နဲ့ တက်လေ့ရှိပြီး နောက်ပိုင်းကျရင် နှေးသွားတတ်တာလေ။ ဒါပေမဲ့ နျန့်နျန့်... မင်းရဲ့ ရောင်းအားကတော့ မတူဘူး။ ဒီရက်ပိုင်းအတွင်းမှာ လုံးဝကို တရိပ်ရိပ်နဲ့ ထပ်ပြီး တက်နေတာ!"
သူမက စနောက်သည့်လေသံဖြင့် "ဘာလို့လဲ မင်းသိလား" ဟု မေးသည်။
ယွီနျန့်ကလည်း စကားအလိုက် "ဘာလို့လဲဟင်" ဟု ပြန်မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ပထမဆုံး သုံးရက်တုန်းက မင်းရဲ့ အားပေးတဲ့ ဖန်တွေကပဲ အဓိက ဝယ်ကြတာလေ။ ဒါပေမဲ့ အဲဒီအပိုင်း ပြီးသွားတဲ့အခါကျတော့ မင်းရဲ့ ဖန်မဟုတ်တဲ့သူတွေ၊ မင်းရဲ့ သီချင်းကို တကယ်နှစ်သက်ကြတဲ့သူတွေက အခွေကို ပိုက်ဆံပေးပြီး လာဝယ်ကြတာ။ အဲဒါကြောင့်ပဲ ရောင်းအားက ကျမသွားဘဲ ပိုတောင် တက်လာတာပေါ့!"
ရှီရို့၏ စိတ်လှုပ်ရှားမှုများမှာ အထင်အရှား ပေါ်လွင်နေပြီး သူမက အသံကို နှိမ့်ကာ
"ဒီအရှိန်အတိုင်းသာ ဆက်သွားရင် 'ယခုနှစ်၏ အကောင်းဆုံး Single သီချင်းဆု' ကို ရဖို့ဆိုတာ အိမ်မက် မဟုတ်တော့ဘူးနော်!"
ယွီနျန့် မျက်လုံးဖွင့်လိုက်စဉ်၊ ပိုမိုနက်မှောင်သွားသော သူ၏မျက်ခုံးစုတ်ချက်များက သူ၏မျက်ရည်ခံမှဲ့လေးကို ပိုမိုထင်ရှား ပေါ်လွင်စေသည်။ သူ၏အကြည့်များက ဝေ့ဝဲသွားရင်း နူးညံ့စွာ ပြုံးလျက် ခေါင်းညိတ်ပြသည်။
"အင်း... ကျွန်တော် ကြိုးစားပါ့မယ်!"
ဤတစ်ကြိမ်တွင် ယွီနျန့် ရိုက်ကူးရသည့် အစီအစဉ်မှာ ဧည့်သည်တော် သုံးဦးကို ဖိတ်ခေါ်၍ စကားစမြည်ပြောရသည့် ဝါရင့် Talk Show အစီအစဉ်တစ်ခု ဖြစ်သည်။ တင်ဆက်သူမှာလည်း ဒီလောကထဲတွင် အလွန်လေးစားစရာကောင်းသူဖြစ်ပြီး ဟာသဉာဏ်ရွှင်ကာ ပါးနပ်သူဖြစ်၍ ပရိသတ်များကို တစ်ချိန်လုံး ရယ်မောအောင် လုပ်နိုင်သည်။
အစီအစဉ် တစ်ဝက်နားပြီးနောက်၊ ဧည့်သည်တော်များ ကင်မရာရှေ့ရှိ သူတို့၏ ထိုင်ခုံများတွင် ပြန်လည်ထိုင်လိုက်ကြသည်။ တင်ဆက်သူက သူ၏အမှတ်အသားကတ်ပြားကို ကြည့်ရင်း
"ကဲ... အခုတော့ အချစ်ရေးအကြောင်း ပြောကြရအောင်။ မင်းတို့နှစ်ယောက်လုံးမှာတော့ Weibo ပေါ်မှာ ကိုယ့်အဖေကို ကိုယ်ပြန်ပြီး ဝေဖန်ရဲတဲ့အထိ တော်တဲ့ သားသမီးတွေ ရှိကြတော့... မိသားစုအချစ်ကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ကြွားနေကြတာပေါ့။ ဒါပေမဲ့ ဒီနေ့တော့ အဲဒီအကြောင်းတွေကို ငါမမေးပါဘူး။ ယွီနျန့်... မင်းက အခုမှ အသက် ၂၂ နှစ်ပဲ ရှိသေးတယ်။ တို့နိုင်ငံရဲ့ တရားဝင် အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ပေါ့။ မင်းမှာ သဘောကျရတဲ့သူ ရှိနေပြီလားဟင်"
ယွီနျန့် တဟားဟား ရယ်မောလိုက်သည်။
"ကျွန်တော့်ကိုပဲ တိုက်ရိုက်ကြီး ပစ်မှတ်ထားလိုက်တာပေါ့၊ ဟုတ်တယ်မလား"
တင်ဆက်သူက မျက်ခုံးပင့်လျက်
"ဒါပေါ့! ငါ ပရိသတ်တွေကို ပြပါရစေ။ ဒီမေးခွန်းအတွက် စီစဉ်သူအဖွဲ့က ‘ယွီနျန့်ကို သေချာပေါက် မေးရမယ်!’ ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ရေးထားတာလေ!"
ယွီနျန့်က သက်ပြင်းချရင်း "ဒါဆို... ကျွန်တော်က အမှန်အတိုင်း ပြောရမလား၊ လိမ်ပြောရမလားဟင်"
တင်ဆက်သူက အလျင်အမြန်ပင် "မင်းက တို့ရဲ့ သံတမန်ပဲဟာ၊ ကြိုက်တာပြောလို့ ရပါတယ်။ မင်းအပေါ်မှာပဲ မူတည်ပါတယ်" ဟု ဆိုသည်။
ယွီနျန့်သည် လက်ချောင်းများကို အချင်းချင်း ယှက်လိုက်ပြီး ကင်မရာဘက်သို့ အလေးအနက် အမူအရာဖြင့် မျက်နှာမူလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော့်မှာ သဘောကျရတဲ့သူ ရှိပါတယ်။"
တင်ဆက်သူ ချက်ချင်းပင် မတ်မတ်ထိုင်လိုက်သည်။
"တကယ့်ကို ပေါက်ကွဲထွက်သွားမယ့် သတင်းပဲ! ဒါဆို မေးခွန်းက... အခု မင်းပြောလိုက်တာက အမှန်တရားလား၊ အလိမ်အညာလား"
ယွီနျန့် ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ ‘Silent’ ဟု ရေးထားသော မက်စ်တစ်ခုကို ထုတ်ကာ ဝတ်ဆင်လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်တော့သည်။
"ဒီသုံးလိုက်တဲ့အကွက်က တကယ်ကို လန်းတယ်!"
တင်ဆက်သူက အကဲခတ်ရင်း စကားလမ်းကြောင်းကို ချောချောမောမော ပြောင်းလိုက်သည်။
"ဒုက္ခပဲ... ငါ့စိတ်ထဲမှာတော့ တို့အစီအစဉ်ကြောင့် ဒီမက်ခ် နာမည်ကြီးသွားတော့မယ်လို့ ခံစားနေရတယ်။ ထုတ်လုပ်တဲ့သူတွေဘက်က ငါတို့ဆီကို အလိုအလျောက် ဆက်သွယ်ပြီး ကြော်ငြာခလေး ဘာလေး လာပေးဖို့ မျှော်လင့်ရတာပဲ! ကဲ... နောက်မေးခွန်းတစ်ခုကတော့... တစ်စုံတစ်ယောက်ကို သဘောကျရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဟင်"
ဘေးတွင်ထိုင်နေသော ဝေလု က အရင်ဆုံး စကားစသည်။
"ကျွန်တော် ငယ်ငယ်တုန်းက တီးဝိုင်းလုပ်တော့ ပိုက်ဆံရှိသမျှကို စက်ပစ္စည်းတွေဝယ်ဖို့ပဲ အကုန်သုံးပစ်ခဲ့တာ။ နေ့တိုင်း ဆန်ပြုတ်ပဲသောက်ပြီး ရိုးရိုးရေပဲ သောက်ခဲ့ရတာပေါ့။ အဲဒီတုန်းက ကျွန်တော့်ဇနီးက ကျွန်တော့်ရဲ့ ရည်းစားပဲ ရှိသေးတယ်။ သူက ကျွန်တော့်အတွက် ကြက်ဥပြုတ် သုံးလုံးပေးဖို့ တစ်နာရီကျော်ကြာတဲ့ ခရီးကို လာခဲ့တာ။ လမ်းတစ်လျှောက်လုံး အပူရှိန်မပျောက်အောင် သေသေချာချာ ထုပ်ပိုးလာလို့ ကျွန်တော့်လက်ထဲ ရောက်တဲ့အချိန်အထိ ကြက်ဥတွေက ပူပူနွေးနွေးပဲ ရှိသေးတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်တော် တွေးမိတာက... ငါ ပိုက်ဆံအများကြီးရှာရမယ်၊ အိမ်ကြီးကြီးတစ်လုံး ဝယ်ပြီး သူ့ကို ကောင်းကောင်း ထားရမယ်ဆိုပြီးတော့။ တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုတာ... ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်ပြီး သူတို့အတွက် အကောင်းဆုံးအရာတွေကို ပေးချင်တဲ့ စိတ်မျိုး ဖြစ်မယ်ထင်တယ်။"
"ကျွန်တော်လည်း အဲဒီအတိုင်းပဲ ခံစားရတယ်၊"
ဖန်းရိယန်က ဆက်ပြောသည်။
"ကျွန်တော်က ဝေလုနဲ့ တော်တော်တူပါတယ်။ ငယ်ငယ်တုန်းက ဂစ်တာတစ်လုံးကို ကျောပိုးပြီး နေရာအနှံ့ လျှောက်သွားနေရင်းနဲ့... ငါ့ဘဝကို ဒီအတိုင်းပဲ တစ်သက်လုံး လွင့်မျောဖြတ်သန်းသွားမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ဇနီးနဲ့ ဆုံတဲ့အချိန်မှာတော့... ငါက သူ့ကို ငါနဲ့အတူ ဒီလိုမျိုး လေဒဏ်၊ မိုးဒဏ်တွေ ဘယ်လိုခံခိုင်းရမှာလဲလို့ တွေးမိသွားတယ်။ အဲဒါကြောင့်ပဲ မြို့တစ်မြို့မှာ အခြေချပြီး သီချင်းခွေတွေ စထုတ်လုပ်ခဲ့တာပေါ့။ တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုတာ... သူတို့အတွက် တည်ငြိမ်တဲ့ အိမ်တစ်လုံးနဲ့ အေးချမ်းတဲ့ ဘဝတစ်ခုကို ဖန်တီးပေးချင်တဲ့ စိတ်မျိုး ဖြစ်လိမ့်မယ်"
ဖန်းရိယန် စကားပြောပြီးနောက်၊ သူတို့သုံးဦးလုံးက မက်ခ်တပ်ထားသည့် ယွီနျန့်ထံသို့ လှည့်ကြည့်လိုက်ကြသည်။ ယွီနျန့် မက်ခ်ကို ချွတ်လိုက်ပြီး၊ အသက်ကို ပြင်းပြင်းရှူကာ မေးလိုက်သည်။
"ကျွန်တော့်အလှည့် ရောက်ပြီပေါ့နော်"
ပရိသတ်များက တညီတညွတ်တည်း "ဟုတ်ပါတယ်!" ဟု အော်ဟစ်ကြသည်။
ပြင်သစ်စားသောက်ဆိုင်ကနေ ထွက်လာပြီး ရှဲ့ယို့ကို နှုတ်ဆက်ကာ လမ်းခွဲခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရမိရင်း၊ ယွီနျန့်သည် စကားလုံးများကို သေသေချာချာ ရွေးချယ်ကာ ဆိုလိုက်သည်။
"ကျွန်တော်ကတော့ ငယ်သေးတယ်ဆိုတော့ အတွေ့အကြုံ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့... တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုတာ အိမ်ပြန်ရမယ့် အချိန်ရောက်ရင်တောင် အဲဒီလူနဲ့ လုံးဝ မခွဲခွာချင်တဲ့ ခံစားချက်မျိုး ဖြစ်လိမ့်မယ်ထင်ပါတယ်..."
ဖန်းရိယန်က ချက်ချင်းပင် စကားထောက်လိုက်သည်။
"ဒီမေးခွန်းက လွယ်လွယ်လေးပဲဟာ။ အိမ်ထောင်ပြုလိုက်၊ အဲဒါဆို ပြဿနာပြီးသွားပြီ!"
ဝေလု တဟားဟား ရယ်မောတော့သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ သူတို့နဲ့ လက်ထပ်လိုက်ရင် မိသားစုဝင် ဖြစ်သွားတာပဲလေ!"
တစ်ခန်းလုံးတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားပါတော့သည်။
ရိုက်ကူးရေး ပြီးဆုံးချိန်တွင် သန်းခေါင်ယံအချိန်သို့ နီးကပ်နေပြီ ဖြစ်သည်။ ယွီနျန့်သည် သူ၏နားထင်ကို ပွတ်ရင်း ရှီရို့ ကမ်းပေးသော နွားနို့ပူပူကို လှမ်းယူလိုက်သည်။ သူ အနည်းငယ် သောက်လိုက်မှသာ လူက နည်းနည်း ပြန်လည်လန်းဆန်းလာသလို ခံစားရသည်။
ရှီရို့တွင် တစ်ခုခု ပြောစရာ ရှိနေသည်ကို မြင်သဖြင့် သူ လှမ်းမေးရန် ပြင်စဉ်မှာပင် ယွီချင်းထံမှ ဖုန်းဝင်လာသည်။
"နျန့်နျန့်... ဟို လေယာဉ်ပျံတွေက ဘာကိစ္စလဲဟင်"
"လေယာဉ်ပျံတွေ ဟုတ်လား" ယွီနျန့် နားမလည်နိုင်ဖြစ်ကာ "ကျွန်တော် အခုတင် အစီအစဉ် ရိုက်လို့ ပြီးတာပါ။ တစ်နေ့လုံး အလုပ်ရှုပ်နေလို့ ဖုန်းတောင် မကြည့်ရသေးဘူးခင်ဗျာ"
"မင်း ပရိုမိုးရှင်းတွေ လုပ်နေရပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး၊ ပင်ပန်းပြီး ဖျားမနေနဲ့ဦးနော်။"
ယွီချင်းက သတိပေးစကား အနည်းငယ် ထပ်ပြောပြီးနောက် ဆက်ဆိုသည်။
"အခု အင်တာနက်ပေါ်မှာ Trending ဖြစ်နေတာ။ လျှို့ဝှက်ဆန်းပြားတဲ့ အားပေးသူတစ်ယောက်က ယွီနျန့်အတွက် အခွေစောင်ရေ နှစ်သိန်းကျော်ကို ဝယ်ပြီး ကူညီပေးခဲ့တာတဲ့။ ဒီနေ့ နင်ချန်လေယာဉ်ကွင်းမှာ ဆင်းသက်တဲ့ လေယာဉ်ပျံအားလုံးရဲ့ ကိုယ်ထည်ပေါ်မှာ မင်းရဲ့ အယ်လ်ဘမ်မျက်နှာဖုံးပုံတွေကို ကပ်ထားတာ။ ငါထပ်ပြောမယ်နော်... အားလုံးရဲ့ ကိုယ်ထည်ပေါ်မှာ! မင်းရဲ့ ဖန်တွေဆိုရင်လည်း ကြောင်အသွားကြပြီး... တို့တွေကို ကျော်ပြီး တိတ်တဆိတ် ကူညီပေးနေတဲ့ ဒီလျှို့ဝှက်ဆန်းပြားသူက ဘယ်သူလဲဆိုပြီး နေရာအနှံ့ လိုက်မေးနေကြတာ။ ဒီလောက်အထိ အကြီးအကျယ် လုပ်ပေးလိုက်တော့... ဖန်တွေမှာလည်း သူတို့ဘက်က ထပ်ပြီး ဘာလုပ်ပေးရမှန်းမသိ ဖြစ်ကုန်ကြပြီ!"
_____________________________________________________________________
Comments
Post a Comment