Skip to main content

63




အခန်း (၆၃) မင်း မြင်တွေ့လိုက်ရတဲ့ အရာအပေါ် စိတ်ကျေနပ်ရဲ့လား


ယွီနျန့်တစ်ယောက် ကားပေါ် ပြန်တက်ထိုင်သည့်တိုင်အောင် သူ၏မျက်နှာထက်မှ အပြုံးများမှာ ပျောက်ကွယ်မသွားသေးပေ။

မုန့်ယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မင်း ဘာလို့ ဒီလောက်တောင် ပျော်ပျော်ကြီး ပြုံးနေရတာလဲ ချီကျဲရဲ့ လုပ်ကြံမှုကို ခံလိုက်ရတာတောင် နည်းနည်းမှ စိတ်မဆိုးဘူးလား။ နျန့်နျန့်... မင်းဆီမှာ ဘာသတင်းကောင်း ရှိနေလို့လဲ"

ယွီနျန့်သည် လက်သီးလေးကို ခပ်ဖွဖွဆုပ်ကာ ပြုံးနေသော ပါးစပ်ကလေးကို အသာအယာ ဖုံးကွယ်ထားလိုက်သည်။ သို့သော်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ သူ၏အပြုံးများက ပိုမိုကျယ်ပြန့်လာသည်။

"ကျွန်တော် သဘောကျရတဲ့သူက... တစ်ခုခုနဲ့ တအားတူတယ်ဆိုတာ ရှာဖွေတွေ့ရှိသွားလို့ပါ..." ဟု ဆိုကာ စကားကို ဖြတ်လိုက်ပြီး ခေါင်းကိုတစ်ဖက်သို့ လွှဲလျက် တဟားဟား ပြန်လည်ရယ်မောမိပြန်သည်။

မုန့်ယွမ်က သူ၏မျက်လုံးများကို လက်ဖြင့်အုပ်လိုက်ရင်း

"ငါတော့ အဲဒီအပြုံးကြီးကို ဆက်မကြည့်ရဲတော့ဘူး။ ကဲပါ... ပြောစမ်းပါဦး၊ အဲဒါက ဘာနဲ့ တူလို့လဲ"

"ကျောက်စရစ်သကြားခဲလိုမျိုးလေ။ အပြင်ပန်းမှာတော့ အေးစက်ပြီး မာကျောနေပုံရပေမဲ့၊ ပါးစပ်ထဲ ထည့်လိုက်ရင်တော့ အရည်ပျော်သွားပြီး တအားကို ချိုမြိန်လွန်းတယ်"

ထိုစကားကို ကြားပြီးနောက် မုန့်ယွမ်က ရှီရို့ကို လှည့်၍ စနောက်လိုက်သည်။

"ရို့ရို့... ငါ သွားဆရာဝန်နဲ့ ချိန်းဆိုဖို့ စဉ်းစားနေတာ။ မင်းရော လိုက်ခဲ့ချင်လား"




ရှီရို့က ပါးလေးကို လက်ဖြင့်ကိုင်ကာ ခေါင်းကို တရစပ်ညိတ်ပြသည် ။

"လိုက်မယ်၊ လိုက်မယ်! အား... ကျွန်မရဲ့ သွားတွေ ချက်ချင်း ကျိန်းတက်လာသလိုပဲ!"

သူတို့သုံးဦးလုံး တဟားဟား ရယ်မောကြပါတော့သည်။ ရယ်မောသံများ ငြိမ်သက်သွားပြီးနောက် မုန့်ယွမ်က ယွီနျန့်ကို အလေးအနက် မေးလိုက်သည်။

"ဒါနဲ့ ချီကျဲရဲ့ ကိစ္စကို မင်း ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲ"

ယွီနျန့် သူ၏စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးမှ

"ကျွန်တော် အရင်ဆုံး အစ်ကိုမုန့်ရဲ့ အမြင်ကို ကြားချင်ပါတယ်ခင်ဗျာ" ဟု ဆိုသည်။

"ငါ သေသေချာချာ စဉ်းစားပြီးပါပြီ။ အမှန်တော့ ချီကျဲရဲ့ ဖွင့်ချချက်က တို့တွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်၊"

မုန့်ယွမ်က တည်ငြိမ်သော အမူအရာဖြင့် ဆိုသည်။ ထို့နောက် ယွီနျန့်၏ မျက်နှာကို မြင်သောအခါ သူက တမင်သက်သက် မျက်နှာကို တင်းလိုက်ပြီး

"သခင်လေးယွီခင်ဗျာ... မင်းရဲ့ အစပျိုးကာစ အချစ်ဇာတ်လမ်းကို ခေတ္တခဏလောက် သိမ်းထားပေးပါဦး!"

ရှီရို့ ခပ်ဖွဖွ ရယ်မောရင်း ပါးစပ်ကလေးကို အမြန်ပိတ်လိုက်သည်။ ယွီနျန့် မတ်မတ်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို အဆင်ပြေအောင် ပေါင်ပေါ်တင်လျက် "ဟုတ်ကဲ့ပါခင်ဗျာ!" ဟု ပြန်ဖြေလိုက်သည်။

မုန့်ယွမ်က ဆက်ပြောသည်။

"မင်း ‘Sound of Nature’ အစီအစဉ်ကနေ စတင်ပွဲထွက်ကတည်းက စီနင်းအဖြစ် လူသိရှင်ကြား ဖြစ်သွားတဲ့အချိန်အထိ... လူတော်တော်များများက မင်းရဲ့ ရုပ်ရည်နဲ့ ကျော့ရှင်းတဲ့ အရှိန်အဝါကြောင့် မင်းကို ဖန်အင်အားကြီးမားတဲ့ Idol တစ်ယောက်အဖြစ်ပဲ အဓိက မြင်ခဲ့ကြတာ။ မင်းက စီနင်းမှန်း ပေါ်သွားပြီးတဲ့နောက်မှာတော့ မင်းရဲ့ ပါရမီက အသိအမှတ်ပြုခံလာရတယ်။ အခု ‘Elegant’ အယ်လ်ဘမ် ထွက်လာတဲ့အခါမှာတော့ မင်းရဲ့ ဂီတက တကယ်ကို ထူးချွန်ကောင်းမွန်လှပါတယ်ဆိုတာကို လူတွေ ပိုပြီး သတိထားမိလာကြတာလေ။ ဒီလို အခြေအနေမျိုးမှာ... တို့တွေက ဒီအခွင့်အရေးကို သုံးပြီး တခြားအပေါ်ယံ အစိတ်အပိုင်းတွေကို လျှော့ချလိုက်ပြီး မင်းရဲ့ ဂီတပါရမီနဲ့ စွမ်းရည်တွေကိုပဲ ပိုပြီး ခိုင်မာတောင့်တင်းအောင် လုပ်သွားလို့ ရတယ်။"

ရှီရို့က ဘေးမှ ဝင်ပြောသည်။

"ဒါဆိုရင် တို့တွေအတွက် ရုပ်ရည်က တန်ဖိုးအနည်းဆုံး ဖြစ်သွားတာပေါ့နော်"
မုန့်ယွမ်က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်၊ တို့တွေရဲ့ လက်ရှိအခြေအနေမှာက အဲဒီအတိုင်းပဲ နျန့်နျန့်။"

ယွီနျန့် မုန့်ယွမ် ဆိုလိုသည့် သဘောကို နားလည်သွားပြီး စက္ကန့်အနည်းငယ်မျှ စဉ်းစားကြည့်သည်

"ကျွန်တော်ကတော့ အဆင်ပြေပါတယ်လို့ ထင်တာပဲ"

"စီးပွားရေး တန်ဖိုးအရဖြစ်ဖြစ်၊ နေရာချထားမှုအရဖြစ်ဖြစ် မင်းက တဖြည်းဖြည်းနဲ့ တည်ငြိမ်တဲ့ အခြေအနေတစ်ခုကို တည်ဆောက်နိုင်နေပြီ။ အပေါ်ယံ ပုံရိပ်တစ်ခုတည်းကိုပဲ အမြဲတမ်း ဆုပ်ကိုင်ထားတာက ရေရှည်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပြီး မင်းရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်။ အဲဒီတော့ နောင်ကျရင် မင်းရဲ့ တကယ့် ပကတိပုံစံအစစ်အတိုင်းပဲ လူတွေကို ချပြလိုက်တော့၊"

မုန့်ယွမ်က သက်ပြင်းချရင်း

"ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမြင့်တက်အောင် မလုပ်ဘဲ... ရုပ်ရည်၊ အပေါ်ယံပုံရိပ်နဲ့ နာမည်ကြီးမှုတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေတာက နောက်ဆုံးကျရင် လမ်းပိတ်သွားမှာပဲလေ။ တကယ့်လက်ရာကောင်းတွေ ရှိနေဖို့ကသာ အဓိက အကျဆုံးပဲ"

ရှီရို့လည်း ထိုအချက်ကို သဘောတူ ခေါင်းညိတ်ပြရင်း ယွီနျန့်ကို အကဲခတ်ကာ မေးလိုက်သည်။

"နျန့်နျန့်... အခု စိတ်သက်သာရာ ရသွားပြီလားဟင်"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး၊" ယွီနျန့် ခပ်ဖွဖွ ခေါင်းခါပြသည်။

"ချီကျဲမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တာ မှန်ပေမဲ့... သူက ကျွန်တော့်ရဲ့ ဓာတ်ပုံတွေကို အစ်ကိုမုန့်ဆီ ယူလာပေးခဲ့လို့သာ ကျွန်တော့်အတွက် ဒီအခွင့်အရေး ရလာခဲ့တာလေ။ သူ ကျွန်တော့်အနားကို တမင်ချဉ်းကပ်ပြီး ဆရာ့ရှေ့မှာ ကုန်းချောခဲ့တာတွေကလည်း ကျွန်တော့်အပေါ် တကယ်တမ်း ဘာမှ မသက်ရောက်ခဲ့ပါဘူး။ ဒီတစ်ခါ သူ ဖွင့်ချလိုက်တာကလည်း ကောလာဟလအဆိုးတွေ မဟုတ်ဘဲ အမှန်တရားပဲလေ။ အဲဒီတော့... သူသာ ကျွန်တော့်ကို တမင်သက်သက် ထပ်ပြီး ပြဿနာလာမရှာသရွေ့တော့၊ ကျွန်တော်ကတော့ သူ့ကို လုံးဝ မသိခဲ့ဖူးတဲ့လူတစ်ယောက်လိုပဲ သဘောထားလိုက်မှာပါ"

"အဲဒီလို တွေးနိုင်ရင် ကောင်းတာပေါ့။ မင်းမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးတာပဲဟာ။ ဘာလို့ ဒီလိုကိစ္စသေးသေးလေးတွေပေါ်မှာ အင်အားတွေ ဖြုန်းတီးနေမှာလဲ အဲဒီအစား မင်းမှာ အင်အားရှိရင် ပိုက်ဆံရအောင် သီချင်းတွေ ပိုပြီး ရေးတာဖြစ်ဖြစ်၊ ကြော်ငြာတွေ ပိုပြီး လက်ခံတာဖြစ်ဖြစ် လုပ်တာကမှ ပိုပြီး တန်ဖိုးရှိဦးမယ်"

ရှီရို့ ပါးစပ်ကလေးပိတ်ကာ ရယ်မောမိပြန်သည်။

"ဒါက ဘယ်လို ခံစားချက်မျိုးလဲဆိုတော့... ချီကျဲက ကိစ္စတွေအများကြီး လုပ်ဆောင်ပြီး ပြဿနာအကြီးကြီး ဖြစ်အောင် ဖန်တီးလိုက်တယ်လို့ ထင်နေတာ၊ ဒါပေမဲ့ လက်တွေ့မှာတော့ ယွီနျန့်အတွက် ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးဖြစ်နေပြီး ဘာမှလည်း ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုတဲ့ သဘောပဲလေ။ တကယ်ကို အားရစရာကောင်းလိုက်တာ!"
မုန့်ယွမ်က နှာခေါင်းရှုံ့လျက်

“ဟုတ်တယ်၊ ဒါက သူ့ကို ရူးခါသွားစေလိမ့်မယ်။”

နေ့လယ်ပိုင်းတွင် #အပြင်းထန်ဆုံးအားပေးမှု# နှင့် #ပါဆယ်တောင်ဝယ်မစားနိုင်ရှာဘူး# ဟူသော Hashtag များ Trending ဖြစ်ပြီးနောက်၊ ယွီနျန့်နှင့် ပတ်သက်သည့် နောက်ထပ် ခေါင်းစဉ်တစ်ခုပါ Trending ဇယားပေါ်သို့ ထပ်မံတက်လှမ်းလာခဲ့သည်။

[#ရုပ်ရည်ကလူကိုလှည့်စားနိုင်တယ်# ‘Sound of Nature’ ရိုက်ကူးတုန်းက ယွီနျန့်ရဲ့ နောက်ကွယ်က ဗီဒီယိုတွေနဲ့ ပေါ့ပေါ့ပါးပါး ပုံတွေကို ငါလိုက်ကြည့်တာ။ သူဝတ်တဲ့ အင်္ကျီဘရန်းကို ရှာမတွေ့သလို ပုံစံတူလည်း လိုက်ရှာလို့မရဘူး။ အဲဒါနဲ့ ပညာရှင်တွေကို ကူရှာပေးဖို့ တောင်းပန်ခဲ့ရတာ။ ဒါပေမဲ့ ဒီနေ့ အမေနဲ့အတူ ဈေးဝယ်ထွက်တော့... အထူးလျှော့ဈေးဆိုင် အဝင်ဝမှာ ချိတ်ထားတဲ့ တီရှပ်တွေက သူဝတ်တာနဲ့ တစ်ပုံတည်းပဲဟေ့၊ တစ်ထည်မှ ၁၀ ယွမ်၊ တစ် ဒါဇင်ဝယ်ရင် ၁၀၀ ယွမ်တောင် မပြည့်ဘူး! ရုပ်ရည်နဲ့ အရှိန်အဝါက လူကို တကယ် လှည့်စားနိုင်တယ်လို့ပဲ ပြောရတော့မယ်! သူခမျာ ဘယ်လိုတောင် ဆန်းကြယ်တဲ့ ဗီရိုမျိုး ရှိနေတာလဲ]

[#ရုပ်ရည်ကလူကိုလှည့်စားနိုင်တယ်# ဟားဟားဟား... ဖျော်ဖြေရေးလောကထဲမှာ သူ့ရဲ့စတိုင်ကို ဘယ်သူမှ ယှဉ်လို့မရဘူး! ယွီနျန့်ရဲ့ ရုပ်ရည်နဲ့ ကျော့ရှင်းတဲ့ အရှိန်အဝါကြောင့် သူဝတ်သမျှ အရာအားလုံးက အကန့်အသတ်နဲ့ ထုတ်တဲ့ ဇိမ်ခံ Limited Edition တွေလို ဖြစ်သွားရတာ!]

[#ရုပ်ရည်ကလူကိုလှည့်စားနိုင်တယ်# ဖန်တစ်ယောက်အနေနဲ့... ယွီနျန့်သာ ‘Mountain Snow’ ကို သီဆိုနေချိန်မှာ အင်္ကျီအစုတ်ကြီး ဝတ်ထားရင်တောင် ငါကတော့ အော်ဟစ်အားပေးနေဦးမှာပဲ! ဝန်ခံပါတယ်... ကျွန်မတော့ ‘Elegant’ ထောင်ချောက်ထဲ မိသွားပြီး ‘Mountain Snow’ ကြောင့် ပြန်ထွက်လို့မရတော့ဘူး! အယ်လ်ဘမ်အသစ်ထွက်ဖို့ သွေးနဲ့ရင်းပြီး တောင်းဆိုပါတယ်!]

[#ရုပ်ရည်ကလူကိုလှည့်စားနိုင်တယ်# တို့ရဲ့ ကလေးလေး ယွီနျန့်ကို သနားလိုက်တာ။ ပါဆယ်တောင် ဝယ်မစားနိုင်ခဲ့ရှာဘူး။ ဒါပေမဲ့ အဲဒီအချက်ကို လှောင်ပြောင်ပြီး ‘ယွီချင်းက ဘာလို့ သူ့မောင်ကို ပိုက်ဆံမပေးတာလဲ’ လို့ လာမေးနေတဲ့သူတွေက စိတ်ဓာတ်တွေ ပုံပျက်ပန်းပျက် ဖြစ်မနေဘူးလား ဆင်းရဲတာက ရှက်စရာမဟုတ်ဘူး။ သွေးစုပ်ဖားတစ်ကောင်လို ကိုယ့်ကိုယ်ကိုယ် မကြိုးစားဘဲ နေတာကမှ ရှက်စရာ! ယွီနျန့်က အစကတည်းက ကိုယ့်ကိုယ်ကိုယ် မြင့်တင်ဖို့ အမြဲ ကြိုးစားခဲ့တာ။ စတင်ပွဲထွက်တုန်းကတောင် ခြေကျင်းဝတ် လည်နေတာကို အတင်းကခဲ့တာလေ။ သူက ကိုယ်တိုင်ကြိုးစားပြီးမှ ဒီအောင်မြင်မှုကို ရခဲ့တာ။ ဒါက ရှက်စရာမဟုတ်တဲ့အပြင် တကယ့်ကို အပြုသဘောဆောင်တဲ့ စံပြပဲ!]

မုန့်ယွမ်က တောက်တစ်ချက်ခေါက်ရင်း “ငါကတော့ လုံးဝကို အသုံးမကျတဲ့လူ ဖြစ်သွားပြီ! ပိုက်ဆံပေးပြီး လူငှားတွေတောင် မဝယ်ရသေးဘူး။ အင်တာနက်ပေါ်က လူထုဝေဖန်မှုတွေက တို့ဘက်ကို လုံးဝ တစ်ခဲနက် ရောက်လာပြီ။”

ယွီနျန့်ကလည်း ဖုန်းနားသို့ တိုးကပ်ကြည့်ကာ

“တကယ် တိုက်ဆိုင်တာပဲ။ ပုံထဲက အထူးလျှော့ဈေးဆိုင်က ကျွန်တော် အဲဒီတီရှပ်တွေ သွားဝယ်ခဲ့တဲ့ ဆိုင်အစစ်ပဲခင်ဗျာ!”

“ကဲ... နောက်ဆုံးသတင်းကို ထပ်ကြည့်လိုက်ဦး။ အဲဒီဆိုင်က လျှော့ဈေးနဲ့ရောင်းတဲ့ တီရှပ်တွေရော ဟူဒီတွေပါ အကုန် ပြတ်သွားပြီတဲ့။ ‘ရောင်းကုန်စေတဲ့ မင်းသားလေး’ ဆိုတဲ့ နာမည်နဲ့ လုံးဝ ထိုက်တန်တာပဲ၊”

မုန့်ယွမ်က ပြုံးလျက် ဆက်ပြောသည်။

“ပြီးတော့ မင်း နင်ချန်ပြတိုက်အတွက် ကူညီရိုက်ကူးပေးခဲ့တဲ့ ပရိုမိုးရှင်း ဗီဒီယိုတိုထဲက စာရေးစုတ်တံလည်း အကုန် ပြတ်သွားပြီ။ ဗီဒီယိုထဲကပါတဲ့ အမှတ်တရပစ္စည်းတွေကို ပြတိုက်ရဲ့ ယဉ်ကျေးမှုအရောင်းဆိုင်မှာ တင်လိုက်တာ။ တစ်မိနစ်အတွင်းမှာပဲ အကုန် ရောင်းကုန်သွားတယ်တဲ့။”

ယွီနျန့်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“ကျွန်တော်ကိုယ်တိုင်လည်း တစ်ခု အမိအရ လှမ်းဝယ်လိုက်သေးတယ်”

“မင်းရဲ့ လက်ဒီလောက်တောင် မြန်တာလား ဘယ်မှာလဲ... ငါ့ကိုပြဦး။ ငါ တကယ့်ပစ္စည်းအစစ်ကို မမြင်ရသေးဘူး!”

မုန့်ယွမ်က အံ့ဩတကြီး အော်သည်။

“ကျွန်တော် အဲဒါကို ပေးလိုက်တယ်...”

မုန့်ယွမ်က အလျင်အမြန်ပင် စကားဖြတ်လိုက်သည်။

“အိုကေ၊ အိုကေ၊ မင်း ဘယ်သူ့ကို ပေးလိုက်လဲဆိုတာ ငါသိပါပြီ။ ထပ်ပြောမနေနဲ့တော့။”




သူ အချိန်ကို တစ်ချက်ကြည့်ပြီး




“သတင်းထောက်တွေက အင်တာဗျူးတိုလေးတစ်ခုအတွက် အခုပဲ ရောက်တော့မယ်။ အဲဒါပြီးရင် တို့တွေ လေယာဉ်ပေါ် တက်လို့ရပြီ။”

ရှီရို့ ယွီနျန့်၏ ဆံပင်များကို သေသေချာချာ ပြင်ဆင်ပေးပြီးသည်နှင့် သတင်းထောက်များ ရောက်ရှိလာခဲ့သည်။ အင်တာဗျူး မေးခွန်းများမှာ ထိလွယ်ရှလွယ် ကိစ္စများ မဟုတ်သဖြင့် အဆင်ပြေချောမွေ့စွာပင် ပြီးဆုံးသွားသည်။




“ဒီတစ်ခေါက် ကျင်းမြို့ ကို ပွဲတက်ဖို့ သွားတာလားခင်ဗျာ”




ယွီနျန့်သည် အဖြူရောင် ဟူဒီနှင့် ဂျင်းဘောင်းဘီအနွမ်းလေးကို ဝတ်ဆင်ထားပြီး၊ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်နေပုံမှာ လန်းဆန်းတက်ကြွသော လူငယ်လေးတစ်ဦးအသွင် ပေါ်လွင်နေသည်။ သူက အင်္ကျီကော်လာက မိုက်ခရိုဖုန်းကို အဆင်ပြေအောင် ပြန်ပြင်ရင်း




“ဟုတ်ကဲ့ပါ၊ Funa Poetry သောက်ရေသန့်အဖွဲ့က ကျင်းမြို့က ရေအရင်းအမြစ်အခြေစိုက်စခန်းမှာ ပရဟိတအလုပ်တွေ လုပ်ဆောင်ဖို့ ရှိတယ်လေ။ ကျွန်တော်လည်း အဲဒီကို သွားမှာပါ။ ဒီကြော်ငြာကတစ်ဆင့် လူတွေအနေနဲ့ ရေအရင်းအမြစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သတိပြုမိလာကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အားလုံး ပါဝင်ကူညီကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ”




တင်ဆက်သူက ပြုံးလျက်




“ဟုတ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက အမြဲတမ်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲလေ။ ကျင်းမြို့အကြောင်း ပြောရရင်တော့... အဲဒီမှာ ရိုးရာမုန့်တွေနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီး ရှိတယ်နော်။ ယွီနျန့် အဲဒီကို ရောက်ရင် သေချာပေါက် မြည်းစမ်းကြည့်သင့်တယ်! မင်း အခုလောလောဆယ် စားချင်နေတဲ့အရာ ဒါမှမဟုတ် အကြိုက်ဆုံး ဟင်းပွဲ ရှိလားဟင်”




ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် မုန့်ယွမ် ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယွီနျန့်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး




“ဒီရက်ပိုင်းအတွင်း... ကျွန်တော် ကျောက်စရစ်သကြားခဲကို တကယ် သဘောကျနေတာပါ”




မုန့်ယွမ်နှင့် ရှီရို့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း မျက်နှာကို လက်ဖြင့် အုပ်လိုက်ကြသည် ။ သွားကိုက်တက်လာပြန်ပြီ!

သိပ်မကြာမီ လေယာဉ်ကွင်း အသံချဲ့စက်မှတစ်ဆင့် သတင်းကြေညာသံ ထွက်ပေါ်လာသည်။ မုန့်ယွမ် အချိန်ကို စစ်ဆေးကြည့်ပြီး သူတို့အနားသို့ တိုးကာ




“သွားရမယ့် အချိန်ရောက်ပြီ။ လေယာဉ်ပေါ်တက်ဖို့ လုပ်ငန်းစဉ်တွေ စတင်နေပြီ။”

_____________________________________________________________________

ရှင်းယောင် (Xingyao) အဆောက်အအုံ၏ ၅၁ ထပ်။




ချွိရှောက်ရန်သည် သမ်းဝေလိုက်ပြီး သူ၏စာစားပွဲပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် မှီချလိုက်ရင်း၊ ရှဲ့ယို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။




“မင်း မနက်စောစောကြီး ငါ့ရုံးခန်းကို ဘာလို့ ဒီလောက်တောင် စောစော ရောက်နေရတာလဲ”




ရှဲ့ယို့သည် သူ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသောအရာကို ချွိရှောက်ရန်ထံ ကမ်းပေးလိုက်ပြီး သတိပေးလိုက်သည်။




"ကြည့်ရုံပဲကြည့်၊ မထိနဲ့။"




ချွိရှောက်ရန်က မျက်လုံးကိုအပေါ်သို့ လှန်ပြလိုက်ရင်း "ဒါကို ဘယ်သူက စိတ်ဝင်စားလို့လဲ" ဟု ဆိုသည်။

သို့သော် ရှဲ့ယို့က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက လေသံကို ချက်ချင်းပြောင်းကာ




"အေးပါ... အေးပါ၊ မင်းကတော့ ဒါကို အသက်ထက်မြတ်နိုးတာပေါ့။ ဒါပေမဲ့ မင်း မနေ့ညကတင် ဒီအကြောင်းကို ငါ့ကို နှစ်ခေါက်တောင် လာကြွားပြီးပြီ မဟုတ်ဘူးလား"




ရှဲ့ယို့က ထိုစကားကို မကြားချင်ယောင်ဆောင်ကာ သူပြောချင်တာတွေ ဆက်ပြောဆဲ။




"ယွီနျန့်က ဒါကို ငါ့အတွက် အမိအရ လှမ်းဝယ်ပေးခဲ့တာ။ အထဲမှာ စတစ်ကာတွေ၊ သော့ချိတ်တွေ၊ ရေခဲသေတ္တာကပ် သံလိုက်တွေနဲ့"




ချွိရှောက်ရန် သူ၏နားနှစ်ဖက်ကို ပိတ်လိုက်ပြီး ကန့်ကွက်တော့သည်။

"ကြွားတဲ့ ပုံစံနည်းနည်းလောက် ပြောင်းလို့မရဘူးလား။ မင်း ဘယ်နေရာမှာ အသံပြင်းပြင်းပြောလဲ၊ ဘယ်နားမှာ ခဏနားလဲဆိုတာအထိ ငါအလွတ်ရနေပြီ!"




သူက အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်ပြန်သည်။




"ဒါနဲ့... ဒါနဲ့... မင်း အဲဒီ fan support တွေကို ဘယ်တုန်းက သင်လိုက်တာလဲ တစ်ခါထက်တစ်ခါ ပိုပြီးတော့တောင် ကျွမ်းကျင်လာပြီး ကောင်းကင်အထိ ရောက်တော့မယ်!"




ရှဲ့ယို့က အကြွားရပ်လိုက်ပြီး သူ၏လုပ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။




"တခြား အနုပညာရှင်တွေမှာလည်း အားပေးတဲ့သူ ရှိတာပဲ၊ ယွီနျန့်မှာလည်း ရှိသင့်တာပေါ့။"




"ကြည့်ရတာတော့ အဲဒီအတိုင်းပဲ! ဒါပေမဲ့ မင်းလုပ်ပုံက တကယ်ကြီးလွန်းတယ်။ ငါ Trending တွေကို စစ်ကြည့်တော့... အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့သူရဲ့ အားပေးမှုကြောင့် ယွီနျန့်ရဲ့ ဖန်တွေမှာ တခြားသူတွေနဲ့ ယှဉ်လို့မရတော့ဘူးလို့ ရေးထားကြတာ။ ဒါက တကယ့် ကပ်ဘေးတစ်ခုလိုပဲ၊ ဟားဟားဟား!"




ချွိရှောက်ရန် အခြေအနေကို သဘောကျနေပြီး တိုးတိုးလေး ကပ်မေးသည်။




"အခု ဟိုအဖိုးကြီး တင်းကျောက်ရှန်းလည်း မရှိတော့ဘူးဆိုတော့... ယွီနျန့်ကို ဘယ်လိုပုံစံနဲ့ ဖွင့်ပြောဖို့ စိတ်ကူးထားလဲ မင်းက အလောမကြီးရင်တောင် ငါက အလောကြီးနေပြီ!"




ထိုအခါ ရှဲ့ယို့သည် ဖုန်းထဲမှ အစီအစဉ်အပြည့်အစုံ ရေးသားထားသည်ကို ထုတ်ယူကာ သူ့ရှေ့သို့ ချပြသည်ကို မြင်လိုက်ရသည်။




"... မီးရှူးမီးပန်းတွေကို ၉ မိနစ်နဲ့ ၉ စက္ကန့် ဖောက်မယ်။ ဟယ်လီကော်ပတာ ကိုယ်ထည်ပေါ်မှာ နှင်းဆီပန်းတွေ ပုံဖော်မယ်။ လေထုထဲကို ပူဖောင်းပေါင်း ၉၉၉ လုံး လွှတ်တင်မယ်။ ပြီးတော့ ကြမ်းပြင်တစ်ခုလုံးကို နှင်းဆီပွင့်ဖတ်တွေနဲ့ လွှမ်းခြုံထားမယ်"




ချွိရှောက်ရန် စကားခေတ္တရပ်သွားပြီး ဆက်ဖတ်ကြည့်သည်။




"ရွေးချယ်စရာ နံပါတ်နှစ်... နွေဦးရဲ့ မနက်စောစောအချိန်၊ မိုအာနက်စ်မြစ်ဘေးမှာ ခရစ္စတယ်တွေနဲ့ လမ်းတစ်ခု ဖန်တီးမယ်... လမ်းရဲ့အဆုံးမှာတော့ နှင်းစက်တွေ စွတ်စိုနေတဲ့ နှင်းဆီတစ်ပွင့်ကို ချထားပြီး

‘မင်း မြင်တွေ့လိုက်ရတဲ့ အရာအပေါ် စိတ်ကျေနပ်ရဲ့လား’ လို့ မေးမယ်။"




ဒါတွေက ဘာစကားလုံးကြီးတွေလဲ




"ကျွန်းပေါ်မှာ နှင်းဆီပင်ပေါင်း ၉,၉၉၉ ပင်ကို စိုက်ပျိုးပြီး ‘LOVE’ ဆိုတဲ့ စာလုံးပုံဖော်မယ်။ သူ့ကို ကိုယ်ပိုင်လေယာဉ်နဲ့ ခေါ်သွားပြီး အထက်စီးကနေ ငေးကြည့်ခိုင်းမယ်။"




ချွိရှောက်ရန် ဆက်မဖတ်တော့ပေ။




"ကျွန်း မင်း လွန်ခဲ့တဲ့ နှစ်နှစ်က ဝယ်ထားတဲ့ ဟို ကိုယ်ပိုင်ကျွန်းကို ပြောတာလား"




ရှဲ့ယို့က "အင်း..." ဟု ပြန်ဖြေသည်။




ချွိရှောက်ရန် အောက်သို့ ဆက်ပြီး ဆွဲဖတ်ကြည့်လိုက်သောအခါ ဘာပြောရမှန်းပင် မသိတော့ပေ။ ရှဲ့ယို့တစ်ယောက် တိတ်တဆိတ်နှင့် နောက်ထပ် အရန်စီမံချက်ပေါင်း ၁၀ ခု၊ ၂၀ မက ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဒါပေမဲ့ ‘မင်း မြင်တွေ့လိုက်ရတဲ့ အရာအပေါ် စိတ်ကျေနပ်ရဲ့လား’ ဆိုတာကြီးက ဘာလဲ အဲဒီစကားလုံးက ဘာကို ဆိုလိုတာလဲ။

ချွိရှောက်ရန်က အလိုက်အထိုက်လေး မေးကြည့်သည်။




"မင်းကို ဒါတွေလုပ်ဖို့ ဘယ်အရာက စိတ်ကူးဉာဏ်ပေးခဲ့လဲဆိုတာ ငါ့ကို ပြောပြလို့ရမလား"




ရှဲ့ယို့က အမှန်အတိုင်း ပြန်ဖြေသည်။




"ငါ သက်ဆိုင်ရာ လမ်းညွှန်စာအုပ်တွေဖတ်ထားတာ။"




"မင်းက လမ်းညွှန်စာအုပ်တွေပါ ဖတ်တာလား အထင်ကြီးစရာပဲ ရှဲ့ရှောက်ယို့!"




ချွိရှောက်ရန်က သူ ဘယ်လိုစာအုပ်မျိုး ဖတ်လဲဆိုတာကို ထပ်မံမေးမြန်းရန် ပြင်စဉ်မှာပင်၊ သူ၏ဖုန်းထဲသို့ အရေးပေါ် သတင်းသတိပေးချက်တစ်ခု ရုတ်တရက် တက်လာသည်။

"ကျင်းမြို့ မှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွား" ချွိရှောက်ရန်၏ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူလျော့သွားပြီး စကားလုံးများပင် ဆက်မထွက်တော့ပေ။

တစ်ခဏအတွင်းမှာပင် ရှဲ့ယို့၏ လက်ချောင်းများမှာ တင်းခနဲ ဆုပ်ကိုင်မိသွားပြီး၊ လက်ထဲက သော့ချိတ်၏ ချွန်ထက်သော အစွန်းများက သူ၏လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စူးဝင်သွားသည်။

ချွိရှောက်ရန် အသံကို အတတ်နိုင်ဆုံး ညှစ်ထုတ်ကာ အက်ကွဲခြောက်ကပ်သော လေသံဖြင့် မေးလိုက်သည်။


"ယွီနျန့်... သူ အခု ကျင်းမြို့မှာ ရှိနေတာ မဟုတ်ဘူးလား"









Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...