အခန်း (၆၄) မင်းကို ငါ ရှာတွေ့ခဲ့ပြီ
ငလျင်လှုပ်ခတ်ချိန်တွင် ယွီနျန့်သည် ဒေသခံလမ်းပြတစ်ဦး၏ ဦးဆောင်မှုဖြင့် ရေအရင်းအမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေခဲ့သည်။
လမ်းပြအမျိုးသား၏အမည်မှာ ရန်ရှူး ဖြစ်ပြီး တောင်လမ်းများကို ကျွမ်းကျင်သော ဒေသခံတစ်ဦး ဖြစ်သည်။ ရန်ရှူးက လမ်းလျှောက်ရင်း သိပ်ပြီးမကျွမ်းကျင်လှသော မန်ဒရင်းဖြင့် ရှင်းပြပေးသည်။
"ဒီနေရာပါပဲ။ ဒီဘက်တောင်တန်းတွေထဲမှာ ရေခဲမြစ်ရဲ့ အကြွင်းအကျန်တွေရှိတော့ တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းနေတာ။ ဒီနယ်မြေပတ်ပတ်လည်က လူသူမရှိတဲ့ ဇုန်တွေလေ။ ဒီကို သုတေသနလာလုပ်ကြတဲ့ ပညာရှင်တွေပြောတာတော့... ဒါက တောင်မြင့်က နှင်းအရည်ပျော်ရည်တွေ၊ မိုးရေတွေနဲ့ မြေအောက်စမ်းချောင်းတွေက သဘာဝအတိုင်း သစ်ပင်တွေ၊ မြေဆီလွှာတွေနဲ့ ဂရန်းနိုက်ကျောက်တုံးတွေကို ဖြတ်သန်းပြီး သန့်စင်သွားတာတဲ့။ ဆွဲငင်အားနဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့် ကျောက်ဆောင်အက်ကွဲကြောင်းတွေထဲကနေ စီးထွက်လာတာပေါ့။ ရေထဲမှာ သဘာဝ သတ္တုဓာတ်တွေ အများကြီး ပါတယ်လေ။ ကျွန်တော် ငယ်ငယ်တုန်းကဆို ရွာထဲမှာ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ရွာလူကြီးက သန်မာတဲ့ လူငယ်တွေကို တောင်ပေါ်လွှတ်ပြီး ဒီကရေကို ပုံးနဲ့ သွားခပ်ခိုင်းတာ။ ယူလာပြီး လူမမာကို တိုက်လိုက်ရင် ရောဂါက တစ်ဝက်လောက် ချက်ချင်း သက်သာသွားတာပဲ"
ယွီနျန့်သည် ကမ်းပေးလာသော ဝါးကျည်တောက်လေးကို ယူကာ ကြည်လင်နေသော ရေကန်လေးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ ရေတစ်ဝက်ခန့် ခပ်ယူကာ မြည်းစမ်းကြည့်ပြီး ဝမ်းသာအားရ ဖြစ်သွားသည် ။
"အို... ရေက အချိုရိပ်သဲ့သဲ့လေး ပါနေတာပဲ!"
"ဟုတ်တယ်၊ လူကြီးတွေပြောတာတော့ ဒီရေက တောင်စောင့်နတ်မင်းရဲ့ ကျောက်ဖလားထဲက စီးကျလာတဲ့ နတ်သုဒ္ဓါတဲ့ဗျာ၊"
ရန်ရှူးက မျက်စိလေးမှေးကာ ပြုံးသည်။
"ဒါက ပုံပြင်မှန်း ကျွန်တော်သိပေမဲ့ အခုတော့ အိမ်က မျောက်လွှဲကျော်လေး နှစ်ကောင်ကိုလည်း ဒီအတိုင်းပဲ ပြန်ပြောပြတယ်လေ။ လူကြီးတွေကတော့ တို့တွေ သဘာဝတရားအပေါ် ရိုသေလေးစားမှု ရှိရမယ်လို့ အမြဲ ဆုံးမခဲ့ကြတာ"
"ဟုတ်ပါတယ်၊ အဲဒါ အမှန်ပါပဲ။"
ယွီနျန့် ဝါးကျည်တောက်ထဲသို့ ရေထပ်ခပ်ကာ အဖုံးသေချာပိတ်လိုက်သည်။ သူက ဒါကို ရှဲ့ယို့အတွက် မြည်းစမ်းကြည့်ဖို့ ယူဆောင်သွားရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ သူ အချိန်ကို စစ်ဆေးကြည့်ပြီး
"အန်ကယ်ရန်... ကျွန်တော့်ကို ပြန်လိုက်ပို့ပေးလို့ ရမလားဟင်။ ပွဲကျင်းပမယ့်နေရာကို ပြင်ဆင်လို့ ပြီးလောက်ပြီထင်တယ်။ နောက်ကျသွားရင် အလုပ်တွေ နှောင့်နှေးကုန်မှာစိုးလို့ပါ"
"ရတာပေါ့၊ လမ်းလျှောက်ရင် ခြေလှမ်းကို သတိထားနော်။ ဒီကနေ အပေါ်ပြန်တက်ဖို့ဆိုရင် ခုနက ဆင်းလာတဲ့ လမ်းကျဉ်းလေး တစ်လမ်းပဲ ရှိတာ။ လမ်းက သိပ်မကောင်းဘူး။ တို့တွေ..."
အတိအကျပင် ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ငှက်က စူးစူးဝါးဝါး အော်ဟစ်လာကြပြီး၊ အတောင်ပံခတ်သံများမှာ မကောင်းသော အတိတ်နိမိတ်တစ်ခုအလား ညံစီသွားတော့သည်။ ထို့နောက် ခြေဖဝါးအောက်ရှိ မြေပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။ အစပိုင်းတွင် ယွီနျန့်သည် သူကိုယ်တိုင် ခြေလှမ်းမမြဲဘဲ ကျောက်တုံးတွေ လှုပ်နေသည်ဟု ထင်ခဲ့သော်လည်း၊ ရန်ရှူး၏ ထိတ်လန့်တုန်ရီနေသော အသံဖြင့်
"တောင်စောင့်နတ်မင်း အမျက်ထွက်ပြီ!" ဟု အော်ဟစ်သံကို ကြားလိုက်ရသောအခါမှ ငလျင်လှုပ်နေခြင်းဖြစ်မှန်း သတိပြုမိပါတော့သည်။
တဝုန်းဝုန်း ကျယ်လောင်သော အသံပေါင်းများစွာနှင့်အတူ၊ အပေါ်က ကျောက်ဆောင်များနှင့် မြေကြီးများက လှိမ့်ဆင်းလာပြီး သူတို့ရှေ့က ရေကန်ကြည်လေးထဲသို့ ပြုတ်ကျကာ ရေလှိုင်းကြီးများ တကြွလှုပ်ခတ်ဘောင်ဘင်ခတ်သွားသည်။
ယွီနျန့် တုံ့ပြန်မှု မြန်ဆန်စွာဖြင့် ရန်ရှူး၏ လက်မောင်းကို ဆွဲကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်သော်လည်း၊ သူ၏ အဝတ်အစား တစ်ဝက်ခန့်မှာ ရေစိုသွားခဲ့သည်။ အတော်ကြာအောင် လှုပ်ခါပြီးနောက်တွင်မှ ငလျင်ဒဏ်မှာ ငြိမ်သက်သွားပြီး၊ သူတို့နှစ်ဦး လက်ချင်းလွှတ်လိုက်ကြစဉ် ရင်ထဲတွင် ကြောက်စိတ်များ ကျန်ရစ်နေဆဲပင်။
ယွီနျန့် သူ၏အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်ရာ၊ မူလကတည်းက တောင်ပေါ်တွင် လိုင်းသိပ်မမိသဖြင့် အခုဆိုလျှင် လုံးဝ လိုင်းပျောက်သွားခဲ့ပြီ ဖြစ်သည်။ ရန်ရှူးသည် သူတို့ ဆင်းလာခဲ့သည့် လမ်းဘက်သို့ ပြေးသွားကြည့်ပြီး အသက်ရှူမဝဘဲ ပြန်ပြေးလာသည်။
"မကောင်းတော့ဘူး၊ လမ်းပြိုကျသွားပြီ။ လမ်းတစ်ခုလုံးကို အပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးကြီးတွေနဲ့ ပိတ်မိနေတာ ဘယ်လောက်တောင် မြင့်မလဲမသိဘူး။ တို့နှစ်ယောက်တည်းနဲ့တော့ ဒါတွေကို လုံးဝ ဖယ်လို့မရဘူး။ အပေါ်ကို ပြန်တက်လို့ မရတော့ဘူး!"
ယွီနျန့် ခဏမျှ စဉ်းစားကြည့်သည်။ ပွဲကျင်းပမယ့်နေရာက အခြေအနေ ဘယ်လိုရှိမလဲ၊ ဘယ်သူတွေများ ဒဏ်ရာရသွားမလဲဆိုတာကို သူ စိုးရိမ်မိသည်။ သူက ရန်ရှူးကို
"ကံကောင်းတာက ကျွန်တော်တို့နှစ်ယောက်လုံး ဒဏ်ရာမရခဲ့တာပဲလေ။ ဒီလောက် ပြင်းထန်တဲ့ ငလျင်ဆိုရင်တော့ ကယ်ဆယ်ရေးအဖွဲ့တွေ သေချာပေါက် လာကြမှာပါ။ စိတ်မပူပါနဲ့နော်" ဟု အားပေးလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်! ခုနကတော့ ငါ တအားလန့်သွားတာ၊ အခုမှ စိတ်နည်းနည်း အေးသွားတယ်၊"
ရန်ရှူး သူ၏ရင်ဘတ်ကို ပုတ်ရင်း၊ အလေးအနက် အမူအရာဖြင့် အရှေ့ဘက်သို့ ဦးချလိုက်သည်။ ထို့နောက် သူက အနည်းငယ် အားနာဟန်ဖြင့် မျက်လုံးဖွင့်ကာ
"ဒါက တို့ရွာက လူကြီးတွေ သင်ပေးထားတဲ့ တောင်စောင့်နတ်မင်းကို ပူဇော်တဲ့ ရိုးရာအလေ့အထမို့ပါ" ဟု ဆိုသည်။
ယွီနျန့် မတ်မတ်ရပ်လိုက်ပြီး ရန်ရှူး၏ လုပ်ဆောင်ချက်အတိုင်း လိုက်လံကာ၊ အရှေ့ဘက်သို့ သေသေချာချာနှင့် စနစ်တကျ ဦးချလိုက်သည်။
"ဒီလိုမျိုး လုပ်ရတာလားဟင်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အတိအကျပဲ!"
တောင်စောင့်နတ်မင်းကို ပူဇော်ပြီးနောက်၊ သူတို့နှစ်ဦးစလုံး ကျောက်ဆောင်များပေါ်တွင် ထိုင်လိုက်ကြသည်။ နောက်ဆက်တွဲ ငလျင်များ ရှိလာပါက ကျောက်တုံးများ ပိမှာစိုးသဖြင့် တောင်နံရံနှင့် နီးကပ်စွာ မထိုင်ရဲကြပေ။ရန်ရှူး၏ လေသံမှာ အနည်းငယ် တုံ့ဆိုင်းနေသည်။
"မင်းက ငါ့ကို အယူသီးတယ်ဆိုပြီး လှောင်ပြောင်လိမ့်မယ်လို့ ထင်နေတာ"
ယွီနျန့် လက်ထဲက မြက်ပင်လေးကို လှုပ်ခါရင်း ပြုံးပြလိုက်သည်။
"ကျွန်တော်လည်း ဦးလေးနဲ့အတူ တောင်စောင့်နတ်မင်းကို ပူဇော်လိုက်တော့ စိတ်ထဲမှာ အများကြီး ပိုပြီး နေလို့ကောင်းသွားပါတယ်။ တို့တွေရဲ့ စိတ်ရင်းကို တောင်စောင့်နတ်မင်း မြင်ပြီး တကယ်ပဲ ကာကွယ်စောင့်ရှောက်ပေးမှာပါ"
ရန်ရှူးက ခေါင်းကို တရစပ်ညိတ်ပြပြီး သက်ပြင်းချသည်။
"ငလျင်လှုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"
ယွီနျန့် ရင်ထဲတွင် လေးလံသွားသည်။ ခုနက လှုပ်ခါသွားသည့် ပြင်းအားကို ကြည့်ရသလောက်တော့ ငလျင်ပြင်းအား ပမာဏက အတော်လေး မြင့်မားနိုင်သည်။ သို့သော် ဗဟိုချက်က ဘယ်မှာလဲ သို့မဟုတ် အပြင်က အခြေအနေ ဘယ်လိုရှိလဲဆိုတာကို သူတို့ မသိနိုင်ပေ။ သူ ဖုန်းကို နောက်ထပ်တစ်ကြိမ် ထုတ်စစ်ကြည့်သော်လည်း လိုင်းကတော့ လုံးဝ မရှိသေးသဖြင့် လက်လျှော့လိုက်တော့သည်။
သူတို့နှစ်ဦးစလုံး ဟိုဟိုဒီဒီ မသွားရဲကြဘဲ ထိုနေရာမှာတင် ထိုင်ရင်း၊ ပတ်ဝန်းကျင်ကို သတိနဲ့ အကဲခတ်ကာ စကားပြောစရာ ခေါင်းစဉ်များကို ရှာကြသည်။
"အန်ကယ်ရန်မှာ ကလေးနှစ်ယောက် ရှိတာပေါ့နော်"
"ဟုတ်တယ်၊ ငါက ကလေးရတာ နောက်ကျတာ။ အမြွှာလေးတွေလေ၊ နှစ်ယောက်လုံး ယောက်ျားလေးတွေ။ အခု မူလတန်းတက်နေကြပြီ၊ စာတော့ တော်ကြပါတယ်၊ ဒါပေမဲ့ တအားဆိုးတော့ တစ်ခါတည်း ရိုက်ပစ်ချင်စိတ် ပေါက်လာတာပဲ!"
ရန်ရှူး မိသားစုအကြောင်း ပြောလိုက်ရသောအခါ သူ၏အပြုံးများ ချက်ချင်း နူးညံ့သွားပြီး ဖြူဖျော့နေသော နှုတ်ခမ်းများပေါ်တွင် အရောင်အသွေး ပြန်လည် စိုပြည်လာသည်။ ထို့နောက် သူက ယွီနျန့်ကို "မင်းကော ဘယ်လိုလဲ ချစ်သူ ရှိနေပြီလား" ဟု မေးသည်။
"မရှိသေးပါဘူး၊ ဒါပေမဲ့ သဘောကျရတဲ့သူတော့ ရှိပါတယ်။"
ယွီနျန့် လက်ထဲက ဝါးကျည်တောက်လေးကို ညွှန်ပြလိုက်သည်။
"ဒါကို သူ့အတွက် မြည်းစမ်းကြည့်ဖို့ သီးသန့် ယူသွားမလို့ပါ"
"ကောင်းတယ်၊ ကောင်းတယ်။ မင်းက တကယ် နှလုံးသား နူးညံ့တဲ့သူပဲ။ မင်းရဲ့ နောင်ရေးလက်တွဲဖော်ကတော့ တကယ် ကံကောင်းမှာပဲ!"
ရန်ရှူး စိုးရိမ်စိတ်များ လျော့ပါးသွားပြီး တောင်ပေါ်က ပုံပြင်မျိုးစုံကို ဆက်လက် မျှဝေနေပါတော့သည်။ စကားပြောရင်း ရန်ရှူးက သက်ပြင်းချလျက် သူ၏စိုးရိမ်စိတ်များကို ထိန်းချုပ်ကာ
"ဒီငလျင်ကြောင့် လူဘယ်နှယောက်လောက်များ ဒုက္ခရောက်ကုန်ကြမလဲ မသိဘူးနော်" ဟု ဆိုသည်။
"ဟုတ်ပါရဲ့…"
ယွီနျန့် လက်ထဲက မြက်ပင်လေးကို ဆွဲနှုတ်ရင်း အတွေးပွားနေမိသည်။ ရုတ်တရက် အဘိုးဖြစ်သူ အရင်က သူ့ကို သင်ပေးခဲ့ဖူးသည့် စာသားလေးတစ်ခုကို ပြန်လည်သတိရမိသည်။
“ပုစဉ်းရင်ကွဲတစ်ကောင်ဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှင်သန်ရသလိုပဲ၊ အဆုံးမဲ့တဲ့ ပင်လယ်ပြင်ကြီးထဲက သဲပွင့်တစ်ပွင့်လိုမျိုး သေးငယ်လှပါတယ်။”
ဒီလောကကြီးထဲမှာ လူသားတွေဟာ တကယ်ကို သေးငယ်ပြီး နုနယ်လွန်းလှပါတယ်တကား။
ရန်ရှူး သူ၏မျက်နှာကို ပုတ်ကာ အရင်ဆုံး ထရပ်လိုက်သည်။
"အခုလောလောဆယ် ဒီအကြောင်းတွေကို ထပ်မတွေးကြေးစို့။ မင်း ဒီမှာ ခဏစောင့်နေနော်။ ငါ သွားပြီး ငါးဖမ်းလာခဲ့မယ်။ တို့တွေ ဗိုက်ဆာမခံဘဲ အသားကင်စားပြီး ဝမ်းဖြည့်ထားကြရအောင်! အပေါ်ကို ဘယ်အချိန်မှ ပြန်တက်ရမလဲ မသိဘူးလေ"
ယွီနျန့်လည်း ချက်ချင်း ထရပ်လိုက်သည်။
"ကျွန်တော်လည်း အတူတူ လိုက်ခဲ့ပါ့မယ်ခင်ဗျာ။ ပညာရပ်တွေကို လေ့လာဖို့ အခွင့်အရေးကောင်းပဲလေ!"
သူတို့ ထိုနေရာတွင် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်သွားသည့်အထိ ရှိနေခဲ့ကြပြီး၊ ဘေးပတ်ပတ်လည်မှာ တိတ်ဆိတ်လွန်းနေသည်။ ထိုအတောအတွင်း နောက်ဆက်တွဲ ငလျင် သုံးကြိမ်ခန့် ထပ်မံလှုပ်ခါခဲ့သဖြင့် ကျောက်တုံးများနှင့် မြေကြီးများစွာ ထပ်မံ ပြုတ်ကျခဲ့သည်။ သူတို့နှစ်ယောက်လုံးအတွက် လေလုံပြီး ဘေးကင်းမည့် နေရာတစ်ခုကို ရှာဖွေကာ မီးပုံဖိုလိုက်ကြသည်။ တောင်ပေါ်က အေးစက်စက် လေထုကြားတွင် ထိုမီးပုံလေးဖြင့် အပူရှိန် ယူနေကြရသည်။
"ဒီနေ့ နေ့လယ်က ဖမ်းမိတဲ့ ငါးတွေက သေးလွန်းတယ်။ တို့တွေ အများကြီး စားလိုက်ရပေမဲ့ ဗိုက်ကတော့ သိပ်မဝချင်ဘူး၊"
ရန်ရှူး အင်္ကျီကို တင်းတင်းပတ်ထားရင်း ညည်းတွားသည်။
"ငါ့မိန်းမနဲ့ ကလေးတွေ ဘယ်လိုနေကြလဲ မသိဘူး၊ သူတို့တွေ ငိုနေကြမလားပဲ"
ယွီနျန့်သည် လက်ထဲက သစ်ကိုင်းလေးဖြင့် မီးပုံကို ထိုးဆွရင်း၊ ယွီချင်းနှင့် ရှဲ့ယို့တို့ ဘယ်လို ခံစားနေရမလဲ၊ မုန့်ယွမ်နှင့် ရှီရို့တို့ကော ဘယ်လိုရှိမလဲဆိုတာကို လိုက်ပြီး တွေးတောနေမိသည်။
တောင်ပေါ်တွင်။
ချွိရှောက်ရန် အနွေးထည်အထူကြီးကို ပတ်ထားရင်း ချမ်းလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီလျက် စကားဆိုသည်။
"ညဘက် တောင်ပေါ်မှာ တကယ် အေးတာပဲကွာ! အေးစက်စက် လေတွေက အရိုးထဲအထိ စိမ့်ဝင်နေတာပဲ!"
သူသည် ရှဲ့ယို့၏ ဘေးတွင်ရပ်ရင်း၊ နှစ်ယောက်သား လုပ်ငန်းခွင် ရှင်းလင်းနေမှုကို စိုက်ကြည့်နေကြသည် ။
"ကျွမ်းကျင်ပညာရှင်တွေက ဘာပြောလဲဟင်"
ရှဲ့ယို့ကတော့ လုံးဝ မလှုပ်မယှက်ဘဲ ကျောက်တုံးတွေကို ဖယ်ရှားနေသည့် စက်ပစ္စည်းများဆီသို့သာ အကြည့်ကို စူးစိုက်ထားသည်။ သူ၏ မျက်တောင်လေးများပေါ်တွင်ပင် အေးစက်စက် မြူနှင်းများ ကပ်ငြိနေသည့်အလား။ သူက အက်ကွဲခြောက်ကပ်သော လေသံဖြင့်
"မိုးမလင်းခင် လမ်းကို အပြတ်ရှင်းခိုင်းမယ်" ဟု ဆိုသည်။
သူ၏ အက်ကွဲနေသော အသံကို ကြားရပြီး၊ အဝတ်အစားပါးပါးလေးကိုသာ ဝတ်ဆင်ကာ သံမဏိတုံးကြီးတစ်ခုလို အတင်းအောင့်အီးရပ်နေသည့် သူ၏ပုံစံကို ကြည့်ပြီး၊ တစ်ချက်လောက် စိတ်လျှော့လိုက်ရုံနဲ့တင် လဲပြိုသွားတော့မည့်အတိုင်း ဖြစ်နေသဖြင့် ချွိရှောက်ရန် စိုးရိမ်သွားသည်။
"မင်းအတွက် အနွေးထည် သွားယူပေးရမလား"
"မလိုဘူး"
"အေးပါ၊"
ချွိရှောက်ရန် အချိန်ကို တစ်ချက်ကြည့်ပြီး အားပေးစကားကို ကြိုးစားပြောပေးနေဖြစ်သည်။
"စိတ်မပူပါနဲ့ကွာ။ အကောင်းဆုံး ကယ်ဆယ်ရေး ပညာရှင်တွေရော၊ အကောင်းဆုံး စက်ပစ္စည်းတွေပါ ဒီကို ရောက်နေတာပဲဟာ။ ဆေးဘက်ဆိုင်ရာ အထောက်အကူတွေလည်း အစုံအလင် ပြင်ဆင်ထားပြီးသား။ အရာအားလုံးက အဆင်သင့်ပဲလေ။ ပြီးတော့ သူတို့က ဒေသခံလမ်းပြနဲ့အတူ ရှိနေတာဆိုတော့... ယွီနျန့် သေချာပေါက် ဘာမှမဖြစ်ဘဲ ဘေးကင်းမှာပါ"
ရှဲ့ယို့ မှောင်မည်းနေသော တောင်တန်းကြီး၏ အဝန်းအဝိုင်းကိုသာ စိုက်ကြည့်ရင်း လေသံကို နှိမ့်ကာ "သူ တအား အေးနေလိမ့်မယ်" ဟု ဆိုသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချွိရှောက်ရန် နောက်ထပ် ဘာမှထပ်မပြောတော့ပေ။ သူ လက်လှမ်းကာ ရှဲ့ယို့၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
"ငါ မင်းနဲ့အတူ ဒီမှာပဲ စောင့်ပေးမယ်။"
ညဉ့်နက်လာသည်နှင့်အမျှ တောင်ပေါ်က အပူချိန်မှာ ပိုမိုဆိုးရွားလာသည်။ ချွိရှောက်ရန် လက်နှစ်ဖက်ကို အပူပေးရင်း... သတင်းကြားကြားချင်း ရှဲ့ယို့၏ ဖြူဖျော့သွားသော မျက်နှာပေး၊ တုန်ရီနေသော လက်များဖြင့် ဖုန်းကို အသည်းအသန် ခေါ်ဆိုနေပုံနှင့် ရုံးခန်းထဲကနေ ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် ပြေးထွက်လာခဲ့ပုံများကို ပြန်လည် တွေးတောနေမိသည်။
သူသည် လမ်းခရီးတစ်လျှောက်လုံးတွင် အလုပ်အားလုံးကို ဘေးဖယ်ထားခဲ့ပြီး သူအသုံးပြုနိုင်သမျှ အင်အားနှင့် အရင်းအမြစ်အားလုံးကို စုစည်းကာ... ယွီနျန့် ရှိနေမည့်နေရာဆီသို့ အမြန်ဆုံးနှုန်းဖြင့် အရောက်လာခဲ့ခြင်း ဖြစ်သည်။ လမ်းကို ကျောက်တုံးကြီးတွေ ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး စက္ကန့်ပိုင်းမျှ တောင့်တင်းသွားခဲ့ပြီး မျက်ဝန်းများမှာလည်း သွေးတက်မတတ် ရဲရောင်သွားခဲ့သည်။ အကယ်၍ ချွိရှောက်ရန်သာ သူ့ကို အတင်းဆွဲမထားခဲ့ပါက သူကိုယ်တိုင် ထိုနေရာတွင် ဝင်ပြီး ကျောက်တုံးတွေကို လိုက်ဖယ်နေမိလောက်သည်။
ရှဲ့ယို့၏ တင်းမာနေသော မျက်နှာထားနှင့် ဖြူလျော့နေသော နှုတ်ခမ်းများကို ကြည့်ရင်း... ရှဲ့ယို့၏ ယွီနျန့်အပေါ် ထားရှိသော ခံစားချက်မှာ သူထင်ထားသည်ထက် ပိုမိုနက်ရှိုင်းနေပြီ ဖြစ်မှန်း ချွိရှောက်ရန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ဒါက ဟော်မုန်းကြောင့်ဖြစ်ရတဲ့ ခေတ္တစိတ်လှုပ်ရှားမှုမျိုး မဟုတ်သလို ခဏတာ ရင်ခုန်ရုံသက်သက်မျိုးလည်း မဟုတ်ပေ။ ဒါက နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အမြစ်တွယ်နေသည့် တကယ့် ဂရုစိုက်မှုစစ်စစ် ဖြစ်ပြီး အနည်းငယ်မျှ ထိခိုက်မိရုံနဲ့တင် ပြင်းပြင်းထန်ထန် နာကျင်ရမည့် အခြေအနေမျိုး ဖြစ်သည်။
ချွိရှောက်ရန် ရှဲ့ယို့၏ အေးစက်နေသော လက်ကို ကိုင်ကြည့်လိုက်သည်။
"လက်ကို သိပ်ပြီး တင်းတင်းမဆုပ်ထားပါနဲ့ကွာ။ မင်းရဲ့ လက်သည်းတွေကြောင့် လက်ဖဝါးမှာ သွေးတွေ ထွက်ကုန်ရင်... ဒါကို ယွီနျန့် မြင်သွားတဲ့အခါ သူ ဘယ်လောက်တောင် ရင်နာရမလဲ မင်းစဉ်းစားဖူးလား" ဟု တိုးတိုးလေး ဆိုလိုက်သည်။
ရှဲ့ယို့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ ဘယ်လောက်ကြာအောင် တင်းတင်းဆုပ်ထားမှန်းမသိရသော လက်သီးကြီးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။
ချွိရှောက်ရန် သက်ပြင်းတစ်ချက်ချကာ
"တောင်အောက်ကနေ ခုနတင် သတင်းရတယ်။ မုန့်ယွမ်က လက်မှာ ဒဏ်ရာရသွားပြီး၊ ယွီနျန့်ရဲ့ အကူကတော့ ခြေကျင်းဝတ် လည်သွားတယ်တဲ့။ ဆေးကုသမှု ခံယူပြီးကြပြီဆိုတော့ မစိုးရိမ်ရပါဘူး။ အခြေအနေ ပိုပြီး ရှုပ်ကုန်မှာစိုးလို့ သူတို့ကို တောင်အောက်မှာပဲ နားခိုင်းထားတယ်။ ယွီချင်းကလည်း သတင်းကြားကြားချင်း အသည်းအသန် ပြန်လာနေတာ။ ဒါပေမဲ့ သူမရှိတဲ့ ရိုက်ကွင်းက အရမ်းဝေးတော့ မနက်ဖြန် နေ့လယ်လောက်မှ ရောက်လိမ့်မယ်။ ငါဒီမှာ ရှိနေမှန်း သူသိတော့... လူတွေကို ရှာတွေ့တာနဲ့ သူ့ကို ချက်ချင်း အကြောင်းကြားပေးပါလို့ မှာထားတယ်"
စကားအနည်းငယ် ထပ်ပြောပြီးနောက်၊ ချွိရှောက်ရန်သည် ပန်းပုရုပ်တစ်ခုလို နှုတ်ခမ်းကို တင်းတင်းပိတ်ထားသည့် ရှဲ့ယို့ကို တံတောင်နှင့် အသာတို့လိုက်သည်။
“ဘာမှမပြောဘဲ ငြိမ်မနေပါနဲ့ဦး။ မင်းရဲ့ အခြေအနေကို ကြည့်ပြီး ငါ တကယ် စိုးရိမ်လာလို့ပါ"
ထိုအခါမှ ရှဲ့ယို့က စကားစလာသည်။
"ငါ... ဘာမှမဖြစ်ပါဘူး"
ဘာမှမဖြစ်ဘူးလို့ ပြောနေတာကို ဘယ်သူက ယုံမှာလဲ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူက အရင်လို မဟုတ်တော့ပေ။ ချွိရှောက်ရန် သူ၏အမူအရာကို သေသေချာချာ အကဲခတ်သော်လည်း ဘာကိုမှ ရိပ်မိအောင် မကြည့်နိုင်ပေ။ စိတ်ထဲကနေ သက်ပြင်းချရင်း သူ ထပ်ပြီး အတင်းအကျပ် မမေးတော့ပေ။
အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်မှ၊ ရှဲ့ယို့၏ အက်ကွဲနေသော အသံ ထွက်ပေါ်လာသည်။
"ရှောက်ရန်... သူ ဘာမှမဖြစ်ဘဲ အဆင်ပြေမှာ ဟုတ်တယ်မလား သူက... ငါ့အစ်ကိုတို့၊ ငါ့အဖေတို့လိုမျိုး... ငါ့ရှေ့ကနေ တိတ်တဆိတ် ထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့တာမျိုး... မဖြစ်လောက်ဘူးမလားဟင်"
ထိုစကားလုံးများက တောင်ပေါ်က လေပြင်းများနှင့်အတူ လွင့်ပျယ်သွားရသည်။
ချွိရှောက်ရန်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။ အရင်တုန်းက ရှဲ့လီအက်စီးဒင့်ဖြစ်ပွားခဲ့သည့် သတင်းကို ကြားရစဉ်က... ရှဲ့ယို့တစ်ယောက် ဇဝေဇဝါမျက်နှာပေးဖြင့် သူ့ကို မော့ကြည့်ကာ ‘ရှောက်ရန်... ဒါက အစစ်မဟုတ်ဘူးမလား ငါရေးထားတဲ့ သီချင်းအသစ်ကို လာနားထောင်မယ်လို့ အစ်ကိုက ကတိပေးထားတာလေ။ အဲဒီတော့... ဒါက မဟုတ်ပါဘူးမလားဟင်’ ဟု မေးခဲ့ဖူးသည်ကို သူ ပြန်လည် သတိရမိသည်။
သူ လည်ချောင်းထဲက တစ်ဆို့မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း၊ တမင်တကာ ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ခေါင်းကို တရစပ်ညိတ်ပြလိုက်သည်။
"ဒါပေါ့ကွာ၊ ယွီနျန့် သေချာပေါက် ဘာမှမဖြစ်ပါဘူး၊ ရာနှုန်းပြည့် ဘေးကင်းမှာပါ"
ခဏအကြာတွင် ရှဲ့ယို့က တိုးတိုးလေး "အင်း..." ဟု ပြန်လည်အသံပြုလိုက်ပါတော့သည်။
မီးပုံလေးမှာ ငြိမ်းသက်သွားပြီဖြစ်ပြီး၊ မှောင်မည်းမှုကြားတွင် မီးပွားလေးအနည်းငယ်သာ တလက်လက် ကျန်ရှိနေတော့သည်။ ယွီနျန့်မှာ အိပ်လို့မရ ဖြစ်နေစဉ်၊ ရန်ရှူးတစ်ယောက် ဟိုဘက်ဒီဘက် အကြိမ်ကြိမ် လူးလှိမ့်နေသည်ကို သတိပြုမိသဖြင့် အသာအယာ စကားစလိုက်သည်
"အန်ကယ်ရန်... အိပ်လို့မရဘူးလားဟင်"
"မင်းကော မအိပ်သေးဘူးလား"
ရန်ရှူး ထထိုင်လိုက်ရင်း ကိုယ်ပေါ်က မြက်ခြောက်လေးတွေကို ခါထုတ်လိုက်သည်။
"အမှန်အတိုင်း ပြောရရင်... စိတ်ထဲမှာ အရမ်းရှုပ်ထွေးနေတာ။ မျက်စိမှိတ်လိုက်တိုင်း ငါ့မိန်းမနဲ့ ကလေးတွေ သွေးအိုင်ထဲ လဲနေတာကိုပဲ မြင်နေရလို့ ဘယ်လိုမှ အိပ်လို့မရဘူးဗျာ"
ယွီနျန့် သူ၏ဖုန်းကို ထုတ်ကြည့်လိုက်သော်လည်း လိုင်းကတော့ လုံးဝ မရှိသေးပေ။ သူ စခရင်ကို ပြန်ပိတ်လိုက်ပြီး စကားဆက်သည်။
"စိတ်ကောင်းရှိတဲ့သူတွေက ဘေးကင်းတတ်ပါတယ်ခင်ဗျာ။ ကောင်းကင်ကြီးက အားလုံးကို စောင့်ကြည့်နေမှာပါ"
"ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့ကလေးနှစ်ယောက်က ဆိုးပေမဲ့ စိတ်ထားတော့ တအားကောင်းကြတာ။ ကျောင်းဆင်းရင် လမ်းဘေးမှာ ဒဏ်ရာရနေတဲ့ ငှက်ကလေးတွေကို တွေ့ရင် အိမ်ကို သေသေချာချာ ယူလာပြီး၊ ဒဏ်ရာပျောက်တော့မှ တောင်ပေါ် ပြန်လွှတ်ပေးတတ်တာလေ။ ငါ့မိန်းမလည်း အတူတူပဲ... အိမ်နီးနားချင်းတွေ အကူအညီလိုရင် ဘယ်တော့မှ ပျင်းမနေဘဲ အမြဲ ကူညီပေးတတ်တာ..."
ယွီနျန့် ပတ်ဝန်းကျင်က အသံတွေကို နားစွင့်ရင်း
"ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေလောက်ပြီထင်တယ်ဗျာ။ ကျွန်တော် စက်ပစ္စည်းတွေရဲ့ အသံကို ကြားနေရသလိုပဲ။ မိုးလင်းရင်တော့ တို့တွေ သေချာပေါက် အပေါ်ကို ပြန်တက်ခွင့်ရတော့မှာပါ"
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့၊ အဲဒါဆိုရင်တော့ ကောင်းတာပေါ့။"
ရန်ရှူး ခေါင်းညိတ်ရင်း ဆက်ပြောသည်။
"သဘာဝဘေးအန္တရာယ်တွေနဲ့ ကပ်ဘေးတွေဆိုတာ ကြိုတင်ခန့်မှန်းလို့ မရဘူးလေ။ ဘယ်သူသိမှာလဲ... တို့တွေ တစ်နေ့ကျရင် ဒီအတိုင်းပဲ သေသွားကြမှာပေါ့။ ငါ တွေးနေမိတာက... ဒီတစ်ခါသာ ငါတကယ် သေသွားခဲ့ရင် လုံးဝ စိတ်ဖြောင့်မှာ မဟုတ်ဘူး! ငါ့သားလေးနှစ်ယောက် တက္ကသိုလ်တက်တာကိုလည်း မမြင်ရသေးဘူး။ ငါ့မိန်းမ သဘောကျတဲ့ အနွေးထည်လေးလည်း ဝယ်မပေးရသေးဘူး၊ ပြီးတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ငါ့ရဲ့ သွေးသောက်ညီအစ်ကိုဆီလည်း သွားမလည်ရသေးဘူး..."
ယွီနျန့် တိတ်ဆိတ်စွာ နားထောင်ရင်း... ‘တကယ်လို့ ငါသာ အခု သေသွားခဲ့ရင် ဘာတွေ နောင်တရစရာ ကျန်နေဦးမလဲ’ ဟု ကိုယ်တိုင် ပြန်လည် တွေးတောနေမိသည်။ ပျောက်ဆုံးနေသည့် ရှေးဟောင်းရတနာတွေကိုလည်း ပြန်မရှာရသေးဘူး။ အစ်မကို ကူညီပေးမယ်လို့ ကတိပေးထားတဲ့ သီချင်းကိုလည်း မပြီးပြတ်သေးဘူး။ ဆရာ့ကိုလည်း သွားပြီး မတောင်းပန်ရသေးဘူး...
ပြီးတော့... ရှဲ့ယို့ကိုလည်း ‘ကျွန်တော့်မှာ သဘောကျရတဲ့သူ ရှိနေပြီ၊ အဲဒီလူက မင်းပဲ’ ဆိုတာကို မပြောရသေးဘူး။
လူက တအား ပင်ပန်းနွမ်းနယ်လာသဖြင့်၊ ယွီနျန့် သူ၏ခြေထောက်နှစ်ဖက်ကို ဖက်ထားရင်း၊ မေးစေ့ကို ဒူးပေါ်တင်ကာ ဝေဝေဝါးဝါးဖြင့် မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ ရန်ရှူး၏ စကားပြောသံများမှာလည်း တဖြည်းဖြည်းနှင့် ဝေးကွာသွားပြီး မကြားရတော့ပေ။
ဘယ်လောက်ကြာသွားမှန်းမသိရသော အချိန်တစ်ခုတွင်၊ ယွီနျန့် ရုတ်တရက် အိပ်ရာမှ လန့်နိုးလာခဲ့သည်။
ကောင်းကင်ယံကြီးတစ်ခုလုံး မှောင်မည်းနေဆဲဖြစ်ပြီး လရောင်ပင် မရှိပေ။ သို့သော် အဝေးမှ လူသံများကို သဲ့သဲ့ ကြားလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ဦးခေါင်းမှာ မူးနောက်နေပြီး၊ ခြေထောက်နှစ်ဖက်မှာလည်း အကြာကြီး ကွေးထားခဲ့သဖြင့် ထုံကျဉ်ပြီး ဘာအာရုံမှ မရတော့ပေ။
သူ လက်လှမ်းကာ ကြမ်းတမ်းသော သစ်ပင်စည်ကြီးကို အသာမှီရင်း ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်ကို မတ်မတ်မရပ်နိုင်ခင်မှာပင်၊ မျက်စိကျိန်းမတတ် စူးရှလှသော အလင်းရောင်တစ်ခုကြောင့် မသိစိတ်ဖြင့် မျက်နှာကို လွှဲကာ မျက်စိကို တင်းတင်းမှိတ်ထားလိုက်မိသည်။
ခပ်သွက်သွက်နှင့် အလျင်အမြန် လျှောက်လှမ်းလာသော ခြေသံများသည် ခြောက်သွေ့သော သစ်ကိုင်းများနှင့် သစ်ရွက်ခြောက်များကို နင်းခြေ ဖြတ်ကျော်လာပြီး၊ သဲ့သဲ့မြည်သံများနှင့်အတူ သူ၏နားထဲသို့ တိုးဝင်လာသည်။ နောက်တစ်ခဏ၌ သူ၏ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်ရီနေသော လက်မောင်းအစုံ၏ တင်းတင်းကြပ်ကြပ် ဖက်တွယ်ခြင်းကို ခံလိုက်ရပြီး၊ အေးစက်စက် ရင်ခွင်ကျယ်ကြီးတစ်ခု အတွင်းသို့ ရောက်ရှိသွားပါတော့သည်။ တစ်ခဏအတွင်းမှာပင် စီဒါပင် ရနံ့များက သူ၏နှာခေါင်းဝမှတစ်ဆင့် အသက်ရှူချက်တိုင်းထဲသို့ ပြည့်နှက်သွားသည်။
သူ၏နဖူးပြင်ထက်တွင် အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် နမ်းရှုံ့နေသည့် အထိအတွေ့နှင့်အတူ၊ သူ၏အရေပြားပေါ်တွင် တုန်ရီနေသော အသက်ရှူသံပြင်းပြင်းများကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏နားပါးစပ်နားလေးတွင် တုန်လှုပ်ခြောက်ခြားကာ အက်ကွဲနေသော ရှဲ့ယို့၏အသံကို ကြားလိုက်ရပါတော့သည်။
"နျန့်နျန့်... အခု အဆင်ပြေသွားပါပြီ။ မင်းကို... ငါ ရှာတွေ့ခဲ့ပြီ။"
ရှဲ့ယို့တစ်ယောက် နျန့်နျန့်ကိုဆုံးရှုံးရမှာသိပ်ကြောက်ရှာတာ။သူ့မှာ ဒီတစ်ယောက်လေးပဲရှိတော့တဲ့အခြေအနေမှာ ဒီလူကိုဆုံးရှုံးရတော့မလားဆိုတဲ့စိတ်နဲ့ ဘယ်လောက်ခြောက်ခြားနေလိုက်မလဲ။
ReplyDelete