အခန်း (၆၆) နျန့်နျန့်... ကျွန်တော် ဗိုက်ဆာလို့
ရှဲ့ယို့၏ ကျောပြင်နောက်ကနေ အသာထွက်လာပြီးနောက် ယွီနျန့်က သတိကြီးစွာဖြင့်
"မိုးရွာတော့မှာလားဟင်" ဟု မေးလိုက်သည်။
ချွိရှောက်ရန်မှာ ရှဲ့ယို့၏ စူးရှလှသောအကြည့်များကို မသိမသာ ရှောင်လွှဲရင်း ယွီနျန့်ကို ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ မကြာခင် မိုးသည်းသည်းမည်းမည်း ရွာတော့မယ့်ပုံပဲ။ တို့တွေ ခုနတင် ငလျင်ဒဏ် ခံထားရတာဆိုတော့... တကယ်လို့ မြေပြိုတာဖြစ်ဖြစ်၊ ရွှံ့နွံတွေ ပြိုကျတာဖြစ်ဖြစ် ဖြစ်လာရင်တော့ ဒုက္ခလှလှတွေ့ပြီ။ အဲဒါကြောင့် အမြန်ဆုံး ထွက်ကြရအောင်!"
သူ ရှဲ့ယို့ကို ထပ်မံကြည့်လိုက်မိစဉ်၊ အဓိပ္ပာယ်မရှိဘဲ ရင်ထဲ၌ ထိတ်လန့်တုန်ရီမှုကို ခံစားလိုက်ရသည်။
"ဟို... ငါ့ကို အဲဒီလိုမျိုးကြီး စိုက်မကြည့်ပါနဲ့ဦးကွာ။ မင်းကြည့်ပုံကြီးက ငါ့ကို စိုးရိမ်စိတ်ဝင်စေပြီး ကြောက်အောင် လုပ်နေသလိုပဲ!"
ရှဲ့ယို့ သူ၏အကြည့်ကို ပြန်ရုပ်လိုက်ပြီး၊ လေသံထဲတွင် စိတ်ပျက်ရိပ်များ အပြည့်အနှက်။
"ဒါဆိုရင်လည်း သွားကြတာပေါ့"
ထိုသို့ပြောပြီးနောက် သူ၏နှုတ်ခမ်းကို လျှာဖြင့်အသာ သပ်လိုက်သည်။ ဝါးကျည်တောက်ထဲက စမ်းရေချိုလေးကတော့ တကယ်ကို လုံးဝ ကုန်သွားခဲ့ပြီ။
အိမ်အပြန်ခရီးမှာ တကယ့်ကို ခက်ခဲလွန်းလှသည်။ လမ်းများမှာ ကြမ်းတမ်းပြီး လှိုင်းထနေသည့်အပြင် တစ်ခါတစ်ရံ ကားပိတ်ဆို့မှုများကိုပါ ကြုံတွေ့ရသည်။ ယွီနျန့်သည် ကားထဲက အပူရှိန်ကြောင့် လူက တစ်ဖြည်းဖြည်းနှင့် ငိုက်မြည်းလာခဲ့သည်။ ဒါကို ရိပ်မိသော ရှဲ့ယို့က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အဆိုတင်သွင်းကြည့်လိုက်သည်။
"မင်း... ငါ့ပုခုံးကို မှီပြီး အိပ်ချင်လားဟင်"
ယွီနျန့် မျက်လုံးလေး တစ်ဝက်အသာဖွင့်ကာ "ဟုတ်ကဲ့၊ အဆင်ပြေပါတယ်" ဟု ပြန်ပြောရင်း ခေါင်းကိုလှည့်၍ ရှဲ့ယို့၏ ပုခုံးကျယ်ကြီးပေါ်သို့ မှီချလိုက်ပါတော့သည်။ သူ ခန္ဓာကိုယ်ကို လျှော့ချလိုက်ရာ၊ သိပ်မကြာမီမှာပင် အသက်ရှူသံလေးမှာ မှန်မှန်နှင့် ငြိမ်သက်သွားသည်။
ရှဲ့ယို့တစ်ယောက် ခန္ဓာကိုယ်ကို လုံးဝ မတ်မတ်ကြီးထားကာ၊ နည်းနည်းလေးမျှပင် မလှုပ်ဝံ့တော့ပေ။ လမ်းကရမ်းသည့် နေရာတစ်ခုသို့ ရောက်ရှိတိုင်း လက်ကို အသာအယာ မြှောက်ကာ ယွီနျန့်၏ ဦးခေါင်းလေးကို မထိခိုက်အောင် စောင့်ရှောက်ပေးသည်။ ကားလေး ပြန်လည်တည်ငြိမ်သွားမှသာ လက်ကို ပြန်ချသည်။ ကားအတွင်း၌ တိတ်ဆိတ်လွန်းနေသဖြင့် ယွီနျန့်၏ အသက်ရှူသံလေးကို အတိုင်းသား ကြားနေရသည်။ သူ၏စိတ်အာရုံတို့က ဟိုဟိုဒီဒီ လွင့်ပျံနေမိရင်း... အိမ်ပြန်ရောက်ရင်တော့ ဒီအဝတ်အစားတွေကို ချက်ချင်းလဲပြီး ရက်အနည်းငယ်အတွင်း သေသေချာချာ လျှော်ပစ်ရမည်ဟု တွေးတောနေမိသည်။
ယွီနျန့် အကြာကြီး မအိပ်လိုက်ရပေ။ ကားပြတင်းမှန်ကို မိုးပေါက်များ လာရောက်ရိုက်ခတ်သည့် အသံကြောင့် သူ နိုးလာခဲ့သည်။ ပျင်းရိပျင်းတွဲဖြင့် အကြောဆန့်လိုက်ပြီး တရိပ်ရိပ် လင်းပွင့်လာသော ကောင်းကင်ပြင်ကြီးနှင့် ပြတင်းပေါက်အပြင်ဘက်က မြူနှင်းထူထပ်လှသည့် မိုးရွာသွန်းမှုကို ငေးကြည့်ရင်း ရှဲ့ယိုကို လေသံလေးနှင့် မေးလိုက်သည်။
"တို့တွေ အခု ဘယ်ကို သွားနေကြတာလဲဟင်"
ရှဲ့ယို့ သူဖတ်နေသော စာရွက်စာတမ်းများဆီမှ အကြည့်ကို လွှဲလိုက်ပြီး တိုးတိုးလေး ပြန်ဖြေသည်။
"အခု လေယာဉ်ကွင်းကို သွားနေတာ။ နင်ချန် ကို ပြန်ကြမယ်"
ယွီနျန့် ခေါင်းညိတ်ပြသော်လည်း၊ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်မိသည်။
"ဒီလိုရာသီဥတုမှာ လေယာဉ်က ပျံသန်းလို့ ရပါ့မလားဟင်"
"ငါ့ရဲ့ ကိုယ်ပိုင်လေယာဉ်က လေယာဉ်ကွင်းမှာ အဆင်သင့် စောင့်နေတာဆိုတော့ ပျံလို့ ရမယ်ထင်ပါတယ်"
ရှဲ့ယို့က ပြန်ဖြေလိုက်ပြီး ဂရုစိုက်သည့် လေသံဖြင့် ထပ်မံမေးမြန်းရှာသည်။
"မင်း နောက်ထပ် ခဏလောက် ထပ်အိပ်ချင်သေးလား"
"မအိပ်တော့ပါဘူး၊ လူက လုံးဝ နိုးသွားပါပြီ။ အခုလိုကျမနေ့က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိမ်မက်တစ်ခုလိုပဲနော်။ ခုနတင် ကျွန်တော် တောင်ပေါ်မှာ ပိတ်မိနေပြီး နောက်ဆက်တွဲငလျင်တွေကို စိုးရိမ်နေခဲ့ရတာကို... အခုကျတော့ နင်ချန်ကို ပြန်မယ့် လမ်းပေါ် ရောက်နေပြီ"
ရှဲ့ယို့၏ လက်ချောင်းများ အနည်းငယ် လှုပ်ခတ်သွားသော်လည်း စက္ကန့်ပိုင်းမျှသာ ။ ထို့နောက် သူ လက်လှမ်းကာ ယွီနျန့်၏နဖူးပေါ်သို့ ဝဲကျနေသော ဆံနွယ်လေးများကို သေသေချာချာ သပ်တင်ပေးလိုက်သည်။ သူ လေသံကို ပိုမိုနှိမ့်ကာ နှစ်သိမ့်ပေးရှာသည်။
"အခု မင်း ဘေးကင်းသွားပါပြီ"
လေယာဉ်သည် မွန်းတည့်ချိန်ခန့်တွင် နင်ချန်လေယာဉ်ကွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ သူတို့သည် သီးသန့်စင်္ကြံလမ်းမှတစ်ဆင့် အပြင်သို့ ထွက်လာခဲ့ကြရာ၊ ကားပါကင်နယ်မြေတွင် ယွီနျန့်ကို ကြိုဆိုရန်အတွက် အနက်ရောင် Aston Martinကားကြီးက အဆင်သင့် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ ယွီနျန့် ခေါင်းလှည့်ကြည့်လိုက်စဉ် ရှဲ့ယို့ကလည်း သူ့ကို စိုက်ကြည့်နေသည်နှင့် ဆုံမိပြန်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ချက်ချင်းလွှဲလိုက်ကြပြီး လျှောက်လှမ်းနေသော ခြေလှမ်းများမှာလည်း တဖြည်းဖြည်းနှင့် ရပ်တန့်သွားရသည်။ ယွီနျန့် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အရင်ဆုံး စကားဆိုလိုက်သည်။
"ကျွန်တော့်ကို လာရှာပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ရှဲ့ယို့တွင် သူ၏ပုံမှန် နက်ကတိုင် ပါမလာသော်လည်း၊ အနက်ရောင် ဝတ်စုံအင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသဖြင့် ပုံမှန်လိုမျိုး သပ်ရပ်ကျနလွန်းမနေဘဲ တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေသည်။ သူ၏ လေသံမှာ ထိန်းချုပ်ထားသဖြင့် ညင်သာလွန်းလှသည်။
"အိမ်ပြန်ပြီး သေသေချာချာ အနားယူလိုက်ပါဦး"
"ဟုတ်ကဲ့၊ အိမ်ရောက်ရင်တော့ အရင်ဆုံး Live လွှင့်ရဦးမယ်ခင်ဗျာ။ အင်တာနက်ပေါ်မှာ ကောလာဟလတွေက မျိုးစုံထွက်နေတာ။ ကျွန်တော် သေဆုံးသွားပြီဆိုတဲ့ သတင်းအထိပါ ပါနေတော့လေ။ ကုမ္ပဏီဘက်က တရားဝင် ထုတ်ပြန်ချက်တွေက လူတွေကို သိပ်စိတ်မချစေပုံရတာမို့... ကျွန်တော်ကိုယ်တိုင် Live လွှင့်ပြီး အားလုံးကို ဘေးကင်းကြောင်း ပြသမှပဲ ရတော့မယ်၊"
ယွီနျန့်က ပြုံးလျက် ဆိုသည်။ သူ စက္ကန့်ပိုင်းမျှ တိတ်သွားပြီးမှ ရှဲ့ယို့ကို ထပ်မံသတိပေးမိသည်။
"မင်းလည်း အိမ်ပြန်ရင် သေသေချာချာ အနားယူဦးနော်"
"ဟုတ်ကဲ့။ အိမ်ပြန်ရောက်ရင် အစည်းအဝေး နှစ်ခုလုပ်ဖို့နဲ့ စာရွက်စာတမ်း ရှစ်စောင်ကို အတည်ပြုပေးဖို့ ရှိသေးတာ။ အဲဒါတွေပြီးရင်တော့ ငါ သေချာပေါက် အနားယူပါ့မယ်"
ယွီနျန့် ခေါင်းကို ထပ်မံညိတ်ပြလိုက်သည်။
"ဒါဆိုရင်လည်း...။ကျွန်တော် အရင်သွားပြီနော်"
ရှဲ့ယို့ ယွီနျန့်၏ မျက်ခုံး၊ မျက်ဝန်းလေးများကို စိုက်ကြည့်ရင်း "ကောင်းပါပြီ" ဟုသာ တိုတိုတုတ်တုတ် ဆိုရှာသည်။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသော်လည်း သူတို့နှစ်ဦးစလုံး ထိုနေရာမှ လုံးဝ မရွေ့လျားကြသေးပေ။ ယွီနျန့် ပြုံးလိုက်ရာ သူ၏မျက်ဝန်းလေးများမှာ ကြယ်ပွင့်လေးများအလား တလက်လက် တောက်ပနေသည်။
"ကျွန်တော် တကယ် သွားပြီနော်"
ရှဲ့ယို့၏ မျက်ဝန်းထဲတွင်လည်း အပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားသည်။
"ဟုတ်ကဲ့ပါ"
ကားပေါ်သို့ ရောက်ရှိသွားသောအခါ ဒရိုင်ဘာသည် မုန့်ယွမ်နှင့် ရှီရို့တို့ကို ဆေးရုံသို့ အရင်ဆုံး ပို့ဆောင်ပေးပြီးမှ လမ်းကြောင်းပြောင်းကာ ယွီနျန့်ကို အိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ယွီနျန့် ရေမိုးချိုးပြီးနောက် ဆံပင်တွေ မခြောက်သေးခင်မှာပင် ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည်။ သူ၏ Weibo ကို ဖွင့်ပြီးနောက်၊ Live အက်ပ်ကို ဖွင့်ကာ ကင်မရာဆီသို့ လက်လှမ်းပြလိုက်ပါတော့သည်။
"မင်္ဂလာပါ အားလုံးပဲခင်ဗျာ။ ကျွန်တော် ယွီနျန့်ပါ၊ အားလုံးနဲ့ ဒီမှာ ပြန်ဆုံရတာ တကယ် ဝမ်းသာပါတယ်"
စခရင်ပေါ်တွင် မျိုးစုံလှသော အီမိုဂျီများနှင့် နှုတ်ခွန်ဆက်သစာသားများဖြင့် ချက်ချင်း ပြည့်နှက်သွားရာ ယွီနျန့်က စိတ်ရှည်လက်ရှည်ပင် ရှင်းပြတော့သည်။
"အားလုံးကို စိတ်ပူအောင် လုပ်မိတဲ့အတွက် တကယ် တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော် ပကတိအတိုင်း ဘာမှမဖြစ်ဘဲ ဘေးကင်းပါတယ်။ အဲဒီတုန်းက အခြေအနေကတော့... ကျွန်တော် ဝန်ထမ်းတွေနဲ့အတူ ပွဲကျင်းပမယ့်နေရာနားက ရေအရင်းအမြစ် အခြေစိုက်စခန်းဆီ သွားခဲ့တာပါ။ ပွဲနေရာက မပြင်ဆင်ရသေးတာမို့... ကျွန်တော် ဒေသခံလမ်းပြနဲ့အတူ လမ်းကျဉ်းလေးအတိုင်း ရေအရင်းအမြစ် တည်ရှိရာနေရာကို သွားကြည့်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်တဲ့ အချိန်မှာတော့ ကျွန်တော်ရော လမ်းပြပါ တောင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးတွေနဲ့ မြေတွေကို အချိန်မီ ရှောင်ကွင်းနိုင်ခဲ့လို့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ ဒါပေမဲ့ ပြန်တက်မယ့်လမ်းကို ကျောက်တုံးကြီးတွေ ပိတ်ဆို့သွားတာကြောင့် အပေါ်ကို ပြန်တက်လို့ မရတော့ဘဲ... ရေအရင်းအမြစ်နားက ဟင်းလင်းပြင်ကျယ်တစ်ခုမှာကယ်ဆယ်ရေးအဖွဲ့တွေကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့ရတာပါခင်ဗျာ"
ထိုသို့ပြောပြီးနောက် ယွီနျန့် ကုလားထိုင်ပေါ်မှ ထရပ်ကာ တစ်ကိုယ်လုံးကို ပတ်ပတ်လည် လှည့်ပြလိုက်သည်။
"ကြည့်ဦး... ကျွန်တော် အခု တကယ် ဘာမှမဖြစ်ဘဲ အကောင်းတိုင်း ရှိနေတာပါ။ ဘာဒဏ်ရာမှလည်း နည်းနည်းမှ မရပါဘူး။ အဲဒါကြောင့် အင်တာနက်ပေါ်က ကောလာဟလအမှားတွေကို လုံးဝ မယုံကြပါနဲ့နော်"
[ဟူး... ကံကောင်းလိုက်တာ! သတင်းတွေ မြင်တုန်းကတော့ ငါ တကယ် စိတ်ပူသွားတာကွ! မင်း ဘာမှမဖြစ်လို့ တော်ပါသေးတယ်! ဆုတောင်းပေးနေပါတယ်!]
[အဲဒီ ကြော်ငြာအကောင့်တွေက တကယ် စက်ဆုပ်ဖို့ကောင်းတယ်။ ဘာပုံတွေမှန်းမသိတာတွေကို သုံးပြီး ဝန်ထမ်းတွေဆီက အတွင်းသတင်းအရဆိုပြီး လျှောက်ရေးနေကြတာ! လူတစ်ယောက်ကို ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီလို့ လာကျိန်ဆဲရဲရော့လား တကယ် စိတ်တိုဖို့ကောင်းတယ်!]
[ယွီနျန့်ကို ဘေးကင်းစွာ မြင်တွေ့လိုက်ရတော့မှပဲ ငါ့ရင်ထဲက အလုံးကြီး ကျသွားတော့တယ်! ငါ အဲဒီ ကြော်ငြာအကောင့်တွေကို မယုံပေမဲ့ စိတ်ထဲမှာတော့ မအေးမချမ်း ဖြစ်နေခဲ့တာလေ! ကောင်းကင်ကြီးက ယွီနျန့်ကို ကာကွယ်ပေးတာပဲ!]
အတိအကျပင် ထိုအခိုက်အတန့်၌၊ စခရင်ကြီးတစ်ခုလုံး မှောင်ကျသွားပြီး လက်ဆောင်ဝယ်ယူမှု သတိပေးချက်များ တရစပ် တက်လာပါတော့သည်။ ထုံးစံအတိုင်းပင် ယွမ် ကိုးသိန်းကိုးသောင်းတန် စိန်လက်ဆောင် အပြတ်အသတ် ပစ်သွားခြင်း။
ပရိသတ်များ၏ ပေါက်ကွဲမတတ် တက်လာသော မှတ်ချက်များကို ဘေးဖယ်ထားကာ ယွီနျန့်သည် “နျန့်နျန့်ယိုယွီ” ဟူသော အကောင့်အမည်ကို စိုက်ကြည့်ရင်း လှပစွာ ပြုံးလိုက်မိသည်။ သူ ရုတ်တရက် ဆိုလိုက်သည်။
"အားလုံးကို အကြာကြီး စိုးရိမ်အောင် လုပ်မိတာဆိုတော့... ကျွန်တော် အားလုံးအတွက် သီချင်းတစ်ပုဒ် ဆိုပြရင် ဘယ်လိုလဲဟင် ဘာသီချင်း နားထောင်ချင်ကြလဲ"
နောက်တစ်စက္ကန့်၌၊ မှတ်ချက်ကဏ္ဍတွင် ‘Elegant’၊ ‘Mountain Snow’ ဆိုသည့် ခေါင်းစဉ်များဖြင့် တရစပ် ပြည့်နှက်သွားပြီး၊ အကြားထဲတွင် ‘Ripples’၊ ‘Distant Stars’ ၊ ‘Nothing to Lose’ စသည့် သီချင်းခေါင်းစဉ်များစွာ လိုက်ပါလာခဲ့သည်။
ယွီနျန့် ခဏမျှ စဉ်းစားကြည့်သည်။
"ဒါဆိုရင် တို့တွေ ‘Mountain Snow’ ကိုပဲ ဆိုကြတာပေါ့၊ ဒါပေမဲ့ ကျွန်တော် အသံသေချာ မပွင့်သေးဘူးနော်။ တကယ်လို့ ဆိုရင်းနဲ့ အသံတွေ ချော်သွားရင်လည်း ကျွန်တော့်ကို လှောင်မရယ်ကြေးနော်"
ထိုသို့ပြောပြီးနောက် ယွီနျန့် ကင်မရာထောင့်ကို အဆင်ပြေအောင် ပြန်ပြင်လိုက်ပြီး လက်နှစ်ဖက်ကို ပီယာနိုခလုတ်များပေါ် တင်လျက် တင်းတင်းကြပ်ကြပ် ဖိနှိပ်လိုက်သည်။ သာယာကြည်လင်လှသော ပီယာနိုသံစဉ်များက ပတ်ဝန်းကျင် လေထုထဲသို့ ချက်ချင်း ပျံ့လွင့်သွားပါတော့သည်။
[ဘာကြီးလဲဟင် ဒီနေ့က နျန့်ကောင်းတွေအတွက် တရုတ်နှစ်သစ်ကူးပွဲတော် ရောက်နေတာလား ယွီနျန့် ‘Mountain Snow’ ကို Live တီးခတ်ဆိုပြနေတာကို ငါ တကယ် ကြားနေရတာလား! တောက်... မယုံနိုင်စရာပဲ!]
[နျန့်ကောင်းလေးတွေတော့ ကြေမွကုန်ပြီ! ပေါက်ကွဲကုန်ပြီ! အရမ်းလှလွန်းတယ်! ယွီနျန့်... မင်းက ဒီလောက်အထိ အသံအနိမ့်အမြင့် ကျယ်ပြန့်တဲ့ သီချင်းမျိုးကို ဆိုနေတာကို ဒီအတိုင်း အေးအေးဆေးဆေး ထိုင်ဆိုနေတာလား။ မျက်နှာအမူအရာရော အသက်ရှူချက်ပါ နည်းနည်းမှ မပြောင်းလဲဘူးနော် မင်းက ‘Cover ဆိုမယ့်သူတွေကို အပြတ်ရှင်းမယ့် သီချင်း’ ဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တာပဲ!]
[အား... ငါ့နားနှစ်ဖက်တော့ နတ်သုဒ္ဓါကျွေးခံလိုက်ရပြီ! ဒါပေမဲ့ နေဦး... ဒီစာသားက တစ်မျိုးကြီး ဖြစ်မနေဘူးလား ဟားဟားဟား... ယွီနျန့် မင်းက စာသားပြစက်မရှိရင်ကို မနေနိုင်တာပဲ! ကိုယ်တိုင်ရေးတဲ့ သီချင်းစာသားကိုတောင် မေ့နေပြန်ပြီ!]
[ဟားဟား... ဒါက တကယ်ကို ရယ်ရတယ်! သေချာပေါက် Trending ဖြစ်ဦးမှာပဲ! နာမည်ကြီးအဆိုတော်က Live လွှင့်ရင်း သီချင်းစာသားမေ့လို့ အလေးအနက်ကြီးနဲ့ လမ်းခုလတ်မှာတင် စာသားတွေ လျှောက်ထည့်ဆိုနေတယ်ဟေ့!]
သီချင်းအလယ်ပိုင်း ပီယာနိုတီးခတ်နေစဉ်အတွင်း ယွီနျန့် မှတ်ချက်များကို တစ်ချက် လှမ်းဖတ်ကြည့်မိပြီး သူတို့၏စကားများကြောင့် လုံးဝ ဟန်မဆောင်နိုင်တော့ဘဲ ထိန်းမရအောင် ရယ်မောမိတော့သည်။ သူ အနည်းငယ် အားနာသွားသဖြင့်... စာသားမေ့သွားတာလားဆိုသည့် မေးခွန်းများကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ခပ်တိုးတိုး ညည်းတွားရင်း သီချင်းကို ဆက်လက် သီဆိုတော့သည်။
"မင်းက တောင်ပေါ်က လေပြေလေးပဲ၊ အိမ်မက်ထဲက နှင်းပွင့်လေးပဲ၊ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး... ပြန့်ကျဲနေတဲ့ အနီရောင် ပန်းပွင့်လေးတွေနဲ့အတူ၊ နဂါးငွေ့တန်းကြီးက ငွေရောင်ငါးကြေးခွံလေးတွေကို ဖြန်းပက်နေသလိုမျိုး၊ ငါ့ရဲ့ နှလုံးသားကတော့ မူလကတည်းက မင်းရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရပါပြီ..."
သီချင်းဆိုလို့ ပြီးသွားသောအခါ၊ ယွီနျန့် စခရင်ပေါ်တွင် "ဟားဟားဟား" နှင့် "အားးးးး" ဟူသော မှတ်ချက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူ ပီယာနို အဖြူအမည်း ခလုတ်လေးများကို နှစ်ချက်မျှ ခပ်ဖွဖွပုတ်လိုက်ပြီး ပြုံးလျက်
"ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ ပါရမီက တကယ်တော့ စာသားပြစက်ဆီက လာတာပါ။ ဒီတစ်ခါတော့ တို့ရဲ့ နတ်သမီးလေးတွေက ဒါကို လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းပေးထားကြမယ်၊ ဟုတ်ပြီလားဟင်"
မှတ်ချက်ကဏ္ဍတွင် "ကောင်းပါပြီ" ဆိုသည့် စာသားများက အရှိန်အဟုန်ဖြင့် တက်လာသည်။ သို့သော်လည်း ယွီနျန့် Live ပိတ်ပြီး သိပ်မကြာမီမှာပင်၊ #ယွီနျန့်_Liveလွှင့်ရင်း_သီချင်းစာသားမေ့# ဆိုသည့် Hashtag မှာ အင်တာနက်ပေါ်တွင် တဟုန်ထိုး ရေပန်းစားလာပြီး ထိပ်ဆုံး ၅ နေရာအတွင်းသို့ ချက်ချင်း ရောက်ရှိသွားပါတော့သည်။
မုန့်ယွမ်က ယွီနျန့်ထံသို့ ချက်ချင်း ဖုန်းဆက်လာပြီး ဖုန်းထဲကနေ တဟားဟား ရယ်တော့သည်။
"ဟားဟားဟား... ဟို လျှို့ဝှက်ချက်လေးဆိုတာ ဘာဖြစ်သွားလဲဟင်။ မင်းရဲ့ ဖန်တွေက မင်းအပေါ် နည်းနည်းမှ ညှာတာမနေကြဘူးနော်!"
"ဒါက အားလုံးသိနေတဲ့ လျှို့ဝှက်ချက်ဖြစ်နေလို့ ထင်ပါတယ်ခင်ဗျာ၊"
ယွီနျန့် ခပ်တိုးတိုး ရယ်မောလိုက်ပြီးမှ မုန့်ယွမ်ကို စိုးရိမ်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ဒါနဲ့ အစ်ကိုမုန့်... အစ်ကို့လက်ကော ဘယ်လိုနေလဲဟင်။ အစ်မရို့ရို့ရဲ့ ခြေထောက်ကော သက်သာရဲ့လား"
"ရှီရို့က ခြေကျင်းဝတ် နည်းနည်းလောက် လည်သွားတာပါ။ ခဏပဲ နာပြီး ဆေးရုံပြပြီးတော့ အခုတော့ အဆင်ပြေသွားပါပြီ။ ငါ့လက်ကလည်း ကိစ္စအကြီးကြီး မဟုတ်ပါဘူး၊ အရိုးတော့ မထိခိုက်သွားဘူး။"
မုန့်ယွမ် တစ်ခုခုကို သတိရသွားသည်။
"ဒါနဲ့... ယွီချင်း ပြန်လာပြီလား"
"မလာသေးပါဘူး၊ ကျွန်တော် ဖုန်းဆက်ကြည့်တော့... ကျွန်တော် ဘာမှမဖြစ်ဘူးဆိုတာ သိတာနဲ့ လေယာဉ်နဲ့ ချက်ချင်း ပြန်သွားပြီလေ။ သူက မိတ်ကပ်တောင် မဖျက်ရသေးတာမို့ ပြန်ရောက်ရင် ရိုက်ကွင်းထဲတန်းဝင်ပြီး ရိုက်ကူးရေး ဆက်လုပ်လို့ အဆင်ပြေတယ်လို့ ပြောပါတယ်"
"ဟားဟားဟား... မင်းအစ်မကတော့ တကယ့်ကို အင်အားအပြည့်ပဲဟေ့! ဒီတစ်ခါကတော့ တကယ်ကို ကြောက်ဖို့ကောင်းခဲ့တာ။ ဒါပေမဲ့ ငါ တရားဝင် ထုတ်ပြန်ချက်တွေကို ဖတ်ကြည့်တယ်။ ငလျင်ပြင်းအားက အဲဒီလောက် မမြင့်ပေမဲ့ တို့တွေ ရှိနေတဲ့နေရာက ဗဟိုချက်နဲ့ တအားနီးကပ်နေလို့ အရှိန်ပြင်းသွားတာတဲ့။ ရွာထဲက အိမ်အနည်းငယ် ပြိုကျပြီး တိရစ္ဆာန် ထိခိုက်မှုတချို့ ရှိခဲ့ပေမဲ့ ကံကောင်းတာက လူတွေကြားထဲမှာတော့ ထိခိုက်ဒဏ်ရာရတာ အများကြီး မရှိခဲ့ဘူး။ တကယ့် ကံဆိုးထဲက ကံကောင်းပေ့ါ!"
မုန့်ယွမ် ခေတ္တမျှ သက်ပြင်းချရင်း
"ကဲပါ... အဲဒီအကြောင်းတွေကို ထပ်မတွေးနဲ့တော့။ သေသေချာချာ အနားယူပြီး ခဏလောက် အိပ်လိုက်ဦးနော်။ ဪ... ပြီးတော့ ရေသန့်အဖွဲ့က ငါ့ကို ဆက်သွယ်လာတယ်။ ဒီတစ်ခေါက် ပွဲကိုတော့ ဖျက်သိမ်းလိုက်ပေမဲ့ မင်းကို ပေးဖို့ ကတိပေးထားတဲ့ အခကြေးငွေတွေကို အပြည့်အဝ ပေးမယ့်အပြင် အန်ပေါင်းအကြီးကြီးတစ်ခုပါ ထပ်ပို့ပေးဦးမှာတဲ့။ နောက်ပြီး မနက်ဖြန်ကျရင် My Day အစီအစဉ် ထုတ်လွှင့်တော့မှာဆိုတော့ ပြန်လည်မျှဝေဖို့ မမေ့နဲ့ဦးနော်။ မင်း မေ့သွားရင်လည်း မစိုးရိမ်ပါနဲ့... ငါ ထပ်ပြီး သတိပေးပါ့မယ်"
"ဟုတ်ကဲ့ပါ အစ်ကိုမုန့် အစ်ကိုလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကောင်းကောင်း အနားယူပါဦးနော်!"
နောက်တစ်နေ့ ည ၈ နာရီတိတိတွင်၊ ‘Amber TV’ကနေ ‘My Day’ အစီအစဉ်ကို အချိန်ကိုက် ထုတ်လွှင့်ခဲ့သည်။ အစပျိုး သီချင်းသံစဉ် စတင်မြည်လာသည်နှင့်တစ်ပြိုင်နက် ရှဲ့ယို့ သူ၏အလုပ်များကို ဘေးချထားလိုက်ပြီး တီဗီစခရင်ကို အာရုံစိုက်ကာ အသေအချာ ငေးကြည့်ရင်း ဖုန်းထဲသို့ အလျင်အမြန်ပင် စခရင်ရှော့များစွာ ရိုက်ယူနေပါတော့သည်။
ကင်မရာက ယွီနျန့်တစ်ယောက် ဘေကွန်အသားကင်နေသည့် မြင်ကွင်းကို အနီးကပ်ပြသနေစဉ်၊ ရိုက်ကူးရေးအဖွဲ့က
"မင်း အားတဲ့အချိန်တိုင်းမှာ ကိုယ့်ဘာသာကိုယ် ဟင်းချက်လေ့ရှိလား"
"ဟုတ်ကဲ့၊ ချက်လေ့ရှိပါတယ်ခင်ဗျာ။ ကျွန်တော် တက္ကသိုလ်တက်တုန်းက ဟင်းချက်နည်းကို လေ့လာခဲ့တာပါ။ နောင်ကျရင်တော့... ကျွန်တော် သဘောကျရတဲ့သူအတွက် ကိုယ်တိုင် ဟင်းချက်ကျွေးနိုင်ဖို့ မျှော်လင့်ပါတယ်"
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ရှဲ့ယို့၏ မျက်နှာအမူအရာမှာ တစ်ခဏမျှ တောင့်တင်းသွားခဲ့သည်။ သူ တစ်စုံတစ်ခုကို သတိရသွားပြီး ထိုနေရာတွင် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ သူ၏အပေါ်အင်္ကျီကို ဆွဲကိုင်ကာ အောက်ထပ်သို့ ချက်ချင်း ပြေးဆင်းသွားပါတော့သည်။
ယွီနျန့်သည် သူ၏စာကြည့်ခန်းထဲတွင် ရှိနေသည်။ သူ ခဲတံလေးကို ကိုက်ရင်း ယွီချင်းနှင့် ဗီဒီယိုကော ပြောလျက် သီချင်းအသစ်တစ်ပုဒ်ကို ရေးစပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း စာရေးရန်ဖြစ်ဖြစ်၊ ပုံဆွဲရန်ဖြစ်ဖြစ် ဘာစိတ်ကူးဉာဏ်မှ ထွက်မလာသေးပေ။ သူ၏ စိတ်အာရုံတို့က မသိစိတ်ဖြင့် လွင့်ပျံနေမိရင်း... လွန်ခဲ့သည့်ညက ရှဲ့ယို့ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ‘အခု အဆင်ပြေသွားပါပြီ။ မင်းကို... ငါ ရှာတွေ့ခဲ့ပြီ’ ဟု ပြောခဲ့သည့် မြင်ကွင်းကို ပြန်လည် တမ်းတမိသည်။
မသိစိတ်ဖြင့် ယွီနျန့်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ လက်ချောင်းကြားတွင် ခဲတံကို လှည့်ကစားရင်း စာရွက်ပေါ်တွင် မဆိုင်းမတွပင် စာသားအချို့ ရေးချလိုက်မိသည်။
“မှောင်မည်းနေတဲ့ ကောင်းကင်ယံအောက်မှာ... မင်းရဲ့ နောက်ကျောပြင်က တကယ့်ကို လှပလွန်းတယ်၊ ဒါပေမဲ့ ကျွန်တော် သေသေချာချာ မကြည့်ရဲခဲ့ဘူး။ ကျွန်တော့်ရဲ့ စိတ်အခြေအနေက ရှုပ်ထွေးနေမိတယ်။ မင်းက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ထင်သွားမှာကို စိုးရိမ်မိလို့ပါ... ကျွန်တော်ကတော့ တဖြည်းဖြည်းနဲ့ လောဘကြီးလာပြီး မင်းနဲ့ ဘယ်လိုမှ မခွဲခွာနိုင်တော့လောက်အောင် ဖြစ်လာခဲ့ရပါပြီ။”
ရေးလို့ပြီးသွားသောအခါ သူ ထိုစာသားကို ယွီချင်းအား ပြလိုက်သည်။ သူမက လှပသော မျက်ခုံးလေးများကို ပင့်လျက် ပြုံးလိုက်သည်။
"အလိုလေး... မင်းမှာ သဘောကျရတဲ့သူ ရှိနေပြီဆိုတာ မဆန်းပါဘူးကွာ။ မင်းရဲ့ အတွေးတွေက တကယ်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေတာပဲ!"
ယွီနျန့် တစ်ခုခု ပြန်ပြောရန် ပြင်စဉ်မှာပင် အပြင်ဘက် တံခါးဝကနေ လူခေါ်ဘဲလ်တီးသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ အိမ်ရှေ့တံခါးဝဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး ယွီချင်းကို
"အစ်မ... တို့တွေ စကားပြောတာကို ဒီလောက်နဲ့ပဲ ခဏရပ်ကြရအောင်နော်။ ဗီဒီယိုကော ပိတ်လိုက်ပြီ" ဖုန်းကို ချက်ချင်းပင် ချပစ်လိုက်သည်။
သူ ခြံရှေ့တံခါးဝဆီသို့ ခပ်သွက်သွက် လျှောက်သွားပြီး တံခါးဖွင့်လိုက်သောအခါ အပြင်တွင် ရပ်နေသည့် ရှဲ့ယို့ကို တွေ့လိုက်ရသည်။
"မင်း... ဘာလို့ ဒီကို ရောက်လာတာလဲဟင်"
"ယွီနျန့်... ငါ... ငါ ဗိုက်ဆာလို့!"
ဗိုက်ဆာလို့ ဟုတ်လား။ ယွီနျန့် နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးလိုက်မိသည်။
"ဒါဆိုရင်လည်း... အထဲဝင်လာခဲ့ပါခင်ဗျာ။ ကျွန်တော် မင်းအတွက် ညစာတစ်ခုခု ချက်ကျွေးပါ့မယ်"
အခန်း (၆၇) မင်းချက်တဲ့ဟင်းကို ငါစားတယ်ဆိုတော့... ငါက မင်းသဘောကျတဲ့သူလား
ရှဲ့ယို့ကို ဧည့်ခန်းက ဆိုဖာပေါ်တွင် အရင်ထိုင်ခိုင်းပြီးနောက် ယွီနျန့် သူ၏အင်္ကျီလက်စများကို သေသေချာချာ ပင့်တင်လိုက်ရင်း ရှဲ့ယို့ကို မေးလိုက်သည်။
"ဗိုက်ဆာလို့ လာတာဆိုတော့ ဘာစားချင်လဲဟင် ကျွန်တော် ချက်ကျွေးမယ်လေ"
ရှဲ့ယို့၏ အကြည့်များက ယွီနျန့်၏ ဖွေးဥနေသော လက်ကောက်ဝတ်လေးဆီမှာတင် ။ သူ မေးခွန်းကို သဘောပေါက်ရန် စက္ကန့်ပိုင်းမျှ အချိန်ယူလိုက်ရပြီးမှ "ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်" ဟု ပြန်ဖြေရှာသည်။
မင်းချက်တဲ့ ဟင်းဖြစ်ရင်ပဲ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်...
"ဒါဆိုရင်... ကျွန်တော် စဉ်းစားကြည့်မယ်နော်။ ရေခဲသေတ္တာထဲမှာ မနေ့ညက ကျန်တဲ့ ထမင်းအေးနည်းနည်း ရှိတယ်။ ပြီးတော့ ဟင်းသီးဟင်းရွက်၊ ပဲပြားနဲ့ အသားမျှင်လေးတွေလည်း ရှိသေးတာပဲ။ မင်းအတွက် ထမင်းကြော်နဲ့ ဟင်းသီးဟင်းရွက် ပဲပြားစွပ်ပြုတ်လေး ချက်ပေးရင် ဘယ်လိုလဲ"
ရှဲ့ယို့ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ယွီနျန့် မီးဖိုချောင်ဘက်သို့ လှည့်ထွက်ခဲ့သည်။
"ဒီမှာပဲ ခဏစောင့်နေနော်၊ ကျွန်တော် အမြန်ချက်လိုက်မယ်"
သို့သော်လည်း သူ မီးဖိုချောင်ထဲ ဝင်ဝင်ချင်းမှာပင် ရှဲ့ယို့တစ်ယောက် သူ့နောက်သို့ တိတ်တဆိတ် လိုက်ဝင်လာသည်ကို သတိပြုမိလိုက်ရသည်။ ရှဲ့ယို့တစ်ယောက် ဘယ်ကို အကြည့်ထားရမှန်းမသိ ပျာယာခတ်နေသည်ကို မြင်သဖြင့် ယွီနျန့်က ပြုံးလျက် လှည့်မေးလိုက်သည်။
"ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲဟင်"
ရှဲ့ယို့ ခေတ္တမျှ တုံ့ဆိုင်းပြီးမှ "ငါ မင်းကို ကူညီပေးချင်လို့ပါ၊ အဆင်ပြေရဲ့လား" ဟု ပြန်မေးသည်။
ယွီနျန့် ခဏမျှ စဉ်းစားကြည့်ပြီးနောက်၊ ရေခဲသေတ္တာထဲမှ အခွံနွှာထားသည့် အာလူးတစ်လုံးကို ထုတ်ယူကာ ရှဲ့ယို့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် ဓားနှင့် စဉ်းတီတုံးရှိရာ နေရာကို ညွှန်ပြရင်း
"ဒါဆိုရင်... ဒီအာလူးလုံးကိုပဲ မင်းကို တာဝန်ပေးရတော့မယ်။ ဒါကို အမျှင်လေးတွေဖြစ်အောင် သေသေချာချာ ပါးပါးလေး လှီးပေးနော်။ မင်းလှီးလို့ ပြီးရင်... ကျွန်တော် အာလူးမျှင်ကြော် ကြော်ကျွေးမယ်လေ"
ရှဲ့ယို့ တကယ့် မဟာတာဝန်ကြီးတစ်ခုကို လက်ခံရရှိလိုက်သည့်အလား အလွန်အမင်း အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ ဓားနှင့် အာလူးကို ယူကာ၊ မီးဖိုခုံရှေ့တွင် မတ်မတ်ရပ်လျက် ခေတ္တမျှ သေသေချာချာ လေ့လာနေမိသည်။ ထို့နောက် သူ အာလူးကို အရင်ဆုံး ထက်ဝက်တိတိ ဖြတ်လိုက်တော့သည်။
ယွီနျန့်သည် ရှဲ့ယို့ကို မျက်ခြေမပြတ် အကဲခတ်ပေးရင်း အခြားတစ်ဖက်တွင်လည်း ကျန်ရှိသော ဟင်းချက်စရာများကို ကျွမ်းကျင်စွာ ပြင်ဆင်နေသည်။ သူ မီးဖိုခေါင်းတိုင် စုပ်စက်ကို ဖွင့်လိုက်ပြီး၊ အိုးတစ်လုံးထဲတွင် ဟင်းသီးဟင်းရွက် ပဲပြားစွပ်ပြုတ်အတွက် ရေနွေးတည်လိုက်သည်။ အခြားအိုးတစ်လုံးထဲတွင်မူ ထမင်းကို အနံ့မွှေးနေအောင် စတင်ကြော်လှော်တော့သည်။ သိပ်မကြာမီမှာပင် အစားအသောက်များ၏ မွှေးပျံ့လှသောရနံ့က မီးဖိုချောင် လေထုထဲသို့ ပျံ့လွင့်လာခဲ့သည်။
ယွီနျန့် ဆန်းပြားသော အာရုံတစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ပင်၊ သူ လုပ်ဆောင်နေခြင်းကို ခေတ္တရပ်ကာ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကိုသာ လုံးဝအာရုံစိုက်ကာ မမှိတ်မသုန် စိုက်ကြည့်နေသည့် ရှဲ့ယို့၏ အကြည့်များနှင့် ဆုံမိပြန်သည်။ သူ နှုတ်ခမ်းလေးအသာကွေး၍ ပြုံးလိုက်ပြီး
"ဓားရှဦးမယ်နော်၊ လက်ကို သတိထားဦး" ဟု လှမ်း၍ သတိပေးလိုက်သည်။
ထိုအခါမှ ရှဲ့ယို့တစ်ယောက် စိတ်အာရုံ ပြန်လည်စုစည်းမိသွားဟန်ဖြင့် ခေါင်းညိတ်ပြပြီး၊ အာလူးလှီးသည့်ဘက်သို့ အာရုံပြန်စိုက်ကာ တိုးတိုးလေး အသံပြုရှာသည်။
"ဟုတ်ကဲ့ပါ"
မိနစ်နှစ်ဆယ်ပင် မပြည့်တတ်သော အချိန်တိုလေးအတွင်း ထမင်းကြော်နှင့် စွပ်ပြုတ်ပူပူလေးမှာ အဆင်သင့် ဖြစ်သွားခဲ့ပြီ။ ယွီနျန့် ပန်းကန်ခွက်ယောက်များကို ထုတ်ယူကာ ဟင်းပွဲများကို သပ်ရပ်စွာ ပြင်ဆင်လိုက်သည်။ သူ ရှဲ့ယို့၏ လက်ရာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အံ့ဩတကြီး ချီးကျူးလိုက်သည်။
"အာလူးမျှင်လေးတွေက ကြည့်လို့ တအားကောင်းတာပဲ"
ဒါကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်သော ရှဲ့ယို့သည် ယွီနျန့်၏ ချီးကျူးစကားကြောင့် မျက်ဝန်းများ ချက်ချင်း တောက်ပသွားရရှာသည်။
ယွီနျန့် သူ၏ဖုန်းကို ထုတ်လိုက်ပြီး အနိမ့်အမြင့် မညီညာသော်လည်း ကြည့်ရုံနှင့်တင် အတော်လေး အဆင်ပြေလှသော ထိုအာလူးမျှင်လေးများကို ဓာတ်ပုံတစ်ပုံ အမိအရ ရိုက်ကူးလိုက်သည်။ ဓာတ်ပုံရိုက်နေစဉ်အတွင်း သူက မြူးတူးနေသံဖြင့် ပြောသေး၏
"ဒါက တို့တွေရဲ့ ရှဲ့ယို့ ပထမဆုံးအကြိမ် ကိုယ်တိုင်လှီးထားတဲ့ အာလူးမျှင်လေးတွေပေါ့။ အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားရမယ်!"
ရှဲ့ယို့၏ လက်ဖဝါးကြီးများမှာ ရုတ်တရက်ဆိုသလို နွေးထွေးသွားရသည်။ ယွီနျန့်က အခုတင် သူ့ကို “တို့တွေရဲ့ ရှဲ့ယို့” ဟု ခေါ်လိုက်သည်လေ။
ထမင်းကြော်နှင့် ဟင်းပွဲများကို စားပွဲပေါ်တွင် သပ်ရပ်စွာ ပြင်ဆင်ထားပြီး ။ ယွီနျန့်လည်း မိမိအတွက် တူတစ်စုံကို ယူ ၊ စွပ်ပြုတ်တစ်ပန်းကန် ခပ်လိုက်ပြီး ညဉ့်နက်စာ ဝမ်းဖြည့်ရန်အတွက် ရှဲ့ယို့၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ရှဲ့ယို့ တိတ်ဆိတ်စွာပင် စားသောက်နေသည်။ အပိုအသံများ လုံးဝထွက်မလာဘဲ သူ၏စားသောက်ပုံမှာ တကယ့်ကို ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိလှသည်။ ထမင်းကြော်တစ်ဇွန်းကို ဝါးပြီးနောက် ရှဲ့ယို့ ကြွေဇွန်းလေးကို ကိုင်ထားရင်း အနည်းငယ် အနေရခက်သော လေသံဖြင့် ကတုန်ကရင် မေးလာသည်။
"မင်း... ဘာဖြစ်လို့ စောနကတည်းက ငါ့ကိုပဲ တစ်ချိန်လုံး ထိုင်ကြည့်နေရတာလဲဟင်"
ယွီနျန့် သူ၏လက်ချောင်းလေးများကို ပန်းကန်လုံးအစွန်းပေါ်တွင် အသာတင်ထားရင်း၊ ရှဲ့ယို့၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့... မင်းက ကြည့်လို့ တအားကောင်းလို့လေခင်ဗျာ"
ရှဲ့ယို့ အသက်ရှူချက်ပင် မှားသွားပြီးမှ
"ဒါဆိုရင်လည်း... ဆက်ပြီးတော့ပဲ ကြည့်နေလိုက်တော့"
ယွီနျန့် မအောင့်နိုင်ဘဲ တဟားဟား ရယ်မောမိလုနီးပါးပင် ဖြစ်သွားရသည်။ သူ သဘောကျရတဲ့သူက... အပြင်ပန်းမှာတော့ အေးစက်စူးရှပြီး ချဉ်းကပ်ရ ခက်ခဲလွန်းလှပုံရပေမဲ့ ဘာဖြစ်လို့ အတွင်းစိတ်ထဲမှာကျတော့ ဒီလောက်တောင်မှပဲ... ချစ်ဖို့ကောင်းနေရတာလဲဟင်။
စွပ်ပြုတ်ကို တစ်ငုံချင်း အရသာခံကာ အဆုံးထိ သောက်ပြီးနောက် ယွီနျန့် လှမ်းကြည့်လိုက်ရာ ရှဲ့ယို့တစ်ယောက် သူ၏ပန်းကန်ထဲက ထမင်းစေ့ တစ်စေ့မကျန်အောင် အကုန်လုံးကို အပြတ်အသတ် စားသောက်ထားသည်ကို တွေ့လိုက်ရသည်။ သူ ပန်းကန်လုံးကို ကိုင်ကာ ထရပ်လိုက်ပြီး
"ကျွန်တော် ပန်းကန်တွေ သွားဆေးလိုက်ဦးမယ်နော်"
"ငါ ဆေးမယ်!"
ရှဲ့ယို့ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ပြီး ယွီနျန့်၏ လက်မောင်းပေါ်သို့ သူ၏လက်ဖဝါးကြီးကို လှမ်း၍ တင်လိုက်မိသည်။ သို့သော် လျှပ်စစ်ရှော့ခ်ခံလိုက်ရသကဲ့သို့ပင် လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီးမှ ယွီနျန့်၏ အကြည့်များကို စိုက်ကြည့်ကာ တိုးတိုးလေး မေးရှာသည်။
"ငါ... ဆေးပါရစေလား"
"ဒါဆိုရင် ကျွန်တော်တို့တွေ ကျောက်ကတ်ကြေးစက္ကူ လုပ်ပြီး ဆုံးဖြတ်ကြမလား ရှုံးတဲ့သူက ပန်းကန်ဆေးကြေးစို့"
ယွီနျန့်က စနောက်ကာ အကြံပြုလိုက်သည်။
"အင်း... ရပါတယ်။"
ပန်းကန်ကို စားပွဲပေါ် ပြန်ချပြီးနောက်၊ ယွီနျန့် သူ၏လက်ကို မြှောက်လိုက်သည်။
"ကဲ... စမယ်နော်၊ ကျောက်ကတ်ကြေးစက္ကူ!"
ရှဲ့ယို့က ကတ်ကြေး ဖြစ်ပြီး၊ ယွီနျန့်ကမူ ‘စက္ကူ’ လုပ်လိုက်မိသည်။
ရှဲ့ယို့၏ မျက်နှာထက်တွင် အနည်းငယ် စိတ်ပျက်သွားသော အရိပ်အယောင်လေး ပေါ်လာပြီး
"နောက်တစ်ခေါက် ထပ်လုပ်ကြဦးမလား"
"ရတာပေါ့ခင်ဗျာ!"
သို့သော်လည်း ဆက်တိုက်ဆိုသလို ခြောက်ကြိမ်တိတိ ကစားခဲ့ရာတွင် ယွီနျန့်သာ တစ်ချိန်လုံး အမြဲတမ်း ရှုံးနိမ့်နေခဲ့သည်။ ရှဲ့ယို့ သူ၏လက်သီးကြီးကို ငုံ့ကြည့်လိုက်ပြီး ဇွဲမလျှော့ဘဲ ထပ်မေးသည်။
"တို့တွေ နောက်ထပ်တစ်ကြိမ် ထပ်စမ်းကြည့်ကြဦးမလား"
သတ္တမမြောက် အကြိမ်တွင်တော့ ယွီနျန့် နောက်ဆုံး၌ အနိုင်ရရှိသွားခဲ့ပါတော့သည်။ ရှဲ့ယို့၏ မျက်ဝန်းများမှာ ဝမ်းမြောက်လှသော အပြုံးရိပ်များနှင့်အတူ ချက်ချင်း တောက်ပသွားပြီး
"ငါ... ပန်းကန်သွားဆေးတော့မယ်!"
ထိုသို့ပြောပြီးသည်နှင့် ယွီနျန့် သူ့ကို လာရောက်လုယူမှာ စိုးရိမ်နေသည့်အလား၊ သူ ဟင်းပန်းကန် ခွက်ယောက်များကို အလျင်အမြန်ပင် ဆွဲကိုင်ကာ မီးဖိုချောင်ထဲသို့ အပြေးအလွှား ယူဆောင်သွားခဲ့သည်။ သိပ်မကြာမီမှာပင် အထဲမှ ရေစီးဆင်းသံများကို အတိုင်းသား ကြားလိုက်ရတော့၏။
ထမင်းစားစားပွဲဘေးတွင် ရပ်ကျန်ခဲ့သော ယွီနျန့်သည် သူ၏ဖုန်းကို ထုတ်လိုက်ပြီး၊ ခုနက ရိုက်ကူးထားသော အာလူးမျှင် ဓာတ်ပုံကို Weibo ပေါ်သို့ “အာလူးမျှင်လေးများ” ဟူသော စာသားလေးနှင့်အတူ တရားဝင် ပို့စ်တင်လိုက်ပါတော့သည်။
သိပ်မကြာလိုက်ပါ၊ ရှဲ့ယို့သည် ထိုပို့စ်ကို ချက်ချင်း repost လိုက်သည်။ လှီးထားတာ သိပ်မကောင်းဘူး။ //@ယွီနျန့် အာလူးမျှင်လေးများ [ပုံ]
မီးဖိုချောင်တံခါးဝတွင် ယွီနျန့်တစ်ယောက် ဝင်ကူရမလားဟု လှမ်းမေးရန် ပြင်စဉ်၊ မျှော်လင့်မထားဘဲ ရှဲ့ယို့က ခြေသံကြားသည်နှင့်တစ်ပြိုင်နက် "ငါ သေသေချာချာ ပန်းကန်ဆေးနေတာပါ" ဟု အသည်းအသန် လှမ်းပြောလာသည်။
ယွီနျန့် ခြေလှမ်းရပ်လိုက်ပြီး အထဲသို့ ဆက်မဝင်တော့ဘဲ ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါပြီခင်ဗျာ၊ အေးအေးဆေးဆေးသာ ဆေးပါ!"
တစ်ချိန်တည်းမှာပင် ရှဲ့ယို့၏ Weibo ပို့စ်အောက်တွင် ပရိသတ်များ စုရုံးရောက်ရှိလာပြီး မှတ်ချက်များ ပေးကြပါတော့သည်။
[ဥက္ကဋ္ဌရှဲ့ ပြောတာ တအားမှန်တယ်! အခုခေတ် နာမည်ကြီးအိုင်ဒေါတွေက ဟင်းချက်တာ၊ အသီးအရွက်လှီးတာလေးကိုပါ ဓာတ်ပုံတွေအများကြီးရိုက်ပြီး လာတင်နေတာကို တကယ်ကြည့်မရဘူး! အောက်က အသိဉာဏ်မရှိတဲ့ ဖန်တွေကလည်း အကန်းလိုက် လိုက်မြှောက်နေကြတာ။ တကယ်ကို စကားနဲ့တောင် ဖော်ပြဖို့ ခက်တယ်!]
[ဒါဆို... အခု ယွီနျန့်က သူ့ကိုယ်သူ အိမ်ထောင်ရှင်ကောင်း ပုံစံမျိုး လာဖန်တီးနေတာပေါ့ အကြောင်းပြချက်မရှိဘဲ ဟင်းချက်တာတွေကို Weibo ပေါ် လာတင်နေတယ်]
[အမလေး... တောက်! ယွီနျန့် Weibo တင်လို့ တစ်မိနစ်တောင် မပြည့်သေးဘူး၊ ဥက္ကဋ္ဌရှဲ့က ချက်ချင်း ပြန်တင်လိုက်ပြီ! ဒါဟာ သူ့ကို ‘အထူးသတိပြုရန်’ ထည့်ထားလို့ပဲ မဟုတ်လား! တို့ရဲ့ ‘ယိုယွီ’ စုံတွဲဖန်တွေကတော့ ဒီနေ့ ပျော်ရွှင်ရပြန်ပြီဟေ့! မနက်ဖြန်ကျရင် ငါလည်း အာလူးဝယ်ပြီး သွားကြော်စားဦးမယ်!]
သိပ်မကြာမီ ရှဲ့ယို့ မီးဖိုချောင်ထဲမှ ထွက်လာသောအခါ အရောင်ဖျော့ဖျော့ ဝတ်စုံအပွလေးကို ဝတ်ဆင်ထားပြီး ဆိုဖာပေါ်တွင် ခြေတင်ပလ္လင်ခွေထိုင်လျက်၊ ခဲတံတစ်ချောင်းကို ကိုင်ကာ စာရွက်ပေါ်တွင် စာသားများ ရေးသားဆွဲခြစ်နေသော ယွီနျန့်ကို မြင်တွေ့လိုက်ရသည်။
သူက ခေါင်းလေးကို အနည်းငယ် ငုံ့ထားသဖြင့် အပေါ်က မီးဆိုင်းကြီးမှ ဖြာကျနေသော နွေးထွေးသည့် အလင်းရောင်က သူ၏မျက်နှာအလှကို ပိုမိုနူးညံ့တင့်တယ်စေသည်။ အင်္ကျီကော်လာအပွလေးကြောင့် သူ၏ညှပ်ရိုးနှင့် ပုခုံးလိုင်းများမှာ အထင်အရှား ပေါ်လွင်နေပြီး ဘာမှဖုံးကွယ်မထားသော သူ၏ဖြူစင်သည့် လည်ပင်းကျောပြင်လေးမှာလည်း အဖြူရောင် ကြွေထည်အလား ချောမွေ့ဝင်းပနေသည်။
လူသံကြားသဖြင့် ယွီနျန့် စာကို ဆက်ရေးနေရင်းကပင် "ခဏလေးနော်၊ ကျွန်တော် ဒီစာကြောင်းလေး ပြီးအောင် ရေးလိုက်ဦးမယ်။ ခဏလေးပဲ စောင့်ပါဦး၊ အကြာကြီး မကြာပါဘူး"
ထိုသို့ပြောနေစဉ်အတွင်း၊ သူက မသိစိတ်ဖြင့် သူ၏ခြေဗလာလေးက ခြေချောင်းလေးများကို အသာအယာ လှုပ်ခါနေမိရာ ခြေဖမိုးပေါ်က အပြာရောင် သွေးကြောမျှင်လေးများမှာ အထင်အရှား မြင်တွေ့နေရသည်။ ရှဲ့ယို့ ဘာအသံမှ မထွက်စေဘဲ ငြိမ်သက်စွာ ရပ်နေမိရင်း မီးဖိုချောင် တံခါးဘောင်ကို မှီလျက် ယွီနျန့်ကို တိတ်တဆိတ် စိုက်ကြည့်နေမိပါတော့သည်။
တစ်ခဏအတွင်းမှာပင် အခန်းတစ်ခုလုံး၌ စာရွက်ပေါ်တွင် ခဲတံဖြင့် ဆွဲခြစ်နေသော အသံလေးတစ်ခုတည်းသာ ပျံ့လွင့်နေသည်။
ရုတ်တရက်၊ ရှဲ့ယို့ သူငယ်စဉ်အခါက မိသားစုအခြေအနေလေးကို ပြန်လည်သတိရမိသွားသည်။ အရင်တုန်းက ညစာစားပြီးလျှင် သူ၏ဖခင်နှင့် အစ်ကိုဖြစ်သူတို့က သတင်းများကို ဆွေးနွေးလေ့ရှိကြပြီး၊ သူ၏မိခင်ကမူ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ နားနေရင်း မိမိအလုပ်ကိုယ် လုပ်လေ့ရှိသည်။ သူကိုယ်တိုင်ကလည်း ဂီတသင်္ကေတများကို ဖတ်ရှုခြင်း သို့မဟုတ် ပီယာနိုတီးခတ်ခြင်းများကို ပြုလုပ်လေ့ရှိပြီး မိသားစုဝင်များက အခါအားလျော်စွာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုတတ်ကြသည်။
တကယ့်ကို တအား နွေးထွေးလှသည်။
သို့သော်လည်း ထိုအမှတ်တရများမှာ မီးခိုးရောင် ကုလားကာကြီးတစ်ခုဖြင့် ဖုံးအုပ်ခံလိုက်ရသကဲ့သို့ပင် တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့ရပြီ။ သူ၏ဖခင် ကွယ်လွန်သွားခဲ့ကတည်းက ထိုအခိုက်အတန့်များကို တမ်းတမိခြင်း ရှားပါးလှသည်။ အတိတ်က နွေးထွေးမှုများကို လွမ်းဆန်းခြင်းက သူ့ကို အားနည်းသွားစေနိုင်သဖြင့်၊ သူ ထိုအမှတ်တရများထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်မထားဝံ့တော့ပေ။
"ရေးလို့ ပြီးသွားပြီ!"
ယွီနျန့် လက်ထဲက ခဲတံကို ချလိုက်ပြီး၊ ရှဲ့ယို့ကို ပြုံးလျက် မော့ကြည့်လိုက်သည်။
"ရုတ်တရက် စိတ်ကူးဉာဏ်ထွက်လာလို့... ခုနတင် သီချင်းစာသား တစ်ပိုဒ်လုံးကို အချောသတ်ရေးလိုက်နိုင်တယ်"
သူ၏မျက်ဝန်းလေးများထဲတွင် ပျော်ရွှင်ရိပ်များ ပြည့်နှက်နေသည်။
"ကျွန်တော် တအားတော်တယ် မဟုတ်လားဟင်"
ရှဲ့ယို့ သူ၏စိတ်အာရုံကို ပြန်လည်စုစည်းလိုက်မိစဉ် သူ၏အကြည့်များထဲတွင် နူးညံ့လှသော အချစ်ရိပ်များဖြင့် ပြည့်နှက်သွားရသည်။
"အင်း... တကယ်ကို တအား တော်ပါတယ်"
ယွီနျန့်၏ အပြုံးများ ပိုမိုကျယ်ပြန့်သွားပြီး သူ ထရပ်ရန် ပြင်လိုက်သော်လည်း ခြေထောက်ကို အကြာကြီး ခွေထိုင်ထားခဲ့သဖြင့် လုံးဝ ထုံကျဉ်နေသည်။ သူ့ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားပြီး ဆိုဖာပေါ်သို့ နောက်ပြန် ပြန်လည်လဲကျသွားသည်။ ရှဲ့ယို့ မသိစိတ်ဖြင့် ဆိုဖာဆီသို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် တိုးကပ်သွားမိသော်လည်း သူ ပြုတ်ကျမသွားသည်ကို မြင်တွေ့လိုက်ရသောအခါမှသာ စိတ်သက်သာရာရသွားသည်။
"ခြေထောက်တွေ ထုံသွားလို့ပါ။ ခဏလောက် နားဦးမှ ရမယ်။"
ယွီနျန့် ဆိုဖာပေါ်သို့ နောက်မှီလိုက်ရင်း ရှဲ့ယို့ကို မော့ကြည့်ကာ မေးလိုက်သည်။
"မင်း ဗိုက်ဆာသေးလားဟင်"
ရှဲ့ယို့ မူလကတည်းက သီးသန့်ကြီး ဗိုက်ဆာနေခြင်း မဟုတ်သဖြင့် ခေါင်းခါပြလိုက်သည်။
"မဆာတော့ပါဘူး"
သူ ခေါင်းငုံ့ကြည့်လိုက်မိစဉ် သူ၏အနီးနားလေးတွင် ရှိနေသော ယွီနျန့်ကို အတိုင်းသား မြင်တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလို သူ၏လည်ချောင်းတစ်ခုလုံး ခြောက်ကပ်သွားရပြီး၊ နှလုံးခုန်သံမှာလည်း တဟုန်ထိုး မြန်ဆန်လာခဲ့သည်။ သူတို့ပတ်ပတ်လည်ရှိ အောက်ဆီဂျင်များအားလုံး ခမ်းခြောက်သွားသကဲ့သို့ပင် ခံစားလိုက်ရပြီး သူ၏အသက်ရှူချက်များမှာလည်း တရိပ်ရိပ် ပြင်းထန်ကာ တင်းကြပ်လာခဲ့ရပါတော့သည်။
ရှဲ့ယို့တစ်ယောက် ဒီလောက်အထိ အနီးကပ် ရှိနေတဲ့ ယွီနျန့်ကို ကြည့်ပြီး ရင်ခုန်လွန်းလို့ အသက်ရှူပင် မှားနေရပါပြီ။ ဒါဆိုရင် သူ ယွီနျန့်ကို ကိုယ့်စိတ်ထဲက အချစ်တွေကို ဘယ်လိုမျိုး အပိုင်အနိုင် ဖွင့်ပြောလိုက်တော့မလဲ။
ရှဲ့ယို့ သူ၏ကိုယ်ပိုင်အသံကို ပြန်လည်ကြားလိုက်ရသည်။ ထိုအသံမှာ အလွန်ခြောက်ကပ်နေပြီး သူ၏အသံပင် မဟုတ်တော့သည့်အလား
"ငါ ဒီကိုလာတာ... မင်းကို တစ်ခု မေးချင်လို့"
ယွီနျန့်သည် ရှဲ့ယို့ကို စိုက်ကြည့်ရင်း စကားဆက်ပြောလာမည့်အလှည့်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ရှဲ့ယို့ သူ၏လက်ချောင်းများကို တင်းခနဲ ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင် အကြိမ်ပေါင်းမြောက်မြားစွာ လေ့ကျင့်ပြင်ဆင်ခဲ့ဖူးသော စကားလုံးများကို နောက်ဆုံး၌ ချောချောမောမောပင် ထုတ်ပြောလိုက်ပါတော့သည်။
"မင်း တက္ကသိုလ်တက်တုန်းက ဟင်းချက်နည်းကို လေ့လာခဲ့တာ... နောင်ကျရင် မင်းသဘောကျရတဲ့သူအတွက် ကိုယ်တိုင်ချက်ကျွေးချင်လို့ပါလို့ ပြောခဲ့တယ်မလား"
သူသည် ပြင်းထန်လှသော နှလုံးခုန်သံနှင့် အသက်ရှူသံများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း တိုးတိုးလေး မေးရှာသည်။
"နျန့်နျန့်... ဒါဆိုရင်... ငါက မင်းချက်တဲ့ဟင်းကို စားရတယ်ဆိုတော့... ငါက မင်းသဘောကျရတဲ့သူလားဟင်"
"ဒါပေါ့၊"
ယွီနျန့်လည်း လေသံကို အသာအယာ နှိမ့်ချလိုက်သည်။
"မင်း ကျွန်တော့်ကို နမ်းကြည့်လိုက်လေ... ကျွန်တော် ငြင်းမလား၊ မငြင်းဘူးလားဆိုတာ သိရတာပေါ့"
တစ်လောကလုံးရှိ ညကောင်းကင်ယံကြီးတစ်ခုလုံး ဝင်းခနဲ လင်းပွင့်သွားသကဲ့သို့ပင် ရှဲ့ယို့၏ လက်ချောင်းများမှာ ရုတ်တရက် လျော့ကျသွားပြီးမှ တစ်ခဏအတွင်းမှာပင် ပြန်လည်၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားပြန်သည်။ သူ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ပြီး၊ သတိကြီးစွာဖြင့် အောက်သို့အသာငုံ့ကာ မျက်လုံးများကို စုံမှိတ်လျက်... သူ၏နှုတ်ခမ်းလွှာများကို ယွီနျန့်၏နှုတ်ခမ်းထက်သို့ ညင်သာစွာ ဖိကပ်လိုက်ပါတော့သည်။
တကယ့်ကို ပေါ့ပါးနူးညံ့လှသော အနမ်းလေးတစ်ခု။
နှလုံးခုန်သံတစ်ချက်ချင်းစီတိုင်းမှာ သူ၏နားထဲတွင် တဒိန်းဒိန်းနှင့် ပဲ့တင်ထပ်နေသည့်အလား။ ယွီနျန့် သူ၏အသက်ရှူချက်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး နှုတ်ခမ်းလေးကို အသာအယာဟကာ ရှဲ့ယို့၏ အပေါ်နှုတ်ခမ်းလွှာကို ညင်သာစွာ ငုံလိုက်သည်။
သူ စိတ်ကူးယဉ်ခဲ့ဖူးသလိုမျိုး တကယ်ကို နူးညံ့လှသည်။
ဤသေးငယ်လှသော လှုပ်ရှားမှုလေးကြောင့် စိတ်လှုပ်ရှားသွားရသည့် ရှဲ့ယို့မှာ ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေမိပြီး နည်းနည်းလေးမျှပင် မလှုပ်ရှားဝံ့တော့ပေ။ သူ၏နှုတ်ခမ်းများမှလွဲ၍ သူ၏တစ်ကိုယ်လုံးမှာ ရေငွေ့များအလား အငွေ့ပျံပျောက်ကွယ်သွားပြီဟုပင် ထင်မှတ်ရသည်။
ယွီနျန့်တစ်ယောက်တည်းကသာ သူ၏အာရုံခံစားမှု အားလုံးကို အပိုင်စီး စိုးမိုးထားခဲ့ပြီ။
သူတို့၏ နှုတ်ခမ်းချင်း ခွဲခွာသွားကြသောအခါ၊ ရှဲ့ယို့ မအောင့်နိုင်ဘဲ လက်လှမ်းကာ သူ၏လက်ချောင်းထိပ်လေးများဖြင့် ယွီနျန့်၏ နှုတ်ခမ်းဘေးက အစိုဓာတ်လေးများကို သပ်ရပ်စွာ သုတ်ပေးလိုက်သည်။ သူ တိုးတိုးလေး ခေါ်မိသည်။
"နျန့်နျန့်။"
"အင်း"
"နျန့်နျန့်။"
ယွီနျန့် ခေါင်းကိုအသာစောင်းကာ ရှဲ့ယို့၏ စိုစွတ်နေသော လက်ချောင်းထိပ်လေးများကို အသာအယာ နမ်းရှုံ့လိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော် ဒီမှာ ရှိပါတယ်ခင်ဗျာ"
သူ၏လက်ချောင်းလေးများ မီးလောင်သွားသကဲ့သို့ပင် ရှဲ့ယို့ သူ၏ဘယ်ဘက်ခြေထောက်ကို ကွေးလိုက်ပြီး ဆိုဖာအစွန်းကို အားပြုလျက် ယွီနျန့်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ၏ရင်ခွင်ထဲသို့ အတင်းဆွဲဖက်ကာ မေးကို ယွီနျန့်၏ ပုခုံးပေါ်သို့ တင်ထားလိုက်ပါတော့သည်။ အပြင်ဘက်တွင်တော့ အနည်းငယ် နီရဲနေသော သူ၏နားရွက်ဖျားလေးများသာ ထင်ထင်ရှားရှား ပေါ်ထွက်နေသည်။
"ငါ... ငါ တစ်ကိုယ်လုံး ပူတက်လာပြီ"
ထိုစကားကို ကြားရသောအခါ ယွီနျန့် စနောက်ချင်စိတ်ဖြင့် ရှဲ့ယို့၏ နားရွက်လေးကို အသာအယာ ကိုက်နမ်းလိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ရှဲ့ယို့တစ်ယောက် လန့်ဖျန့်သွားသကဲ့သို့ ဖြစ်သွားပြီး သူ့ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြန်သည်။
ထိုအခိုက်အတန့်၌ သူတို့နှစ်ဦးစလုံး၏ ရင်ထဲတွင် တမ်းတခဲ့ရသမျှ အရာအားလုံး ပြည့်စုံသွားခဲ့ပြီ။
ဘယ်လောက်ကြာသွားမှန်းမသိရသော အချိန်တစ်ခုပြီးနောက် ရှဲ့ယို့ နောက်ဆုံးတွင် ယွီနျန့်ကို ရင်ခွင်ထဲမှ လွှတ်ပေးလိုက်သည်။ သူ၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီး
"ငါ... အခု ပြန်သင့်ပြီ ထင်တယ်နော်"
"ဟုတ်ကဲ့၊ အခုဆို ၁၀ နာရီကျော်နေပြီလေ"
ရှဲ့ယို့၏ မျက်နှာထက်တွင် အနည်းငယ် နှမြောတသဖြစ်သွားသော အရိပ်အယောင်လေး ပေါ်လာသော်လည်း၊ နောက်တစ်ခဏ၌ ယွီနျန့်၏ စကားကြောင့် ချက်ချင်း ပြောင်းလဲသွားရသည်။
"မနက်ဖြန်ညကျရင်... ကျွန်တော် မှိုဝက်နံရိုးစွပ်ပြုတ် ချက်မလို့လေခင်ဗျာ။ မင်း လာပြီး မြည်းစမ်းကြည့်ချင်လားဟင်"
ရှဲ့ယို့၏ မျက်ဝန်းများ ချက်ချင်း ဝင်းခနဲ တောက်ပသွားပြီး ယွီနျန့် စကားပင် မဆုံးသေးခင်မှာပင် အလျင်အမြန် ပြန်ဖြေတော့သည်။
"လာမယ်!"
"ဒါဆိုရင်လည်း... မနက်ဖြန်ညကျရင် အတူတူ ညစာစားဖို့ ကျွန်တော် မျှော်လင့်နေပါ့မယ်နော်!"
ယွီနျန့် ရှဲ့ယို့ကို ရှေ့တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ရှဲ့ယို့ တံခါးလက်ကိုင်ကို ကိုင်ထားရင်းမှ ရုတ်တရက် နောက်သို့လှည့်ကာ အောက်သို့အလျင်အမြန် ငုံ့လျက် ယွီနျန့်၏ နှုတ်ခမ်းထောင့်စွန်းလေးကို ညင်သာစွာ ခပ်ဖွဖွ နမ်းရှုံ့လိုက်သည်။ ထို့နောက်တွင်မူ သူသည် တံခါးကို အမြန်ဆွဲဖွင့်ကာ အပြင်သို့ သုတ်ခြေတင် ထွက်ခွာသွားပါတော့သည်။ ဝုန်းခနဲ အသံနှင့်အတူ တံခါးပြန်လည်ပိတ်သွားခဲ့ပြီး တံခါးအက်ကွဲကြောင်းကြားမှတစ်ဆင့် "မနက်ဖြန်မှ ဆုံကြတာပေါ့" ဟူသည့် တိုးတိုးညှင်းညှင်း အသံလေးသာ ကျန်ရစ်ခဲ့သည်။
ယွီနျန့် နွေးထွေးမှုအထိအတွေ့လေး ကျန်ရှိနေသေးဆဲဖြစ်သော သူ၏နှုတ်ခမ်းထောင့်လေးကို လက်ဖြင့်အသာအယာ ထိတွေ့ကြည့်ရင်း တစ်ယောက်တည်း ခပ်တိုးတိုး ရယ်မောမိတော့သည်။
"တံခါးကို ဒီလောက်တောင် အလောတကြီး ပိတ်သွားရလား။ အနည်းဆုံးတော့... ငါ့ကို သေသေချာချာလေး အပိုင်အနိုင် နမ်းသွားသင့်တာပေါ့!"
___________________________________________________________________
Comments
Post a Comment