Skip to main content

67




အခန်း (၆၇) မင်းချက်တဲ့ဟင်းကို ငါစားတယ်ဆိုတော့... ငါက မင်းသဘောကျတဲ့သူလား




ရှဲ့ယို့ကို ဧည့်ခန်းက ဆိုဖာပေါ်တွင် အရင်ထိုင်ခိုင်းပြီးနောက် ယွီနျန့် သူ၏အင်္ကျီလက်စများကို သေသေချာချာ ပင့်တင်လိုက်ရင်း ရှဲ့ယို့ကို မေးလိုက်သည်။

"ဗိုက်ဆာလို့ လာတာဆိုတော့ ဘာစားချင်လဲဟင် ကျွန်တော် ချက်ကျွေးမယ်လေ"

ရှဲ့ယို့၏ အကြည့်များက ယွီနျန့်၏ ဖွေးဥနေသော လက်ကောက်ဝတ်လေးဆီမှာတင် ။ သူ မေးခွန်းကို သဘောပေါက်ရန် စက္ကန့်ပိုင်းမျှ အချိန်ယူလိုက်ရပြီးမှ "ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်" ဟု ပြန်ဖြေရှာသည်။

မင်းချက်တဲ့ ဟင်းဖြစ်ရင်ပဲ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်...

"ဒါဆိုရင်... ကျွန်တော် စဉ်းစားကြည့်မယ်နော်။ ရေခဲသေတ္တာထဲမှာ မနေ့ညက ကျန်တဲ့ ထမင်းအေးနည်းနည်း ရှိတယ်။ ပြီးတော့ ဟင်းသီးဟင်းရွက်၊ ပဲပြားနဲ့ အသားမျှင်လေးတွေလည်း ရှိသေးတာပဲ။ မင်းအတွက် ထမင်းကြော်နဲ့ ဟင်းသီးဟင်းရွက် ပဲပြားစွပ်ပြုတ်လေး ချက်ပေးရင် ဘယ်လိုလဲ"

ရှဲ့ယို့ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ယွီနျန့် မီးဖိုချောင်ဘက်သို့ လှည့်ထွက်ခဲ့သည်။

"ဒီမှာပဲ ခဏစောင့်နေနော်၊ ကျွန်တော် အမြန်ချက်လိုက်မယ်"

သို့သော်လည်း သူ မီးဖိုချောင်ထဲ ဝင်ဝင်ချင်းမှာပင် ရှဲ့ယို့တစ်ယောက် သူ့နောက်သို့ တိတ်တဆိတ် လိုက်ဝင်လာသည်ကို သတိပြုမိလိုက်ရသည်။ ရှဲ့ယို့တစ်ယောက် ဘယ်ကို အကြည့်ထားရမှန်းမသိ ပျာယာခတ်နေသည်ကို မြင်သဖြင့် ယွီနျန့်က ပြုံးလျက် လှည့်မေးလိုက်သည်။

"ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲဟင်"

ရှဲ့ယို့ ခေတ္တမျှ တုံ့ဆိုင်းပြီးမှ "ငါ မင်းကို ကူညီပေးချင်လို့ပါ၊ အဆင်ပြေရဲ့လား" ဟု ပြန်မေးသည်။

ယွီနျန့် ခဏမျှ စဉ်းစားကြည့်ပြီးနောက်၊ ရေခဲသေတ္တာထဲမှ အခွံနွှာထားသည့် အာလူးတစ်လုံးကို ထုတ်ယူကာ ရှဲ့ယို့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် ဓားနှင့် စဉ်းတီတုံးရှိရာ နေရာကို ညွှန်ပြရင်း




"ဒါဆိုရင်... ဒီအာလူးလုံးကိုပဲ မင်းကို တာဝန်ပေးရတော့မယ်။ ဒါကို အမျှင်လေးတွေဖြစ်အောင် သေသေချာချာ ပါးပါးလေး လှီးပေးနော်။ မင်းလှီးလို့ ပြီးရင်... ကျွန်တော် အာလူးမျှင်ကြော် ကြော်ကျွေးမယ်လေ"




ရှဲ့ယို့ တကယ့် မဟာတာဝန်ကြီးတစ်ခုကို လက်ခံရရှိလိုက်သည့်အလား အလွန်အမင်း အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ ဓားနှင့် အာလူးကို ယူကာ၊ မီးဖိုခုံရှေ့တွင် မတ်မတ်ရပ်လျက် ခေတ္တမျှ သေသေချာချာ လေ့လာနေမိသည်။ ထို့နောက် သူ အာလူးကို အရင်ဆုံး ထက်ဝက်တိတိ ဖြတ်လိုက်တော့သည်။

ယွီနျန့်သည် ရှဲ့ယို့ကို မျက်ခြေမပြတ် အကဲခတ်ပေးရင်း အခြားတစ်ဖက်တွင်လည်း ကျန်ရှိသော ဟင်းချက်စရာများကို ကျွမ်းကျင်စွာ ပြင်ဆင်နေသည်။ သူ မီးဖိုခေါင်းတိုင် စုပ်စက်ကို ဖွင့်လိုက်ပြီး၊ အိုးတစ်လုံးထဲတွင် ဟင်းသီးဟင်းရွက် ပဲပြားစွပ်ပြုတ်အတွက် ရေနွေးတည်လိုက်သည်။ အခြားအိုးတစ်လုံးထဲတွင်မူ ထမင်းကို အနံ့မွှေးနေအောင် စတင်ကြော်လှော်တော့သည်။ သိပ်မကြာမီမှာပင် အစားအသောက်များ၏ မွှေးပျံ့လှသောရနံ့က မီးဖိုချောင် လေထုထဲသို့ ပျံ့လွင့်လာခဲ့သည်။

ယွီနျန့် ဆန်းပြားသော အာရုံတစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ပင်၊ သူ လုပ်ဆောင်နေခြင်းကို ခေတ္တရပ်ကာ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကိုသာ လုံးဝအာရုံစိုက်ကာ မမှိတ်မသုန် စိုက်ကြည့်နေသည့် ရှဲ့ယို့၏ အကြည့်များနှင့် ဆုံမိပြန်သည်။ သူ နှုတ်ခမ်းလေးအသာကွေး၍ ပြုံးလိုက်ပြီး




"ဓားရှဦးမယ်နော်၊ လက်ကို သတိထားဦး" ဟု လှမ်း၍ သတိပေးလိုက်သည်။




ထိုအခါမှ ရှဲ့ယို့တစ်ယောက် စိတ်အာရုံ ပြန်လည်စုစည်းမိသွားဟန်ဖြင့် ခေါင်းညိတ်ပြပြီး၊ အာလူးလှီးသည့်ဘက်သို့ အာရုံပြန်စိုက်ကာ တိုးတိုးလေး အသံပြုရှာသည်။




"ဟုတ်ကဲ့ပါ"




မိနစ်နှစ်ဆယ်ပင် မပြည့်တတ်သော အချိန်တိုလေးအတွင်း ထမင်းကြော်နှင့် စွပ်ပြုတ်ပူပူလေးမှာ အဆင်သင့် ဖြစ်သွားခဲ့ပြီ။ ယွီနျန့် ပန်းကန်ခွက်ယောက်များကို ထုတ်ယူကာ ဟင်းပွဲများကို သပ်ရပ်စွာ ပြင်ဆင်လိုက်သည်။ သူ ရှဲ့ယို့၏ လက်ရာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အံ့ဩတကြီး ချီးကျူးလိုက်သည်။




"အာလူးမျှင်လေးတွေက ကြည့်လို့ တအားကောင်းတာပဲ"




ဒါကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်သော ရှဲ့ယို့သည် ယွီနျန့်၏ ချီးကျူးစကားကြောင့် မျက်ဝန်းများ ချက်ချင်း တောက်ပသွားရရှာသည်။

ယွီနျန့် သူ၏ဖုန်းကို ထုတ်လိုက်ပြီး အနိမ့်အမြင့် မညီညာသော်လည်း ကြည့်ရုံနှင့်တင် အတော်လေး အဆင်ပြေလှသော ထိုအာလူးမျှင်လေးများကို ဓာတ်ပုံတစ်ပုံ အမိအရ ရိုက်ကူးလိုက်သည်။ ဓာတ်ပုံရိုက်နေစဉ်အတွင်း သူက မြူးတူးနေသံဖြင့် ပြောသေး၏




"ဒါက တို့တွေရဲ့ ရှဲ့ယို့ ပထမဆုံးအကြိမ် ကိုယ်တိုင်လှီးထားတဲ့ အာလူးမျှင်လေးတွေပေါ့။ အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားရမယ်!"




ရှဲ့ယို့၏ လက်ဖဝါးကြီးများမှာ ရုတ်တရက်ဆိုသလို နွေးထွေးသွားရသည်။ ယွီနျန့်က အခုတင် သူ့ကို “တို့တွေရဲ့ ရှဲ့ယို့” ဟု ခေါ်လိုက်သည်လေ။

ထမင်းကြော်နှင့် ဟင်းပွဲများကို စားပွဲပေါ်တွင် သပ်ရပ်စွာ ပြင်ဆင်ထားပြီး ။ ယွီနျန့်လည်း မိမိအတွက် တူတစ်စုံကို ယူ ၊ စွပ်ပြုတ်တစ်ပန်းကန် ခပ်လိုက်ပြီး ညဉ့်နက်စာ ဝမ်းဖြည့်ရန်အတွက် ရှဲ့ယို့၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ရှဲ့ယို့ တိတ်ဆိတ်စွာပင် စားသောက်နေသည်။ အပိုအသံများ လုံးဝထွက်မလာဘဲ သူ၏စားသောက်ပုံမှာ တကယ့်ကို ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိလှသည်။ ထမင်းကြော်တစ်ဇွန်းကို ဝါးပြီးနောက် ရှဲ့ယို့ ကြွေဇွန်းလေးကို ကိုင်ထားရင်း အနည်းငယ် အနေရခက်သော လေသံဖြင့် ကတုန်ကရင် မေးလာသည်။




"မင်း... ဘာဖြစ်လို့ စောနကတည်းက ငါ့ကိုပဲ တစ်ချိန်လုံး ထိုင်ကြည့်နေရတာလဲဟင်"




ယွီနျန့် သူ၏လက်ချောင်းလေးများကို ပန်းကန်လုံးအစွန်းပေါ်တွင် အသာတင်ထားရင်း၊ ရှဲ့ယို့၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်သည်။




"ဘာလို့လဲဆိုတော့... မင်းက ကြည့်လို့ တအားကောင်းလို့လေခင်ဗျာ"




ရှဲ့ယို့ အသက်ရှူချက်ပင် မှားသွားပြီးမှ

"ဒါဆိုရင်လည်း... ဆက်ပြီးတော့ပဲ ကြည့်နေလိုက်တော့"




ယွီနျန့် မအောင့်နိုင်ဘဲ တဟားဟား ရယ်မောမိလုနီးပါးပင် ဖြစ်သွားရသည်။ သူ သဘောကျရတဲ့သူက... အပြင်ပန်းမှာတော့ အေးစက်စူးရှပြီး ချဉ်းကပ်ရ ခက်ခဲလွန်းလှပုံရပေမဲ့ ဘာဖြစ်လို့ အတွင်းစိတ်ထဲမှာကျတော့ ဒီလောက်တောင်မှပဲ... ချစ်ဖို့ကောင်းနေရတာလဲဟင်။

စွပ်ပြုတ်ကို တစ်ငုံချင်း အရသာခံကာ အဆုံးထိ သောက်ပြီးနောက် ယွီနျန့် လှမ်းကြည့်လိုက်ရာ ရှဲ့ယို့တစ်ယောက် သူ၏ပန်းကန်ထဲက ထမင်းစေ့ တစ်စေ့မကျန်အောင် အကုန်လုံးကို အပြတ်အသတ် စားသောက်ထားသည်ကို တွေ့လိုက်ရသည်။ သူ ပန်းကန်လုံးကို ကိုင်ကာ ထရပ်လိုက်ပြီး




"ကျွန်တော် ပန်းကန်တွေ သွားဆေးလိုက်ဦးမယ်နော်"




"ငါ ဆေးမယ်!"




ရှဲ့ယို့ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ပြီး ယွီနျန့်၏ လက်မောင်းပေါ်သို့ သူ၏လက်ဖဝါးကြီးကို လှမ်း၍ တင်လိုက်မိသည်။ သို့သော် လျှပ်စစ်ရှော့ခ်ခံလိုက်ရသကဲ့သို့ပင် လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီးမှ ယွီနျန့်၏ အကြည့်များကို စိုက်ကြည့်ကာ တိုးတိုးလေး မေးရှာသည်။




"ငါ... ဆေးပါရစေလား"




"ဒါဆိုရင် ကျွန်တော်တို့တွေ ကျောက်ကတ်ကြေးစက္ကူ လုပ်ပြီး ဆုံးဖြတ်ကြမလား ရှုံးတဲ့သူက ပန်းကန်ဆေးကြေးစို့"




ယွီနျန့်က စနောက်ကာ အကြံပြုလိုက်သည်။




"အင်း... ရပါတယ်။"




ပန်းကန်ကို စားပွဲပေါ် ပြန်ချပြီးနောက်၊ ယွီနျန့် သူ၏လက်ကို မြှောက်လိုက်သည်။




"ကဲ... စမယ်နော်၊ ကျောက်ကတ်ကြေးစက္ကူ!"




ရှဲ့ယို့က ကတ်ကြေး ဖြစ်ပြီး၊ ယွီနျန့်ကမူ ‘စက္ကူ’ လုပ်လိုက်မိသည်။

ရှဲ့ယို့၏ မျက်နှာထက်တွင် အနည်းငယ် စိတ်ပျက်သွားသော အရိပ်အယောင်လေး ပေါ်လာပြီး




"နောက်တစ်ခေါက် ထပ်လုပ်ကြဦးမလား"




"ရတာပေါ့ခင်ဗျာ!"




သို့သော်လည်း ဆက်တိုက်ဆိုသလို ခြောက်ကြိမ်တိတိ ကစားခဲ့ရာတွင် ယွီနျန့်သာ တစ်ချိန်လုံး အမြဲတမ်း ရှုံးနိမ့်နေခဲ့သည်။ ရှဲ့ယို့ သူ၏လက်သီးကြီးကို ငုံ့ကြည့်လိုက်ပြီး ဇွဲမလျှော့ဘဲ ထပ်မေးသည်။




"တို့တွေ နောက်ထပ်တစ်ကြိမ် ထပ်စမ်းကြည့်ကြဦးမလား"




သတ္တမမြောက် အကြိမ်တွင်တော့ ယွီနျန့် နောက်ဆုံး၌ အနိုင်ရရှိသွားခဲ့ပါတော့သည်။ ရှဲ့ယို့၏ မျက်ဝန်းများမှာ ဝမ်းမြောက်လှသော အပြုံးရိပ်များနှင့်အတူ ချက်ချင်း တောက်ပသွားပြီး




"ငါ... ပန်းကန်သွားဆေးတော့မယ်!"




ထိုသို့ပြောပြီးသည်နှင့် ယွီနျန့် သူ့ကို လာရောက်လုယူမှာ စိုးရိမ်နေသည့်အလား၊ သူ ဟင်းပန်းကန် ခွက်ယောက်များကို အလျင်အမြန်ပင် ဆွဲကိုင်ကာ မီးဖိုချောင်ထဲသို့ အပြေးအလွှား ယူဆောင်သွားခဲ့သည်။ သိပ်မကြာမီမှာပင် အထဲမှ ရေစီးဆင်းသံများကို အတိုင်းသား ကြားလိုက်ရတော့၏။

ထမင်းစားစားပွဲဘေးတွင် ရပ်ကျန်ခဲ့သော ယွီနျန့်သည် သူ၏ဖုန်းကို ထုတ်လိုက်ပြီး၊ ခုနက ရိုက်ကူးထားသော အာလူးမျှင် ဓာတ်ပုံကို Weibo ပေါ်သို့ “အာလူးမျှင်လေးများ” ဟူသော စာသားလေးနှင့်အတူ တရားဝင် ပို့စ်တင်လိုက်ပါတော့သည်။




သိပ်မကြာလိုက်ပါ၊ ရှဲ့ယို့သည် ထိုပို့စ်ကို ချက်ချင်း repost လိုက်သည်။ လှီးထားတာ သိပ်မကောင်းဘူး။ //@ယွီနျန့် အာလူးမျှင်လေးများ [ပုံ]




မီးဖိုချောင်တံခါးဝတွင် ယွီနျန့်တစ်ယောက် ဝင်ကူရမလားဟု လှမ်းမေးရန် ပြင်စဉ်၊ မျှော်လင့်မထားဘဲ ရှဲ့ယို့က ခြေသံကြားသည်နှင့်တစ်ပြိုင်နက် "ငါ သေသေချာချာ ပန်းကန်ဆေးနေတာပါ" ဟု အသည်းအသန် လှမ်းပြောလာသည်။

ယွီနျန့် ခြေလှမ်းရပ်လိုက်ပြီး အထဲသို့ ဆက်မဝင်တော့ဘဲ ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါပြီခင်ဗျာ၊ အေးအေးဆေးဆေးသာ ဆေးပါ!"




တစ်ချိန်တည်းမှာပင် ရှဲ့ယို့၏ Weibo ပို့စ်အောက်တွင် ပရိသတ်များ စုရုံးရောက်ရှိလာပြီး မှတ်ချက်များ ပေးကြပါတော့သည်။




[ဥက္ကဋ္ဌရှဲ့ ပြောတာ တအားမှန်တယ်! အခုခေတ် နာမည်ကြီးအိုင်ဒေါတွေက ဟင်းချက်တာ၊ အသီးအရွက်လှီးတာလေးကိုပါ ဓာတ်ပုံတွေအများကြီးရိုက်ပြီး လာတင်နေတာကို တကယ်ကြည့်မရဘူး! အောက်က အသိဉာဏ်မရှိတဲ့ ဖန်တွေကလည်း အကန်းလိုက် လိုက်မြှောက်နေကြတာ။ တကယ်ကို စကားနဲ့တောင် ဖော်ပြဖို့ ခက်တယ်!]

[ဒါဆို... အခု ယွီနျန့်က သူ့ကိုယ်သူ အိမ်ထောင်ရှင်ကောင်း ပုံစံမျိုး လာဖန်တီးနေတာပေါ့ အကြောင်းပြချက်မရှိဘဲ ဟင်းချက်တာတွေကို Weibo ပေါ် လာတင်နေတယ်]

[အမလေး... တောက်! ယွီနျန့် Weibo တင်လို့ တစ်မိနစ်တောင် မပြည့်သေးဘူး၊ ဥက္ကဋ္ဌရှဲ့က ချက်ချင်း ပြန်တင်လိုက်ပြီ! ဒါဟာ သူ့ကို ‘အထူးသတိပြုရန်’ ထည့်ထားလို့ပဲ မဟုတ်လား! တို့ရဲ့ ‘ယိုယွီ’ စုံတွဲဖန်တွေကတော့ ဒီနေ့ ပျော်ရွှင်ရပြန်ပြီဟေ့! မနက်ဖြန်ကျရင် ငါလည်း အာလူးဝယ်ပြီး သွားကြော်စားဦးမယ်!]




သိပ်မကြာမီ ရှဲ့ယို့ မီးဖိုချောင်ထဲမှ ထွက်လာသောအခါ အရောင်ဖျော့ဖျော့ ဝတ်စုံအပွလေးကို ဝတ်ဆင်ထားပြီး ဆိုဖာပေါ်တွင် ခြေတင်ပလ္လင်ခွေထိုင်လျက်၊ ခဲတံတစ်ချောင်းကို ကိုင်ကာ စာရွက်ပေါ်တွင် စာသားများ ရေးသားဆွဲခြစ်နေသော ယွီနျန့်ကို မြင်တွေ့လိုက်ရသည်။

သူက ခေါင်းလေးကို အနည်းငယ် ငုံ့ထားသဖြင့် အပေါ်က မီးဆိုင်းကြီးမှ ဖြာကျနေသော နွေးထွေးသည့် အလင်းရောင်က သူ၏မျက်နှာအလှကို ပိုမိုနူးညံ့တင့်တယ်စေသည်။ အင်္ကျီကော်လာအပွလေးကြောင့် သူ၏ညှပ်ရိုးနှင့် ပုခုံးလိုင်းများမှာ အထင်အရှား ပေါ်လွင်နေပြီး ဘာမှဖုံးကွယ်မထားသော သူ၏ဖြူစင်သည့် လည်ပင်းကျောပြင်လေးမှာလည်း အဖြူရောင် ကြွေထည်အလား ချောမွေ့ဝင်းပနေသည်။

လူသံကြားသဖြင့် ယွီနျန့် စာကို ဆက်ရေးနေရင်းကပင် "ခဏလေးနော်၊ ကျွန်တော် ဒီစာကြောင်းလေး ပြီးအောင် ရေးလိုက်ဦးမယ်။ ခဏလေးပဲ စောင့်ပါဦး၊ အကြာကြီး မကြာပါဘူး"

ထိုသို့ပြောနေစဉ်အတွင်း၊ သူက မသိစိတ်ဖြင့် သူ၏ခြေဗလာလေးက ခြေချောင်းလေးများကို အသာအယာ လှုပ်ခါနေမိရာ ခြေဖမိုးပေါ်က အပြာရောင် သွေးကြောမျှင်လေးများမှာ အထင်အရှား မြင်တွေ့နေရသည်။ ရှဲ့ယို့ ဘာအသံမှ မထွက်စေဘဲ ငြိမ်သက်စွာ ရပ်နေမိရင်း မီးဖိုချောင် တံခါးဘောင်ကို မှီလျက် ယွီနျန့်ကို တိတ်တဆိတ် စိုက်ကြည့်နေမိပါတော့သည်။

တစ်ခဏအတွင်းမှာပင် အခန်းတစ်ခုလုံး၌ စာရွက်ပေါ်တွင် ခဲတံဖြင့် ဆွဲခြစ်နေသော အသံလေးတစ်ခုတည်းသာ ပျံ့လွင့်နေသည်။

ရုတ်တရက်၊ ရှဲ့ယို့ သူငယ်စဉ်အခါက မိသားစုအခြေအနေလေးကို ပြန်လည်သတိရမိသွားသည်။ အရင်တုန်းက ညစာစားပြီးလျှင် သူ၏ဖခင်နှင့် အစ်ကိုဖြစ်သူတို့က သတင်းများကို ဆွေးနွေးလေ့ရှိကြပြီး၊ သူ၏မိခင်ကမူ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ နားနေရင်း မိမိအလုပ်ကိုယ် လုပ်လေ့ရှိသည်။ သူကိုယ်တိုင်ကလည်း ဂီတသင်္ကေတများကို ဖတ်ရှုခြင်း သို့မဟုတ် ပီယာနိုတီးခတ်ခြင်းများကို ပြုလုပ်လေ့ရှိပြီး မိသားစုဝင်များက အခါအားလျော်စွာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုတတ်ကြသည်။

တကယ့်ကို တအား နွေးထွေးလှသည်။

သို့သော်လည်း ထိုအမှတ်တရများမှာ မီးခိုးရောင် ကုလားကာကြီးတစ်ခုဖြင့် ဖုံးအုပ်ခံလိုက်ရသကဲ့သို့ပင် တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့ရပြီ။ သူ၏ဖခင် ကွယ်လွန်သွားခဲ့ကတည်းက ထိုအခိုက်အတန့်များကို တမ်းတမိခြင်း ရှားပါးလှသည်။ အတိတ်က နွေးထွေးမှုများကို လွမ်းဆန်းခြင်းက သူ့ကို အားနည်းသွားစေနိုင်သဖြင့်၊ သူ ထိုအမှတ်တရများထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်မထားဝံ့တော့ပေ။




"ရေးလို့ ပြီးသွားပြီ!"




ယွီနျန့် လက်ထဲက ခဲတံကို ချလိုက်ပြီး၊ ရှဲ့ယို့ကို ပြုံးလျက် မော့ကြည့်လိုက်သည်။




"ရုတ်တရက် စိတ်ကူးဉာဏ်ထွက်လာလို့... ခုနတင် သီချင်းစာသား တစ်ပိုဒ်လုံးကို အချောသတ်ရေးလိုက်နိုင်တယ်"




သူ၏မျက်ဝန်းလေးများထဲတွင် ပျော်ရွှင်ရိပ်များ ပြည့်နှက်နေသည်။




"ကျွန်တော် တအားတော်တယ် မဟုတ်လားဟင်"




ရှဲ့ယို့ သူ၏စိတ်အာရုံကို ပြန်လည်စုစည်းလိုက်မိစဉ် သူ၏အကြည့်များထဲတွင် နူးညံ့လှသော အချစ်ရိပ်များဖြင့် ပြည့်နှက်သွားရသည်။




"အင်း... တကယ်ကို တအား တော်ပါတယ်"




ယွီနျန့်၏ အပြုံးများ ပိုမိုကျယ်ပြန့်သွားပြီး သူ ထရပ်ရန် ပြင်လိုက်သော်လည်း ခြေထောက်ကို အကြာကြီး ခွေထိုင်ထားခဲ့သဖြင့် လုံးဝ ထုံကျဉ်နေသည်။ သူ့ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားပြီး ဆိုဖာပေါ်သို့ နောက်ပြန် ပြန်လည်လဲကျသွားသည်။ ရှဲ့ယို့ မသိစိတ်ဖြင့် ဆိုဖာဆီသို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် တိုးကပ်သွားမိသော်လည်း သူ ပြုတ်ကျမသွားသည်ကို မြင်တွေ့လိုက်ရသောအခါမှသာ စိတ်သက်သာရာရသွားသည်။




"ခြေထောက်တွေ ထုံသွားလို့ပါ။ ခဏလောက် နားဦးမှ ရမယ်။"




ယွီနျန့် ဆိုဖာပေါ်သို့ နောက်မှီလိုက်ရင်း ရှဲ့ယို့ကို မော့ကြည့်ကာ မေးလိုက်သည်။




"မင်း ဗိုက်ဆာသေးလားဟင်"




ရှဲ့ယို့ မူလကတည်းက သီးသန့်ကြီး ဗိုက်ဆာနေခြင်း မဟုတ်သဖြင့် ခေါင်းခါပြလိုက်သည်။




"မဆာတော့ပါဘူး"




သူ ခေါင်းငုံ့ကြည့်လိုက်မိစဉ် သူ၏အနီးနားလေးတွင် ရှိနေသော ယွီနျန့်ကို အတိုင်းသား မြင်တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလို သူ၏လည်ချောင်းတစ်ခုလုံး ခြောက်ကပ်သွားရပြီး၊ နှလုံးခုန်သံမှာလည်း တဟုန်ထိုး မြန်ဆန်လာခဲ့သည်။ သူတို့ပတ်ပတ်လည်ရှိ အောက်ဆီဂျင်များအားလုံး ခမ်းခြောက်သွားသကဲ့သို့ပင် ခံစားလိုက်ရပြီး သူ၏အသက်ရှူချက်များမှာလည်း တရိပ်ရိပ် ပြင်းထန်ကာ တင်းကြပ်လာခဲ့ရပါတော့သည်။

ရှဲ့ယို့တစ်ယောက် ဒီလောက်အထိ အနီးကပ် ရှိနေတဲ့ ယွီနျန့်ကို ကြည့်ပြီး ရင်ခုန်လွန်းလို့ အသက်ရှူပင် မှားနေရပါပြီ။ ဒါဆိုရင် သူ ယွီနျန့်ကို ကိုယ့်စိတ်ထဲက အချစ်တွေကို ဘယ်လိုမျိုး အပိုင်အနိုင် ဖွင့်ပြောလိုက်တော့မလဲ။




ရှဲ့ယို့ သူ၏ကိုယ်ပိုင်အသံကို ပြန်လည်ကြားလိုက်ရသည်။ ထိုအသံမှာ အလွန်ခြောက်ကပ်နေပြီး သူ၏အသံပင် မဟုတ်တော့သည့်အလား




"ငါ ဒီကိုလာတာ... မင်းကို တစ်ခု မေးချင်လို့"




ယွီနျန့်သည် ရှဲ့ယို့ကို စိုက်ကြည့်ရင်း စကားဆက်ပြောလာမည့်အလှည့်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

ရှဲ့ယို့ သူ၏လက်ချောင်းများကို တင်းခနဲ ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင် အကြိမ်ပေါင်းမြောက်မြားစွာ လေ့ကျင့်ပြင်ဆင်ခဲ့ဖူးသော စကားလုံးများကို နောက်ဆုံး၌ ချောချောမောမောပင် ထုတ်ပြောလိုက်ပါတော့သည်။




"မင်း တက္ကသိုလ်တက်တုန်းက ဟင်းချက်နည်းကို လေ့လာခဲ့တာ... နောင်ကျရင် မင်းသဘောကျရတဲ့သူအတွက် ကိုယ်တိုင်ချက်ကျွေးချင်လို့ပါလို့ ပြောခဲ့တယ်မလား"




သူသည် ပြင်းထန်လှသော နှလုံးခုန်သံနှင့် အသက်ရှူသံများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း တိုးတိုးလေး မေးရှာသည်။




"နျန့်နျန့်... ဒါဆိုရင်... ငါက မင်းချက်တဲ့ဟင်းကို စားရတယ်ဆိုတော့... ငါက မင်းသဘောကျရတဲ့သူလားဟင်"




"ဒါပေါ့၊"




ယွီနျန့်လည်း လေသံကို အသာအယာ နှိမ့်ချလိုက်သည်။




"မင်း ကျွန်တော့်ကို နမ်းကြည့်လိုက်လေ... ကျွန်တော် ငြင်းမလား၊ မငြင်းဘူးလားဆိုတာ သိရတာပေါ့"




တစ်လောကလုံးရှိ ညကောင်းကင်ယံကြီးတစ်ခုလုံး ဝင်းခနဲ လင်းပွင့်သွားသကဲ့သို့ပင် ရှဲ့ယို့၏ လက်ချောင်းများမှာ ရုတ်တရက် လျော့ကျသွားပြီးမှ တစ်ခဏအတွင်းမှာပင် ပြန်လည်၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားပြန်သည်။ သူ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ပြီး၊ သတိကြီးစွာဖြင့် အောက်သို့အသာငုံ့ကာ မျက်လုံးများကို စုံမှိတ်လျက်... သူ၏နှုတ်ခမ်းလွှာများကို ယွီနျန့်၏နှုတ်ခမ်းထက်သို့ ညင်သာစွာ ဖိကပ်လိုက်ပါတော့သည်။

တကယ့်ကို ပေါ့ပါးနူးညံ့လှသော အနမ်းလေးတစ်ခု။

နှလုံးခုန်သံတစ်ချက်ချင်းစီတိုင်းမှာ သူ၏နားထဲတွင် တဒိန်းဒိန်းနှင့် ပဲ့တင်ထပ်နေသည့်အလား။ ယွီနျန့် သူ၏အသက်ရှူချက်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး နှုတ်ခမ်းလေးကို အသာအယာဟကာ ရှဲ့ယို့၏ အပေါ်နှုတ်ခမ်းလွှာကို ညင်သာစွာ ငုံလိုက်သည်။

သူ စိတ်ကူးယဉ်ခဲ့ဖူးသလိုမျိုး တကယ်ကို နူးညံ့လှသည်။

ဤသေးငယ်လှသော လှုပ်ရှားမှုလေးကြောင့် စိတ်လှုပ်ရှားသွားရသည့် ရှဲ့ယို့မှာ ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေမိပြီး နည်းနည်းလေးမျှပင် မလှုပ်ရှားဝံ့တော့ပေ။ သူ၏နှုတ်ခမ်းများမှလွဲ၍ သူ၏တစ်ကိုယ်လုံးမှာ ရေငွေ့များအလား အငွေ့ပျံပျောက်ကွယ်သွားပြီဟုပင် ထင်မှတ်ရသည်။

ယွီနျန့်တစ်ယောက်တည်းကသာ သူ၏အာရုံခံစားမှု အားလုံးကို အပိုင်စီး စိုးမိုးထားခဲ့ပြီ။

သူတို့၏ နှုတ်ခမ်းချင်း ခွဲခွာသွားကြသောအခါ၊ ရှဲ့ယို့ မအောင့်နိုင်ဘဲ လက်လှမ်းကာ သူ၏လက်ချောင်းထိပ်လေးများဖြင့် ယွီနျန့်၏ နှုတ်ခမ်းဘေးက အစိုဓာတ်လေးများကို သပ်ရပ်စွာ သုတ်ပေးလိုက်သည်။ သူ တိုးတိုးလေး ခေါ်မိသည်။

"နျန့်နျန့်။"




"အင်း"




"နျန့်နျန့်။"




ယွီနျန့် ခေါင်းကိုအသာစောင်းကာ ရှဲ့ယို့၏ စိုစွတ်နေသော လက်ချောင်းထိပ်လေးများကို အသာအယာ နမ်းရှုံ့လိုက်သည်။




"ဟုတ်ကဲ့... ကျွန်တော် ဒီမှာ ရှိပါတယ်ခင်ဗျာ"




သူ၏လက်ချောင်းလေးများ မီးလောင်သွားသကဲ့သို့ပင် ရှဲ့ယို့ သူ၏ဘယ်ဘက်ခြေထောက်ကို ကွေးလိုက်ပြီး ဆိုဖာအစွန်းကို အားပြုလျက် ယွီနျန့်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ၏ရင်ခွင်ထဲသို့ အတင်းဆွဲဖက်ကာ မေးကို ယွီနျန့်၏ ပုခုံးပေါ်သို့ တင်ထားလိုက်ပါတော့သည်။ အပြင်ဘက်တွင်တော့ အနည်းငယ် နီရဲနေသော သူ၏နားရွက်ဖျားလေးများသာ ထင်ထင်ရှားရှား ပေါ်ထွက်နေသည်။




"ငါ... ငါ တစ်ကိုယ်လုံး ပူတက်လာပြီ"




ထိုစကားကို ကြားရသောအခါ ယွီနျန့် စနောက်ချင်စိတ်ဖြင့် ရှဲ့ယို့၏ နားရွက်လေးကို အသာအယာ ကိုက်နမ်းလိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ရှဲ့ယို့တစ်ယောက် လန့်ဖျန့်သွားသကဲ့သို့ ဖြစ်သွားပြီး သူ့ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြန်သည်။

ထိုအခိုက်အတန့်၌ သူတို့နှစ်ဦးစလုံး၏ ရင်ထဲတွင် တမ်းတခဲ့ရသမျှ အရာအားလုံး ပြည့်စုံသွားခဲ့ပြီ။

ဘယ်လောက်ကြာသွားမှန်းမသိရသော အချိန်တစ်ခုပြီးနောက် ရှဲ့ယို့ နောက်ဆုံးတွင် ယွီနျန့်ကို ရင်ခွင်ထဲမှ လွှတ်ပေးလိုက်သည်။ သူ၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီး




"ငါ... အခု ပြန်သင့်ပြီ ထင်တယ်နော်"




"ဟုတ်ကဲ့၊ အခုဆို ၁၀ နာရီကျော်နေပြီလေ"




ရှဲ့ယို့၏ မျက်နှာထက်တွင် အနည်းငယ် နှမြောတသဖြစ်သွားသော အရိပ်အယောင်လေး ပေါ်လာသော်လည်း၊ နောက်တစ်ခဏ၌ ယွီနျန့်၏ စကားကြောင့် ချက်ချင်း ပြောင်းလဲသွားရသည်။




"မနက်ဖြန်ညကျရင်... ကျွန်တော် မှိုဝက်နံရိုးစွပ်ပြုတ် ချက်မလို့လေခင်ဗျာ။ မင်း လာပြီး မြည်းစမ်းကြည့်ချင်လားဟင်"




ရှဲ့ယို့၏ မျက်ဝန်းများ ချက်ချင်း ဝင်းခနဲ တောက်ပသွားပြီး ယွီနျန့် စကားပင် မဆုံးသေးခင်မှာပင် အလျင်အမြန် ပြန်ဖြေတော့သည်။




"လာမယ်!"




"ဒါဆိုရင်လည်း... မနက်ဖြန်ညကျရင် အတူတူ ညစာစားဖို့ ကျွန်တော် မျှော်လင့်နေပါ့မယ်နော်!"

ယွီနျန့် ရှဲ့ယို့ကို ရှေ့တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ရှဲ့ယို့ တံခါးလက်ကိုင်ကို ကိုင်ထားရင်းမှ ရုတ်တရက် နောက်သို့လှည့်ကာ အောက်သို့အလျင်အမြန် ငုံ့လျက် ယွီနျန့်၏ နှုတ်ခမ်းထောင့်စွန်းလေးကို ညင်သာစွာ ခပ်ဖွဖွ နမ်းရှုံ့လိုက်သည်။ ထို့နောက်တွင်မူ သူသည် တံခါးကို အမြန်ဆွဲဖွင့်ကာ အပြင်သို့ သုတ်ခြေတင် ထွက်ခွာသွားပါတော့သည်။ ဝုန်းခနဲ အသံနှင့်အတူ တံခါးပြန်လည်ပိတ်သွားခဲ့ပြီး တံခါးအက်ကွဲကြောင်းကြားမှတစ်ဆင့် "မနက်ဖြန်မှ ဆုံကြတာပေါ့" ဟူသည့် တိုးတိုးညှင်းညှင်း အသံလေးသာ ကျန်ရစ်ခဲ့သည်။

ယွီနျန့် နွေးထွေးမှုအထိအတွေ့လေး ကျန်ရှိနေသေးဆဲဖြစ်သော သူ၏နှုတ်ခမ်းထောင့်လေးကို လက်ဖြင့်အသာအယာ ထိတွေ့ကြည့်ရင်း တစ်ယောက်တည်း ခပ်တိုးတိုး ရယ်မောမိတော့သည်။

"တံခါးကို ဒီလောက်တောင် အလောတကြီး ပိတ်သွားရလား။ အနည်းဆုံးတော့... ငါ့ကို သေသေချာချာလေး အပိုင်အနိုင် နမ်းသွားသင့်တာပေါ့!"

___________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...