အပိုင်း (၉)
“အဲ့ကောင်က ဆောင့်ကြွားကြွားနဲ့…မင်းသားလိုလို အားကစား သမားလိုလိုနဲ့…”
“ပညာတော့ ပေးရတော့မယ်”
“အိုင်တီမေဂျာကကောင်တွေ ဆော်တွေကြားထဲနေပြီး…”
“ဘယ်သူ့အကြောင်းပြောနေတာလဲ”
ထွန်းကို ပါ ကြောင်အသွားလျက် ပေါက်ပေါက်ဖောက်နေတာတွေ ရပ်သွားပြီး သူ့ကို မော့ကြည့်လာသလို ပြောလက်စ ဖြစ်နေတဲ့ ME က သုံးယောက်ကလည်း သူ့ကို လှည့်ကြည့်လာတယ်။ သူ့ကို သိတဲ့ပုံပဲ။
“မင်းက Civil နောက်တန်းကစားသမားမလား”
ခေါင်းညိတ်ပြလိုက်ပြီး သူသိချင်တာ တစ်ခုတည်းကိုပဲ ထပ်မေးလိုက်တယ်။
“ဘယ်သူ့ကို ပညာပေးမှာလဲ”
သုံးယောက်က တစ်ယောက်ကို တစ်ယောက်လည်း ကြည့်သလို သူ့ကိုလည်း မင်းနဲ့ ဘာဆိုင်လို့လဲ ဆိုတာမျိုးထင်၊ ရန်လိုနေလျက်က အူကြောင်ကြား အကြည့်တွေနဲ့ ပြန်ကြည့်လာတယ်။ မေးတာတောင် ချက်ချင်းမဖြေသေးဘဲ ဘာတွေလုပ်နေတာလဲ။
“အိုင်တီက နေသစ်ထွန်း အကြောင်းလား”
ထိုအခါမှ ဘယ်လိုသိတာလဲ ဆိုတော့ အကြည့်က ရှေ့က အူကြောင်ကြား သုံးယောက်ဆီမှာပါ မက ထွန်းကို ဆီမှာပါ ရောက်သွားတယ်။
“ဟုတ်တယ်။ အဲ့ကောင် ဒီရက်ပိုင်း ဇောင်းကြွနေလို့…မင်းတို့နဲ့လည်း ငြိထားတယ်မလား”
ဘောလုံးပွဲမှာ ဖြစ်တဲ့ကိစ္စက ဘာများအရေးကြီးနေလို့လဲ။ လူကို ဝိုင်းချဖို့ စဥ်းစားရလောက်အောင်ထိ…
“ငါ ပါပါမယ်။ ငါ ချိန်းလိုက်မယ်”
သုံးကောင်လုံး ကြောင်အ သွားရုံမက ထွန်းကို ပါ ဆွံ့အသွားပြီး သူ့ကို မော့ကြည့်လာပြန်တယ်။
“ဆည်မှာ ချမယ်လို့…ငါ နဲ့ပဲ ချမယ်”
“ဘာလဲ မင်းက…”
“မင်းတို့ပြောသလို ငါတို့နဲ့ငြိထားတာလေ။ ပြီးတော့ သူက င့ါအစ်ကိုကို စိတ်ညစ်အောင်လုပ်ထားတာ။”
ဟိုကောင်တွေ နားကိုလည်မနေဘူး။ ဒါပေမဲ့ သူ့နောက်ကြောင်းတော့ ကြားဖူးကြလိမ့်မယ်။ ခန့်ဇေယျာကို ကို ထိရင် ခန့်ဇေယျာညီ နဲ့ ရှင်းရမယ်ဆိုတာမျိုးပေ့ါ… သူ ချက်ချင်း ဖုန်းထုတ်ပြီး သူသိနေပြီးသား ဖြစ်တဲ့ ဖုန်းနံပါတ်ကို စာပို့လိုက်တယ်။
[ငါ ခန့်ဇေယျာညီ ။ မင်း နဲ့ငါ ရှင်းစရာရှိတယ်။ ဆည်ကို ညနေလာခဲ့]
[ရုတ်တရက်ကြီး ဘာလား…အိုခေ အိုခေ လာခဲ့မယ်]
မက်ဆေ့ချ်ကို ထောင်ပြတဲ့ အထိ ဟိုကောင်သုံးကောင် ကြောင်နေဆဲ။
“လိုက်ချင်ရင် ဆည်ကို လိုက်ခဲ့။ ဝင်တော့ မပါနဲ့”
သူထွက်လာတဲ့ အထိ သုံးကောင်လုံး ခေါင်းတွေ ကုတ်လိုက် ၊ ပွစိပွစိ ပြောလိုက်နဲ့ ကျန်ခဲ့ကြတယ်။ ထွန်းကိုကလည်း
“ခန့်ညီ မင်း ရန်ဖြစ်ရင် ကျောင်းထုတ်ခံရမှာနော်”
“ကျောင်းထဲမှာ ဖြစ်တာမဟုတ်ဘူး။ ပြီးတော့ ကျောင်းဝတ်စုံနဲ့ ဖြစ်မှာ မဟုတ်ဘူး”
သူ table tennis လေ့ကျင့်ရင် ဝတ်နေကျ အိမ်နေရင်း တီရှပ်အဟောင်းနဲ့ ဘောင်းဘီတိုက ကားထဲမှာ အဆင်သင့် ရှိပြီးသား။
ဘယ်နှစ်ဘဝစာ စုမိထားတဲ့ မကျေနပ်ချက်တွေလဲတော့ သူလည်း မသိတော့ဘူး။ ခေါင်းထဲမှာလည်း ဘိုရုပ်ကလေးတွေပဲ ကြိုက်တာမလားဆိုတာက စွဲနေပြီး…အခု ယောကျာ်းလေးကိုမှ သူနဲ့တစ်ရုပ်တည်း တူတဲ့ အမွှာအစ်ကိုကို လာကြိုက်တာလေ။
ပြီးတော့ နေသစ်က သူ့ကို အရင် “မင်းဘာသာမင်း နေစမ်းပါ” ဆိုပြီး အရေးမပါသလို ဆက်ဆံတာ။ သူ့သွေးတွေ ပွက်ပွက်ဆူလာတာ။ သူ့ကို မြင်တော့ မြူးတူးနေတဲ့ မျက်နှာပေးအပြင်ကိုမှ
“ခန့်ရဲ့ညီလေး” ဆိုပြီး နှုတ်ဆက်တည်းက အဲ့ ပါးစပ်ကို တစ်ချက်ရိုက်လိုက်ချင်လာတော့တာပဲ။ သူ့စိတ်တွေ လွတ်သွားခဲ့တယ်။ ရန်ဖြစ်ရင် လူတွေ ဆဲဆိုတတ်သမျှ စကားလုံးတွေ အကုန် ပါးစပ်ထဲက ထွက်လာပြီး အော်ဟစ်မိတယ်။ သူ့အောက်က လူကို ထုရိုက်မိတယ်။ နေသစ်လည်း ကြောင်အနေမယ် ဆိုတာ သူတွေးမိပါတယ်။ ဒါပေမဲ့ ဘယ်ဘဝက အငြိုးတွေ ဒေါသတွေလဲတော့ သူမသိတော့ဘူး။
စိတ်ထဲမှာသာ ဘိုရုပ်ကလေးတွေပဲ ကြိုက်တာဆို လို့ အော်ဟစ်နေရင်းမှ တကယ်တမ်းနှုတ်က ထွက်လာတာ
“စောက်ခြောက် ငါ့ အစ်ကို ကို လာမကြိုက်နဲ့” ဆိုတာပဲ။
ထူးဆန်းစွာပဲ နေသစ်က သူ့ကို ထိထိမိမိ ပြန်မလုပ်ခဲ့ဘူး။ နောက်ဆုံး မခံနိုင်လွန်းလို့ထင် လက်တစ်ဖက် မြောက်တတ်လာပြီး သူ့ကို လက်ဖျံနဲ့ တစ်ချက်ရိုက်လိုက်တယ်။
ပါးစောင်တစ်ခုလုံး ပူထူသွားတဲ့ နာကျင်မှုကြောင့် သူ့စိတ်တွေ ပိုလောင်မြိုက်တယ်။ ငါ့ကို နာအောင် လုပ်တယ်။ မင်းက ရာရာစစ ငါ့ကို နာအောင်လုပ်တယ်။ ဘယ်သူက အပြစ်လုပ်ထားတာလဲ ဆိုတဲ့ စကားတွေက ရင်ထဲမှာပဲ မီးတောင်တွေ အဆင့်ဆင့် ပေါက်ကွဲသလို ကွဲထွက်လာတယ်။
နောက်ဆုံး အရှိန်လွန်ပြီး သူ့လက်ကောက်ဝတ် ကျိုးသွားတော့မှ သူ အားခနဲ တစ်ချက် အော်မိတယ်။ ခန္ဓာကိုယ်က နာကျင်မှု ရော စိတ်အတွင်းပိုင်းက နာကျင်မှုတွေ အားလုံး လှိုက်တက်လာသလိုပါပဲ။ ကျနေ ပူပူမှာ သူ ပစ်လဲကျသွားတော့တယ်။
အဲ့တော့လည်း သူ့ကို အရင်ပွေ့ထူတာ နေသစ် ပါပဲ။ မကြာဘူး ထွန်းကိုကို နဲ့ အဖော်လိုက်လာတဲ့ ငတုံးသုံးကောင်ပါ သူ့ကို ဝိုင်းသယ်ပိုးပြီး ဆေးရုံ ခေါ်သွားပေးတယ်။ လမ်းတလျောက်မှာ သူ နာကျင်လွန်းလို့ သူ့ကို ဖက်ပေးထားတဲ့ ထွန်းကို ကိုယ်ကို ကပ်ပြီး အသံတိတ် မျက်ရည်တွေ အများကြီး ကျခဲ့တယ်။
အိပ်မက်တွေ ဆက်မမက်တော့ရင် ကောင်းမယ်။ အိပ်မက်ထဲက ဘိုရုပ်ကလေးတွေကို ကြိုက်တတ်တဲ့ တစ်ယောက်က တကယ်မရှိရင် ကောင်းမယ်။
***
ငါ့ကလေးရယ် တစ်ယောက်ထဲအများကြီးပင်ပန်းခဲ့ရမှာ😭
ReplyDeleteစိတ်မကောင်းလိုက်တာခန့်ညီလေးရယ်။ရင်ထဲကိုနင့်သွားတာပဲ။သူ့ခမျာတစ်ယောက်တည်းကြိတ်ချစ်ကြိတ်ခံစားနေရရှာတာ
ReplyDeleteငါ့ကလေးလေးရယ်😭
ReplyDeleteဘိုရုပ်ကလေးကိုကြိုက်တာဘယ်သူ့ကြောင့်လဲလို့
ReplyDelete